အခန်း ၁၆၅ - မင်း ရယ်နေတာပဲ
ထိုအနမ်းကြောင့် လင်းရှုကိုယ်တိုင်ပင် မှင်သက်သွားရသည်၊၊
သူသည် စိတ်ထဲမှနေ၍ 'သွားပြီ... သေချင်းဆိုး' ဟု မြည်တမ်းမိတော့သည်၊၊ သူသည် အမှန်တကယ်ပင် သေတွင်းထဲသို့ ကိုယ်တိုင်ဆင်းမိလေပြီ၊၊ ပြီးခဲ့သည့်အကြိမ်က ဤမိန်းကလေးကြောင့် ခေါင်းပြတ်လုနီးပါး ဖြစ်ခဲ့ရသည်ကို သိပါလျက်နှင့် ဤကဲ့သို့သောအမှုကို သူ အမှန်တကယ် ပြုလုပ်လိုက်မိသည်၊၊
သို့သော် လင်းရှုကို ဇဝေဇဝါဖြစ်စေသည်မှာ လျိုယွဲ့ထံမှ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခြင်းပင် ဖြစ်သည်၊၊
သူမသည် သူ့ကို ကျောပိုးထားဆဲဖြစ်ပြီး ဆက်လက် လမ်းလျှောက်နေသည်၊၊
လင်းရှု သက်ပြင်းချလိုက်မိသည်၊၊ 'သူမ မသိလိုက်တာ ဖြစ်မှာပါ... ဟုတ်တယ်မလား?'
လင်းရှု မမြင်လိုက်ရသည်မှာ လျိုယွဲ့၏ မျက်ဝန်းအစုံ တုန်လှုပ်သွားခြင်းပင် ဖြစ်သည်၊၊ သူမသည် ရုတ်တရက် လှည့်လိုက်ရာ လင်းရှု မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်၊၊
“ဟေး...”
လင်းရှု မျက်လုံးပြူးသွားသည်၊၊ သူ၏ အဝတ်အစားများမှာ အဆွဲခံလိုက်ရပြီး ကြမ်းပြင်ပေါ်တွင် တရွတ်တိုက် ပါသွားတော့သည်၊၊
လက်စားချေမှု ရောက်ရှိလာပြီ!
“မလုပ်ပါနဲ့!” လင်းရှု အော်ဟစ်တော့သည်၊၊
သို့သော် လျိုယွဲ့ကမူ သူ၏စကားကို လျစ်လျူရှုကာ ခရီးဆောင်အိတ်တစ်ခုကို ဆွဲနေသည့်အလား သူ့ကို ဆက်လက်ဆွဲသွားသည်၊၊
နောက်ဆုံးတွင် ခက်ခက်ခဲခဲနှင့် ဗီလာသို့ ရောက်ရှိလာခဲ့သည်၊၊ လင်းရှု၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရသည့် ပုံစံမျိုး ပေါက်နေတော့သည်၊၊
'ငါ သိသားပဲ... သူ ငါ့ကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူးဆိုတာ!'
လင်းရှု သူမကို စိုက်ကြည့်လိုက်သည်၊၊
သို့သော် လျိုယွဲ့က သူ့ကို ဂရုမစိုက်ဘဲ ဧည့်ခန်းထဲသို့ လမ်းလျှောက်ဝင်သွားကာ သူမ၏ ဓားကို စတင်လေ့ကျင့်နေသည်၊၊
“ငါ တမင်လုပ်တာ မဟုတ်ပါဘူး...” လင်းရှုက အားငယ်စွာ လှမ်းပြောလိုက်သည်၊၊
ထိုစကားကို ကြားလိုက်ရသည့်အခါ လျိုယွဲ့၏ အမြဲတမ်း တည်ငြိမ်ဖြူစင်နေသော မျက်နှာပေါ်တွင် ပန်းနုရောင် သန်းသွားပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားသည်၊၊
“ပါးစပ်ပိတ်ထားစမ်း၊၊” လျိုယွဲ့က သူ့ကို စိုက်ကြည့်ကာ ငေါက်လိုက်သည်၊၊
လင်းရှုလည်း ချက်ချင်းပင် ပါးစပ်ပိတ်ကာ အပြစ်မရှိသည့်ပုံစံ ဖမ်းနေလိုက်သည်၊၊
ပုကျိ-
