အခန်း ၁၆၇ - လျိုယွဲ့၏ အဆင့် ၇ ဝိညာဉ်ကျောက်တုံး
“အတန်း ၁၀ ဟုတ်လား... မင်းပြောတာ အဲ့ဒီကောင်လေးဆီ သွားတယ်လို့ မပြောနဲ့နော်...” ကျိုချီရှင်း၏ ဘေးရှိလူမှာ မှင်တက်သွားသည်၊၊
“သခင်လေးကျို... ကျွန်တော့်ကို သူ့ကို ပညာပေးခိုင်းချင်သလား...”
“အခွင့်အရေးရှာလိုက်... လူအချို့ကို ခေါ်သွားပြီး အတန်း ၁၀ က လူတွေကို အရင်ဆုံး သင်ခန်းစာ ပေးလိုက်ဦး...” ကျိုချီရှင်းက ခေါင်းညိတ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်၊၊
တစ်ချိန်တည်းမှာပင် ဒြပ်ဆွဲအားအခန်းအတွင်းရှိ လင်းရှုမှာ အံကြိတ်ကာ အတင်းအကျပ် ထရပ်နေသည်၊၊
သို့သော် သူ မတ်တတ်ရပ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်သို့ ပြန်လည်ဖိနှိပ်ခံလိုက်ရပြန်သည်၊၊
မဖြစ်နိုင်ဘူး... သူ ငါးဆဒြပ်ဆွဲအားကို လုံးဝမတောင့်ခံနိုင်သေးဘူး၊၊
ဒီငါးဆဒြပ်ဆွဲအားဆိုတာက ငါးဆတိုးလာတာတင်မကဘဲ သူ့အပေါ် ကျရောက်လာတဲ့ ဝန်ထုပ်ဝန်ပိုးက သူ့ရဲ့ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်သည်၊၊
“အရမ်းအားနည်းတာပဲ...” လျိုယွဲ့က ထုံးစံအတိုင်း အေးစက်စွာ ပြောလိုက်သည်၊၊
သူမ၏ အဆိပ်ပြင်းသော စကားများကို ကြားသောအခါ လင်းရှုက အံကြိတ်ကာ သူမကို စိုက်ကြည့်လိုက်သည်၊၊ သူမ၏ တင်ပါးလေးကို ရိုက်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်၊၊
ထို့နောက် သူသည် ထိုဘက်ရှိ မျက်နှာပြင်ကို နှိပ်လိုက်ပြီး ဒြပ်ဆွဲအားကို လေးဆသို့ ပြောင်းလဲလိုက်သည်၊၊
“ဟူး...” လင်းရှု ရုတ်တရက် သက်သာရာရသွားသလို ခံစားလိုက်ရသည်၊၊
လေးဆဒြပ်ဆွဲအားအောက်တွင် ရှိနေသော်လည်း လင်းရှုအတွက် အလွန်ပင် ပင်ပန်းဆဲဖြစ်သည်၊၊
သို့သော် ငါးဆဒြပ်ဆွဲအားနှင့် ယှဉ်လျှင်မူ ဖိအားမှာ အတော်လေး လျော့နည်းသွားပြီဖြစ်သည်၊၊
“ငါ့အိမ်မှာလည်း ဒီလိုစက်မျိုး ရှိတယ်...” လျိုယွဲ့က စက်ကို ဟိုဟိုဒီဒီ စမ်းသပ်ကြည့်ပြီးနောက် ကျွမ်းကျင်စွာ နှိပ်လိုက်ရာ စက်၏ဘေးနှစ်ဖက်မှ သံကြိုးရှည်နှစ်ချောင်း ထွက်ပေါ်လာသည်၊၊
ဇိ... ဇိ... ဇိ...
ထိုအချိန်တွင် သံကြိုးများပေါ်၌ လျှပ်စစ်စီးကြောင်းများစွာ ထွက်ပေါ်လာသည်၊၊
သူမသည် ထိုမျှပြင်းထန်သော လျှပ်စစ်စီးကြောင်းများကို လက်ဖြင့်ကိုင်ထားသော်လည်း သူမအတွက် ဘာမှမဟုတ်သကဲ့သို့ပင်၊၊
“ဗို့အား ၁၀၀၀၀...”
လင်းရှု တံတွေးတစ်ချက် မျိုချလိုက်ပြီး “နင် ဘာမှမဖြစ်ဘူးလား...”
