အခန်း ၁၈၄ - ကြာပန်းနီ မီးလျှံ
"မှောင်လိုက်တာ..." ကျန်းရင်က တိုးညှင်းစွာ ရေရွတ်လိုက်သည်၊၊
အဆောက်အဦးအတွင်းပိုင်းမှာ အလင်းရောင် အလျဉ်းမရှိဘဲ လုံးဝ မှောင်အတိ ကျနေရာ မြင်ကွင်းမှာ အလွန်ပင် မှုန်ဝါးလှသည်၊၊
"အား...!!!" ထိုစဉ် ကျန်းလီသည် သူ၏ခြေထောက်ကို တစ်စုံတစ်ရာက ဆွဲယူလိုက်သကဲ့သို့ ခံစားလိုက်ရသဖြင့် ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်၊၊
ပုပ်ပွနေသော လက်တစ်ဖက်က သူ၏ခြေကျင်းဝတ်ကို လှမ်း၍ ဖမ်းဆုပ်ထားခြင်းပင် ဖြစ်သည်၊၊
ဒုန်း...
ကျန်းရင်သည် မြင်ကွင်းကို ကြည့်ရင်း အပြေးအလွှား ရောက်ရှိလာသည်၊၊ သူသည် လက်နက်ကို မြှောက်ကာ လွှဲရိုက်လိုက်ရာ ကျန်းလီ၏ ခြေထောက်ကို ဖမ်းထားသော ထိုပုပ်ပွနေသည့် လက်မောင်းမှာ ပြတ်တောက်သွားတော့သည်၊၊
"ငရဲကို သွားစမ်း...!!!" ကျန်းလီမှာ လန့်ဖျပ်သွားရကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဇမ်ဘီအလောင်းကို ကြည့်ရင်း တရစပ် ပိုင်းဖြတ်ပစ်လိုက်သည်၊၊
ဒုန်း... ဒုန်း... ဒုန်း...
တခဏချင်းမှာပင် ထိုဇမ်ဘီရုပ်အလောင်းမှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားရလေသည်၊၊
ဖျတ်...
လီဖင်းသည်လည်း လက်နှိပ်ဓာတ်မီး သေးသေးလေးတစ်ခုကို ထုတ်ကာ အလင်းပေးလိုက်ရာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ လင်းထိန်သွားသည်၊၊
မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည့်အခါ သူတို့အားလုံး အသက်ရှူပင် မှားသွားရသည်၊၊
မြေပြင်ပေါ်တွင် အလောင်းပေါင်းများစွာ ပြန့်ကျဲနေသည်၊၊ သူတို့မှာ တိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် ရောဂါကူးစက်ခံထားရသော တိုက်ခိုက်ရေးသမား ဇမ်ဘီများ ဖြစ်ကြောင်း သိသာလှသည်၊၊
သို့သော် ထူးဆန်းသည်မှာ ထိုအလောင်းများ၏ ခန္ဓာကိုယ်မှာ ရှုံ့တွနေပြီး အတွင်းရှိ အသားနှင့် သွေးများမှာ စုပ်ယူခြင်း ခံထားရသကဲ့သို့ ဖြစ်နေခြင်းပင်၊၊
"သူက သေပြီးသားပါ၊ မင်းက သူ့လက်ကို အမှတ်မထင် နင်းမိသွားတာ ဖြစ်ရမယ်၊၊" လင်းရှုက ကျန်းလီဘက်သို့ လှည့်ကာ ပြောလိုက်သည်၊၊
ကျန်းလီသည် ခုနက အလွန်အမင်း တုန်လှုပ်နေသဖြင့် ကိုယ့်ဘာကိုယ် ပြန်၍ ထိတ်လန့်နေခြင်းသာ ဖြစ်သည်၊၊
"ဒါပေမဲ့... ဒါတွေက ဘာတွေလဲ..." လီဖင်း၏ ဓာတ်မီးရောင်အောက်တွင် ကျန်းလီသည် သူ ခုနက ပိုင်းဖြတ်လိုက်သော ဇမ်ဘီအလောင်းအတွင်းမှ အပြာရောင် အရာလေးများ တွားသွား ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်၊၊
