အခန်း ၁၆၂ - သုံးပေအနက်ရှိ ရေခဲပြင်
“မင်းရဲ့ လှုပ်ရှားမှုပုံစံမှာ ပုံသေနည်းတစ်ခု ရှိနေတယ်၊၊” လင်းရှုသည် နက်မှောင်သော လှံရှည်ကို အားပြုကာ ဖြည်းညှင်းစွာ ပြန်လည် မတ်တပ်ရပ်လိုက်ရင်း ယူယီကို စိုက်ကြည့်ကာ ဆိုလိုက်သည်၊၊
ပုံသေနည်းတစ်ခု ရှိနေတယ် ဟုတ်လား...!?
လင်းရှု၏ စကားကြောင့် ယူယီ၏ မျက်ဝန်းများ အရောင်ပြောင်းသွားသည်၊၊
ဤလူငယ်သည် သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှု အစီအစဉ်နှင့် နောက်တစ်စက္ကန့်တွင် မည်သည့်နေရာ၌ ရပ်တန့်မည်ကို ကြိုတင်တွက်ချက်နိုင်ခဲ့သည်၊၊ ဤကဲ့သို့သော အကဲခတ်နိုင်စွမ်းမျိုးမှာ... အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်၊၊
“ကောင်းပြီလေ... အခုကစပြီး ငါ မင်းကို အတည်တကျ တိုက်ခိုက်ပေးမယ်၊၊” ယူယီက လှောင်ပြောင်သရော်လိုက်သည်၊၊
ထိုခဏ၌ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တင်းမာသွားပြီး လက်ထဲမှ ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်၊၊ ခြေထောက်ကို အားပြုကာ မြေပြင်ကို ကန်ကျောက်လိုက်သည်နှင့် လင်းရှုထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်!
သူ၏ ခန္ဓာကိုယ်နှင့် လက်နက်ပေါ်တွင် စွမ်းအင်များ ဖုံးလွှမ်းသွားပြီး အရှိန်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်!
မယုံနိုင်စရာ အရှိန်ပါလား!!
လင်းရှု၏ မျက်ဆန်းများ ကျဉ်းမြောင်းသွားပြီး ဗီဇအရ ခန္ဓာကိုယ်ကို ဘေးသို့ အသာစောင်းလိုက်သည်၊၊
ရှူး——
စူးခနဲ ခံစားချက်နှင့်အတူ လင်းရှု၏ လက်မောင်းပေါ်တွင် သွေးစွန်းသော ဒဏ်ရာတစ်ခု ချက်ချင်း ပေါ်လာသည်၊၊
“အို... မင်း ရှောင်နိုင်တာပဲ?” ယူယီသည် အနည်းငယ် အံ့ဩသွားသော်လည်း ရပ်တန့်မသွားဘဲ လင်းရှုကို ဓားဖြင့် ဆက်လက် တိုက်ခိုက်နေသည်၊၊
လင်းရှုသည် စင်မြင့်ပေါ်တွင် နောက်ပြန်လိမ့်ကာ တစ်ဖက်သို့ အပြေးအလွှား ရှောင်တိမ်းလိုက်ရသည်၊၊
ဒဏ်ရာရသွားသော နေရာမှ သွေးများ စိမ့်ထွက်နေသည်၊၊ သို့သော် ထိုစူးအောင့်သော ဝေဒနာက လင်းရှုကို ကြောက်ရွံ့သွားစေခြင်း မရှိဘဲ သူ၏ သွေးများကို ပိုမို ဆူပွက်လာစေသည်၊၊
ဤမျှ အစွမ်းထက်သော ပြိုင်ဘက်မျိုးနှင့် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သည်...!!!
ယူယီသည် လင်းရှုကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်၊၊ ဤကလေး၏ အစွမ်းမှာ သူ့ထက် အဆပေါင်းများစွာ နိမ့်ကျနေသည်မှာ ထင်ရှားပါလျက်နှင့်... ဘာကြောင့်... ဘာကြောင့် ဒီလောက်အထိ ပြင်းထန်တဲ့ တိုက်ခိုက်လိုစိတ်တွေ ရှိနေရတာလဲ၊၊
သူ ပို၍ စိတ်တိုလာသည်၊၊ ဓားရိုးကို ညာလက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ လင်းရှုကို ထပ်မံ တိုက်ခိုက်ပြန်သည်!