၎င်းမှာ ခဏတာစီးဆင်းသော လျှပ်စစ်မဟုတ်ဘဲ အစဉ်မပြတ် စီးဆင်းနေခြင်းဖြစ်သည်၊၊ ထိုသံကြိုးနှစ်ချောင်းကို ကိုင်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စစ်စီးကြောင်းများ လက်ခနဲ၊ လက်ခနဲ ဖြစ်နေသည်ကို သူ မြင်နေရသည်၊၊
သို့သော် သူမမှာ ဘာမှမဖြစ်သကဲ့သို့ ရှိနေခြင်းက တကယ့်ကို အံ့ဩစရာပင်၊၊
လျိုယွဲ့က ခေါင်းခါပြကာ “ငါ ငယ်ငယ်ကတည်းက လေ့ကျင့်လာတာ...”
စကားပြောရင်း သူမက လင်းရှုဆီသို့ လျှောက်လာသည်၊၊
“နင် ဘာလုပ်မလို့လဲ...” လျိုယွဲ့ အနားသို့ လျှောက်လာသည်ကို မြင်သည်နှင့် လင်းရှု၏ မျက်လုံးများ ပြူးကျယ်သွားပြီး မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်၊၊
သို့သော် နောက်ကျသွားပြီဖြစ်သည်၊ လျိုယွဲ့က လင်းရှု၏ ခန္ဓာကိုယ်ကို တိုက်ရိုက် လှမ်းဖမ်းလိုက်သည်၊၊
“အား!!!”
ဒြပ်ဆွဲအားအခန်းအတွင်းမှ ကျယ်လောင်စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာရာ အပြင်ဘက် လေ့ကျင့်ရေးခန်းမရှိ လူများပင် ကြားလိုက်ရပုံရသည်၊၊
“လင်းရှု ဘာဖြစ်သွားတာလဲ...” အော်သံကို ကြားလိုက်ရသဖြင့် ကျန်းရင်မှာ ကြက်သီးမွေးညင်းများပင် ထသွားသည်၊၊
တကယ်ပါပဲ... မိန်းကလေးတစ်ယောက်က ပိုလှလေလေ... ပိုပြီးတော့ ကြောက်ဖို့ကောင်းလေလေပါပဲ...
“ဗို့အား ၁၀၀၀၀ ထဲပါ...” လျှပ်စစ်ရှော့ခ်ကြောင့် လင်းရှု၏ တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်သောအခါ လျိုယွဲ့က ထူးဆန်းသလို ပြောလိုက်သည်၊၊
“မြန်မြန်... ငါ... ကျွမ်းတော့မယ်...” လင်းရှုက တုန်တုန်ရင်ရင်ဖြင့် ပြောလိုက်ရသည်၊၊
လင်းရှု စကားပြောပြီးနောက်တွင်မှ လျိုယွဲ့က လင်းရှု၏အနားမှ ခွာသွားသည်၊၊
*ဘုန်း*
လင်းရှုမှာ ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ ပက်လက်လန် လဲကျသွားတော့သည်၊၊ ထို ‘နာကျင်ပြီး လန်းဆန်းသွားသည့်’ ခံစားချက်မျိုးကို သူ နောက်တစ်ခါ ဘယ်တော့မှ မခံစားချင်တော့ချေ၊၊
သို့သော် လင်းရှုကို အံ့အားသင့်စေသည်မှာ သူ လျှပ်စစ်ရှော့ခ် အတိုက်ခံရချိန်တွင် သူ၏ အတွေ့အကြုံဘားမှာလည်း လျင်မြန်စွာ မြင့်တက်လာခြင်းပင်ဖြစ်သည်၊၊
သို့သော် ဝိညာဉ်ကျောက်တုံးများမှ စုပ်ယူခြင်းနှင့် နှိုင်းယှဉ်လျှင်မူ များစွာနည်းပါးနေသေးသည်၊၊
လျိုယွဲ့က သူမ၏ လျှပ်စစ်ဒဏ်ခံနိုင်ရည် လေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်နေပြီး လျှပ်စစ်ဗို့အားကိုပါ တိုးမြှင့်လိုက်သည်၊၊
ငွေရောင်သံကြိုးနှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရာ သူမသည် ငွေရောင်လျှပ်စစ်လုံးကြီးတစ်ခုဖြင့် ဝိုင်းရံထားသကဲ့သို့ပင်၊၊
လင်းရှုမှာ ထိုမြင်ကွင်းကိုကြည့်ပြီး မှင်တက်နေမိသည်၊၊
လျှပ်စစ်များ စီးဆင်းနေသည့် ထိုငွေရောင်သံကြိုးနှစ်ချောင်းကို သူမ ကိုင်ထားသည်ကို မြင်သောအခါ သူမက ထိုသံကြိုးများဖြင့် သူ့ကို ရိုက်နှက်နေမည်ကို မတွေးဘဲ မနေနိုင်တော့ချေ...
