အခန်း ၁၇၂ - G17 ပျက်စီးခြင်းနယ်မြေ
သူ အိမ်တံခါးဝမှ ထွက်လိုက်သည်နှင့် လျိုယွဲ့၏ ပုံရိပ်မှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်၊၊
လင်းရှုမှာ အံ့အားမသင့်တော့ဘဲ လူစုဝေးရာနေရာသို့ တိုက်ရိုက် လျှောက်လှမ်းခဲ့သည်၊၊
ဒီနေ့ 'ပြိုင်ပွဲ' ရှိသည်ကို သိထားသောကြောင့် လင်းရှုသည် 'အနက်ရောင်အစွန်း' လှံရှည်ကို လှံအိမ်ထဲ ထည့်ကာ ကျောပိုး၍ ထွက်လာခဲ့သည်၊၊
"ငါတို့ အတန်း ၁၀ ရဲ့ ထိုင်ခုံတွေက ဒီဘက်မှာ!" သန့်စင်သောနယ်မြေအကယ်ဒမီ၏ ကျယ်ဝန်းလှသော ကွင်းပြင်ကြီးထဲတွင် လူအုပ်ကြီးမှာ စည်ကားနေပြီ ဖြစ်သည်၊၊
တောင်ဘက်နယ်မြေ၊ အတန်း ၁၀၊၊
လင်းရှုသည် မြေပြင်ပေါ်ရှိ စာသားများကို မြင်သောအခါ ထိုနေရာသို့ လျှောက်သွားလိုက်သည်၊၊
"လင်းရှု!" လင်းရှု လာသည်ကို မြင်သောအခါ ကျန်းရင်က လက်ဝှေ့ယမ်းပြသည်၊၊
"အင်း... အားလုံး တန်းစီကြ၊၊ ရှစ်နာရီမှာ ကျောင်းသားသစ် စုံညီပွဲ စတော့မယ်..." လင်းရှုက ခေါင်းညိတ်ပြပြီးနောက် အတန်းထဲရှိ လူတိုင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်၊၊
လင်းရှုသည် ယခုအခါ အတန်းထဲတွင် အလွန် လေးစားခံရသူ ဖြစ်သည်၊၊
လင်းရှု၏ အစွမ်းကြောင့်သာမက သူ၏ ရမှတ်များကို အသုံးပြုကာ အတန်းဖော်များ လေ့ကျင့်ရန် ဒြပ်ဆွဲအားအခန်း ကို ဖွင့်ပေးထားခြင်းကြောင့် လူချစ်လူခင် များနေခြင်း ဖြစ်သည်၊၊
လင်းရှု၏ စကားကို ကြားသောအခါ သူတို့အားလုံး လျင်မြန်စွာ တန်းစီလိုက်ကြသည်၊၊
"ကဲ... အားလုံးကို မိတ်ဆက်ပေးမယ်၊၊ ဒီကျောင်းသူက ငါတို့အတန်းကို အသစ်ပြောင်းလာတာ၊၊ သူ့နာမည်က လျို..." ထိုအချိန်တွင် တခြားတစ်ဖက်မှ နန်ကျန့်ကျွင်းသည် ဝတ်စုံဖြူဝတ် မိန်းကလေးတစ်ဦးနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လာသည်၊၊
"လျိုယွဲ့!?" ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ လင်းရှု အံ့အားသင့်သွားသည်၊၊
သူမ ဘာလို့ ဒီကို ရောက်လာတာလဲ...
လင်းရှုနှင့် လျိုယွဲ့တို့အကြား ရှင်းပြရခက်သော ပတ်သက်မှုတစ်ခု ရှိနေသည်ကိုလည်းကောင်း၊ လင်းရှုသည် သူမနှင့်အတူ ဤရက်ပိုင်းအတွင်း လေ့ကျင့်နေသည်ကိုလည်းကောင်း အတန်းထဲရှိ ကျောင်းသားများ အားလုံး သိထားကြသဖြင့် ဝိုင်းဝန်း စနောက်ကြတော့သည်၊၊
"မင်းတို့ အချင်းချင်း သိကြတာလား..." နန်ကျန့်ကျွင်းမှာလည်း အံ့သြသွားရသည်၊၊
"သိတာပေါ့..." လင်းရှု ခေါင်းညိတ်လိုက်ပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားသည်၊၊
အသိတင် မကဘဲ အတူတူ နေထိုင်နေတဲ့ အခန်းဖော်တွေပါဆိုတာ...