လင်းရှုမှာ အလွန်အမင်း သတိထားနေရသည်၊၊
ဒေါင်... ဒေါင်... ဒေါင်...——
လက်နက်နှစ်ခု ထိပ်တိုက်တွေ့တိုင်း သတ္တုချင်း ထိခိုက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်၊၊ လင်းရှုသည် သူ၏ လက်ဖဝါးများ ထုံကျင်လာသည်ကို ပြင်းထန်စွာ ခံစားနေရသည်၊၊
ယူယီသည် ဓားကို လက်တစ်ဖက်တည်းဖြင့်သာ ကိုင်ထားသော်လည်း သူ၏ အားအင်မှာ အံ့ဩစရာကောင်းလောက်အောင် ပြင်းထန်လှသည်၊၊
ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး...
ရှူး——
ယူယီ၏ လျင်မြန်သော ဓားချက်များကြောင့် လင်းရှု၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာအသစ်များစွာ ထပ်မံ ပေါ်ပေါက်လာပြီး ဝတ်ဆင်ထားသော အင်္ကျီမှာလည်း စုတ်ပြဲစပြုနေပြီ ဖြစ်သည်၊၊
“အား!!!” လင်းရှုသည် အားမာန်ပါပါ ဟိန်းဟောက်လိုက်သည်၊၊ စနစ်အတွင်းရှိ ဒေါသအရှိန်အဟုန် မှာ အပြည့်အဝ ရောက်ရှိသွားပြီ ဖြစ်သည်၊၊
ဤတစ်ချက်မှာ ပုံမှန်ထက် ၂၀၀ ရာခိုင်နှုန်း ပိုမိုပြင်းထန်သော စွမ်းအားကို ထွက်ပေါ်စေလိမ့်မည်!
“ဟွန့်!” ယူယီက နှာခေါင်းရှုံ့ကာ ဓားရှည်ကို ဝေ့ယမ်းလိုက်သည်၊၊ သူသည် ယခင်ကကဲ့သို့ပင် လင်းရှု၏ တိုက်ကွက်ကို အလွယ်တကူ ခုခံနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်၊၊
သို့သော် သူ မမျှော်လင့်ထားသည်မှာ လင်းရှု၏ ဤတိုက်ကွက်သည် အလွန်အမင်း ပြင်းထန်လွန်းလှသဖြင့် သူ၏ လက်ထဲမှ ဓားရှည်မှာ လွင့်ထွက်လုနီးပါး ဖြစ်သွားရသည်၊၊
ဘုန်း——
ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူသည် နောက်သို့ ခြေလှမ်းအတော်များများ ဆုတ်ခွာသွားရသည်၊၊
ဘယ်လိုဖြစ်နိုင်မှာလဲ! သူက ဘယ်လိုလုပ် ဒီလောက် ပြင်းထန်တဲ့ စွမ်းအားမျိုးကို ရုတ်တရက် ထုတ်ဖော်နိုင်ရတာလဲ!?
ယူယီသည် လင်းရှုကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်၊၊
လင်းရှုသည်လည်း သွားကို တင်းတင်းစိကာ ယူယီကို ပြန်လည် စိုက်ကြည့်နေသည်၊၊ လင်းရှု၏ တိုက်ကွက်က ယူယီကို ထိခိုက်ဒဏ်ရာ မရစေခဲ့ပေ၊၊ အဆင့် ၅ စစ်သည်တော်၏ အစွမ်းမှာ အမှန်တကယ်ပင် ခန့်မှန်းရ ခက်ခဲလွန်းလှသည်...
