အခန်း ၁၆၆ - ငါးဆတည်းပါ
“အတန်းခေါင်းဆောင်... ဘာဖြစ်လာတာလဲ...” နောက်တစ်နေ့ နံနက်စောစောတွင် လင်းရှုက လေ့ကျင့်ရေးကွင်းတံခါးကို ဖွင့်လိုက်သောအခါ အတွင်းရှိလူများမှာ ပန်ဒါမျက်ကွင်းများ ဖြစ်နေသည့် လင်းရှုကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားကြသည်၊၊
“လင်းရှု... နင် မမလျိုရဲ့ အရိုက်ကို ခံလိုက်ရတာလား...” ထိုမျက်ကွင်းညိုနှစ်ဖက်မှာ လက်သီးချက်များကြောင့် ဖြစ်မှန်း လေလေက သိနေသဖြင့် တခိခိရယ်မောရင်း မေးလိုက်သည်၊၊
လင်းရှု၏ နှုတ်ခမ်းအစုံမှာ တွန့်ချိုးသွားသော်လည်း သူ ဘာမှပြန်မပြောမိချေ၊၊
‘သူမက အရမ်းကြမ်းတာပဲ... ငါက မတော်တဆလေး သူမရင်သားကို ထိမိရုံတင် မဟုတ်လား... ဘာလို့ ဒီလောက်တောင် ပေါက်ကွဲသွားရတာလဲ...’(ငင့်😂)
“လင်းရှုရာ... မိန်းကလေးတစ်ယောက်ကို အင်အားသုံးပြီး နှိမ်လို့မရဘူးလေ...” ကျန်းရင်က အနားသို့ လျှောက်လာပြီး သက်ပြင်းချကာ ခေါင်းခါယမ်းနေသည်၊၊
“ငါ့ဆီက လျှို့ဝှက်ကျမ်းစာအုပ်လေး ဘာလေး သင်ချင်သလား...”
“အို... နင်က အဲ့ဒီဘက်မှာ တော်တော်လေး ကျွမ်းကျင်ပုံရတယ်နော်...” လေလေ၏ မျက်ဝန်းများ အေးစက်သွားပြီး ကျန်းရင်ကို သူမ၏ညာလက်ဖြင့် လိမ်ဆွဲလိုက်သည်၊၊
“မဟုတ်ပါဘူးဗျာ...” ပြင်းထန်သော နာကျင်မှုကြောင့် သူ၏မျက်နှာကြွက်သားများမှာ ရှုံ့မဲ့သွားပြီး ရုပ်ဆိုးလှသော အပြုံးတစ်ခုကို အတင်းအကျပ် ပြုံးပြနေရသည်၊၊
ထိုဟာသဆန်သော မြင်ကွင်းကို ကြည့်ပြီး လင်းရှု ရယ်မောလိုက်မိသည်၊၊
သူသည် လေ့ကျင့်ရေးကွင်းအတွင်းသို့ လျှောက်လှမ်းသွားပြီး ဒြပ်ဆွဲအားအခန်းကို ဖွင့်လိုက်သည်၊၊
“ဂုဏ်ယူပါတယ် အတန်းခေါင်းဆောင်... ပြိုင်ပွဲစင်မြင့်တာဝါရဲ့ ပထမနှစ် ကျောင်းသားသစ်တွေထဲမှာ နံပါတ်တစ် ဖြစ်သွားတဲ့အတွက်...” လီဖင်းသည် လင်းရှု၏ အစွမ်းအစအပေါ် လုံးဝအကြွင်းမဲ့ ယုံကြည်သွားခဲ့ပြီဖြစ်ရာ အနားသို့လာ၍ ဂုဏ်ပြုစကား ဆိုလေသည်၊၊
လင်းရှုက ခပ်ဖွဖွရယ်မောလိုက်ပြီး ဘာမှပြန်မပြောခဲ့ပါ၊၊
“ပြိုင်ပွဲစင်မြင့်တာဝါဆိုတာ ဘာကြီးလဲ...” ကျောင်းသားအချို့က မေးမြန်းကြသည်၊၊
“အဲ့ဒါက သန့်စင်သောနယ်မြေအကယ်ဒမီရဲ့...” လီဖင်းက သူတို့၏ စပ်စုလိုသော အမူအရာများကို ကြည့်ပြီး ရှင်းပြရန်မှတစ်ပါး အခြားမရှိတော့ချေ၊၊
ရှင်းပြပြီးသွားသောအခါ အားလုံး၏ အမူအရာများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားကြသည်၊၊
၂၁ ထပ်... အတန်း (၁) ရဲ့ အသန်မာဆုံးဖြစ်တဲ့ ကျိုချီရှင်းတောင် ၂၁ ထပ်မှာပဲ ရှိတာလား...
