အချိန်တွေက မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားခဲ့ပါတယ်။ ဒီနှစ်ရက်အတွင်းမှာ လင်းရှုဟာ လော့ယွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း သူမရဲ့ ဓားရှည်ကို အသုံးပြုပြီး ဗီဇပြောင်းသတ္တဝါတွေကို မနားတမ်း သတ်ဖြတ်ခဲ့ပါတယ်။
ဒီမိန်းကလေးက တကယ့်ကို ကြောက်စရာကောင်းလှပါတယ်။ သူမက ငယ်ငယ်လေးရှိသေးပေမဲ့ ဗီဇပြောင်းသတ္တဝါ အမျိုးမျိုးရဲ့ အလေ့အထတွေနဲ့ သူတို့ရဲ့ တိုက်ခိုက်ပုံတွေကို ထူးထူးခြားခြား နှံ့နှံ့စပ်စပ် သိရှိနားလည်ထားတာပါ။
လင်းရှုဟာ သူသတ်ခဲ့တဲ့ သတ္တဝါ အရေအတွက် ဘယ်လောက်ရှိသွားပြီလဲဆိုတာတောင် မမှတ်မိတော့ပါဘူး။
နှစ်ရက်အကြာ၊ မနက်စောစောအချိန်မှာတော့ လင်းရှုဟာ အဆင့် (၉) ကို ရောက်ရှိသွားပါပြီ!
သူ့ရဲ့ စိတ်ထဲက စွမ်းရည်ဇယား ကို အလိုလို ဆွဲထုတ်ကြည့်လိုက်ရာ -
ပိုင်ရှင် : လင်းရှု
အဆင့် : အဆင့် ၉
အတွေ့အကြုံ : ၁၁၂၈၀ (နောက်တစ်ဆင့်တက်ရန် ၁၀၀၈ မှတ် လိုအပ်သည်)
(T/N - အဒါ ဘယ်လိုတေတွက်နေတာလဲမမေးနဲ့ကျွန်တော်လဲမသိဘူး🥲)
ခွန်အား : ၆၇
ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၄၀
အမြန်နှုန်း : ၄၀
(မှတ်ချက် - သာမန်လူတစ်ယောက်၏ ပျမ်းမျှအမှတ်မှာ ကဏ္ဍတစ်ခုစီအတွက် အနည်းဆုံး ၃၈ မှတ်ရှိရမည်)
စွမ်းရည် : ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး
ဒေါသတန်ဖိုး : ၀/၁၀၀
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည် : ၅၈၈
“ဒီ ထူးဆန်းပုံဆောင်ခဲတွေကို မင်းယူဦးမလား?” လင်းရှုက ပုံဆောင်ခဲတွေ အများကြီးထည့်ထားတဲ့ အိတ်ငယ်လေးကို မြှောက်ပြပြီး မေးလိုက်ပါတယ်။
လော့ယွဲ့က ခေါင်းခါပြပါတယ်။ အခုချိန်မှာ သူမဟာ အပြည့်အဝနီးပါး ပြန်လည်သက်သာလာပြီဖြစ်လို့ အရင်ကထက်တောင် ပိုပြီး အေးစက်စက်နိုင်နေပါတယ်။
“မင်း ဘယ်သွားမလို့လဲ?” သူမက သူမရဲ့ ဓားရှည်ကိုကိုင်ပြီး တခြားတစ်ဖက်ကို လျှောက်သွားတာကို မြင်တော့ လင်းရှုက လှမ်းမေးလိုက်ပါတယ်။
ရက်အနည်းငယ် အတူတူဖြတ်သန်းပြီးနောက်မှာတော့ သူမဟာ အပြင်ပန်းသာ အေးစက်နေတာဖြစ်ကြောင်း လင်းရှု သိထားပြီးသားပါ။
