အခန်း ၁၈၃ - ကြောက်မက်ဖွယ်ရာ ကြွက်အုပ်ကြီး
လင်းရှု စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် လီဖင်းသည် သူ၏ခြေထောက်နားမှ ဖြတ်ပြေးသွားသော ကြွက်တစ်ကောင်ကို အမှတ်မထင် တိုက်ခိုက်လိုက်လေသည်၊၊
ဒုန်း...
လီဖင်း၏ ဓားချက်အောက်တွင် ထိုကြွက်ကြီးမှာ ထက်ပိုင်းပြတ်သွားပြီး သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားတော့သည်၊၊
"ပြေးကြတော့...!!!" လင်းရှု ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်သည်၊၊
လီဖင်းနှင့် အခြားလူများမှာမူ ဇဝေဇဝါ ဖြစ်နေကြသည်၊၊ ကြွက်တစ်ကောင် သတ်လိုက်ရုံမျှတင် မဟုတ်ပါလား...၊၊
သို့သော် သူတို့ ရှေ့သို့ လှည့်ကြည့်လိုက်သည့်အခါတွင်မူ ထိုဧရာမ ကြွက်ကြီးများသည် စိတ်ရူးပေါက်သွားသည့်အလား သူတို့ထံသို့ ရူးသွပ်စွာ ပြေးဝင်လာကြသည်ကို တွေ့လိုက်ရသည်၊၊
ရှေ့ရှိ လမ်းမတစ်ခုလုံးမှာ အမည်းရောင် သတ္တဝါများဖြင့် ဖုံးလွှမ်းသွားပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် မမြင်ရတော့ချေ၊၊ အားလုံးမှာ ကြွက်များသာ ဖြစ်သည်၊၊
"ဘုရားရေ...!" ထိုမြင်ကွင်းကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားရသည်၊၊
"ဖီးနစ်အရှိန်အဝါ...!!!" လင်းရှု ဟိန်းဟောက်လိုက်ရင်း လက်ထဲရှိ အနက်ရောင်အစွန်း လှံရှည်ကို ပြင်းထန်စွာ ဆောင့်ချလိုက်ရာ မီးတောက်ငှက်များသည် လှံအတွင်းမှ တမဟုတ်ချင်း ပျံထွက်သွားတော့သည်၊၊
ဤကြွက်များသည် တစ်စုံတစ်ရာကြောင့် ဗီဇပြောင်းလဲထားပုံရရာ မီးတောက်ငှက်များနှင့် ထိတွေ့သည့်တိုင် ချက်ချင်း သေဆုံးမသွားကြပေ၊၊
'တောက်... အခြေအနေ မကောင်းတော့ဘူး...'
ထိုစဉ် ကြွက်အချို့မှာ မီးတောက်ငှက်များကြားမှ လွတ်မြောက်လာကြပြီ ဖြစ်သည်၊၊
ကြွက်များသည် ရှေ့ဆုံးသို့ ပြေးထွက်လာပြီး လင်းရှုနှင့် အခြားလူများထံသို့ ခုန်အုပ်လိုက်ကြသည်၊၊ သူတို့၏ ပါးစပ်များကို ဖြဲလိုက်သည့်အခါ ထက်မြက်သော သွားနှစ်တန်းကို အထင်အရှား မြင်တွေ့နေရသည်၊၊
၎င်းမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်၊၊
လျိုယွဲ့၏ မျက်နှာအမူအရာမှာလည်း ပျက်ယွင်းသွားသည်၊၊ သူမသည် လက်ထဲရှိ ဓားရှည်ကို ဝေ့ယမ်းလိုက်ရာ ဓားအရှိန်အဝါမှာ လဆန်းပုံစံ ဖြစ်ပေါ်လာပြီး တိုက်ခိုက်လိုက်လေသည်၊၊
ပြေးဝင်လာသော ကြွက်များသည် တိုတောင်းလှသော အချိန်အတွင်း အကုန်အစင် ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်၊၊
"အမြန် ထွက်သွားကြစို့...!!!" လင်းရှုသည် လက်ကို အဆက်မပြတ် ဝေ့ယမ်းလိုက်ရာ မီးတောက်ငှက်များစွာ ထွက်ပေါ်လာပြီး ရှေ့ရှိ လမ်းဆုံတွင် ဧရာမ မီးတောက်မုန်တိုင်းကြီးတစ်ခု အသွင် ဖြစ်ပေါ်သွားသည်၊၊
"တိ..."