"အဲဒါဆိုလည်း ကောင်းတာပေါ့၊၊ သူမက ငါတို့အတန်းထဲကို ဝင်လာမှာဆိုတော့ မင်းတို့တွေ သူမကို အနိုင်မကျင့်ကြနဲ့ဦး..." နန်ကျန့်ကျွင်းက ခေါင်းညိတ်ရင်း အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊၊
သူမက ကျွန်တော်တို့ကို အနိုင်မကျင့်ဖို့ပဲ ဆရာ ပြောသင့်တာပါ...
လင်းရှု စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်၊၊
လျိုယွဲ့၏ အစွမ်းမှာ ယခုအခါ အဆင့် ၄ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကာ အဆင့် ၅ သို့ ရောက်ရန် အလွန် နီးစပ်နေပြီ ဖြစ်သည်၊၊
"မင်း ဘာလို့ ငါတို့အတန်းကို ရုတ်တရက် ပြောင်းလာတာလဲ..." လင်းရှုသည် ဘေးနားတွင် လာရပ်သော လျိုယွဲ့ကို ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်၊၊
လျိုယွဲ့မှာ မူလက အတန်း ၁ တွင် ရှိနေခြင်းဖြစ်ရာ သူသည် သူမနှင့် ပြိုင်ဆိုင်ရပေဦးမည်၊၊ သူမ၏ အတန်းထဲတွင် ကျိုချီရှင်း ရှိနေသည်ကို တွေးမိသောအခါ သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်၊၊
"မင်းတို့တွေက အားနည်းလွန်းတယ်၊၊ အကုန်လုံးကို အလွယ်တကူ ချေမှုန်းလိုက်ရတာက သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းဘူးလေ..." လျိုယွဲ့က လင်းရှုကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောသည်၊၊
လင်းရှု နှုတ်ခမ်းလှုပ်သွားသော်လည်း သူမ ပြောသည်မှာ မှန်နေသဖြင့် ဘာမှ ပြန်မပြောနိုင်တော့ပေ၊၊
သူ့အတန်းထဲမှ လူများ၏ အစွမ်းနှင့် တခြားအတန်းများကြားတွင် တကယ့်ကို ကွာဟချက် ရှိနေသည်၊၊
ထိုအချိန်တွင် သူ သေချာကြည့်လိုက်သောအခါ ဆန့်ကျင်ဘက်တွင် မရင်းနှီးသော မျက်နှာသစ်များစွာ ရှိနေသည်ကို တွေ့ရသည်၊၊
သူတို့ဘက်မှ မြေပြင်တွင် မြောက်ဘက်နယ်မြေ၏ အတန်း ၁ မှ အတန်း ၁၀ အထိ စာသားများကို ရှင်းလင်းစွာ မြင်နေရသည်၊၊
ထို့ကြောင့် ဤသန့်စင်သောနယ်မြေအကယ်ဒမီကို မြောက်ဘက်နယ်မြေနှင့် တောင်ဘက်နယ်မြေဟူ၍ အမှန်တကယ် ခွဲခြားထားခြင်း ဖြစ်သည်၊၊
မြောက်ဘက်နယ်မြေမှ ကျောင်းသားသစ်များသည် သန့်စင်သောနယ်မြေအကယ်ဒမီသို့ သူတို့ထက် စောစီးစွာ ရောက်ရှိနေပုံရသည်၊၊
"အားလုံးပဲ... စမ်းသပ်မှုတွေ အားလုံးကို အောင်မြင်ပြီး သန့်စင်သောနယ်မြေအကယ်ဒမီကို ရောက်လာကြတာ ကြိုဆိုပါတယ်၊၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ မင်းတို့အားလုံး အကယ်ဒမီအကြောင်း လေ့လာပြီးကြပြီလို့ ငါ ယုံကြည်ပါတယ်..." ထိုအချိန်တွင် ဆံပင်ရှည်၊ မုတ်ဆိတ်ရှည်နှင့် အဖိုးအိုတစ်ဦးသည် စင်မြင့်ထက်တွင် ရပ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်၊၊
သူသည် မည်သည့် အသံချဲ့စက်မှ မသုံးသော်လည်း သူပြောလိုက်သော အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်၊၊
သန့်စင်သောနယ်မြေအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီးလား...
သူ ထိုနေရာတွင် ရပ်နေရုံနှင့်ပင် လူတိုင်းမှာ သူ့ထံမှ ပြင်းထန်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်၊၊
ဒါက အဆင့် ၉ တိုက်ခိုက်ရေးသမားတစ်ယောက်ရဲ့ အစွမ်းလား!?
