အခန်း ၁၅၉ - ပြိုင်ပွဲဝင်မျှော်စင်!
ဒါပေမဲ့ အရှိန်အဟုန်ပြင်းတဲ့ လေ့ကျင့်မှုတွေကြောင့် သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဝန်ထုပ်ဝန်ပိုး အလွန်များနေပုံရပါတယ်။ တကယ်လို့ သူသာ ဆက်ပြီး လေ့ကျင့်နေမယ်ဆိုရင် တိုးတက်မှု ရပ်တန့်သွားမယ့်အပြင် ဆိုးကျိုးတွေတောင် ဖြစ်ပေါ်လာနိုင်ပါတယ်။
လင်းရှု အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ အချက်အလက်ကတ်ကို ထုတ်ယူလိုက်ပါတယ်။
“ကတ်ပြားကို ထုတ်ယူပြီးပါပြီ...”
“စက်ကို ပိတ်နေပါပြီ...”
ဒြပ်ဆွဲအားကျွမ်းကျင်မှု ပြီးဆုံးသွားတာနဲ့ လင်းရှု သူ့ခန္ဓာကိုယ်က ချက်ချင်း ပေါ့ပါးသွားတာကို ခံစားလိုက်ရပြီး ပျံလွှားငှက်တစ်ကောင်လိုကို ပေါ့ပါးနေတော့တာပါပဲ!
လင်းရှု သူ့ရဲ့ အချက်အလက်ကတ်ကို နှိပ်လိုက်တဲ့အခါ ကတ်ပြားက ရုတ်တရက် မျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။
“ဒြပ်ဆွဲအား ၂ ဆဖြင့် ၃ နာရီအတွက် ၃၆၀ မှတ်၊ ဒြပ်ဆွဲအား ၃ ဆဖြင့် ၂ နာရီအတွက် ၃၆၀ မှတ်၊ အဆင့် ၁ လေဆာရှောင်ကွင်းလေ့ကျင့်မှုအတွက် ၁၀၀ မှတ် နုတ်ယူပြီးပါပြီ။”
ဒီအချိန်တိုလေးအတွင်းမှာတင် သူဟာ အမှတ် ၈၂၀ တောင် သုံးစွဲခဲ့ပြီးပါပြီ! ဒါကို ကြည့်ပြီး လင်းရှုတစ်ယောက် သူ့မှာ အမှတ်တွေသာ အများကြီး စုမထားမိရင် ကျင့်ကြံဖို့တောင် မလွယ်ဘူးလို့ တွေးမိသွားပါတယ်။
ဗုန်း——
လင်းရှု တံခါးဆီ လျှောက်သွားတဲ့အခါ လေ့ကျင့်ရေးခန်းရဲ့ အလိုအလျောက်တံခါးက ချက်ချင်း ပွင့်သွားပါတယ်။
“လင်းရှု ထွက်လာပြီ!” ဒါကို မြင်တော့ ကျန်းရင်က အံ့သြတကြီး ပြောလိုက်တယ်။
အဲဒီအချိန်မှာ လေ့ကျင့်ရေးကွင်းထဲမှာ ကျောင်းသားတွေ အများကြီး ရှိနေသေးတာပါ။ လင်းရှု ထွက်လာတာနဲ့ အကြည့်တွေ အများကြီးက သူ့ဆီ ရောက်လာပါတော့တယ်။
“အဆင်ပြေရဲ့လား” ကျန်းလီက လင်းရှုကို ကြည့်ပြီး အလိုအလျောက် မေးလိုက်မိတယ်။
“ငါက ဘာဖြစ်မှာမို့လို့လဲ” လင်းရှု ပြုံးပြီး ပြန်ဖြေလိုက်တယ်။
“မင်း အထဲမှာ ငါးနာရီတောင် နေခဲ့တာလေ... ငါတို့ဆို ခုနက အထဲမှာ နေရတာ တကယ်ကို မခံမရပ်နိုင်အောင် ဖြစ်ခဲ့တာ” ကျန်းရင် သက်ပြင်းချရင်း ပြောလိုက်တယ်။
