အခန်း ၁၈၅ - လုယက်တိုက်ခိုက်ခြင်း
"ကြာပန်းနီ မီးလျှံဆိုတာ ဘာလဲ..." လျိုယွဲ့၏ စကားကို ကြားသောအခါ လင်းရှုက စူးစမ်းစွာ မေးလိုက်သည်၊၊
၎င်းမှာ မီးတောက်နှင့် တူသော်လည်း အပူရှိန်ပေးသော မီးမျိုးမဟုတ်ဘဲ စွမ်းအင်လုံးကြီးတစ်ခုနှင့် ပို၍ တူနေသည်၊၊
ဆန်းကြယ်ပုံဆောင်ခဲအတွင်းရှိ စွမ်းအင်မျိုးနှင့် ဆင်တူသော်လည်း ပုံဆောင်ခဲများမှာ အစဲအခဲအခြေအနေတွင် ရှိနေခြင်းသာ ကွာခြားသည်၊၊
"အင်မတန် အစွမ်းထက်တဲ့ စွမ်းအင်အမျိုးအစားပဲ၊၊ မီးတောက်ကြာပန်းပုံစံမျိုးနဲ့ တည်ရှိနေတာ..." လျိုယွဲ့က ပြန်လည် ဖြေကြားလိုက်သည်၊၊
ကျန်းရင်နှင့် အခြားလူများမှာလည်း အပြေးအလွှား ရောက်ရှိလာကြသည်၊၊ ပတ်ဝန်းကျင်မှာ အလွန်အမင်း ပူပြင်းလှသဖြင့် သူတို့အားလုံးမှာ ချွေးများဖြင့် ရွဲနစ်နေကြရသည်၊၊
ကြာပန်းနီ မီးလျှံကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်ဝန်းအိမ်များမှာ အရောင်အဝါများ ပြောင်းလဲသွားကြတော့သည်၊၊
"ဘယ်လောက်တောင် အားကောင်းတဲ့ စွမ်းအင်လဲ..." ကြာပန်းနီ မီးလျှံအတွင်းမှ ထွက်ပေါ်နေသော စွမ်းအင်များကို ကြည့်ရင်း ကျန်းရင်က အလိုလို ရေရွတ်မိသည်၊၊
၎င်းအတွင်း၌ စုစည်းနေသော စွမ်းအင်ပမာဏမှာ ဆန်းကြယ်ပုံဆောင်ခဲ အမြောက်အမြား ပေါင်းစပ်ထားသည်ထက်ပင် သာလွန်နိုင်သည်၊၊
ထို့ပြင် သာမန် ဆန်းကြယ်ပုံဆောင်ခဲများနှင့်လည်း အနည်းငယ် ကွဲပြားနေသေးသည်...၊၊
"ဒါကို စုပ်ယူလို့ရလား..." လင်းရှုက လျိုယွဲ့ကို ကြည့်ကာ မေးလိုက်သည်၊၊
အလွန်အမင်း အစွမ်းထက်သော စွမ်းအင်များ ပါဝင်နေသဖြင့် လင်းရှုအနေနှင့် သူ၏ ကျင့်စဉ်ကို အသုံးပြုကာ စုပ်ယူချင်နေမိသည်၊၊
"မရဘူး၊၊ အဲဒါက အရမ်းအန္တရာယ်များလွန်းတယ်၊၊ အကယ်၍ မတော်တဆဖြစ်ရင် မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြာဖြစ်သွားနိုင်တယ်၊၊" လျိုယွဲ့က ခေါင်းခါရင်း တားမြစ်လိုက်သည်၊၊
"ဒါဆိုရင်လည်း ဘာအသုံးကျမှာလဲ၊ ငါတို့ ဒီကို အလကား လာခဲ့ကြတာလား..." အဖိုးတန်သော်လည်း အသုံးမချနိုင်သည့် အရာကို ကြည့်ရင်း လင်းရှုမှာ မကျေမနပ် ဖြစ်သွားရသည်၊၊
ဆန်းကြယ်ပုံဆောင်ခဲတွေလိုသာ စုပ်ယူလို့ရမယ်ဆိုရင်... ဟု သူ တွေးနေမိသည်၊၊
"အားလုံးပဲ မြန်မြန်... ဒီဘက်မှာ...!" ထိုစဉ် သူတို့ ခုနက ဖြတ်သန်းလာခဲ့သော အဆောက်အဦးအတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်၊၊
လင်းရှု လှည့်ကြည့်လိုက်သည့်အခါ သန့်စင်သောနယ်မြေအကယ်ဒမီမှ ကျောင်းသားအချို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်၊၊
"တောက်... ငါတို့ထက် အရင်ရောက်နေတဲ့သူတွေ ရှိနေတာပဲ၊၊" ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူက လင်းရှုတို့ကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်၊၊
"မြောက်ဘက်နယ်မြေ အတန်း (၂) ကလား..." သူတို့၏ ဝတ်စုံပေါ်မှ အမှတ်တံဆိပ်ကို မြင်လိုက်ရသည့်အခါ ကျန်းရင်နှင့် ကျန်းလီတို့မှာ မှတ်မိသွားကြသည်၊၊