"ငါ့နာမည်က ပိုင်လီ၊၊ မင်းတို့ ငါ့ကို ကျောင်းအုပ်ကြီးပိုင်လီလို့ ခေါ်နိုင်တယ်..." အဖိုးအိုက ပရိသတ်ထဲရှိ ထောင်ပေါင်းများစွာသော လူများကို တစ်ချက်ကြည့်ကာ အေးအေးဆေးဆေး ပြောသည်၊၊
"ဒီနေ့ ငါ စကားတွေ အများကြီး မပြောတော့ဘူး၊၊ အကယ်ဒမီရဲ့ ထုံးစံအတိုင်း ငါတို့ ကျောင်းသားသစ် စုံညီပွဲ ကျင်းပတော့မယ်..."
"ဒါကို ကျောင်းသားသစ် စမ်းသပ်ပွဲလို့လည်း ခေါ်နိုင်တယ်..."
စမ်းသပ်ပွဲ!?
သူ ပြောသည်ကို ကြားသောအခါ လူတိုင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်၊၊
အရင်က သေမင်းလမ်းခရီးမှာ လုပ်ခဲ့တဲ့ စမ်းသပ်မှုက တကယ့် စမ်းသပ်မှု မဟုတ်သေးဘူးလား...
ကျောင်းအုပ်ကြီးပိုင်လီက လက်ဖျောက်တစ်ချက် တီးလိုက်သောအခါ ကြီးမားသော ပုံရိပ်ယောင် နှစ်ခုမှာ သူ့ရှေ့တွင် ချက်ချင်း ထွက်ပေါ်လာသည်၊၊
"ဒီစမ်းသပ်ပွဲ... မဟုတ်ဘူး... ဒါကို ပြိုင်ပွဲလို့ ခေါ်သင့်တယ်၊၊ နယ်မြေနှစ်ခုမှာ ကျင်းပသွားမှာ ဖြစ်တယ်..."
"ပထမတစ်ခုကတော့ မြစိမ်းရောင်တောအုပ်ပဲ..."
ထိုအချိန်တွင် ဖန်သားပြင်ပေါ်၌ စိမ်းလန်းစိုပြည်သော တောအုပ်တစ်ခုကို မြင်လိုက်ရပြီး ဆင့်ကဲပြောင်းလဲလာသော သားရဲ အချို့မှာလည်း ရံဖန်ရံခါ ဖြတ်သန်းသွားလာနေကြသည်၊၊
မြစိမ်းရောင်တောအုပ်သည် တောင်ဘက်ဒေသတွင် ရှိသည်၊၊ ထိုနေရာရှိ သစ်ပင်များသည် ရောင်ခြည်သင့်မှုကြောင့် အလွန် ကြီးမားလာကြပြီး အဆင့်မြင့် သားရဲများစွာလည်း ရှိနေသည်၊၊
သို့သော် တောနက်ထဲသို့ မဝင်သရွေ့တော့ ထိုနေရာသည် အလွန်အန္တရာယ် မရှိလှပေ၊၊
"ကျောင်းသားအားလုံး ဒီနယ်မြေကို သွားခွင့်ရှိတယ်၊၊ ဒီမှာ ဆန်းကြယ်ပုံဆောင်ခဲ အများဆုံး စုဆောင်းနိုင်တဲ့ အတန်းက ချက်ချင်း အနိုင်ရမယ်၊၊ ရမှတ် ဆုလာဘ်တွေအပြင် ဈေးကွက်မှာ ရောင်းချခြင်းမရှိတဲ့ စွမ်းရည်အမျိုးမျိုးကိုလည်း ရရှိမှာ ဖြစ်တယ်..."
ဒါကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများမှာ တောက်ပသွားကြတော့သည်၊၊
ဈေးကွက်တွင် ရောင်းချခြင်းမရှိသော စွမ်းရည်များမှာ အလွန် အစွမ်းထက်ပြီး တန်ဖိုးရှိမည်မှာ သေချာသည်၊၊
"ဒုတိယနယ်မြေကတော့ G17 ပျက်စီးခြင်းနယ်မြေ ပဲ..."
