အခန်း ၁၈၉ - ဆက်လက်တိုက်ပွဲဝင်ခြင်း
"တိ..."
"ဂုဏ်ယူပါသည် အရှင်၊၊ အဆင့် (၆) အပြာရောင်အတောင်ပံ ပိုးတောင်မာကြီးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံ (၁၀) သန်း ရရှိပါသည်၊၊"
လင်းရှုမှာ အမောတကော ဖြစ်နေရင်း စနစ်၏ အသိပေးသံကို ကြားလိုက်ရသည့်အခါ အံ့အားသင့်သွားရသည်၊၊
အတွေ့အကြုံ သန်း (၁၀) တောင်မှလား...၊၊
အဆင့် (၆) မြစိမ်းနွယ်သားရဲ ကို သတ်ခဲ့စဉ်ကထက်ပင် သန်းချီ၍ ပိုများနေသည်၊၊
သို့သော်လည်း သန်း (၁၀) ဆိုသည်မှာ သူ့အတွက် နည်းပါးလွန်းနေသေးသည်၊၊ ယခုအခါ အဆင့်တက်ရန် အတွေ့အကြုံ သန်း (၃၀၀) အထိ လိုအပ်နေသည် မဟုတ်ပါလား၊၊
ထိုစဉ် လင်းရှု သတိဝင်လာပြီး သူ ယခုလေးတင် အသုံးပြုလိုက်သည့် စွမ်းရည်အကြောင်းကို စဉ်းစားမိလိုက်သည်၊၊ သူ ခုနက ဝါးမြိုလိုက်သော နီမြတ်ကြာမီးလျှံ၏ စွမ်းအင်များကို သူ၏ ကြီးမားလှသော မူလစွမ်းအင်များနှင့် ပေါင်းစပ်ကာ နီမြတ်ကြာမီးလျှံကဲ့သို့ပင် ပြင်းထန်သော မီးလျှံတစ်ခုအဖြစ် ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်၊၊
သို့သော် ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် မူလစွမ်းအင်များကို အမြောက်အမြား အသုံးပြုရသည်၊၊ စွမ်းရည်ကို ထုတ်ဖော်ပြီးသည်နှင့် လင်းရှုသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခွန်အားများ အကုန်အစင် ခမ်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊
ဒုန်း... ဒုန်း... ဒုန်း...
ထိုစဉ်မှာပင် အပိုင်းပိုင်း ပြတ်သွားသော ပိုးတောင်မာကြီး၏ ခန္ဓာကိုယ်အတွင်းမှ ထူးဆန်းသော အသံအချို့ကို လင်းရှု ကြားလိုက်ရသည်၊၊
"တောက်... ပိုးကောင်လေးတွေ အများကြီးပဲ...!" အပိုင်းပိုင်း ပြတ်နေသော ခန္ဓာကိုယ်အတွင်းမှ အပြာရောင်အတောင်ပံ ပိုးတောင်မာ အကောင်ပေါက်လေးများစွာ ထွက်ပေါ်လာပြီး သူတို့ထံသို့ ရူးသွပ်စွာ ပျံသန်းလာသည်ကို လီဖင်း တွေ့လိုက်ရသည်၊၊
ကျန်းရင်နှင့် အခြားလူများမှာ တွေဝေမနေတော့ဘဲ လက်နက်များကို ဆုပ်ကိုင်ကာ ပြေးဝင်လာသော ပိုးတောင်မာလေးများကို ပြန်လည် တိုက်ခိုက်ကြတော့သည်၊၊
လင်းရှုမှာမူ အားနည်းနေဆဲ ဖြစ်သည်၊၊ ခုနက မီးလျှံကို ထုတ်လွှတ်လိုက်ရခြင်းက သူ၏ ခွန်အားများကို အလွန်အမင်း ကုန်ခမ်းစေခဲ့သည်၊၊
သူ ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံးဖြင့် ကြည့်လိုက်ရာ ဤပိုးတောင်မာလေးများမှာ အဆင့် (၃) သားရဲများသာ ဖြစ်သဖြင့် ကျန်းရင်တို့အတွက်တော့ ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်ကြောင်း သိလိုက်ရသည်၊၊
လင်းရှုသည် ခေါင်းမော့ကာ အဆောက်အဦးဘက်သို့ ကြည့်လိုက်သည်၊၊ ထိုနေရာတွင် အဆင့် (၆) ပိုးတောင်မာကြီး အချို့ ကျန်ရှိနေသေးသည်၊၊ သူတို့မှာ ခုနက တိုက်ပွဲကြောင့် နိုးထလာကြပုံရသည်၊၊