ထိုလူငါးဦးမှာ လင်းရှုတို့အဖွဲ့ကို လျစ်လျူရှုကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာကြသည်၊၊ စွမ်းအင်များ ပြည့်လျှံနေသော ကြာပန်းနီ မီးလျှံကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်ဝန်းများမှာ ဝမ်းသာအားရ အရောင်တောက်သွားကြသည်၊၊
"တကယ်ပဲ ရတနာတစ်ခုပဲဟေ့...!" လူငယ်တစ်ဦး၏ မျက်လုံးများမှာ တလက်လက် ဖြစ်သွားရသည်၊၊
"လီမို၊ ဟွာမင်း... ကိရိယာတွေ ပြင်ကြ၊ ငါတို့ ဒါကို ယူသွားမယ်...!" သူ၏ အမိန့်ပေးသံအဆုံးတွင် ဘေးရှိ လူနှစ်ဦးမှာ ကျောပိုးအိတ်များအတွင်းမှ ကိရိယာအချို့ကို ထုတ်ယူလိုက်ကြသည်၊၊
တစ်ဦးက ထူးခြားသော သေတ္တာတစ်ခုကို ထုတ်လိုက်ပြီး နောက်တစ်ဦးမှာမူ ထူးခြားသော ဂေါ်ပြားငယ်အချို့ကို ထုတ်ယူလိုက်သည်၊၊
"နေဦး... ဒါကို ငါတို့ အရင်တွေ့တာ၊၊" သူတို့၏ လုပ်ရပ်ကို မြင်လိုက်ရသည့်အခါ လင်းရှု မျက်မှောင်ကြုတ်သွားပြီး ရှေ့မှ ပိတ်ရပ်လိုက်သည်၊၊
အမိန့်ပေးနေသော လူငယ်သည် လင်းရှုကို အကဲခတ်လိုက်ပြီး ဝတ်စုံပေါ်မှ အမှတ်တံဆိပ်ကို မြင်သည့်အခါ လှောင်ပြောင်ရယ်မောလိုက်သည်၊၊ "တောင်ဘက်နယ်မြေ အတန်း (၁၀) ကလား... မင်းတို့ ဒါကို မယူနိုင်ပါဘူး၊ ယူနိုင်ခဲ့ရင်တောင် မင်းတို့အတွက် ဘာမှ အသုံးမဝင်ဘူး၊၊"
"ပြီးတော့ မင်းတို့မှာ ဒါကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်းလည်း မရှိဘူး၊၊"
"ငါတို့အတွက် အသုံးဝင်လား၊ မဝင်ဘူးလားဆိုတာ မင်းတို့ကိစ္စ မဟုတ်ဘူး၊ အကယ်၍ မင်းတို့က ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် ဒါကို လုယူဖို့ ကြိုးစားနေတယ်လို့ ငါတို့ သတ်မှတ်ရလိမ့်မယ်၊၊" လင်းရှုက အေးစက်စွာ ပြောလိုက်သည်၊၊
"ဟားဟားဟား...!" လင်းရှု၏ စကားကို ကြားသောအခါ ထိုလူက အကျယ်ကြီး ရယ်မောလိုက်သည်၊၊
"ဟုတ်တယ်... ငါ လုယူမှာ၊ မင်း ဘာလုပ်နိုင်မှာလဲ..." ထိုလူငယ်သည် ရယ်မောခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး လင်းရှုကို စိုက်ကြည့်ကာ မေးလိုက်သည်၊၊
ပတ်ဝန်းကျင် လေထုမှာ ရုတ်ချည်းပင် တင်းမာသွားရသည်၊၊
"ဒါဆိုရင်တော့ မင်းကို သတ်ပစ်ရမှာပဲ၊၊" လျိုယွဲ့က ဝင်ပြောလိုက်ပြီးနောက် ထိုလူငယ်ထံသို့ တရှိန်ထိုး ပြေးဝင်သွားတော့သည်၊၊
ထိုလူငယ်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရကာ သူ၏ တိုတောင်းသော ဓားနှစ်လက်ကို မြှောက်ကာ သူမ၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်၊၊
တောင်...
"သူတို့ကို အကုန်ရှင်းပစ်ကြစမ်း...!!!" လျိုယွဲ့၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ထိုလူငယ်မှာ ဒေါသထွက်သွားပြီး ဟိန်းဟောက်လိုက်လေသည်၊၊
"မင်းက လျိုယွဲ့လား..." ထိုလူငယ်သည် အံကြိတ်ကာ မေးလိုက်သည်၊၊
သူမမှာ အလွန်တရာ အစွမ်းထက်လှသည်၊၊ သန့်စင်သောနယ်မြေအကယ်ဒမီတွင် ဤမျှ အစွမ်းထက်သော အမျိုးသမီး တိုက်ခိုက်ရေးသမားဆို၍ အဆင့်သတ်မှတ်ချက် စာရင်းဝင် လျိုယွဲ့ တစ်ဦးတည်းသာ ရှိသည်၊၊
'သူမက ဘာလို့ တောင်ဘက်နယ်မြေ အတန်း (၁၀) မှာ ရောက်နေရတာလဲ...?!'