လင်းရှုအပေါ် ထားရှိသော သူတို့၏ အကြည့်များတွင် ကြည်ညိုလေးစားမှုများ ပိုမိုအတိုင်းအဆမဲ့လာသည်၊၊
ဒါက တော်တော်လေးကို အစွမ်းထက်လွန်းတာပဲ မဟုတ်လား၊၊
“ကဲ... အားလုံးပဲ လေ့ကျင့်ဖို့ ပြင်ဆင်ကြစို့... ငါးနာရီလောက်တော့ တောင့်ခံထားကြတာပေါ့...” အတန်းဖော်များ အားလုံးရောက်ရှိလာသည်ကို မြင်သောအခါ လင်းရှုက တစ်ချက်ဝေ့ကြည့်ရင်း ကြေညာလိုက်သည်၊၊
“ကောင်းပါပြီဗျို့...”
လူတိုင်းက ထိုအချိန်တွင် လင်းရှုကို အသိအမှတ်ပြုထားကြပြီးဖြစ်ရာ သူ၏စကားကို တစ်ညီတစ်ညွတ်တည်း သဘောတူကြသည်၊၊
လင်းရှုက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏ကတ်ကို စက်ထဲသို့ ထည့်လိုက်ရာ ရမှတ် ၃၆၃၉၀ ကို ပြသနေသည်၊၊ ကျောင်းသားသစ် အဆင့်သတ်မှတ်ချက်တွင် ပထမရရှိမှုအတွက် ဆုကြေးရမှတ် ၁၀၀၀ မှာ ယနေ့နံနက်ကပင် သူ၏အကောင့်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်၊၊
လင်းရှုသည် ဒြပ်ဆွဲအား နှစ်ဆကို မဆိုင်းမတွပင် နှိပ်လိုက်သည်၊၊
ဒြပ်ဆွဲအား စတင်အလုပ်လုပ်သည်နှင့် အားလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်၊၊ ယခင်နေ့က သုံးနာရီကြာအောင် တောင့်ခံနိုင်ခဲ့ကြသော်လည်း ပြောင်းလဲသွားသော ဒြပ်ဆွဲအားကို သူတို့ ကျင့်သားမရသေးချေ၊၊
အခြားတစ်ဖက်တွင်မူ လင်းရှုကတော့ ခန္ဓာကိုယ် အနည်းငယ်လေးလံသွားသည်မှအပ အဆင်ပြေနေဆဲဖြစ်သည်၊၊
‘မနေ့က လေ့ကျင့်ခန်းက ထိရောက်ပုံရတယ်...’
လူတိုင်းက တင်ပလ္လင်ခွေထိုင်ပြီး ကျင့်စဉ်များကို ဖော်ဆောင်ကြသည်၊၊ သူတို့သည် ဒြပ်ဆွဲအားနှင့် ကျင့်သားမရသေးသဖြင့် လင်းရှုကဲ့သို့ လွတ်လပ်စွာ လမ်းမလျှောက်နိုင်ကြသေးပေ၊၊
လင်းရှုက အလယ်ဗဟိုတွင် ရပ်နေပြီး အမှောင်အစွန်းကို ဝေ့ယမ်းလိုက်သည်၊၊ ဒြပ်ဆွဲအား နှစ်ဆအောက်တွင် အမှောင်အစွန်းကို ဝေ့ယမ်းရန်မှာ ပို၍အားစိုက်ထုတ်ရသည်၊၊
အခြေခံလှံသိုင်းပညာ၊၊
လျိုယွဲ့နှင့် ယှဉ်ပြိုင်ပြီးနောက်တွင် ကျွမ်းကျင်မှုများအပြင် အခြေခံအုတ်မြစ်မှာလည်း အလွန်အရေးကြီးကြောင်း လင်းရှု သိရှိသွားခဲ့သည်၊၊
ထိုးစိုက်ခြင်း... ဆတ်ခနဲထိုးခြင်း... လျင်မြန်သော တိုက်ခိုက်မှုများ... အားဖြင့် ထိုးနှက်ခြင်း... ဝေ့ယမ်းခြင်း...