“ဒီကစားပွဲကို အဆုံးသတ်ဖို့ ငါ ဆုံးဖြတ်လိုက်ပြီ၊၊” ယူယီသည် ဘာကြောင့်မှန်းမသိဘဲ စိတ်ထဲတွင် ဂယောက်ဂယက် ဖြစ်လာသည်၊၊
အကယ်၍ တိုက်ပွဲက ဆက်လက် ရှည်ကြာနေပါက သူ့အတွက် ဆိုးကျိုးများ ရှိလာနိုင်သည်ဟု သူ ခံစားနေရသည်၊၊ တွေဝေခြင်းမရှိဘဲ သူသည် လင်းရှုကို ဓားဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်!
သူ ပြေးဝင်လာသည့် ခဏ၌ သူ၏ လက်ထဲမှ ဓားရှည်ပေါ်တွင် ရေခဲလွှာပါးပါးလေးများ စတင် ပေါ်ပေါက်လာသည်၊၊ သူ့ကို ဗဟိုပြု၍ ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ရုတ်တရက် အေးစိမ့်သွားသည်၊၊
ရွှေအဆင့် စွမ်းရည် - သုံးပေအနက်ရှိ ရေခဲပြင်
လင်းရှုသည် ထိုမြင်ကွင်းကို ကြည့်ရင်း နက်မှောင်သော လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အထက်မှ အောက်သို့ ခုန်အုပ်၍ တိုက်ခိုက်လိုက်သည်၊၊ ထိုမြင်ကွင်းမှာ ကြယ်တာရာများ ဝန်းရံထားသည့်အလား အလွန်ပင် လှပလွန်းလှသည်၊၊
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော ကျောင်းသားများမှာ အသက်ရှူပင် မှားလုနီးပါး ဖြစ်နေကြသည်၊၊
“ကိုးကောင်းကင်... ဂလက်ဆီ ကျဆင်းခြင်း!” လင်းရှုက ဟိန်းဟောက်လိုက်ရင်း အားကုန် ထိုးနှက်လိုက်သည်!
ဘုန်း——
ဓားရှည်နှင့် လှံရှည်တို့ ထိပ်တိုက်တွေ့ဆုံသွားပြီး ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်၊၊ တိုက်ရိုက်ထုတ်လွှင့်မှု ပြသနေသော မျက်နှာပြင်မှာပင် တုန်ခါသွားရသည်၊၊
ခဏအကြာတွင် မျက်နှာပြင်မှာ ဝေဝါးသွားပြီး မည်သူမျှ ဘာဖြစ်သွားသည်ကို မမြင်တွေ့ရတော့ပေ၊၊
“ဒီလူသစ်ရဲ့ စွမ်းရည်က... ယူယီကို တကယ်ပဲ အနိုင်ယူနိုင်မှာလား၊၊” ကျောင်းသားများသည် တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ကြည့်နေရခြင်း ဖြစ်သော်လည်း ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် အံ့ဩတုန်လှုပ်နေကြသည်၊၊
“မင်းရဲ့ စွမ်းရည်က အတော်လေး အားကောင်းပေမဲ့ အနိုင်ရဖို့တော့ မလုံလောက်သေးဘူး၊၊” တိုက်ရိုက်ထုတ်လွှင့်မှု ပြန်လည် တည်ငြိမ်သွားသည့်အခါ ယူယီမှာ မတ်တပ်ရပ်လျက်ရှိပြီး သူ၏ နှုတ်ခမ်းပေါ်မှ သွေးစများကို သုတ်နေသည်ကို တွေ့လိုက်ရသည်၊၊
အခြားတစ်ဖက်မှ လင်းရှုမှာမူ ကြီးမားသော ရေခဲတုံးကြီးတစ်ခုအတွင်းတွင် ခဲနေပုံရသည်!
