ကျန်းလျန်က အဲဒီလိုတွေးပြီး လော့ယွဲ့ဆီကို ဆက်လျှောက်သွားပါတယ်။
ဒီလောက် ရင်သပ်ရှုမောစရာကောင်းတဲ့ အလှပိုင်ရှင်လေးကို မြင်လိုက်ရတဲ့အချိန်ကတည်းက သူ့နှလုံးသားက စတင်ခုန်လှုပ်နေခဲ့တာပါ။
လော့ယွဲ့ကတော့ သူမရဲ့ နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်လိုက်ပါတယ်။ သူမရဲ့ ဓားရှည်ကို ကောက်ကိုင်ဖို့တင် အားအင်တော်တော်စိုက်ထားရတာမို့ အခုချိန်မှာ တိုက်ခိုက်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပါ။
သူမ ဘာဆက်လုပ်ရမလဲ!?
သူမ ဘာမှမတတ်နိုင်တော့တဲ့ အချိန်မှာပဲ လင်းရှုက ခိုးကြောင်ခိုးဝှက်နဲ့ လမ်းလျှောက်လာနေပါပြီ။
ရေအေးထဲမှာ စိမ်ခဲ့ပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်က တော်တော်လေး ပြန်လည်သက်သာလာပါပြီ။ အနည်းဆုံးတော့ အဆိပ်ကြောင့် ပူလောင်နေတာတွေ ပျောက်သွားတာပေါ့။
ဒါပေမဲ့ ဟိုလူတွေ လျှောက်လာတာကို မြင်လိုက်ရတဲ့အခါ လင်းရှုတစ်ယောက် လန့်ပြီး မျက်နှာဖြူလျော့သွားပါတယ်။
‘ဒီလူတွေက တော်တော်မြန်တာပဲဟ!’
အဲဒီမှာ လူ ၅ ယောက်၊ ၆ ယောက်လောက်ရှိပြီး အားလုံးက စစ်သည်တော်တွေချည်းပါပဲ!
“ဟဲဟဲ... စိတ်မပူပါနဲ့၊ ကိုယ် မင်းကို ကောင်းကောင်း ပြုစုပေးမှာပါ” ကျန်းလျန်က အနားကို လျှောက်လာပါတယ်။ လော့ယွဲ့က ဓားနဲ့ ချိန်ရုံပဲ ချိန်ထားနိုင်ပြီး မလှုပ်ရှားနိုင်သလို တိုက်ခိုက်ဖို့လည်း အင်အားမရှိတာကို မြင်တော့ သူ့ရဲ့ ခန့်မှန်းချက်က မှန်သွားပြီဆိုတာ အတည်ပြုနိုင်လိုက်တာပေါ့။
“မင်းတို့ သေချင်နေတာလား?” အဲဒီအချိန်မှာပဲ အနောက်ဘက်ကနေ အေးစက်စက် အသံတစ်သံ ထွက်လာပါတယ်။
ရင်းနှီးနေတဲ့ ဒီအသံကို ကြားလိုက်ရတဲ့အခါ လော့ယွဲ့ တော်တော်လေး အံ့သြသွားပါတယ်။ ‘ဒီကောင်က တကယ်ကြီး ထွက်လာတာလား? သူ့အစွမ်းနဲ့ဆို ဒီလူတွေကို လုံးဝ ယှဉ်လို့မရဘူးဆိုတာ သူ မသိဘူးလား!’
“ဘယ်သူလဲ!?” ကျန်းလျန်က ဒီအသံကြောင့် လန့်သွားပြီး လှည့်ကြည့်လိုက်ပါတယ်။ အဲဒီမှာတော့ ရေတွေစိုရွှဲနေတဲ့ ကောင်လေးတစ်ယောက် သူတို့ဆီကို လျှောက်လာတာကို တွေ့လိုက်ရတာပါ။
ကျန်တဲ့လူတွေလည်း သတိအနေအထားနဲ့ လင်းရှုကို ကြည့်လိုက်ကြပါတယ်။
“ကျန်းလျန်၊ အဆင့် (၂) စစ်သည်တော်၊ ဓားခုတ်တတ်တယ်၊ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည် ၁၅၄၀ ဝန်းကျင်...”
“လီဟုန်၊ အဆင့် (၁) စစ်သည်တော်၊ ဓားအတတ် ကျွမ်းကျင်တယ်...”
“...”