လင်းရှု ပြုံးနေမိပါတယ်။ ဒီလေ့ကျင့်ရေးကွင်းကနေ ထွက်လာပြီးနောက်မှာတော့ သူက တကယ့်ကို ပေါ့ပါးလွန်းနေတာပါ။ ဒီခံစားချက်က တကယ်ကို အံ့သြဖို့ ကောင်းပါတယ်။
“မင်းတို့ ဆက်လေ့ကျင့်ကြဦး၊ ငါ အရင်သွားတော့မယ်” လို့ ပြောပြီး လင်းရှုက လေ့ကျင့်ရေးခန်းထဲမှာ ထားခဲ့တဲ့ လှံသေတ္တာကို ကျောမှာလွယ်ကာ ထွက်လာခဲ့ပါတယ်။
အဆင့် ၆ သလင်းခဲရဲ့ စွမ်းအင်တွေကို အခုဆိုရင် လင်းရှု စုပ်ယူပြီးသွားပါပြီ။ လင်းရှု ခဏလောက် စဉ်းစားပြီး အဆင့် ၅ သလင်းခဲ အချို့နဲ့ လဲလှယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အခုအဆင့်မှာတော့ ခွန်အားကို မြန်မြန်ဆန်ဆန် ထပ်တိုးချင်ရင် အဆင့်မြင့်သလင်းခဲတွေကို ‘ကျင့်စဉ်’ နဲ့ ပေါင်းစပ်ပြီး ခန္ဓာကိုယ်ကို အသွင်ပြောင်းလဲဖို့ပဲ ရှိတာလေ။
အတန်းဆောင်ကနေ ဆင်းလာပြီးနောက် မြေပုံညွှန်ကြားချက်တွေအတိုင်း လဲလှယ်ရေးစင်တာဆီ သူ ပြန်လျှောက်လာခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မြေပုံပေါ်က ထင်ရှားတဲ့ နေရာနှစ်ခုကို သူ တွေ့လိုက်ရပါတယ်။
ပြိုင်ပွဲဝင်မျှော်စင် နဲ့ စမ်းသပ်မှုမျှော်စင် ပါ။
ဒီမျှော်စင်နှစ်ခုလုံးဟာ အလွှာပေါင်း ၁၀၀ မြင့်ပြီး သန့်စင်သောနယ်မြေကျောင်းတော် ရဲ့ ကျွန်းတစ်ဖက်တစ်ချက်စီမှာ တည်ရှိနေတာပါ။ ပြီးတော့ ပြိုင်ပွဲဝင်မျှော်စင်က သူ့နဲ့ အရမ်းနီးနေပါတယ်။ လင်းရှု ခဏစဉ်းစားပြီး ပြိုင်ပွဲဝင်မျှော်စင်ဆီကို လျှောက်သွားလိုက်တယ်။
ရောက်သွားတာနဲ့ ကျောင်းတော်က ကျောင်းသား အမြောက်အမြားကို အဲဒီမှာ ရှင်းရှင်းလင်းလင်း တွေ့လိုက်ရပါတယ်။
'ဒါက ပြိုင်ပွဲဝင်မျှော်စင်လား။'
လင်းရှု မျှော်စင်အောက်မှာ ရပ်ပြီး မော့ကြည့်လိုက်တဲ့အခါ ပြိုင်ပွဲဝင်မျှော်စင်ဆိုတာကြီးက တိမ်တိုက်တွေထဲ ထိုးဖောက်နေသလား ထင်ရလောက်အောင် မြင့်မားလှပါတယ်။ ဘေးနားမှာတော့ နာမည်စာရင်းတွေကို ပြသထားတဲ့ မျက်နှာပြင်ကြီးတစ်ခု ရှိနေတာပေါ့။
ကျောင်းသားသစ်စာရင်း :
ပထမနေရာ - ကျော့ချီရှင်း၊ အလွှာ ၂၀
ဒုတိယနေရာ - အိုယန်ဟန်၊ အလွှာ ၂၀
တတိယနေရာ - ထျန်းကျီရှ၊ အလွှာ ၁၉
စတုတ္ထနေရာ - လျိုယွဲ့၊ အလွှာ ၁၉
...