"ပိုးကောင်တွေနဲ့ တူတယ်..." ကျန်းရင်သည်လည်း ထိုအရာများကို သတိထားမိသွားပြီး ရွံရှာဖွယ် ခံစားလိုက်ရသည်၊၊
ဤဇမ်ဘီအလောင်းများအတွင်း၌ အဘယ်ကြောင့် ဤကဲ့သို့သော အရာမျိုး ရှိနေရသနည်း၊၊
လင်းရှုသည် ထိုနေရာကို ကြည့်လိုက်ရာ ကျန်းလီ ပိုင်းဖြတ်လိုက်သော အလောင်းအစိတ်အပိုင်းများကြားမှ ပိုးကောင်များ ထွက်လာသည်ကို တွေ့လိုက်ရသည်၊၊
သူသည် တွေဝေမနေတော့ဘဲ ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံးကို ချက်ချင်း အသက်သွင်းလိုက်သည်၊၊
"အဆင့် (၂) အပြာရောင်အတောင်ပံ ပိုးတောင်မာ (သားပေါက်)၊၊ လက္ခဏာရပ် - အခြားကမ္ဘာမှ သတ္တဝါ၊ မျိုးပွားနိုင်စွမ်း မြင့်မားသည်၊ မည်သည့် သတ္တဝါ၏ အသားထဲတွင်မဆို အသိုက်ပြု နေထိုင်တတ်ပြီး အိမ်ရှင်၏ အသားကို စားသုံးကာ ရှင်သန်သည်၊၊"
၎င်းကို မြင်လိုက်ရသောအခါ လင်းရှု၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်၊၊
မြေပြင်ပေါ်ရှိ အလောင်းအားလုံး၏ အတွင်း၌ ဤသတ္တဝါဆိုးများဖြင့် ပြည့်နှက်နေသည်ဟု ဆိုလိုခြင်းလော၊၊
ထိုသို့ တွေးမိသည်နှင့် လင်းရှုမှာ ကြက်သီးမွေးညင်း ထသွားရသည်၊၊
သူသည် အနက်ရောင်အစွန်း လှံရှည်ကို ကောက်ယူကာ ထွက်ပေါ်လာသော အပြာရောင်အတောင်ပံ ပိုးတောင်မာအချို့ကို တိုက်ရိုက် ထိုးနှက်လိုက်သည်၊၊
ဒုန်း... ဒုန်း... ဒုန်း...
သူတို့၏ ခန္ဓာကိုယ်လေးများမှာ တခဏချင်းမှာပင် ပေါက်ကွဲသွားတော့သည်၊၊
ဤအကောင်များကို သတ်ခြင်းဖြင့် ရရှိသော အတွေ့အကြုံမှာ အလွန်နည်းပါးလှသဖြင့် ပြောပလောက်အောင်ပင် မရှိချေ၊၊
"သတိထားကြ၊ ဒီဇမ်ဘီအလောင်းတွေထဲမှာ ဒီထူးဆန်းတဲ့ ပိုးကောင်တွေ အများကြီး ရှိနေနိုင်သေးတယ်၊ အလောင်းတွေကို မနင်းမိစေနဲ့၊၊" လင်းရှုက သတိပေးလိုက်သည်၊၊
အကယ်၍ ဤသတ္တဝါဆိုးများ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပါက အမှန်တကယ်ပင် ဒုက္ခရောက်ပေလိမ့်မည်၊၊
"အင်း..." ကျန်းရင်နှင့် အခြားလူများ ခေါင်းညိတ်လိုက်ကြသည်၊၊ ဤနေရာ၏ အခြေအနေမှာ အလွန်ပင် ထူးဆန်းနေသဖြင့် သူတို့အားလုံးမှာလည်း အလွန်အမင်း သတိဝီရိယ ထားနေကြသည်၊၊
သူတို့ ဆက်လက် လျှောက်လှမ်းလာကြရာ မကြာမီမှာပင် အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်၊၊ ပထမထပ်၏ အဆုံးတွင် ဧရာမ မှန်ပြတင်းပေါက်ကြီးတစ်ခု ရှိနေသော်လည်း သွေးကွက်များနှင့် ပင့်ကူအိမ်များ ဖုံးလွှမ်းနေသဖြင့် အနောက်ဘက်မြင်ကွင်းကို ရှင်းလင်းစွာ မမြင်ရချေ၊၊
လင်းရှုသည် အနက်ရောင်အစွန်း လှံရှည်ကို ဝေ့ယမ်းလိုက်ရာ မီးတောက်ငှက်တစ်ကောင် ပျံထွက်သွားပြီး ပင့်ကူအိမ်အားလုံးကို လောင်ကျွမ်းပစ်လိုက်လေသည်၊၊