တွေးရုံနှင့်တင် သူ ချမ်းစိမ့်သွားရသည်၊၊
ခဏနားပြီးနောက် လင်းရှု ဖြည်းဖြည်းချင်း သက်သာလာသည်၊၊ လေးဆဒြပ်ဆွဲအားအောက်တွင် လင်းရှု၏ ခန္ဓာကိုယ်မှာ အလွန်လေးလံနေသကဲ့သို့ ခံစားရသည်၊၊
ဤအချိန်တွင် လေဆာရောင်ခြည် ရှောင်ကွင်းသည့် လေ့ကျင့်ခန်းကို လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သေးပေ၊၊
*ဘုန်း*
တစ်ချိန်တည်းမှာပင် လျိုယွဲ့က အရာတစ်ခုကို လင်းရှုဆီသို့ လှမ်းပစ်ပေးလိုက်သည်၊၊
‘ဒါက ဘာလဲ...’
လင်းရှုက ဗီဇအရ ဖမ်းယူလိုက်သည်၊၊ ၎င်းမှာ ကြည်လင်တောက်ပသော အပြာရောင် စိန်တစ်ပွင့်ကဲ့သို့ ထူးခြားလှပသည့် နီလာပြာရောင် ဝိညာဉ်ကျောက်တုံးလေးတစ်ခု ဖြစ်သည်၊၊
ထိုဝိညာဉ်ကျောက်တုံး၏ ပုံပန်းသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အတွင်းရှိ ပြင်းထန်သော စွမ်းအင်များကို ခံစားလိုက်ရသောအခါ လင်းရှု၏ မျက်လုံးများ ပြူးကျယ်သွားသည်၊၊
ဒါက... အဆင့် ၇ ဝိညာဉ်ကျောက်တုံးပဲ!!!
“နင် ရမှတ်တွေ သုံးပေးတဲ့အတွက် ဆုလာဘ်အဖြစ် ပေးတာ...” လျိုယွဲ့က ခပ်အေးအေးပင် ပြောလိုက်သည်၊ သူမ၏ မျက်နှာမှာ ထုံးစံအတိုင်း မည်သည့် အမူအရာမှ ပြောင်းလဲခြင်း မရှိပေ၊၊
“ဒါပေမဲ့ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်...” လင်းရှု ပြောလိုက်မိသည်၊၊
‘အဆင့် ၇ ဝိညာဉ်ကျောက်တုံး!’
သူသာ ရမှတ်များဖြင့် လဲလှယ်မည်ဆိုလျှင် ရမှတ် ၅ သိန်းတောင် လိုအပ်မည်ဖြစ်သည်!!!