သူသည် အမျိုးမျိုးသော လှံသိုင်းပညာရပ်များကို လေ့ကျင့်နေသည်၊၊
အချိန်များ ကုန်လွန်လာပြီး ငါးနာရီပြည့်ခါနီးတွင် ကျောင်းသားအချို့မှာ ဆက်လက်မတောင့်ခံနိုင်တော့ချေ၊၊
သူတို့သည် လင်းရှုကဲ့သို့ ခန္ဓာကိုယ်၏ အခြေခံခွန်အားကို မြှင့်တင်ရန် မျိုးရိုးဗီဇသော့ကို မဖွင့်ရသေးသလို... ၎င်းမှာ ဒုတိယအကြိမ်မြောက် လေ့ကျင့်မှုသာ ဖြစ်နေသေးသဖြင့် သည်းခံနိုင်စွမ်း နည်းပါးနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်၊၊
“နောက်ထပ် မိနစ် ၂၀ ပဲ လိုတော့တယ်... အချိန်မစေ့သေးဘူး... အဲ့ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေကြစမ်း...” လင်းရှုက သူ၏လှံကို ဝေ့ယမ်းရင်း လှမ်းပြောလိုက်သည်၊၊
အခန်းထဲမှ ပြေးထွက်ရန် ပြင်နေကြသော ကျောင်းသားများသည် လင်းရှု၏ စကားကို ကြားသောအခါ အံကြိတ်ကာ ဆက်လက်တောင့်ခံနေကြသည်၊၊
*တိ*
သတ်မှတ်ထားသော ငါးနာရီ အချိန်ကာလ ကုန်ဆုံးသွားပြီး တိုးမြှင့်ထားသော ဒြပ်ဆွဲအားများ လွတ်ထွက်သွားသည်၊၊
သူ၏ကတ်ထဲမှ ရမှတ် ၆၀၀ နုတ်ယူသွားသည်၊၊
“ဟူး...” ပြင်းထန်သော ဒြပ်ဆွဲအားများ ပျောက်ကွယ်သွားသည်နှင့် လူတိုင်းက ကြမ်းပြင်ပေါ်တွင် ပျော့ခွေလဲကျသွားပြီး အမောတကော အသက်ရှူနေကြသည်၊၊
မိနစ် ၁၀ ကြာပြီးနောက် လူတိုင်း အနည်းငယ် သက်သာသွားသည်ကို မြင်သောအခါ လင်းရှုက ခပ်ဖွဖွရယ်မောရင်း “ကဲ... အခု ငါးဆဒြပ်ဆွဲအားနဲ့ လေ့ကျင့်တော့မယ်... ဘယ်သူ ဆက်လုပ်ချင်သေးလဲ...”
လင်းရှု၏ စကားကို ကြားသည်နှင့် လဲလျောင်းပြီး အနားယူချင်နေကြသော လူအားလုံးသည် ချက်ချင်းထရပ်ကာ အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားကြသည်၊၊
‘ဘာတွေပြောနေတာလဲ... ငါတို့က ဒြပ်ဆွဲအား နှစ်ဆနဲ့တင် ဒီလိုဖြစ်နေတာကို... အခု သုံးဆအောက်မှာ ငါတို့ကို အသေခံခိုင်းနေတာလား...’