"တွေ့ပြီ...!!!" ရှေ့တွင် ပိတ်ဆို့နေသော ပင့်ကူအိမ်များ လောင်ကျွမ်းသွားသည့်အခါ လီဖင်းသည် သူ၏ လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်လိုက်ရာ ဝင်းအတွင်း၌ ဧရာမ အရိပ်ကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်၊၊
လင်းရှုသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ မှန်ပြတင်းပေါက်မှတစ်ဆင့် ဝင်းအတွင်းသို့ တိုက်ရိုက် ထွက်လိုက်သည်၊၊ အနောက်ဘက် ဝင်းအတွင်းသို့ ရောက်သည့်အခါ သူ၏ မျက်ဝန်းများမှာ ပြူးကျယ်သွားရတော့သည်၊၊
အထက်ရှိ ကောင်းကင်ယံတွင် ဧရာမ အက်ကြောင်းကြီးတစ်ခု ပေါ်ပေါက်နေသည်၊၊ အာကာသကြီးကို ဆွဲဖြဲထားသည့်အလား ထင်မှတ်ရပြီး အတွင်းဘက်မှာ မှောင်အတိ ကျနေကာ ရံဖန်ရံခါ လျှပ်စီးများ လက်နေသည်၊၊
ဝင်းအတွင်းရှိ မြေပြင်ပေါ်တွင်မူ အပြာရင့်ရောင် ကျောက်ခဲများစွာ ပြန့်ကျဲနေပြီး ၎င်းတို့မှာ အာကာသအက်ကြောင်းအတွင်းမှ ပြုတ်ကျလာပုံရသည်၊၊
ဤဧရာမ ဝင်းကြီးမှာ အပြာရင့်ရောင် ကျောက်ခဲများ ဖုံးလွှမ်းနေသည့် ပန်းခြံငယ်လေးတစ်ခုနှင့် အလားသဏ္ဌာန် တူနေသည်၊၊
ကျောက်ခဲများပေါ်တွင် ထူးဆန်းသော အက်ကြောင်းများ ရှိနေသည်၊၊ မဟုတ်ပါ... အက်ကြောင်းများ မဟုတ်ဘဲ ပုံစံတစ်ခုနှင့် ပို၍ တူနေသည်၊၊
"ကျောက်ခဲတွေ အများကြီးပဲ..." ကျန်းရင်နှင့် အခြားလူများမှာ ထိုထူးဆန်းသော ကျောက်ခဲများကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ရေရွတ်နေကြသည်၊၊
လျိုယွဲ့သည် ရှေ့သို့ တိုးသွားပြီး လက်ထဲရှိ ဓားဖြင့် ကျောက်ခဲကို ပြင်းထန်စွာ ပိုင်းဖြတ်ကြည့်လိုက်သည်၊၊
တောင်...
ရှည်လျားသော ဓားမြှောင်နှင့် ကျောက်ခဲ ထိမှန်သွားသည့်အသံမှာ သတ္တုချင်း ထိခိုက်မိသည့်အလား မြည်ဟီးသွားသည်၊၊
"ဒါက အလွန်မာကျောတဲ့ သတ္တုတစ်မျိုး ဖြစ်ရမယ်၊၊" လျိုယွဲ့က အနီးကပ် စစ်ဆေးကြည့်ရှုရင်း ပြောလိုက်သည်၊၊
လင်းရှုသည်လည်း သူ၏ အနက်ရောင်အစွန်း လှံရှည်ဖြင့် ထိုးကြည့်ရာ မှန်ကန်လှသည်၊၊ ဤအရာများမှာ ကျောက်ခဲနှင့် တူသော်လည်း အမှန်တကယ်တွင်မူ အထူးသတ္တုတစ်မျိုး ဖြစ်ပုံရသည်၊၊
ထိုစဉ် ထိုအရာများမှ မီးခိုးဖြူများ ထွက်ပေါ်နေဆဲ ဖြစ်ရာ ၎င်းတို့မှာ ပြုတ်ကျလာသည်မှာ မကြာသေးကြောင်းနှင့် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် အချို့အစိတ်အပိုင်းများမှာ လောင်ကျွမ်းနေခြင်း ဖြစ်သည်၊၊