“လျှပ်စီးသစ်ကျုတ်” လော့ယွဲ့က ခဏရပ်ပြီးမှ ပြန်ဖြေပါတယ်။
“မင်းက အဲဒီကောင်ကို သွားသတ်ဦးမလို့လား...” လင်းရှုကတော့ အဲဒီလျှပ်စီးသစ်ကျုတ်အကြောင်း တွေးမိရုံနဲ့တင် ခေါင်းကိုက်နေပါပြီ။
“ငါ ဒီတစ်ခါတော့ မရှုံးစေရဘူး” လို့ လော့ယွဲ့က အေးစက်စက် ပြောလိုက်ပါတယ်။
အစွမ်းတွေ ပြန်ရလာတဲ့အခါမှာတော့ သူမဟာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံစံ ပေါက်နေပါတယ်။
“ပြီးတော့... နောက်တစ်ခါ ငါ မင်းကိုတွေ့ရင် ငါ သတ်မယ်!” လော့ယွဲ့က တခြားတစ်ဖက်ကို လျှောက်သွားရင်း ပြောလိုက်ပါတယ်။
“ဘာကို ဆိုလိုတာလဲ?” လင်းရှု ကြောင်သွားပြီး မျက်လုံးပြူးသွားပါတယ်။
ဒီမိန်းမကတော့ ကျေးဇူးကို တုံ့ပြန်လိုက်တာ တော်တော်လှတာပဲ!
လော့ယွဲ့က ဘာမှပြန်မပြောပါဘူး။ အဲဒီညက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကြောင့် လင်းရှုဟာ သူမရဲ့ စိတ်ထဲမှာ အရိပ်တစ်ခုလို ကျန်ရစ်နေမှန်း သူမ သိပါတယ်။ ဒါကြောင့် သူမအနေနဲ့ အမြန်ဆုံး ကျင့်ကြံဖို့နဲ့ အာရုံစိုက်ဖို့ လိုအပ်နေတာပါ။
“ငါတို့ ဘယ်တော့ ထပ်တွေ့ကြမလဲ?” လင်းရှုက သူမသွားရာဘက်ကို လှမ်းအော်မေးလိုက်ပါတယ်။
ဒါပေမဲ့ ဘာအသံမှ ပြန်မကြားရပါဘူး။
သို့သော်လည်း တစ်မိနစ်ခန့် တိတ်ဆိတ်သွားပြီးနောက်မှာတော့ အဝေးကနေ တိုးညင်းတဲ့ အသံတစ်ခု ထွက်ပေါ်လာပါတယ်။
“သန့်ရှင်းသောနယ်မြေ ။”
‘သန့်ရှင်းသောနယ်မြေ? အဲဒါ ဘယ်နေရာလဲ?’ လင်းရှု သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ သူမဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။
လင်းရှု ခေါင်းခါလိုက်ပြီး ပုံဆောင်ခဲအိတ်လေးကို သူ့ကိုယ်မှာ ချိတ်လိုက်ကာ တခြားတစ်ဖက်ကို ဦးတည်ပြီး လျှောက်လာခဲ့ပါတယ်။
ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေကြောင့် သူ့ဆီမှာ အနည်းငယ် ပြောင်းလဲမှုတွေ ရှိလာပါတယ်။ သူဟာ ပိုပြီး ပြတ်သားလာသလို၊ လျင်မြန်ဖြတ်လတ်မှုတွေလည်း တိုးတက်လာပါတယ်။ သာမန် ဗီဇပြောင်းသတ္တဝါတွေကို ရင်ဆိုင်ရတာကလည်း အရင်ကထက် ပိုပြီး လွယ်ကူလာပါတော့တယ်။
ဒါပေမဲ့ သူကတော့ ဆက်ပြီး သတိထားနေရဦးမှာပါ။ ဒီနားတစ်ဝိုက်မှာ အဆင့်မြင့် ဗီဇပြောင်းသတ္တဝါတွေ အများကြီးမရှိဘူးဆိုပေမဲ့ လုံးဝမရှိတာတော့ မဟုတ်ပါဘူး။
