အခန်း ၁၈၈ - ကိုယ်ပိုင်ဖန်တီးထားသော စွမ်းရည် - ‘မီးလျှံသန့်စင် ကြယ်စင်ကောင်းကင်’
သူ၏ ပါးပြင်နှင့် လက်မောင်းများပေါ်မှ အရေပြားအသေအချို့မှာ မြေပြင်ပေါ်သို့ ကြွေကျကုန်သည်၊၊
လင်းရှုသည် မိမိမျက်နှာကို အမှတ်မထင် ထိတွေ့ကြည့်လိုက်ရာ နီဖျော့ဖျော့ အရေပြားအသေ အမြောက်အမြားမှာ ကွာကျသွားလေသည်၊၊
သူ၏ အရေပြားမှာ ယခင်ကထက် ပိုမို ချောမွေ့သွားသည့်အလားပင်၊၊
သူ၏ မျက်ဝန်းအိမ်များအတွင်း၌ တောက်လောင်နေသော မီးနီရောင်အချို့ ဖြတ်ပြေးသွားသော်လည်း တခဏအတွင်းမှာပင် ပြန်လည် ကွယ်ပျောက်သွားသည်၊၊
'ဩော်... ခုနက အတွေ့အကြုံတွေ ရတဲ့အကြောင်း အသိပေးသံ ကြားလိုက်သလိုပဲ၊၊'
လင်းရှုသည် စနစ်အတွင်းသို့ အလိုအလျောက် ဝင်ရောက်ကြည့်ရှုလိုက်ရာ သူ၏ အဆင့်မှာ မြင့်တက်သွားပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်၊၊
အရှင် - လင်းရှု
အဆင့် - ၂၁
အတွေ့အကြုံ - ၀ / သန်း ၃၀၀
ခွန်အား - ၄၃၂
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၂၃၅
အလျင် - ၁၀၁
စွမ်းရည် - ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံး၊ ဒေါသမာန်၊ ရုပ်ဖျက်ခြင်း၊ ဝါးမြိုခြင်း
ဒေါသအရှိန်အဝါ - ၀ / ၁၀၀
အပိုရမှတ် - ၂၁
ဘွဲ့အမည် - အဆင့် ၄ တိုက်ခိုက်ရေးသမား
တိုက်ခိုက်ရေးစွမ်းအား - ၄၆၅၀
အဆင့်တက်သွားပြီ၊၊ သူ အမှန်တကယ်ပင် အဆင့်တက်သွားခဲ့ပြီ ဖြစ်သည်၊၊
ဟုတ်သားပဲ... လင်းရှု သတိရသွားသည်၊၊ သူ သတိလစ်နေစဉ်က အတွေ့အကြုံ သန်း (၃၀၀) ကျော် ရရှိကြောင်း ဝေဝါးစွာ ကြားလိုက်ရသည် မဟုတ်ပါလား၊၊
'ဝါးမြိုခြင်း' စွမ်းရည်က ကြာပန်းနီမီးလျှံကို လုံးဝ ဝါးမြိုပစ်လိုက်ပြီး အတွေ့အကြုံများအဖြစ် ပြောင်းလဲပေးလိုက်ခြင်း ဖြစ်ရမည်၊၊
၎င်းမှာ အနည်းငယ်တော့ ထူးဆန်းနေသည်၊၊ အဘယ်ကြောင့်ဆိုသော် သူ ဤစွမ်းရည်ကို ပထမဆုံးအကြိမ် အသုံးပြုစဉ်က စွမ်းအင် အနည်းငယ်မျှသာ စုပ်ယူနိုင်ခဲ့သောကြောင့် ဖြစ်သည်၊၊
သူ အချိန်အကြာကြီး စဉ်းစားမနေတော့ဘဲ ရရှိထားသော အပိုရမှတ် (၂၁) မှတ်စလုံးကို ခွန်အား ထဲသို့ တိုက်ရိုက် ပေါင်းထည့်လိုက်သည်၊၊
သူ၏ ခွန်အားမှာ (၄၅၃) သို့ ချက်ချင်း မြင့်တက်သွားတော့သည်၊၊
ခွန်အားအသစ်များမှာ လင်းရှု၏ ခန္ဓာကိုယ်အတွင်းသို့ တခဏချင်း စီးဝင်လာသကဲ့သို့ ခံစားလိုက်ရသည်၊၊
သို့သော် အဆင့် (၂၂) သို့ ရောက်ရှိရန် အတွေ့အကြုံ သန်း (၃၀၀) လိုအပ်ခြင်းမှာ ရူးချင်စရာပင်၊၊ ထိုမျှ များပြားသော ပမာဏ ရရှိရန် ဆင့်ကဲပြောင်းလဲထားသော သားရဲ မည်မျှများများ သတ်ရမည်နည်း၊၊
ပြီးတော့ ဤကဲ့သို့သော အာကာသအက်ကြောင်းမျိုးနှင့် ကြုံတွေ့ရဖို့ဆိုသည်မှာလည်း အမြဲတမ်း မဖြစ်နိုင်ပေ၊၊