သူ၏ အမူအရာကို မြင်လိုက်ရသည့်အခါ လျိုယွဲ့သည် မအောင့်နိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်တော့သည်၊၊
“မင်း ရယ်နေတာပဲ...” သူမ၏ အမူအရာသစ်ကို မြင်လိုက်ရသည့်အခါ လင်းရှု မှင်သက်သွားရသည်၊၊
သူမ ပြုံးသည်ကို မြင်ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်ပြီး သူမ၏ အမြဲတမ်း အေးစက်နေတတ်သော အမူအရာနှင့် လုံးဝ ကွဲပြားခြားနားလှသည်၊၊ သူမ၏ မျက်နှာထက်မှ အပြုံးက နွေးထွေးမှု ခံစားချက်ကို ပေးစွမ်းနေသည်၊၊
သို့သော် ထိုအပြုံးမှာ တစ်စက္ကန့်မျှသာ ကြာမြင့်ပြီး နောက်တစ်ခဏတွင် သူမသည် မူလပုံစံသို့ ပြန်လည် ရောက်ရှိသွားသည်၊၊
ရေချိုးပြီး အဝတ်အစားသစ် လဲလှယ်ပြီးနောက် လင်းရှုသည် ဧည့်ခန်းရှိ လေ့ကျင့်ရေးကွင်းသို့ လမ်းလျှောက်လာပြီး နက်မှောင်သော လှံရှည်ဖြင့် စတင်လေ့ကျင့်တော့သည်၊၊
“လက်ရည်စမ်းရအောင်၊၊” လျိုယွဲ့က ရုတ်တရက် တောင်းဆိုလိုက်သည်၊၊
သူမသည် သူ၏ အဖြေကိုပင် မစောင့်ဘဲ ဓားဖြင့် ရှေ့သို့ ထိုးနှက်လိုက်သည်၊၊
လင်းရှုသည် နောက်ဆက်တွဲဆိုးကျိုးများမှ အတော်လေး ပြန်လည်သက်သာနေပြီဖြစ်ရာ လျိုယွဲ့၏ တိုက်ကွက်ကို အမြန်ပင် ခုခံလိုက်သည်၊၊
ချွင်-
လှံနှင့် ဓားမှာ အလွန်လျင်မြန်စွာ လှုပ်ရှားနေပြီး ထိခိုက်မိတိုင်း သတ္တုချင်း ထိခိုက်သံများ ထွက်ပေါ်လာသည်၊၊
လျိုယွဲ့၏ မျက်ဝန်းများတွင် အံ့ဩမှု အရိပ်အယောင်လေး ပေါ်လာသည်၊၊
လင်းရှု ပြသနေသော စွမ်းအားမှာ မနေ့ကထက် ပိုမို အစွမ်းထက်လာပုံရသည်၊၊
စစ်သည်တော်တစ်ဦး၏ အဆင့် မြင့်တက်လာသည်နှင့်အမျှ လေ့ကျင့်မှုမှာ ပိုမို ခက်ခဲလာတတ်သည်၊၊ လင်းရှု၏ စွမ်းအား တိုးတက်မှုမှာ အနည်းငယ် ချဲ့ကားလွန်းနေသည်၊၊
“တောက်... ဖြည်းဖြည်းလုပ်ပါဦး၊၊” သို့သော် လင်းရှုကမူ လျိုယွဲ့၏ တိုက်ခိုက်မှုမှာ ပြင်းထန်လွန်းနေသည်ဟု ခံစားနေရသည်၊၊
သူမ၏ တိုက်ကွက်များကို သူ ခုခံနိုင်လိမ့်မည် မဟုတ်ဟု ခံစားနေရသည်၊၊
သူမသည် မည်သည့်စွမ်းရည်ကိုမျှ အသုံးမပြုဘဲ အခြေခံ ဓားသိုင်းပညာကိုသာ အသုံးပြုနေခြင်း ဖြစ်သည်၊၊
သို့သော် သူမသည် အခြေခံများကို အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားသဖြင့် တိုက်ခိုက်မှုတိုင်းမှာ အစွမ်းထက်လှသည်၊၊ သူမ အသုံးပြုလိုက်သော စွမ်းအားကြောင့် လှံကို ကိုင်ထားသော လင်းရှု၏ လက်ဖဝါးများပင် ထုံကျင်လာရသည်၊၊
ချွင်-
နောက်တစ်ခဏတွင် လျိုယွဲ့သည် အခွင့်အရေးကို ဖမ်းဆုပ်ကာ သူ၏လက်နက်ကို လွင့်ထွက်သွားအောင် ကြိုးစားလိုက်သည်!