"ဒီအရာတွေကို ယူသွားပြီး လက်နက်တွေ လုပ်မယ်ဆိုရင် တော်တော်လေး ကောင်းမှာပဲနော်၊၊" လီဖင်းက ကျောက်ခဲများကို ကြည့်ကာ အံ့အားသင့်စွာ ပြောလိုက်သည်၊၊
"ဒီအာကာသအက်ကြောင်းထဲကနေ ဒီကျောက်ခဲတွေပဲ ကျလာတာ ဖြစ်နိုင်ပါ့မလား၊၊" ကျန်းရင်က စူးစမ်းစွာ မေးလိုက်သည်၊၊
ပုံမှန်အားဖြင့် အာကာသအက်ကြောင်းများထဲတွင် သားရဲများကဲ့သို့သော အခြားအရာများလည်း ရှိနေတတ်သည် မဟုတ်ပါလား၊၊ သို့သော် ဤအက်ကြောင်းမှာ ဤမျှ ကြီးမားသော်လည်း ပတ်ဝန်းကျင်၌ မည်သည့်အရာမျှ ရှိမနေပေ၊၊
"ဟိုဘက်ကို သွားကြည့်ရအောင်၊၊" လင်းရှုသည် ထိုထူးဆန်းသော 'ကျောက်ခဲ' များပေါ်သို့ နင်းကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်၊၊
လျိုယွဲ့သည်လည်း လင်းရှု၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူတို့နှစ်ဦးစလုံးမှာ ရှေ့သို့ လျင်မြန်စွာ ခုန်ကူးသွားကြသည်၊၊
"နေဦးလေ... ငါတို့ကို စောင့်ဦး...!!!"
ထိုကျောက်ခဲများ စုပုံနေသည့် နေရာသို့ ရောက်သည့်အခါ ရှေ့ရှိ ကျောက်ခဲများမှာ တစ်စုံတစ်ခုကြောင့် နီမြန်းနေသည်ကို သူတို့ တွေ့လိုက်ရသည်၊၊
လင်းရှုနှင့် လျိုယွဲ့တို့ နှစ်ဦးစလုံး ခံစားလိုက်ရသည်မှာ ပတ်ဝန်းကျင် တစ်ခုလုံးမှာ ပိုမို ပူပြင်းလာခြင်းပင်၊၊
လင်းရှု နီးကပ်သွားသည်နှင့်အမျှ ပူလောင်သည့် ခံစားချက်မှာ ပိုမို အားကောင်းလာပြီး ပတ်ဝန်းကျင် အပူချိန်မှာ အနည်းဆုံး (၅၀) ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိနေသည်၊၊ လင်းရှု ပို၍ နီးကပ်သွားသည့်အခါ အပူချိန်မှာ သိသိသာသာ မြင့်တက်လာတော့သည်၊၊
သူ အနီးကပ် ကြည့်လိုက်သည့်အခါ ရှေ့ရှိ နေရာတစ်ခုလုံးတွင် လေထုမှာပင် ထိုပြင်းထန်လှသော အပူရှိန်ကြောင့် လှိုင်းထကာ ပုံပျက်နေသည်ကို တွေ့ရသည်၊၊
"ဒါက ဘာလဲ...?!" သူသည် ပြင်းထန်လှသော အပူရှိန်ကို အံတုကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့သည်၊၊ ထို့နောက် လင်းရှုသည် ကျောက်ခဲများ စုပုံနေသည့် အလယ်တွင် ဧရာမ ချိုင့်ကြီးတစ်ခုကို တွေ့လိုက်ရသည်၊၊ ထိုချိုင့်ခွက်၏ အောက်ခြေတွင်မူ မီးတောက်ကဲ့သို့ နီရဲနေသော ကြာပန်းတစ်ပွင့် ရှိနေသည်၊၊
မဟုတ်ပါ... ၎င်းမှာ သာမန် ကြာပန်းတစ်ပွင့် မဟုတ်ဘဲ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ထူးခြားသော 'ကြာပန်းနီ' (Red Lotus) တစ်ပွင့်နှင့် ပို၍ တူနေသည်၊၊
"ကြာပန်းနီ မီးလျှံ..!?" လျိုယွဲ့သည် ဤအရာကို မြင်လိုက်ရသည့်အခါ အမြဲတမ်း တည်ငြိမ်နေတတ်သော သူမ၏ မျက်နှာထက်တွင် အံ့အားသင့်မှုများ အထင်အရှား ပေါ်ပေါက်လာတော့သည်၊၊