"ငါတို့ သေပြီ...!!!" ထိုစဉ် ဆန့်ကျင်ဘက် အခြမ်းတွင် ရှိနေသော ကျန်းရင်မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်၊၊
သူ နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ အဆင့် (၆) အပြာရောင်အတောင်ပံ ပိုးတောင်မာကြီးက ၎င်း၏ ဧရာမ ပါးစပ်ကြီးကို ဖြဲကာ သူ့ကို ကိုက်ခဲရန် ပြင်နေသည်ကို တွေ့လိုက်ရသည်၊၊
မြောက်ဘက်နယ်မြေ အတန်း (၂) မှ အဆင့် (၄) တိုက်ခိုက်ရေးသမားမှာ ထိုသားရဲကြီး၏ ကိုက်ခဲမှုကြောင့် ထက်ပိုင်းပြတ်သွားသည့် သွေးပျက်ဖွယ် မြင်ကွင်းကို သတိရမိပြီး ကျန်းရင်၏ ခန္ဓာကိုယ်မှာ တုန်လှုပ်နေကာ ထပြေးရန်ပင် ခွန်အား မရှိတော့ချေ၊၊
"ကျန်းရင်... ပြေးတော့...!!!" လီဖင်းနှင့် ကျန်းလီတို့မှာ အခြားတစ်ဖက်သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း အမောတကော ဖြစ်နေကြသည်၊၊
ဤစိုးရိမ်ဖွယ် မြင်ကွင်းကို ကြည့်ရင်း သူတို့မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်၊၊
ဝုန်း...
ကျန်းရင်က မျက်လုံးများကို စုံမှိတ်ကာ သူ၏ ကံကြမ္မာကို လက်ခံလိုက်စဉ်မှာပင် ဧရာမ ပိုးတောင်မာကြီးမှာ ရထားတစ်စင်းနှင့် တိုက်မိသွားသည့်အလား လွင့်ထွက်သွားတော့သည်၊၊
၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အခြားတစ်ဖက်ရှိ အဆောက်အဦး၏ ပထမထပ်အတွင်းသို့ ပြင်းထန်စွာ ဝင်ဆောင့်သွားရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်၊၊
"ဒါက..." သူ မြင်လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားရသည်၊၊ အဘယ်အရာ ဖြစ်ပျက်သွားသနည်း၊၊
"မင်း အဆင်ပြေရဲ့လား..." လင်းရှုသည် ကျန်းရင်၏ ရှေ့တွင် ရုတ်ချည်း ပေါ်လာပြီး မေးလိုက်သည်၊၊
"လင်းရှု... မင်း အဆင်ပြေရဲ့လား...?!" ကျန်းရင် ခေါင်းကို အမြန်လှည့်ကြည့်လိုက်ရာ လင်းရှုက သူ့ဘေးတွင် ဘာဒဏ်ရာမျှ မရှိဘဲ ရပ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်၊၊
လင်းရှုသည် ထိုကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကြာပန်း စွမ်းအင်စုကြီးကို မျိုချလိုက်သည်ကို သူ ရှင်းလင်းစွာ မှတ်မိနေသည် မဟုတ်ပါလား၊၊
"အင်း... ငါ အဆင်ပြေသွားပါပြီ၊၊" လင်းရှု ခေါင်းညိတ်ပြလိုက်သည်၊၊
"အတန်းခေါင်းဆောင်...!" ရုတ်တရက် ပေါ်လာသော လင်းရှုကို မြင်လိုက်ရသည့်အခါ လီဖင်းနှင့် ကျန်းလီတို့မှာ အလွန် စိတ်လှုပ်ရှားသွားကြသည်၊၊
လင်းရှု၏ ခွန်အားမှာ အလွန်ပင် ကြီးမားလှရာ သူ ရှိနေသရွေ့ ထိုကြောက်မက်ဖွယ် သားရဲကြီးကို သတ်နိုင်ရန် အခွင့်အရေး ရှိနေသည် မဟုတ်ပါလား၊၊
ဝုန်း...