ကျောင်းအုပ်ကြီးပိုင်လီ ပြောလိုက်သည်နှင့် လူတိုင်း၏ အကြည့်မှာ နောက်ထပ် ပုံရိပ်ယောင်တစ်ခုဆီသို့ ရောက်သွားကြသည်၊၊
ဒါကတော့ အမှောင်ထုက ဝန်းရံထားပြီး ကောင်းကင်မှ အက်ဆစ်မိုးများ ရွာသွန်းနေသည့် စွန့်ပစ်မြို့ပျက်ကြီးတစ်ခု ဖြစ်သည်၊၊
ဤစွန့်ပစ်မြို့များတွင် ဇမ်ဘီ များနှင့် ထိတ်လန့်ဖွယ်ရာ သားရဲအချို့ကို မြင်တွေ့နိုင်သည်၊၊
ဤမြေပုံမှာ အစောနက မြစိမ်းရောင်တောအုပ်နှင့် သိသိသာသာ ကွဲပြားနေသည်၊၊ မှောင်မိုက်ကာ ထိတ်လန့်ဖွယ် ကောင်းလှသဖြင့် ကြည့်ရုံနှင့်ပင် စိတ်မသက်မသာ ဖြစ်စေသည်၊၊
"G17 ပျက်စီးခြင်းနယ်မြေ... ဒါက သေမင်းတမန်နေရာပဲ..." ဤမြေပုံကို မြင်သောအခါ လီဖင်းမှာ တုန်တုန်ရင်ရင် ဖြစ်သွားသည်၊၊
"မင်း ဒီနေရာကို သိတာလား..." လင်းရှု မေးလိုက်သည်၊၊
လီဖင်း ခေါင်းညိတ်ပြသည်၊၊ "အဲဒီနှစ်က ဒီနယ်မြေမှာ အလွန်ပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့ခဲ့ဖူးတယ်၊၊ တိုက်ခိုက်ရေးသမားတချို့က 'သန့်စင်ရေး' မစ်ရှင်လုပ်ဖို့ သွားခဲ့ကြပေမဲ့ အကုန်လုံး ဗိုင်းရပ်စ်ကူးစက်ခံရပြီး ဇမ်ဘီတွေ ဖြစ်ကုန်ကြတာပဲ..."
သာမန်လူတွေ ဇမ်ဘီဖြစ်တာတောင် ကြောက်စရာကောင်းနေပြီဆိုလျှင် ဤတိုက်ခိုက်ရေးသမားများ ဇမ်ဘီဖြစ်သွားသည့်အခါ ပို၍ပင် ရူးသွပ်သွားကြသည်၊၊ လူသားများကို မြင်သည်နှင့် သူတို့သည် အရူးအမူး တိုက်ခိုက်ကြလိမ့်မည်၊၊
သူတို့သည် မည်သည့် နာကျင်မှုကိုမျှ မခံစားရဘဲ သူတို့ကို သတ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ဦးခေါင်းကို ဖြတ်ပစ်ခြင်းသာ ဖြစ်သည်၊၊
"အဲဒီမှာရှိတဲ့ သားရဲအားလုံးနီးပါးက အဆင့် ၄ နဲ့ အထက်တွေချည်းပဲ၊၊ အဆင့် ၇ ရှိတဲ့ကောင်တွေတောင် ရှိတယ်လို့ ငါ ကြားဖူးတယ်..." ဒါကို ပြောလိုက်သောအခါ လီဖင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ထင်ဟပ်နေသည်၊၊
လီဖင်း ပြောသည်ကို ကြားပြီးနောက် ကျန်ရှိသော လူများမှာလည်း ကျောချမ်းသွားကြသည်၊၊
အဆင့် ၇ သားရဲဆိုတာ ဘယ်လိုမျိုးလဲ...
သူတို့အားလုံးကို လက်ဝါးနဲ့ တစ်ချက် ရိုက်လိုက်ရုံနဲ့တင် သေသွားနိုင်သည်၊၊
"G17 ပျက်စီးခြင်းနယ်မြေကို လူတိုင်း သွားဖို့ မလိုပါဘူး၊၊ အတန်းတစ်တန်းကို လူငါးယောက် ရွေးချယ်နိုင်ပါတယ်..." ကျောင်းအုပ်ကြီးပိုင်လီ ပြောသည်ကို ကြားမှ လူတိုင်း သက်ပြင်းချနိုင်တော့သည်၊၊
နောက်ဆုံးတော့ ထိုနေရာက အလွန် အန္တရာယ်များလွန်းသည်၊၊ ဇမ်ဘီဖြစ်သွားသော တိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ဗိုင်းရပ်စ်ကူးစက်ခံရလျှင် ကုသရန် လမ်းစ မရှိတော့ပေ၊၊
"အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင်... မင်းတို့ရဲ့ ဆရာတွေ ဦးဆောင်မှုနောက်ကို လိုက်သွားကြတော့!!!”