လင်းရှုသည် ရေခဲတုံးကြီးအတွင်း၌ တိုက်ခိုက်နေသည့် ပုံစံအတိုင်းပင် ရှိနေသော်လည်း... သူ၏ ခန္ဓာကိုယ်မှာ လုံးဝ လှုပ်ရှား၍ မရတော့ပေ၊၊
ရွှေအဆင့် ရေခဲစွမ်းရည်နှင့် အဆင့် ၅ စစ်သည်တော်၏ ပြင်းထန်သော စွမ်းအင်တို့ ပေါင်းစပ်လိုက်သည့်အခါ အကျိုးသက်ရောက်မှုမှာ အံ့ဩစရာ ကောင်းလှသည်၊၊ လင်းရှုသာမက ပတ်ဝန်းကျင် မြေပြင်ပေါ်တွင်လည်း ရေခဲလွှာများ ဖုံးလွှမ်းနေသည်၊၊
“အံ့ဩစရာပဲ... ဒါဟာ အဆင့် ၅ စစ်သည်တော်ရဲ့ စွမ်းအားပေါ့လေ?”
ယူယီ၏ ပုံရိပ်ကို မျက်နှာပြင်ပေါ်တွင် မြင်လိုက်ရသည့်အခါ လူအများမှာ လုံးဝ မှင်သက်သွားကြသည်၊၊
“ဟားဟား... ငါထင်သားပဲ၊ ဒီလူသစ်က ဒီလောက်ပါပဲ၊၊ သူက ကံကောင်းလို့သာ အပေါ်ကို ရောက်လာတာ ဖြစ်မှာပါ၊၊ အတန်း ၁၀ က ကျောင်းသားဆိုတာ အတန်း ၁၀ က ကျောင်းသားပါပဲ၊ ငါတို့ ခေါင်းဆောင်နဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ပါဘူး၊၊” ကျော်ချီရှင်း၏ ဘေးတွင် ရပ်နေသော အမျိုးသားက ရယ်မောလိုက်သည်၊၊
“မဟုတ်ဘူး... ဒါက မပြီးသေးဘူးလို့ ငါထင်တယ်၊၊” ကျိုချီရှင်းက ခေါင်းခါပြလိုက်ရင်း လင်းရှုကိုသာ စိုက်ကြည့်နေသည်၊၊
ဤလူမှာ လုံးဝ အရှုံးမပေးသေးကြောင်း သူ ခံစားမိသည်၊၊
“ဒါဟာ ငါ့ရဲ့ အောင်ပွဲလို့ သတ်မှတ်လို့ ရပြီလား၊၊” စင်မြင့်ပေါ်တွင် ရပ်နေသော ယူယီက တစ်ဖက်မှ ဒိုင်လူကြီးကို လှမ်းမေးလိုက်သည်၊၊
“မဟုတ်သေးဘူး... အကယ်၍ သူက ၁၀ စက္ကန့်အတွင်း ပြန်မတိုက်နိုင်ရင် သို့မဟုတ် စင်ပေါ်ကနေ ပြုတ်ကျသွားရင်မှ မင်းနိုင်မှာ ဖြစ်တယ်၊၊”
“အို... ဟုတ်လား၊၊” ယူယီက လင်းရှုကို ကြည့်ကာ ဖြည်းညှင်းစွာ လမ်းလျှောက်သွားသည်၊၊
သူသည် ထိုရေခဲတုံးကြီးကို ကန်ကျောက်လိုက်ရုံဖြင့် လင်းရှုမှာ စင်ပေါ်မှ ပြုတ်ကျသွားပြီး သူ ချက်ချင်း အနိုင်ရလိမ့်မည် ဖြစ်သည်၊၊ ထိုသို့ တွေးလိုက်မိသည်နှင့် သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာသည်၊၊
“မင်းက ကောင်းမွန်တဲ့ ပြိုင်ဘက်တစ်ယောက် ဖြစ်ပေမဲ့ နှမြောဖို့ကောင်းတာက ဒီအဆင့်အထိပဲ တက်လှမ်းနိုင်ခဲ့တာပဲ၊၊” ယူယီက ပြုံးလိုက်ရင်း ခဲနေသော လင်းရှု၏ အနားသို့ ချဉ်းကပ်သွားပြီး ခြေထောက်ကို အားပြုကာ လင်းရှုကို စင်အောက်သို့ ကန်ချလိုက်သည်!!!
ဂျွတ်... ဂျွတ်...——
ထိုအရေးကြီးသော အချိန်တွင် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာတော့သည်၊၊