'လျိုယွဲ့လည်း ဒီမှာ ရှိနေတာလား။'
ဒါကို မြင်တော့ လင်းရှု အံ့သြသွားမိတယ်။ သူ ဆက်ကြည့်လိုက်တဲ့အခါ ပြိုင်ပွဲဝင်မျှော်စင်ရဲ့ တိုက်ပွဲတွေဟာ ပထမအလွှာကနေ စတင်တာဖြစ်ပြီး အဲဒီအလွှာမှာ နိုင်ရင် နောက်တစ်လွှာကို တက်ခွင့်ရတာ ဖြစ်မှန်း သူ သဘောပေါက်သွားပါတယ်။
အလွှာအရေအတွက် မကျသွားအောင် အနည်းဆုံး တစ်နေ့တစ်ကြိမ် တိုက်ခိုက်ရမှာဖြစ်ပြီး တကယ်လို့ သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်ရင်တော့ ပထမအလွှာကနေ ပြန်စရမှာပါ။ ပြီးတော့ ကိုယ်ရောက်နေတဲ့ အလွှာအလိုက် နေ့တိုင်း အမှတ်တွေ ရနိုင်ပါတယ်။ ဥပမာ - အလွှာ ၂၀ မှာဆိုရင် နေ့တိုင်း အမှတ် ၂၀၀ ရမှာပါ။
ကျောင်းသားသစ်စာရင်းမှာ ထိပ်ဆုံး ၁၀ ယောက်ထဲ ပါရင်တော့ အပိုဆုတွေ ရပါသေးတယ်။ ပထမနေရာက တစ်နေ့ကို အမှတ် ၁,၀၀၀၊ ဒုတိယက ၅၀၀၊ တတိယက ၂၀၀ ရပြီး စတုတ္ထကနေ ဒသမနေရာအထိကတော့ ၁၀၀ စီ ရကြမှာပါ။ ကျောင်းသားသစ်စာရင်းအပြင် ကျောင်းတော်တစ်ခုလုံးက ကျောင်းသားတွေ ပါဝင်တဲ့ ‘ထိပ်တန်း ၁၀၀ စာရင်း’ လည်း ရှိပါသေးတယ်။
“ဒီတစ်ခေါက် ကျောင်းသားသစ်တွေက တော်တော်သန်မာတာပဲ၊ ပထမဆုံးနေ့မှာတင် အလွှာ ၂၀ ထိ ရောက်နေကြပြီလား!?” လို့ လူတချို့က တီးတိုးပြောနေကြပါတယ်။
လင်းရှု ခဏလောက် တွန့်ဆုတ်နေပြီးမှ သူ့ရဲ့ အချက်အလက်ကတ်ကို ထုတ်ယူကာ စာရင်းသွင်းလိုက်ပြီး ပြိုင်ပွဲဝင်မျှော်စင်ထဲ ဝင်ဖို့ ပြင်လိုက်ပါတယ်။
“နောက်ထပ် ကျောင်းသားသစ်တစ်ယောက် လာပြန်ပြီ။” အနားက လူတချို့က လင်းရှုကို မြင်တော့ တီးတိုးပြောကြတယ်။ လင်းရှုက ကျောင်းဝတ်စုံ မလဲရသေးတာကြောင့် ကျောင်းသားသစ်မှန်း အလွယ်တကူ သိနိုင်တာပါ။
“ဟဲဟဲ... ဒီကောင်လေး ကြည့်ရတာ အများဆုံး ပထမသုံးလွှာလောက်ပဲ ရောက်မှာပါ” လို့ လူတစ်ယောက်က လင်းရှုရဲ့ နုနယ်တဲ့ ပုံစံကို ကြည့်ပြီး ခေါင်းခါရင်း ပြောလိုက်ပါတယ်။
လင်းရှု အတွင်းထဲကို ဝင်လိုက်တဲ့အခါ ပတ်ဝန်းကျင်က အနည်းငယ် မှောင်မှောက်နေတာကို တွေ့ရပါတယ်။ သူ ဝေ့ကြည့်လိုက်တော့ အလယ်မှာ ကြီးမားတဲ့ ကိုယ်ခံပညာကွင်းကြီး တစ်ခု ရှိနေပြီး ဘေးပတ်လည်မှာတော့ ထိုင်ခုံတွေနဲ့ ကျောင်းသားအများကြီး ထိုင်နေကြတာကို တွေ့ရပါတယ်။ အပေါ်ကလူတွေက အသေအလဲ တိုက်ခိုက်နေကြပြီး မကြာခင်မှာပဲ စစ်သည်တစ်ယောက် တိုက်ရိုက် လွင့်ထွက်သွားပါတယ်။
“နောက်ပွဲ၊ တာဝန်ကျသူတွေ အဆင်သင့်လုပ်ထား!”