“နင် မလိုချင်ရင် ငါ လွှင့်ပစ်လိုက်မယ်...” လျိုယွဲ့က လင်းရှုကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်၊၊
သူမ၏ စကားကို ကြားသောအခါ လင်းရှုက ဝိညာဉ်ကျောက်တုံးကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်၊၊
လင်းရှု၏ တုံ့ပြန်မှုကို မြင်သောအခါ လျိုယွဲ့၏ နှုတ်ခမ်းထောင့်လေးမှာ အနည်းငယ် မြင့်တက်သွားသော်လည်း ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်၊၊
ဒီအဆင့် ၇ ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင်... သူ့ရဲ့ ကျင့်စဉ်တိုးတက်မှုက ပိုပြီးမြန်ဆန်လာလိမ့်မယ်၊၊
ကျောင်းသားသစ်များ အစည်းအဝေး နီးကပ်လာသည်နှင့်အမျှ လင်းရှုသည် ဒြပ်ဆွဲအားအခန်းတွင် အဆက်မပြတ် လေ့ကျင့်နေခဲ့သည်၊၊
အစပိုင်း လေးဆဒြပ်ဆွဲအားမှသည် သူသည် ငါးဆဒြပ်ဆွဲအားအထိ ဖြည်းဖြည်းချင်း မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်၊၊
အဆင့် ၇ ဝိညာဉ်ကျောက်တုံးအတွင်းရှိ စွမ်းအင်များမှာ အလွန်ပင် သိပ်သည်းလှရာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ အဆက်မပြတ် စုပ်ယူနေခဲ့သော်လည်း စွမ်းအင်၏ ထက်ဝက်ကိုပင် မကုန်သေးချေ၊၊
“ဆရာ... လျိုယွဲ့က ဒီရက်ပိုင်း အတန်း ၁ ကို သွားပြီး အဲ့ဒီ အောက်တန်းစားတွေနဲ့ အတူတူ လေ့ကျင့်နေတယ်၊ ဒါက ကျွန်တော်တို့ အတန်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်...” အတန်း ၁ တွင် ကျောင်းသားတစ်ယောက်က လျိုယွဲ့ကို လက်ညှိုးထိုးပြကာ စင်မြင့်ပေါ်မှ အမျိုးသားကို ပြောလိုက်သည်၊၊
သူ ထိုသို့ပြောလိုက်သည်နှင့် ကျောင်းသားတိုင်းက လျိုယွဲ့ကို လှည့်ကြည့်လိုက်ကြသည်၊၊
လျိုယွဲ့ကတော့ ဘာမှမဖြစ်သလိုပင် တစ်ခုခုကို ဆက်လက်ရေးမှတ်နေဆဲဖြစ်သည်၊၊ ထိုအချိန်တွင် သူမသည် မိမိအပေါ် ကျရောက်နေသော အကြည့်များစွာကို ခံစားလိုက်ရသဖြင့် ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်၊၊ “နင်တို့ကလည်း တော်တော်လေး အားနည်းတာပဲ...”
“ဘာပြောတယ်!!!” လျိုယွဲ့၏ စကားကို ကြားသောအခါ ထိုကျောင်းသား၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း နီမြန်းသွားသည်၊၊
သို့သော် သူ၏အစွမ်းမှာ လျိုယွဲ့ထက် နိမ့်ကျနေသည်မှာ အမှန်ပင်ဖြစ်ရာ ၎င်းက သူ့ကို ပို၍ မကျေမနပ် ဖြစ်စေသည်၊၊
လျိုယွဲ့က ထိုအချိန်တွင် ထရပ်လိုက်ပြီး ထိုလူများကို လျစ်လျူရှုကာ တံခါးဆီသို့ တိုက်ရိုက် လျှောက်သွားသည်၊၊
“စိတ်ဝင်စားစရာပဲ...” ကျိုချီရှင်းသည် ဤမြင်ကွင်းကို မြင်သောအခါ လျိုယွဲ့အပေါ် ပိုမိုစိတ်ဝင်စားလာမိသည်၊၊
“လျိုယွဲ့... နင် ဘယ်သွားမလို့လဲ...” အတန်း ၁ မှ ဆရာဖြစ်သူက လျိုယွဲ့ကိုကြည့်ကာ ခေါင်းခဲစွာဖြင့် မေးလိုက်သည်၊၊
လျိုမိသားစု၏ သမီးပျို... လျိုယွဲ့၏ မိသားစုနောက်ခံကို သူ သိထားသည်၊ သူတို့၏ အဆင့်အတန်းနှင့်ဆိုလျှင် ကျောင်းအုပ်ကြီးပင်လျှင် သူတို့အပေါ် ရိုရိုသေသေ ဆက်ဆံရမည်ဖြစ်သည်၊၊
“အတန်းပြောင်းမလို့...” လျိုယွဲ့က စကားနည်းသူပီပီ အေးစက်စွာ ပြောလိုက်သည်၊၊ သူမ ထိုသို့ပြောပြီးနောက် နောက်သို့လှည့်မကြည့်ဘဲ အပြင်သို့ ထွက်ခွာသွားတော့သည်၊၊
သူမသည် မည်သူ့၏ ခံစားချက်နှင့် ထင်မြင်ချက်ကိုမျှ ဂရုမစိုက်ခဲ့ပေ၊၊