လင်းရှုဟာ လက်ထဲမှာ အနည်းငယ် သံချေးတက်နေတဲ့ တိုက်ခိုက်ရေးဓားကို ကိုင်ပြီး တောနက်ထဲကို ပိုတိုးဝင်သွားပါတယ်။
သူ့ရဲ့ လက်ရှိအင်အားအရဆိုရင်တော့ ချောက်ကမ်းပါးက နွယ်ပင်တွေကို သုံးပြီး အပေါ်ကို ပြန်တက်လို့ရနေပြီဖြစ်လို့ ခုနကနေရာကို ပြန်ရောက်နိုင်မှာပါ။
လင်းရှုက အဲဒီဘက်ကို ဂရုတစိုက်နဲ့ ဆက်လျှောက်လာရင်း မကြာခင်မှာပဲ မြစ်ရှိတဲ့နေရာကို ရောက်လာပါတယ်။
ဒီအချိန်မှာတော့ လင်းရှုက ပိုပြီးတော့ကို သတိကြီးကြီးထားနေပါတယ်။ ဒီနှစ်ရက်အတွင်း ဗီဇပြောင်းသတ္တဝါတွေကို သတ်နေရင်းနဲ့လည်း ဟိုတစ်ညက လူတွေကို အမြဲတမ်း သတိထားစောင့်ကြည့်နေခဲ့တာပါ။
ဘာပဲဖြစ်ဖြစ် အဲဒီစွန့်စားရှာဖွေရေးအဖွဲ့မှာ လူ ၅ ယောက်၊ ၆ ယောက်ရှိသလို အားလုံးက အဆင့် (၁) စစ်သည်တော်တွေဖြစ်ပြီး ခေါင်းဆောင်ဆိုရင် အဆင့် (၂) တောင် ရှိတာလေ။
မွန်းတည့်ချိန်လောက်မှာတော့ သူအရင်က ငါးကင်စားခဲ့တဲ့နေရာနားကို ရောက်တော့မယ်ဆိုတာ သိလိုက်ရပြီး အဲဒီမှာ တစ်ခုခု လှုပ်ရှားနေတဲ့ အသံတွေကို ကြားလိုက်ရပါတယ်။
လင်းရှု မျက်မှောင်ကြုတ်လိုက်မိပါတယ်။ ‘ဗီဇပြောင်းသတ္တဝါလား... ဒါမှမဟုတ် လူလား!?’
သူ စဉ်းစားနေရင်းနဲ့ပဲ အနားကို အသာအယာ တိုးကပ်သွားပါတယ်။ အဲဒီအချိန်မှာပဲ အေးစက်စက် အလင်းတန်းတစ်ခုက ဝှေ့ယမ်းပြီး ရောက်လာပါတယ်။
လင်းရှု မျက်မှောင်အိမ်တွေ ကျုံ့သွားပြီး ချက်ချင်း ငုံ့ရှောင်လိုက်ပါတယ်။
“ရွှတ်!” သူ့ရဲ့ ဆံပင်တစ်စု ဖြတ်တောက်ခံလိုက်ရပါတယ်။
“ဟေး... မင်းကတော့ ကိုယ့်သေတွင်းကိုယ် လာတိုးတာပဲ!” လီဟုန်က ခနဲ့တဲ့တဲ့ ရယ်မောလိုက်ပါတယ်။
သူက ဟိုတစ်ညက စစ်သည်တော်တွေထဲက တစ်ယောက်ပါ။ လင်းရှုလို အခုမှစတဲ့ စစ်သည်တော် တစ်ယောက်ကို ကြောက်ပြီး ထွက်ပြေးခဲ့ရတာကို ပြန်တွေးမိတိုင်း သူ ဒေါသထွက်နေတာပါ။
လင်းရှုက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တဲ့အခါ လီဟုန်တစ်ယောက်တည်း ရှိနေတာကို တွေ့လိုက်ရပါတယ်။
ဒါကြောင့် သူချက်ချင်းပဲ စိတ်အေးသွားပါတယ်။ အဆင့် (၂) စစ်သည်တော်သာ မဟုတ်ရင်တော့ လင်းရှုအတွက် အခွင့်အရေးရှိသေးတယ်လေ!