“ID 9814126, လင်းရှု!”
“ID 5222187, အိုကျန့်!”
လင်းရှု ဝင်လာပြီး မကြာခင်မှာပဲ ကြေညာသံ ထွက်လာပါတယ်။
'ဒီလောက်တောင် မြန်တာလား။'
လင်းရှု မှင်တက်သွားပြီးမှ အမြန်ပဲ ကွင်းထဲကို ခုန်တက်လိုက်ပါတော့တယ်။
“ကျောင်းသားသစ် နောက်တစ်ယောက် လာပြန်ပြီ!” လင်းရှု တက်လာတာကို မြင်တော့ လူအများကြီးက တီးတိုးပြောလာကြတယ်။ ဒီနေ့မှာတင် ကျောင်းသားသစ် အချို့က အလွှာ ၁၀ ကနေ ၂၀ ကြားကို ဖောက်ထွက်သွားကြတာမို့ စီနီယာတွေက တော်တော်လေး အံ့သြနေကြတာပါ။
“ဒါပေမဲ့ ဒီတစ်ယောက်ကတော့ မဖြစ်နိုင်ဘူး။ အရင်လူတွေက အဆင့် ၄ နဲ့ အဆင့် ၅ စစ်သည်တွေလေ၊ သူက အဆင့် ၃ ပဲ ရှိသေးတာ၊ တိုက်ခိုက်ရေးစွမ်းအားကလည်း ၃,၀၀၀ ဝန်းကျင်ပဲ ရှိတာ” လို့ မျက်မှန် တပ်ထားတဲ့ လူတစ်ယောက်က ပြောလိုက်တယ်။
ဒါက သာမန်မျက်မှန် မဟုတ်ဘဲ တိုက်ခိုက်ရေးစွမ်းအား တိုင်းတာတဲ့ ကိရိယာတစ်ခုပါ။ တကယ့်စမ်းသပ်စက်ကြီးတွေလို ကြွက်သား၊ အရိုးသိပ်သည်းဆနဲ့ ခွန်အားတွေကို အသေးစိတ် မပြောနိုင်ပေမဲ့ လူတစ်ယောက်ရဲ့ ခန့်မှန်းခြေ စွမ်းအားကိုတော့ မြင်နိုင်ပါတယ်။
“ငါလည်း အဲဒီလိုပဲ ထင်တယ်။ သူက ဒုတိယနှစ် အဆင့် ၄ စစ်သည်နဲ့ ယှဉ်ရမှာဆိုတော့ ဒီပွဲက မြန်မြန်ပဲ ပြီးသွားမှာပါ”
လင်းရှု အခုဆိုရင် ကွင်းထဲမှာ ရပ်နေပါပြီ။ ကွင်းက စကျင်ကျောက်ပြားနဲ့ လုပ်ထားပုံရပေမဲ့ တကယ်တော့ အရမ်းခိုင်ခံ့တဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။
“ကျောင်းသားသစ်လား? လက်နက်သုံးမလား၊ လက်သီးပဲ သုံးမလား” လို့ အိုကျန့် ဆိုတဲ့ ခပ်တောင့်တောင့် လူက လင်းရှုကို ပြုံးကြည့်ရင်း မေးလိုက်တယ်။ အခုချိန်မှာ သူက လင်းရှုကို ကြိုက်သလို ကိုင်တွယ်လို့ရတဲ့ ကြက်ကလေးတစ်ကောင်လို ကြည့်နေတာပါ။
“ကြိုက်တာသုံး” လင်းရှု အေးဆေးပဲ ပြောလိုက်တယ်။
“အိုကျန့်! ကျောင်းသားသစ်လေးကို သိပ်ပြီး နှိပ်စက်မနေနဲ့ဦးနော်!” အဲဒီအချိန်မှာ နောက်က စီနီယာတွေက ရယ်မောပြီး လှမ်းအော်ကြတယ်။
အိုကျန့်က သူတို့ကို ‘OK’ ဆိုတဲ့ အမူအရာ ပြလိုက်ပြီး လင်းရှုဆီကို လက်သီးနဲ့ ဝေ့ယမ်းကာ တိုက်ခိုက်လိုက်ပါတော့တယ်။