သူတို့ စကားပြောနေစဉ်မှာပင် အခြားတစ်ဖက်ရှိ အဆောက်အဦးမှ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာပြန်ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားရသည်၊၊
လင်းရှု၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသော ပိုးတောင်မာကြီးမှာ ၎င်း၏ ကျောကုန်းအခွံအတွင်း ဝှက်ထားသော အတောင်ပံများကို ရုတ်တရက် ဖြန့်လိုက်လေသည်၊၊
ထို့နောက် လင်းရှုတို့အဖွဲ့ထံသို့ အလွန်တရာ မြန်ဆန်လှသော အရှိန်ဖြင့် ပြေးဝင်လာတော့သည်၊၊
"မြန်မြန် ထွက်ပြေးကြတော့...!!!" လင်းရှု ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်၊၊
လင်းရှု၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသော်လည်း ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ အခွံမာကြီးမှာ အကာအကွယ်ကောင်းတစ်ခု ဖြစ်နေသဖြင့် သိသိသာသာ ဒဏ်ရာရရှိပုံ မရပေ၊၊
၎င်းသည် အပြာရောင် အတောင်ပံများကို ခတ်ကာ ပြေးဝင်လာသည့်အခါ ပတ်ဝန်းကျင်၌ လေပြင်းများ တိုက်ခိုက်နေသည့်အလားပင်၊၊
ဒုတ်... ဒုတ်...
လင်းရှုမှာ စိုးရိမ်တုန်လှုပ်ခြင်း မရှိသော်လည်း ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်သွားသဖြင့် သူ၏ နှလုံးခုန်သံကိုပင် သူ ပြန်ကြားနေရသည်၊၊
သူသည် အလွန်တရာ အစွမ်းထက်သော စွမ်းရည်တစ်ခုကို ထုတ်ဖော်နိုင်တော့မည်ဟု ခံစားနေရသော်လည်း ထိုစွမ်းရည်၏ အမည်ကိုမူ မသိရှိသေးပေ၊၊
ရှုး...
လင်းရှု၏ လက်ထဲရှိ အနက်ရောင်အစွန်း လှံရှည်မှာ ကျယ်လောင်စွာ မြည်ဟီးသွားပြီး လှံရိုး၏ အောက်ခြေမှ လှံဦးအထိ မီးလျှံငယ်လေးတစ်ခု ပျံ့နှံ့သွားသည်၊၊
"ငရဲကို သွားစမ်း...!"
"‘မီးလျှံသန့်စင် ကြယ်စင်ကောင်းကင်’...!!!"
ထိုအခိုက်အတန့်တွင် စကားလုံးလေးလုံးမှာ လင်းရှု၏ စိတ်ထဲ၌ ပေါ်ပေါက်လာပြီး သူသည် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်၊၊ သူသည် နောက်ဆုတ်မသွားဘဲ ခြေထောက်ကို အားပြုကာ ဝေဟင်ပေါ်သို့ ခုန်တက်လိုက်သည်၊၊ ကိုင်ဆောင်ထားသော အနက်ရောင်အစွန်း လှံရှည်ကို ဝေ့ယမ်းလိုက်သည့်အခါ ကောင်းကင်ယံ တစ်ခုလုံးမှာ ရုတ်ချည်းပင် မီးနီရောင်များအဖြစ် ပြောင်းလဲသွားတော့သည်၊၊
'ဒါ... ဒါက ဘယ်လို စွမ်းရည်မျိုးလဲ...?!'