လင်းရှုကလည်း အချိန်မီ တုံ့ပြန်ကာ ပြန်လည် ခုခံလိုက်သည်!
နှစ်ဦးသား ထပ်မံ ထိပ်တိုက်တွေ့ဆုံသွားပြီး ကျယ်လောင်သော သတ္တုသံ ထွက်ပေါ်လာသည်၊၊
“မင်းရဲ့ လှံသိုင်းက ကောင်းသားပဲ၊၊” လျိုယွဲ့က ခပ်အေးအေးပင် မှတ်ချက်ပေးလိုက်သည်၊၊
“ဒါပေါ့၊၊”
“ဟုတ်သားပဲ... မင်း အရင်က ပေါက်ကွဲလက်သီး ကို လေ့ကျင့်ဖူးလား?” လင်းရှုက စစ်သည်တော် အချို့ကို လွင့်ထွက်သွားအောင် ထိုးနှက်ခဲ့သော သူမ၏ လက်သီးချက်များကို ရုတ်တရက် သတိရကာ မေးလိုက်သည်၊၊
လျိုယွဲ့က ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ ဓားကို ဘေးတွင် ချထားလိုက်သည်၊၊
“ဆက်လုပ်ရအောင်၊၊”
လင်းရှု ခေတ္တစဉ်းစားလိုက်ပြီး သူ၏ နက်မှောင်သော လှံရှည်ကို လက်နက်စင်ပေါ်သို့ ပစ်တင်လိုက်သည်၊၊
နှစ်ဦးသား တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြပြီး စိတ်ချင်းဆက်သွယ်ထားသည့်အလား တစ်ချိန်တည်းမှာပင် လှုပ်ရှားလိုက်ကြသည်!
လျိုယွဲ့မှာ အလွန်လျင်မြန်လှပြီး သူမ၏ ထူးဆန်းသော ခန္ဓာကိုယ် လှုပ်ရှားမှုများနှင့် ပေါင်းစပ်လိုက်သည့်အခါ ဖြူလွလွ ပုံရိပ်တစ်ခုကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေသည်၊၊
ဘုန်း-
လင်းရှု မတုံ့ပြန်နိုင်မီမှာပင် ကျောဘက်သို့ လက်သီးတစ်ချက် အထိုးခံလိုက်ရသည်၊၊ ပြင်းထန်သော နာကျင်မှုကြောင့် သူ သွားကို တင်းတင်းစိလိုက်ရသည်၊၊
“မျက်လုံးနဲ့တင် မကြည့်နဲ့... မင်းရဲ့ ခန္ဓာကိုယ်နဲ့ ခံစားကြည့်၊၊” လျိုယွဲ့က အေးစက်စွာ ပြောလိုက်သည်၊၊
ထိုသို့ ပြောလိုက်သည်နှင့် နောက်ထပ် လက်သီးတစ်ချက်က သူ့ထံသို့ ထပ်မံ ရောက်ရှိလာပြန်သည်၊၊
လျိုယွဲ့ကဲ့သို့ မိန်းကလေးတစ်ဦးသည် အနီးကပ်တိုက်ခိုက်မှုတွင် ဤမျှလောက် ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု လင်းရှု မထင်မှတ်ထားခဲ့ပေ၊၊
သူမသည် ထွားကျိုင်းသော အမျိုးသားများထက်ပင် ပိုမို အစွမ်းထက်နေသည်၊၊
လက်သီးချက် အနည်းငယ်ကို ခံယူပြီးနောက် လင်းရှုသည် တဖြည်းဖြည်း တည်ငြိမ်လာသည်၊၊
သူသည် ဒြပ်ဆွဲအားအခန်းအတွင်းရှိ လေဆာတန်းများကို ရှောင်တိမ်းခဲ့သည့် ခံစားချက်ကို ပြန်လည် အမှတ်ရလိုက်သည်၊၊ တဖြည်းဖြည်းချင်းပင် လျိုယွဲ့၏ အဆုံးမရှိသော လက်သီးချက်များကို သူ စတင် ရှောင်တိမ်းနိုင်လာသည်၊၊
ယခုအချိန်တွင် လင်းရှုသည် လှုပ်ရှားမှုများကို ဖမ်းဆုပ်ရန် မျက်လုံးကို အသုံးမပြုတော့ဘဲ ခန္ဓာကိုယ်၏ ဗီဇနှင့် ပတ်ဝန်းကျင်ရှိ လေစီးကြောင်းကိုသာ အားပြု၍ ရှောင်တိမ်းနေခြင်း ဖြစ်သည်၊၊