"ဂုဏ်ယူပါသည် အရှင်၊၊ အဆင့် (၃) အနက်ရောင်ကြွက်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် အတွေ့အကြုံ (၁၅,၀၀၀) ရရှိပါသည်၊၊"
"ဂုဏ်ယူပါသည် အရှင်..."
ဤအသံများမှာ သူ၏ စိတ်ထဲတွင် ဆက်တိုက် မြည်ဟီးနေသော်လည်း လင်းရှုမှာ ဂရုစိုက်နိုင်စွမ်း မရှိတော့ပေ၊၊
အဘယ်ကြောင့်ဆိုသော် ဤကြွက်များသည် အလွန်တရာ အန္တရာယ်များလှသည်၊၊ သူ ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံးဖြင့် စစ်ဆေးကြည့်လိုက်ရာ ဤသတ္တဝါဆိုးများသည် သာမန်အားဖြင့် ဇမ်ဘီများကိုသာ စားသုံးတတ်သော်လည်း အနှောင့်အယှက် ပေးခံရပါက တစ်အုပ်လုံး စုရုံးကာ လက်စားချေတတ်ကြသည်၊၊
သူတို့၏ ခြေသည်းနှင့် သွားများတွင် ခန္ဓာကိုယ်မှ ထွက်သော အဆိပ်ရည်များ ရှိနေပြီး ထိုအရည်များထဲတွင် ဗိုင်းရပ်စ်များ ပါဝင်နေသည်၊၊ အကယ်၍ မတော်တဆ ထိတွေ့မိပါက ဒုက္ခရောက်ပေတော့မည်၊၊
လင်းရှု 'ဖီးနစ်အရှိန်အဝါ' ကို အသုံးချနေစဉ်မှာပင် အားလုံး ရှေ့သို့ အပြေးအလွှား တိုးထွက်ခဲ့ကြသည်၊၊
လမ်းအကွေ့အကောက်များစွာကို ကျော်ဖြတ်ပြီးနောက်တွင်မူ ထိုကြောက်မက်ဖွယ် ကြွက်အုပ်ကြီးမှာ သူတို့နောက်သို့ လိုက်မလာတော့ပေ၊၊
"တောင်းပန်ပါတယ်... ငါ တောင်းပန်ပါတယ်၊၊" လီဖင်းသည် နံရံကို ကျောမှီရင်း အမောတကော ပြောရှာသည်၊၊ သူသည် လင်းရှုကို အားနာတကြီး ကြည့်နေသည်၊၊
ခုနက ကြွက်တစ်ကောင်မှာ သူ၏ ဖိနပ်ပေါ်သို့ တက်လာသဖြင့် ရွံရှာမိသွားခြင်း ဖြစ်သည်၊၊ သို့သော် ကြွက်တစ်ကောင် သတ်လိုက်ရုံနှင့် ဤမျှများပြားလှသော ကြွက်အုပ်ကြီး၏ ရန်ပြုခြင်းကို ခံရလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ၊၊
ထိုသို့သော အခြေအနေမျိုးတွင် အကယ်၍ သတိမထားမိပါက ကြွက်များ၏ ဝါးမြိုခြင်းကို ခံရပြီး အရိုးစုများသာ ကျန်ရစ်ပေတော့မည်၊၊
"နောက်တစ်ခါဆိုရင် သတိထားပေါ့၊၊" လင်းရှုမှာ သက်ပြင်းချရင်းသာ ပြောနိုင်တော့သည်၊၊
ခွဲခြမ်းစိတ်ဖြာခြင်းမျက်လုံးသာ မရှိပါက ဤကြွက်များမှာ ဤမျှ ရွံစရာကောင်းကြောင်း လင်းရှုလည်း သိလိမ့်မည်မဟုတ်ပေ၊၊
"ငါတို့ ရောက်ခါနီးနေပြီ ထင်တယ်၊၊" လျိုယွဲ့က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း ပြောလိုက်သည်၊၊
"ရှေ့နားမှာပဲ ဖြစ်ရမယ်၊၊" လင်းရှု ခေါင်းညိတ်လိုက်ပြီး ဖုန်းထဲက မြေပုံကို ကြည့်လိုက်သည်၊၊ ထိုနေရာမှာ ရှေ့ရှိ အဆောက်အဦး၏ အနောက်ဘက် ဝင်းထဲတွင် ဖြစ်သည်၊၊