လီဟုန်ရဲ့ လက်ထဲက ဓားရှည်ဟာ မြွေတစ်ကောင်လိုပဲ လင်းရှုဆီကို ဝှေ့ယမ်းဝင်ရောက်လာပါတယ်။ လင်းရှုက သူ့ရဲ့ တိုက်ခိုက်ရေးဓားနဲ့ တန်းပြီး ကာကွယ်လိုက်ပါတယ်။
“ဒေါင်!” သတ္တုချင်း ထိခိုက်မိတဲ့ အသံကျယ်ကြီး ထွက်ပေါ်လာပြီး တိုက်ခိုက်ရေးဓားပေါ်က သံချေးတွေ တော်တော်များများ ကွာကျသွားပါတယ်။
ဓားရှည်ဟာ မြွေတစ်ကောင်လိုပဲ လင်းရှုရဲ့ ဓားကို ပတ်ပြီး ထက်မြက်တဲ့ ဓားဦးက လှုပ်ခတ်နေပါတယ်။ တကယ်လို့သာ လက်ကို အထိုးခံလိုက်ရရင် လက်ကအသားတွေပါ ပြတ်ထွက်သွားနိုင်လောက်အောင် ရက်စက်တဲ့ တိုက်ကွက်ပါ။
ကြေးအဆင့် စွမ်းရည် - “မြွေဖြူအဆိပ်ထွေးခြင်း” !!!
လီဟုန်က သူ့ဓားရှည်က လင်းရှုရဲ့ ဓားကို မြွေလိုပတ်ပြီး လင်းရှုရဲ့လက်ကို တရစပ် ထိုးစိုက်နေတာကို ကြည့်ပြီး ယုတ်မာစွာ ရယ်မောနေပါတယ်။
ဒီအချိန်မှာ လင်းရှုအနေနဲ့ သူ့လက်နက်ကို လွှတ်ချလိုက်တာကလွဲရင် သူ့လက်ကတော့ ပြတ်ထွက်သွားတော့မှာပါ။
လင်းရှုလည်း အန္တရာယ်ကို အာရုံခံမိလိုက်ပြီး မျက်ခုံးပင့်လိုက်ကာ ခြေထောက်ကို မြှောက်ပြီး လီဟုန်ရဲ့ ဗိုက်ကို အားကုန်ကန်ထည့်လိုက်ပါတော့တယ်။
အခြေခံကျွမ်းကျင်မှု!
လီဟုန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ရဲ့ ဘယ်ဘက်လက်နဲ့ ဗိုက်ကို ချက်ချင်း ကာလိုက်ပါတယ်။ အဆင့် (၁) စစ်သည်တော်တစ်ယောက်အနေနဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တော်တော်ကောင်းတာမို့ လင်းရှုရဲ့ ကန်ချက်က သူ့ကို ဘာမှထိခိုက်စေမှာ မဟုတ်ဘူးလို့ ထင်ထားတာပါ။
ဒါပေမဲ့ မထင်မှတ်ထားတာ ဖြစ်လာပါတယ် - လင်းရှုရဲ့ ကန်ချက်ကို ကာလိုက်တဲ့ ဘယ်ဘက်လက်ဆီကနေ "ဂျွတ်" ခနဲ အသံကြီး ထွက်လာပါတယ်။
အရိုးကျိုးသွားတာပါ!