လျိုယွဲ့၏ မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်သွားသည်၊၊
ပြန်လည် ခုခံနိုင်စွမ်း မရှိသည့် အခြေအနေမှ သူမ၏ တိုက်ကွက်များကို လုံးဝ ရှောင်တိမ်းနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခြင်းမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်၊၊
လင်းရှုသည် အဆင့် ၃ စစ်သည်တော်သာ ဖြစ်ပြီး သူမမှာမူ အဆင့် ၄ စစ်သည်တော် ဖြစ်သည်ကို သတိရပါ၊၊
ဤ ၁ အဆင့် ကွာဟချက်မှာ လင်းရှုကို လွှမ်းမိုးထားရန် လုံလောက်သင့်သော်လည်း သူမအနေဖြင့် ထိုသို့ မလုပ်နိုင်တော့ကြောင်း သိလိုက်ရသည်၊၊
လွန်ခဲ့သည့် လအနည်းငယ်က သူမ လင်းရှုကို ခရိုင် A20 တွင် စတင်တွေ့ရှိခဲ့စဉ်က သူသည် အဆင့် ၁ စစ်သည်တော်ပင် မဟုတ်သေးပေ၊၊
'သူ ဒါကို ဘယ်လို လုပ်လိုက်တာလဲ... တစ်လကို တစ်ဆင့်နှုန်းနဲ့ တိုးတက်လာတာလား?!'
“ဟားဟား... အခု ငါ့အလှည့်ပဲ!” လျိုယွဲ့ အတွေးလွန်နေစဉ်မှာပင် လင်းရှုက သူမထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်၊၊ သူမ သတိပြန်ဝင်လာသည့် အချိန်တွင် လင်းရှု၏ လက်သီးက သူမထံသို့ ရောက်ရှိနေပြီ ဖြစ်သည်!
သူမသည် ဗီဇအရ သူ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်၊၊
လင်းရှု လန့်သွားသည်... အဘယ်ကြောင့်ဆိုသော် ထိုလက်သီးချက်မှာ သူမ၏ ရင်ဘတ်ဆီသို့ တည့်တည့် ရောက်သွားသောကြောင့် ဖြစ်သည်၊၊
လျိုယွဲ့သည် သူ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားသော်လည်း သူ၏လက်သီးမှာမူ သူမ၏ မို့မောက်နေသော ရင်သားများနှင့် အနည်းငယ် ထိတွေ့သွားသည်၊၊
နူးညံ့သော ခံစားချက်တစ်ခုက သူ၏ လက်သီးမှတဆင့် စီးဝင်လာသည်၊၊
အချိန်များ ရပ်တန့်သွားသည့်အလား နှစ်ဦးသား မှင်သက်သွားကြသည်၊၊
ရိုလီ မှာ ဘာကြောင့်မှန်းမသိဘဲ စားပွဲပေါ်သို့ လိမ့်တက်လာကာ ခရစ်စတယ်ခဲတစ်ခုကို ကိုက်ရင်း ၎င်းတို့ကို စူးစမ်းစွာ ကြည့်နေသည်၊၊
“ငါ တမင်လုပ်တာ မဟုတ်ဘူးနော်၊၊” လင်းရှု တံတွေး တစ်ချက် မျိုချရင်း ပြောလိုက်သည်၊၊
“ငါ သိတယ်၊၊”
“အဲဒါကြောင့် ငါ့ကို မရိုက်နဲ့နော်၊၊”
“အင်း၊၊”
လင်းရှု သက်ပြင်းချကာ စိတ်အေးသွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ ဆွဲမြှောက်ခြင်း ခံလိုက်ရသည်၊၊
'ဒီကမ္ဘာမှာ တစ္ဆေသရဲ ရှိတယ်ဆိုတာကိုပဲ ငါ ယုံလိုက်မယ်... မိန်းမတွေရဲ့ စကားကိုတော့ လုံးဝ မယုံတော့ဘူး!!!’😂😂