"ဒီမှာ တကယ်ပဲ အာကာသအက်ကြောင်း ရှိနေတာလား..." ကျန်းရင်မှာ ယုံကြည်ရခက်နေဆဲပင်၊၊
သူသည် ထိုကဲ့သို့သောအရာမျိုးကို ကြားဖူးရုံသာ ရှိပြီး တစ်ခါမျှ မမြင်ဖူးခဲ့ပေ၊၊ ထို့ကြောင့် ယခုအချိန်အထိ သံသယ ဖြစ်နေဆဲပင်၊၊
"ဒါပေမဲ့ ငါကြားဖူးတာတော့ အဲဒီ အာကာသအက်ကြောင်းတွေမှာ အခြားကမ္ဘာက သားရဲတွေ ပေါ်လာတတ်တယ်တဲ့..." ကျန်းလီက လေးနက်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်၊၊
ဤကဲ့သို့သော အခြေအနေမျိုးတွင် အခွင့်အရေးနှင့် အန္တရာယ်မှာ အမြဲတစေ ဒွန်တွဲနေတတ်သည်၊၊
အစွမ်းထက်သော တိုက်ခိုက်ရေးသမားအချို့မှာ အာကာသအက်ကြောင်းများမှတစ်ဆင့် အခြားကမ္ဘာမှ ရတနာများကို ရရှိခဲ့ကြပြီး အလွန်အမင်း အစွမ်းထက်လာခဲ့ကြသည်ဟု ဆိုကြသည်၊၊
"သွားကြည့်လိုက်ရင် သိရမှာပေါ့၊ ငါတို့ ပေးလိုက်ရတဲ့ ဆန်းကြယ်ပုံဆောင်ခဲတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး၊၊" လင်းရှုက ဆိုသည်၊၊
ထိုသတင်းကို မည်သို့ ရရှိခဲ့သည်ကို မသိရသော်လည်း ဆန်းကြယ်ပုံဆောင်ခဲများနှင့် လဲလှယ်ထားပြီး ဖြစ်သဖြင့် သွားရောက် စစ်ဆေးကြည့်ရုံမှတစ်ပါး အခြားမရှိပေ၊၊
သူတို့ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလာကြရာ မြေပြင်ပေါ်တွင် ပုပ်ပွနေသော အလောင်းများစွာ ရှိနေပြီး ပုပ်စော်နံလှသည်၊၊
သို့သော် ထိုရွံစရာကောင်းသော ကြွက်များကိုမူ မတွေ့ရတော့သဖြင့် လင်းရှုမှာ အနည်းငယ် သံသယ ဖြစ်မိသည်၊၊
အဆင့် (၃) အနက်ရောင်ကြွက်များ၏ သဘာဝမှာ ပုပ်ပွနေသော အလောင်းများကို စားသုံးခြင်း ဖြစ်ကြောင်း သိထားရသည် မဟုတ်ပါလား၊၊
ရှေ့တွင် မြင့်မားသော အဆောက်အဦးတစ်ခု ရှိနေသော်လည်း ရေညှိများ ဖုံးလွှမ်းနေပြီး အချို့နေရာများမှာ ဆွေးမြည့်နေသည်၊၊
မြေပုံအရ အာကာသအက်ကြောင်းဟု ဆိုသည့်အရာမှာ ထိုအဆောက်အဦး၏ အနောက်ဘက်ရှိ ဧရာမ ဝင်းကြီးအတွင်း၌ ရှိရမည် ဖြစ်သည်၊၊
"မင်း ခံစားမိလား..." လျိုယွဲ့သည် အဆောက်အဦး၏ ရှေ့သို့ စတင် ခြေချလိုက်စဉ်မှာပင် သူမ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားပြီး လင်းရှုကို မေးလိုက်သည်၊၊
"အမှန်ပဲ ဖြစ်ရမယ်၊၊" လင်းရှုလည်း ခေါင်းညိတ်လိုက်သည်၊၊
ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ပတ်ဝန်းကျင်ရှိ လေထုထဲမှ စွမ်းအင်များမှာ အလွန်တရာ အားကောင်းလာသည်ကို လင်းရှု ခံစားနေရသည်၊၊
လင်းရှုနှင့် လျိုယွဲ့သာမက ကျန်းရင်နှင့် အခြားလူများပါ တစ်စုံတစ်ခု ထူးခြားနေကြောင်း ခံစားမိကြသည်၊၊
'ကျင့်စဉ်' ဆိုသည်မှာ လေထုထဲမှ စွမ်းအင်များကို စုပ်ယူကာ မိမိ၏ ခန္ဓာကိုယ်ကို သန်မာလာစေရန် ပြုလုပ်ခြင်း ဖြစ်သည်၊၊
ယေဘုယျအားဖြင့် ကမ္ဘာမြေပေါ်ရှိ လေထုထဲမှ စွမ်းအင်မှာ ပုံသေသတ်မှတ်ချက် ရှိသည်၊၊ အကယ်၍ ခန္ဓာကိုယ် သန်မာစေရန် စွမ်းအင် အမြောက်အမြားကို စုပ်ယူလိုပါက ဆန်းကြယ်ပုံဆောင်ခဲများမှ စွမ်းအင်ကိုသာ စုပ်ယူနိုင်သည်၊၊
သို့သော် ယခု လင်းရှုနှင့် အခြားလူများ ဤနေရာတွင် ရပ်နေသည့်အခါ 'စွမ်းအင်' များမှာ ပိုမို အားကောင်းလာသည့်အလား ခံစားနေရသည်၊၊
၎င်းမှာ အမှန်တကယ်ပင် ထူးခြားသော ခံစားချက် ဖြစ်သည်၊၊
လင်းရှုသည် တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းလာခဲ့သူ ဖြစ်ရာ ဤအဆောက်အဦးအတွင်း တစ်စုံတစ်ရာ ထူးခြားနေကြောင်း သူ၏ ခန္ဓာကိုယ်က အလိုလို သိရှိနေသည်၊၊
"သတိထားကြ၊ အထဲမှာ ကောင်ကြီးတစ်ကောင် ရှိနေပုံရတယ်၊၊" လင်းရှုသည် အနက်ရောင်အစွန်း လှံရှည်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း အသက်ကို ခပ်မှန်မှန် ရှူကာ ပြောလိုက်သည်၊၊
လင်းရှုနှင့် လျိုယွဲ့တို့က ရှေ့ဆုံးမှ ဦးဆောင်ခဲ့ကြပြီး အားလုံးမှာလည်း လက်နက်များကို မြဲမြံစွာ ကိုင်စွဲကာ ရှေ့သို့ ဖြည်းဖြည်းချင်း တိုးဝင်ခဲ့ကြသည်၊၊
လင်းရှု၏ ပခုံးပေါ်တွင် ရှိနေသော ရိုလီမှာလည်း တစ်စုံတစ်ခုကို ခံစားမိပုံရသည်၊၊ ၎င်း၏ ဝဝကစ်ကစ် ခန္ဓာကိုယ်လေးကို လက်နှစ်ဖက်ဖြင့် ပိုက်ကာ ကျောပိုးအိတ်ထဲသို့ အမြန် တိုးဝင်သွားတော့သည်၊၊
အဆောက်အဦး၏ တံခါးဝတွင် ပင့်ကူအိမ်များစွာ ရှိနေသည်၊၊
တံခါးမှာ ပွင့်ဟနေပြီး တစ်စုံတစ်ခု၏ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့်အလား ထင်မှတ်ရသည်၊၊
ပြင်ပတွင် ရာသီဥတုမှာ အုံ့မှိုင်းနေသော်လည်း အဆောက်အဦးအတွင်းမှာမူ ပို၍ပင် မှောင်မည်းနေသည်၊၊
ဂလု...
လီဖင်းနှင့် ကျန်းလီတို့၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်ပေါ်လာသည်၊၊ ဤထူးဆန်းသော ပတ်ဝန်းကျင်မှာ သူတို့ကို ထိတ်လန့်စေသဖြင့် တံတွေးကို ခက်ခဲစွာ မျိုချနေကြရသည်၊၊