"မင်း စကားများလွန်းနေပြီ၊၊" လျိုယွဲ့၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ဓားဖြင့် ရှေ့သို့ ထိုးနှက်လိုက်ရင်း အေးစက်စွာ တုံ့ပြန်လိုက်သည်၊၊
သူမ၏ ဓားပညာမှာ အလွန်တရာ ထက်မြက်လှရာ ပြိုင်ဘက်မှာ ပြင်းထန်သော ဖိအားကို ခံစားနေရသည်၊၊
အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အကြာတွင် သူ၏ လက်များမှာပင် ထုံကျဉ်လာတော့သည်၊၊
'တောက်... ဒီမိန်းမက ဘယ်လိုများ လေ့ကျင့်ထားတာလဲ၊ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ...!!!!'
လင်းရှုသည်လည်း အဆင့် (၄) တိုက်ခိုက်ရေးသမား နှစ်ဦးနှင့် ရင်ဆိုင်နေရသဖြင့် ဖိအားအချို့ ရှိနေသည်၊၊
သူသည် ရန်သူတို့၏ တိုက်ကွက်များကြားမှ တစ်ဦးကို ရုတ်တရက် ထိုးနှက်လိုက်သည်၊၊
သူ၏ လှံရှည်မှာ တခဏချင်းမှာပင် အရိပ် (၁၀) ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်၊၊
ထိုလူမှာ ထိတ်လန့်သွားရသည်၊၊
သူသည် စွမ်းရည်တစ်ခုကို အသုံးပြုကာ ထိုတိုက်ခိုက်မှုကို ခုခံရန် ကြိုးစားလိုက်သည်၊၊
တောင်... တောင်... တောင်...
ပြင်းထန်လှသော လှံချက်များအောက်တွင် သူ၏ လက်နက်မှာ အကြိမ်ကြိမ် အက်ကွဲရာများ ပေါ်ပေါက်လာသည်၊၊
"တောက်..." လီဖင်းမှာ အမှတ်မထင် သတိလက်လွတ် ဖြစ်သွားသဖြင့် လက်မောင်းတွင် ဓားချက် ထိမှန်သွားသည်၊၊ သူ၏ တိုက်ခိုက်ရေးဝတ်စုံမှာ ဆုတ်ပြဲသွားပြီး သွေးများ စိမ့်ထွက်လာတော့သည်၊၊
ကျန်းရင်နှင့် ကျန်းလီတို့မှာလည်း ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိထားကြသည်၊၊
အဆင့် တစ်ဆင့်သာ ကွာခြားသော်လည်း ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားလှသည်၊၊ သူတို့မှာ ခုခံရုံသာ တတ်နိုင်ကြပြီး အသတ်ခံရလုနီးပါး အခြေအနေသို့ ရောက်ရှိနေကြသည်၊၊
သို့သော် သူတို့မှာ အခြားရွေးချယ်စရာ မရှိချေ၊၊ အကယ်၍သာ အာရုံလျော့လိုက်ပါက အသက်ပျောက်သွားမည်မှာ အသေအချာပင် ဖြစ်သည်၊၊
ဂလု...
ထိုစဉ်မှာပင် အဆောက်အဦး နံရံများပေါ်ရှိ ငြိမ်သက်နေသော ဧရာမ သတ္တဝါကြီးများကို မည်သူမျှ သတိမထားမိကြပေ၊၊
သို့သော် ဤတိုက်ပွဲများကြောင့် ထိုသတ္တဝါကြီးများသည် ဖြည်းဖြည်းချင်း လှုပ်ရှားလာကြပြီ ဖြစ်သည်၊၊
"သေလိုက်တော့...!!!" ပြိုင်ဘက်တစ်ဦးမှာ ယုတ်မာသော အပြုံးဖြင့် ကျန်းရင်ကို ကြည့်လိုက်သည်၊၊ ကျန်းရင်မှာ အမောတကော ဖြစ်နေပြီး လက်မောင်းတွင်လည်း ဒဏ်ရာရထားသည် မဟုတ်ပါလား၊၊ သူသည် ဓားကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ကာ ရှေ့သို့ ခုန်ဝင်လိုက်သည်၊၊
သူသည် ကျန်းရင်ကို ထက်ပိုင်း ပိုင်းဖြတ်ပစ်ရန် ကြံရွယ်ထားခြင်းပင်၊၊
"ဂလု..."
သို့သော် ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ဝေဟင်ပေါ်ရှိ တိုက်ခိုက်ရေးသမားမှာ သူ၏ အထက်တွင် ဧရာမ အရိပ်ကြီးတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်၊၊
တစ်စုံတစ်ရာက သူ၏ အပေါ်မှ ရုတ်ချည်း ခုန်ချလိုက်သည့်အလား...၊၊
'ဒါ... ဒါက ဘာကြီးလဲ...?!'