စူးရှတဲ့ နာကျင်မှုကြောင့် လီဟုန်ရဲ့ မျက်နှာ ပြာနှမ်းသွားပြီး လင်းရှုရဲ့ ဓားကို ပတ်ထားတဲ့ ဓားရှည်ကိုလည်း ချက်ချင်း ပြန်ရုပ်လိုက်ရပါတယ်။
ဘယ်လိုဖြစ်နိုင်မှာလဲ! စွမ်းရည်တစ်ခုမှ မသိတဲ့ စစ်သည်တော်ပေါက်စလေးက ကန်လိုက်တဲ့ ကန်ချက်တစ်ချက်တည်းနဲ့ သူ့ရဲ့ ဘယ်ဘက်လက်ကို ကျိုးသွားစေတာလား?
သူက ဘယ်လောက်တောင် သန်မာနေလို့လဲ?
လီဟုန်ရဲ့ မျက်လုံးထဲမှာ ရက်စက်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။ သူ ရန်သူကို အထင်သေးမိလို့ လက်တစ်ဖက် ကျိုးသွားရတာပါ။ ဒီတစ်ခါတော့ အဲဒီအမှားမျိုး ထပ်မလုပ်တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် လင်းရှုက စစ်သည်တော်ပေါက်စပဲလေ၊ သူ့ရဲ့ ဘယ်ဘက်လက် ကျိုးနေရင်တောင် လင်းရှုက သူ့ကို သတ်နိုင်မှာ မဟုတ်ပါဘူး!
လီဟုန်က ဓားရှည်ကို ညာဘက်လက်နဲ့ ကိုင်လိုက်ပါတယ်။ လင်းရှုက ဒီအခွင့်အရေးကို သုံးပြီး တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ လီဟုန်က သူ့ရဲ့ ဓားရှည်နဲ့ လှမ်းခုတ်လိုက်ပါတယ်။
သူက အရမ်းမြန်တာကြောင့် လင်းရှုရဲ့ ရင်ဘတ်ကို တည့်တည့်ကြီး ထိုးမိသွားပါတယ်။
“ရှူ...” လင်းရှု ဝတ်ထားတဲ့ တိုက်ခိုက်ရေးဝတ်စုံ ပြဲသွားပြီး သွေးတွေ စိမ့်ထွက်လာပါတယ်။
တစ်ချက်တည်းနဲ့ ပစ်မှတ်ကို ထိသွားတာကြောင့် လီဟုန် ယုံကြည်မှု ပြန်ရလာပါတယ်။ လင်းရှုက အခုမှစတဲ့သူပဲ၊ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လင်းရှုရဲ့ တုံ့ပြန်မှုက တော်တော်လေး လျင်မြန်ပါတယ်။ ဓားဦးက သူ့ရဲ့ အသက်အန္တရာယ်ရှိတဲ့ နေရာတွေကို ထိတော့မယ့်အချိန်တိုင်း လင်းရှုက ရှောင်ထွက်နိုင်ခဲ့ပါတယ်။
သူဟာ သိပ်အရေးမကြီးတဲ့ နေရာတွေကိုပဲ အထိခံနေတာက လီဟုန်ကို လင်းရှုက တမင်သက်သက် အထိခံနေသလိုမျိုး ခံစားရစေပါတယ်။
“သေစမ်း!” အကြိမ်ကြိမ် လွဲချော်နေတာကြောင့် လီဟုန် ဒေါသပေါက်ကွဲသွားပါတယ်။
ဒါပေမဲ့ ရုတ်တရက်ဆိုသလို ရှောင်တိမ်းနေတဲ့ လင်းရှုက သူ့ရဲ့ တိုက်ခိုက်ရေးဓားနဲ့ လီဟုန်ဆီကို တန်းပြီး လွှဲခုတ်လိုက်ပါတော့တယ်!
“ဟက်! ဒီသံချေးတက်နေတဲ့ ဓားနဲ့ ငါ့ကို ခုတ်သတ်နိုင်မယ် ထင်နေတာလား?”