ကျန်းရင်သည် မျက်လုံးများ ပြူးကျယ်စွာဖြင့် ဤကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်နေမိသည်၊၊ သူသည် လင်းရှု၏ 'ဖီးနစ်အရှိန်အဝါ' ကို မြင်ဖူးသော်လည်း ဤကဲ့သို့သော စွမ်းရည်မျိုးကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ၊၊
ထို့ပြင် ထိုမီးလျှံ၏ အပူရှိန်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှရာ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ တခဏချင်းမှာပင် နီရဲသွားပြီး သူတို့၏ ခန္ဓာကိုယ်မှာလည်း ပူပြင်းလှသော မီးဖိုတစ်ခုအတွင်းသို့ ကျရောက်သွားသည့်အလား ခံစားလိုက်ရသည်၊၊
မကြာမီမှာပင် ထိုမီးလျှံများမှာ ပြေးဝင်လာသော အဆင့် (၆) အပြာရောင်အတောင်ပံ ပိုးတောင်မာကြီးကို လွှမ်းခြုံသွားတော့သည်၊၊
ဝုန်း...
အဆင့် (၆) ပိုးတောင်မာကြီး၏ အတောင်ပံများသည် ထိုမီးလျှံနှင့် ထိတွေ့လိုက်သည်နှင့် တပြိုင်နက် တိုက်ရိုက် လောင်ကျွမ်းသွားတော့သည်၊၊
ဝေဟင်ပေါ်တွင် ပျံသန်းနေသော ထိုသားရဲကြီးမှာ အတောင်ပံများ လောင်ကျွမ်းသွားသဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက် ကျဆင်းသွားခဲ့ရသည်၊၊
မြေပြင်တစ်ခုလုံးလည်း တုန်ခါသွားရသည်၊၊
ရှုး... ရှုး... ရှုး...
အဆင့် (၆) ပိုးတောင်မာကြီး၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ရုန်းကန်နေပြီး နာကျင်စွာ အော်ဟစ်နေပုံရသည်၊၊ သို့သော် မည်မျှပင် ရုန်းကန်ပါစေ ထိုမီးလျှံမှာ ငြိမ်းသတ်ခြင်း မရှိဘဲ ပို၍ပင် ပြင်းထန်စွာ တောက်လောင်နေတော့သည်၊၊
'ဒါက ကြောက်စရာ ကောင်းလွန်းတယ်...?!'
ကျန်းရင်နှင့် အခြားလူများမှာ ဤမြင်ကွင်းကို ကြည့်ရင်း တုန်လှုပ်နေကြသည်၊၊
၎င်းမှာ ဘယ်လို လက်နက်မျိုးပါလိမ့်၊၊ ငရဲမီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံမျိုးကို ထုတ်လွှတ်နိုင်ရသည်မှာ အံ့ဩစရာပင်၊၊
အဆင့် (၆) ပိုးတောင်မာကြီး၏ အခွံမာမှာပင် ဖြည်းဖြည်းချင်း အရည်ပျော်ကျလာနေပြီ ဖြစ်သည်၊၊
လင်းရှုသည် လက်နှစ်ဖက်ဖြင့် လှံကို ကိုင်စွဲကာ ရှေ့သို့ ဆက်လက် ပြေးဝင်သွားသည်၊၊
မီးလျှံများ လွှမ်းခြုံနေသော ပိုးတောင်မာကြီး၏ ခန္ဓာကိုယ်ပေါ်တွင် လင်းရှုသည် တလက်လက် တောက်ပနေသော အလင်းတန်းအချို့ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်၊၊
မှားစရာ မရှိပေ၊၊ 'နက်နဲသောအဓိပ္ပာယ်' ကို အသုံးပြုတိုင်း သူတစ်ဦးတည်းသာ မြင်နိုင်သော ထိုအလင်းတန်းများ ပေါ်ထွက်လာစမြဲ ဖြစ်သည်၊၊
'နက်နဲသောအဓိပ္ပာယ် - နှင်းဆီမုန်တိုင်း' ..!!!
လင်းရှုသည် ပိုးတောင်မာကြီး၏ အနီးသို့ ရောက်ရှိနေပြီ ဖြစ်ရာ အလင်းတန်းများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ သူ၏ အနက်ရောင်အစွန်း လှံရှည်ဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်သည်၊၊
မီးလျှံများ၏ လောင်ကျွမ်းမှုကြောင့် ပိုးတောင်မာကြီး၏ အရေပြားမှာ အားနည်းနေပြီ ဖြစ်ရာ ထိုအခိုက်အတန့်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ တခဏချင်းမှာပင် ပေါက်ကွဲသွားတော့သည်၊၊
အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရလေသည်၊၊