နံရံပေါ်တွင် တွားသွားနေကြရင်း သူတို့၏ ခန္ဓာကိုယ်များမှာ ဖြည်းဖြည်းချင်း လှုပ်ရှားလာကာ အခွံပေါ်မှ ဖုန်မှုန့်များနှင့် ရွှံ့များမှာလည်း ကြွေကျကုန်ကြသည်၊၊
အခြေအနေ မကောင်းတော့ချေ၊၊ အကယ်၍သာ ဤအဆင့် (၆) ပိုးတောင်မာကြီး သုံးကောင်စလုံး အောက်သို့ ဆင်းလာပါက အမှန်တကယ်ပင် ဒုက္ခရောက်ပေတော့မည်၊၊
တစ်ကောင်တည်းကို သတ်ရန်ပင် သူ၏ စွမ်းအင်အားလုံးကို အသုံးပြုခဲ့ရရာ ကျန်ရှိနေသော အကောင်များကို ရင်ဆိုင်ရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ၊၊
"လျိုယွဲ့...?" လင်းရှုသည် ချိုင့်ထဲသို့ လျင်မြန်စွာ ပြန်လည် ခုန်ဆင်းသွားခဲ့သည်၊၊
လျိုယွဲ့မှာမူ 'ကျင့်စဉ်' ကို အသုံးပြုကာ သူမ၏ လက်ထဲရှိ ဆန်းကြယ်ပုံဆောင်ခဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေဆဲပင်၊၊
သူမ၏ လက်ဖဝါးအတွင်းရှိ ပုံဆောင်ခဲမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့် အရှိန်နှုန်းနှင့် ဖောက်ထွင်းမြင်ရသော အခြေအနေသို့ ပြောင်းလဲနေသည်ကို လင်းရှု ရှင်းလင်းစွာ မြင်နေရသည်၊၊
ကြည့်ရသည်မှာ သူမသည် ပုံဆောင်ခဲအတွင်းရှိ စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေခြင်း ဖြစ်ရမည်၊၊
"ငရဲကို သွားစမ်း...!!!" ကျန်းရင်နှင့် အခြားလူများမှာ လက်နက်များကို အဆက်မပြတ် ဝေ့ယမ်းကာ ပိုးတောင်မာလေးများကို ထက်ပိုင်းစီ ပိုင်းဖြတ်နေကြသည်၊၊
သို့သော် ဤသတ္တဝါဆိုးများမှာ မည်မျှပင် သတ်သတ် ကုန်ဆုံးသွားခြင်း မရှိသည့်အလား များပြားလှသည်၊၊
ဝုန်း...
ထိုအခိုက်အတန့်တွင် အထက်ရှိ အာကာသအက်ကြောင်းအတွင်းမှ မိုးကြိုးလျှပ်စီးများ လက်လာပြီး ကျောက်ခဲအချို့မှာ ပြုတ်ကျလာရာ လင်းရှုကိုပင် ထိမှန်လုနီးပါး ဖြစ်သွားသည်၊၊
"တောက်... ခက်ပြီ၊၊" လင်းရှုသည် လျိုယွဲ့ထံသို့ အပြေးအလွှား သွားလိုက်ရင်း ရှောင်တိမ်းလိုက်ရသည်၊၊
ထိုစဉ် လျိုယွဲ့ သတိဝင်လာပြီး သူမ၏ အပေါ်သို့ မှောက်ကျနေသော လင်းရှုကို တွေ့လိုက်ရသည်၊၊
တိုက်ဆိုင်စွာပင် သူ၏ ညာဘက်လက်မှာ သူမ၏ ရင်ဘတ်ပေါ်သို့ ရောက်ရှိနေသည်၊၊
"ခုနက ကျောက်ခဲတွေ ပြုတ်ကျလာလို့ပါ၊ ငါ တမင်လုပ်တာ မဟုတ်ဘူး၊၊" လင်းရှုသည် သူ၏ ညာဘက်လက်မှ နူးညံ့သော အထိအတွေ့ကို ခံစားလိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားရသည်၊၊
သူ ချက်ချင်းပင် ထရပ်လိုက်သည်၊၊
သွားပြီ... ငါတော့ သေပြီ...!
လျိုယွဲ့တစ်ယောက် ဒေါသတကြီး ဖြစ်တော့မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း သူမ၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ တိုက်ရိုက်ပင် ထရပ်လိုက်သည်၊၊
"အဲဒီ သုံးကောင်ကို သတ်ရမယ်၊၊" သူမသည် အထက်မှ ခုန်ချလာသော ဧရာမ အဆင့် (၆) ပိုးတောင်မာကြီး သုံးကောင်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်၊၊
"သူတို့ကို သတ်ဖို့ဆိုတာ မလွယ်ဘူး ထင်တယ်..."