သူတို့ ပြေးသွားသည်ကို ကြည့်ပြီး လင်းရှု ရယ်မောလိုက်ကာ လေ့ကျင့်ခန်း ဆက်လုပ်ရန် ပြင်လိုက်စဉ် အပြင်ဘက်မှ ဆူညံသံတစ်ခုကို ကြားလိုက်ရသည်၊၊
“အတန်းခေါင်းဆောင်... အပြင်မှာ လာရှာနေတဲ့ အလှလေးတစ်ယောက် ရှိတယ်ဟေ့...” လီဖင်းက အကျယ်ကြီး အော်ပြောလိုက်သည်၊၊
လူတိုင်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝိုင်းဝန်းနောက်ပြောင်နေကြသည်၊၊
လင်းရှုက သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ အဖြူရောင် ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်၊၊
“နင် ဘာလို့ ဒီကို ရောက်နေတာလဲ...” အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ဓားပါးလေးကို လွယ်ထားသော လျိုယွဲ့ကို မြင်သောအခါ လင်းရှု၏ မျက်လုံးများ ပြူးကျယ်သွားသည်၊၊
“ငါ့မှာ ရမှတ်တွေ ကုန်သွားလို့...” လျိုယွဲ့က ဘာမှမဖြစ်သလို အေးအေးဆေးဆေး ပြောလိုက်သည်၊၊
လင်းရှု၏ နှုတ်ခမ်းအစုံ တွန့်ချိုးသွားပြီး မျက်နှာတွင် စိတ်ပျက်မှု အရိပ်အယောင်များ ထင်ဟပ်သွားသည်၊၊ ဒီကောင်မလေးက ငါ့ကို သူမရဲ့ ကိုယ်ပိုင် ATM စက်တစ်ခုလို တကယ်ကြီး သဘောထားနေတာပဲ၊၊
“အတန်းခေါင်းဆောင်... သူက ခင်ဗျားမိန်းမလားဟေ့...” လီဖင်းက အားကုန်ဟစ်အော်မေးလိုက်သည်၊၊
အပြင်ဘက်ရှိ လူအားလုံးကလည်း ဝိုင်းပြီး ရယ်မောကြသည်၊၊
လင်းရှုကို စိတ်ဝင်စားနေကြသော မိန်းကလေးများအားလုံးမှာမူ ချက်ချင်းပင် မျက်နှာပျက်သွားကြသည်၊၊
“ပါးစပ်ပိတ်ထားကြစမ်း... မဟုတ်ရင် ငါနဲ့အတူ သုံးဆဒြပ်ဆွဲအားအောက်မှာ လာလေ့ကျင့်ရလိမ့်မယ်...” လင်းရှုက ရယ်မောနေသူများကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်၊၊
သူ၏စကားကို ကြားသည်နှင့် လူတိုင်းမှာ ငှက်အုပ်လေးများ ပျံလွင့်သွားသကဲ့သို့ တဖွဲဖွဲ လူစုကွဲသွားကြသည်၊၊
လျိုယွဲ့က ဘေးဘက်သို့ လျှောက်သွားပြီး စက်ကို နှိပ်လိုက်သည်၊၊
မကြာမီပင် စက်က စတင်လည်ပတ်လာပြီး တံခါးများ ပိတ်သွားသည်၊၊
သူမ၏ လှုပ်ရှားမှုကို မြင်လိုက်ရသည်နှင့် လင်းရှုသည် သူ၏ခန္ဓာကိုယ်မှာ ပိုမိုလေးလံလာကြောင်း ခံစားလိုက်ရသည်၊၊ ရုတ်တရက်ဆိုသလို သူသည် မြေပြင်ပေါ်သို့ အတင်းအကျပ် ဖိနှိပ်ခံလိုက်ရသည်၊၊
သူ၏ခန္ဓာကိုယ်သာမက ခန္ဓာကိုယ်အတွင်းရှိ သွေးလှည့်ပတ်မှုမှာပင် အလွန်ခက်ခဲသွားသည်၊၊
“တောက်... နင် ဒြပ်ဆွဲအား ဘယ်နှစ်ဆတောင် နှိပ်လိုက်တာလဲ...” လင်းရှုက အခက်အခဲများစွာဖြင့် သူမကို စိုက်ကြည့်ကာ မေးလိုက်သည်၊၊
လင်းရှုသည် ပိဿာပေါင်း ထောင်ချီသော အလေးချိန်အောက်သို့ ရောက်နေသကဲ့သို့ ခံစားနေရပြီး ခန္ဓာကိုယ်ကို လက်မဝက်မျှပင် မလှုပ်ရှားနိုင်တော့ချေ၊၊
“ငါးဆတည်းပါ...” လျိုယွဲ့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်၊၊
ငါးဆတောင်လား...
“သခင်လေးကျို... လျိုယွဲ့က ရောက်မလာဘူးလား...” ထိုအချိန်မှာပင် အလားတူ ဒြပ်ဆွဲအားအခန်းတစ်ခုအတွင်း၌ လူတစ်ယောက်က ကျိုချီရှင်းကို ကြည့်ပြီး မေးလိုက်သည်၊၊
“သူမ အတန်း (၁၀) ဘက်ကို သွားတယ်...” ကျိုချီရှင်းက ညှိုးငယ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်၊၊
မနေ့က ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် လင်းရှုသည် သူ၏အတွက် တကယ့်ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်၊၊