ဤကောင်များမှာ အဆင့် (၆) ပိုးတောင်မာကြီးများ ဖြစ်ကြပြီး သူတို့မှာလည်း ခုနက တိုက်ပွဲကြောင့် အင်အားများစွာ ကုန်ခမ်းနေပြီ ဖြစ်သည်၊၊
"စွမ်းအင်တွေကို အရင်စုပ်ယူလိုက်၊ ငါ သူတို့ကို အရင် သွားတားထားမယ်၊၊" ထိုစဉ် လျိုယွဲ့သည် သူမ စုပ်ယူနေသည့် စွမ်းအင်အများစု ကုန်ဆုံးလုနီးပါး ဖြစ်နေသော အဆင့် (၅) ဆန်းကြယ်ပုံဆောင်ခဲကို လင်းရှုထံသို့ လှမ်းပစ်ပေးလိုက်ပြီး အပြင်သို့ ချက်ချင်း ခုန်ထွက်သွားတော့သည်၊၊
လင်းရှုသည် လွင့်ထွက်သွားသော သူမကို ကြည့်ရင်း ခဏမျှ တွေဝေသွားသော်လည်း တင်ပလ္လင်ခွေ ထိုင်လိုက်ကာ ထိုပုံဆောင်ခဲများမှ စွမ်းအင်ကို စတင် စုပ်ယူလိုက်တော့သည်၊၊
"မသွားပါနဲ့ဦး...!" လျိုယွဲ့က ခုနတင် နိုးထလာသော အဆင့် (၆) ပိုးတောင်မာကြီး သုံးကောင်ထံသို့ တရှိန်ထိုး ပြေးဝင်သွားသည်ကို မြင်ရသည့်အခါ လီဖင်းမှာ အံ့အားသင့်သွားရသည်၊၊
တစ်ကောင်တည်းကို ရင်ဆိုင်ရသည်မှာပင် အလွန်ခက်ခဲလှသည်ကို ယခု သုံးကောင်စလုံး နိုးနေပြီဖြစ်ရာ ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်၊၊
"မင်းတို့က အကောင်ပေါက်တွေကိုပဲ ရှင်းထားလိုက်၊၊" လျိုယွဲ့သည် သူမ၏ စကားသံနှင့်အတူ အဖြူရောင် အရိပ်တစ်ခုအလား ရှေ့သို့ ပြေးထွက်သွားတော့သည်၊၊
"ငါတို့လည်း မပြေးဘူးဟေ့၊ ဒီအဆင့် (၆) ပိုးတောင်မာကြီးတွေကို သတ်နိုင်ရင် ငါတို့ အဆင့် (၆) ဆန်းကြယ်ပုံဆောင်ခဲတွေ ရမှာပဲ...!" ကျန်းရင်က အားတက်သရော ဟစ်အော်လိုက်သည်၊၊
ဓနဥစ္စာဆိုသည်မှာ အန္တရာယ်ကြားက ရရှိတတ်သည် မဟုတ်ပါလား၊၊
အကယ်၍သာ အဆင့် (၆) ဆန်းကြယ်ပုံဆောင်ခဲများကို ရရှိမည်ဆိုပါက ပထမဆုရရန် အခွင့်အရေးမှာ အလွန်ပင် ကြီးမားသွားပေလိမ့်မည်၊၊
လင်းရှုသည် 'ကျင့်စဉ်' ကို အသုံးပြုကာ ဆန်းကြယ်ပုံဆောင်ခဲများမှ စွမ်းအင်များကို အသည်းအသန် စုပ်ယူနေသည်၊၊
သူ၏ ခွန်အား မြင့်တက်လာခြင်းကြောင့်လော မသိသော်လည်း လင်းရှုသည် စွမ်းအင်များကို ယခင်ကထက် ပိုမို လျင်မြန်စွာ စုပ်ယူနိုင်လာပြီး တိုတောင်းလှသော အချိန်အတွင်းမှာပင် ပုံဆောင်ခဲအတွင်းရှိ စွမ်းအင်အားလုံးကို စုပ်ယူနိုင်ခဲ့သည်၊၊
သူ၏ ခန္ဓာကိုယ်မှာ ခုနတင်က ခမ်းခြောက်နေသော ငါးကန်တစ်ခုအလား ဖြစ်နေသော်လည်း ယခုအခါမှာမူ မိုးသည်းထန်စွာ ရွာသွန်းလိုက်သည့်အလား စွမ်းအင်များ ပြန်လည် ပြည့်လျှံလာခဲ့ပြီ ဖြစ်သည်၊၊
နေလို့ကောင်းလိုက်တာ...!
လင်းရှု မျက်လုံးများကို ဖွင့်လိုက်ပြီး ဘေးရှိ အနက်ရောင်အစွန်း လှံရှည်ကို ချက်ချင်း ကောက်ယူလိုက်သည်၊၊
"ဂူး...?" ထိုစဉ် ရိုလီသည် လင်းရှု၏ ပခုံးပေါ်သို့ ခုန်တက်လာပြီး အပြာရောင် ကျောက်မျက်ရတနာကဲ့သို့သော ပုံဆောင်ခဲတစ်ခုကို လက်နှစ်ဖက်ဖြင့် ပိုက်ထားသည်၊၊
"အဆင့် (၆) ဆန်းကြယ်ပုံဆောင်ခဲလား...?!" လင်းရှု လှည့်ကြည့်လိုက်သည့်အခါ အံ့အားသင့်စွာ ရေရွတ်မိသည်၊၊
ဟုတ်သားပဲ... ၎င်းမှာ သူ ခုနက သတ်လိုက်သော အဆင့် (၆) ပိုးတောင်မာကြီးထံမှ ရရှိခဲ့ခြင်း ဖြစ်ရမည်၊၊
ထို့ပြင် အခြားကမ္ဘာမှ ဆင့်ကဲပြောင်းလဲလာသော သားရဲများ၏ ဆန်းကြယ်ပုံဆောင်ခဲမှာ သာမန် ပုံဆောင်ခဲများနှင့် သိသိသာသာ ကွဲပြားနေပြီး အတွင်းရှိ စွမ်းအင်များမှာ ပိုမို ပြည့်ဝကာ အားကောင်းနေပုံရသည်၊၊
"ကျောပိုးအိတ်ထဲ ထည့်ထားလိုက်...!" လင်းရှုက ရိုလီကို ပြောလိုက်သည်၊၊
ရိုလီသည် လင်းရှု၏ စကားကို နားလည်ပုံရပြီး ပုံဆောင်ခဲကို ပိုက်ကာ ကျောပိုးအိတ်ထဲသို့ တိုက်ရိုက် ခုန်ဝင်သွားတော့သည်၊၊
ထိုအခိုက်အတန့်တွင် လင်းရှုသည် ခုန်ထွက်လိုက်ရာ ကျန်းရင်နှင့် အခြားလူများမှာ ပိုးတောင်မာလေးများကို အပင်ပန်းခံ တိုက်ခိုက်နေရသည်ကို တွေ့လိုက်ရသည်၊၊ သူသည် လက်နှစ်ဖက်ဖြင့် အနက်ရောင်အစွန်း လှံရှည်ကို ဝေ့ယမ်းလိုက်ရာ မီးတောက်ငှက်တစ်ကောင် ပျံသန်းသွားတော့သည်၊၊
ဒုန်း... ဒုန်း... ဒုန်း...
မီးလျှံများမှာ ကျန်းရင်တို့ထံသို့ ပျံသန်းလာသော ပိုးတောင်မာလေးများနှင့် ထိတွေ့လိုက်သည်နှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်၊၊
ထို့ပြင် လင်းရှုသည် သူ၏ 'ဖီးနစ်အရှိန်အဝါ' စွမ်းရည်မှာ ပြောင်းလဲသွားကြောင်းကိုလည်း သတိပြုမိလိုက်သည်၊၊ မီးတောက်ငှက်များ၏ မီးလျှံမှာ ပိုမို နီရဲလာပြီး အပူရှိန်မှာလည်း ယခင်ကထက် များစွာ ပိုမို ပြင်းထန်လာခဲ့သည်၊၊
ထိုပိုးတောင်မာလေးများမှာ မီးလျှံနှင့် ထိတွေ့သည်နှင့် ပြာအဖြစ်သို့ တခဏချင်း ပြောင်းလဲသွားကြတော့သည်၊၊
"အဆင့် (၃) ပုံဆောင်ခဲတွေကို အရင်စုပြီး စွမ်းအင်တွေကို စုပ်ယူထားလိုက်ကြဦး၊ လျိုယွဲ့နဲ့ ငါကတော့ အဲဒီ သတ္တဝါဆိုးတွေကို ရှင်းပစ်လိုက်မယ်...!”