လင်းရှုက အဲဒီလူတွေကို အကြည့်နဲ့ ဝေ့ကြည့်ရင်း တစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။
လင်းရှုရဲ့ စကားတွေကို ကြားတော့ ကျန်းလျန်နဲ့ ကျန်တဲ့လူတွေ အံ့အားသင့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားကြပါတယ်။
လင်းရှုမှာ တိုက်ခိုက်ရေးစွမ်းရည် တိုင်းတာတဲ့ စက်ပစ္စည်း ဝတ်ဆင်မထားဘဲနဲ့ သူတို့ရဲ့ စွမ်းရည်တွေကို တိတိကျကျ ပြောနိုင်ရုံတင်မကဘဲ သူတို့ရဲ့ အဆင့်တွေကိုပါ သိနေတာလေ။
ဒါက သူတို့ကို အတွင်းစိတ်ထဲကနေ တုန်လှုပ်သွားစေပါတယ်။
“မင်းတို့ကို ထွက်သွားဖို့ ၅ စက္ကန့် အချိန်ပေးမယ်။ မသွားဘူးဆိုရင်တော့ မင်းတို့အားလုံး ဒီမှာတင် အလောင်းဖြစ်သွားမယ်” လင်းရှုက ဘာခံစားချက်မှမပါတဲ့ မျက်နှာပေးနဲ့ ဆက်ပြောလိုက်ပါတယ်။ သူက ဒီလူတွေကို ပုရွက်ဆိတ်တွေကို ကြည့်သလိုမျိုး အောက်ခြေလွတ်ကြည့် ကြည့်နေတာပါ။
အဲဒီအချိန်မှာ ကျန်းလျန်ရဲ့ မျက်နှာ ပျက်သွားပါတယ်။ သူ လင်းရှုကို အကဲခတ်ကြည့်ပေမဲ့ ဘယ်လောက် သန်မာလဲဆိုတာ လုံးဝ ခန့်မှန်းလို့ မရပါဘူး။ လင်းရှု စကားပြောပုံအရဆိုရင် သူဟာ ပညာရှင်တစ်ယောက် ဖြစ်ရပါမယ်!
အဆင့်မြင့် စစ်သည်တော်အချို့က သူတို့ရဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားနိုင်ပြီး သာမန်လူတစ်ယောက်လို ဟန်ဆောင်နိုင်တယ်ဆိုတာ သူ သိထားတာကိုး!
ဒါကို တွေးမိတော့ သူ ပိုပြီး ကြောက်လန့်သွားပါတယ်။
“ဆရာကြီး... ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားပါ့မယ်!”
ကျန်းလျန်က သူ့တပည့်တွေကို မျက်ရိပ်ပြလိုက်ပြီး အမြန်ပဲ ဆုတ်ခွာသွားပါတော့တယ်။ သူတို့ရဲ့ အဖိုးတန်တဲ့ အသက်ကို ဒီမှာ အလဟဿ အဆုံးမခံချင်ကြဘူးလေ။
လင်းရှုက သူတို့တွေ လုံးဝ ပျောက်ကွယ်သွားတဲ့အထိ စိုက်ကြည့်နေပြီးမှ သက်ပြင်းချကာ မြေပြင်ပေါ် ထိုင်ချလိုက်ပါတော့တယ်။
“မင်း သရုပ်ဆောင်တာ တော်တော်ကောင်းတာပဲ!” လော့ယွဲ့က သူ့ကို ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
ဒါပေမဲ့ သူမလည်း တော်တော်လေးတော့ သိချင်နေမိတယ် - လင်းရှုက ဒီလူတွေရဲ့ အဆင့်ကို ဘယ်လိုသိတာလဲ? သူက ကြည့်ရတာ အခုမှ စတင်တဲ့ စစ်သည်တော် အဆင့်ပဲ ရှိသေးတာလေ။ အဆင့် (၁) စစ်သည်တော် တစ်ယောက်တောင် သူ့ကို အလွယ်လေး အနိုင်ယူနိုင်တာကို!
လင်းရှု ခဏလောက် အနားယူပြီးနောက် “အခုပဲ သွားကြရအောင်၊ သူတို့တွေ သတိဝင်လာပြီး ပြန်လာရင် ငါတို့ ဒုက္ခရောက်ကုန်မယ်” လို့ ပြောလိုက်ပါတယ်။
လော့ယွဲ့က ခေါင်းငြိမ့်ပြပါတယ်။
လင်းရှုကတော့ ဘာမှအများကြီးမစဉ်းစားတော့ဘဲ လော့ယွဲ့ကို ပွေ့ချီပြီး တခြားတစ်ဖက်ကို အမြန်ပြေးပါတော့တယ်။
လော့ယွဲ့က အဲဒီဓားရှည်ကြီးကို ကိုင်ထားတုန်းဆိုတော့ လင်းရှုအတွက် တော်တော်လေးတော့ ပင်ပန်းတာပေါ့။
“ခေါင်းဆောင်... ကျွန်တော်တော့ တစ်ခုခု မှားနေသလိုပဲ” ကျန်းလျန်နဲ့ သူ့လူတွေ ထွက်လာရင်းနဲ့ လူတစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
‘မှားနေတယ်?’
ကျန်းလျန် ခြေလှမ်းတွေကို ရပ်လိုက်ပြီး သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ သူ့မျက်နှာက ရက်စက်တဲ့ အရိပ်အယောင်တွေ ပေါ်လာပါတယ်။
“တောက်! ဒီကောင် ငါ့ကို လာလိမ်တာကိုး!”
“သူတို့နောက်ကို လိုက်ပြီး သတ်ပစ်ကြ!”
လင်းရှုကတော့ လော့ယွဲ့ကို ချီပြီး တခြားတစ်ဖက်ကို အမောတကော ပြေးနေပါတယ်။ အဲဒီငတုံးတွေက တကယ်ပဲ အလွယ်တကူ အလိမ်ခံလိုက်ရတာပဲ။
တော်သေးတာက သူ့မှာ "ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံး" ရှိလို့ပေါ့။
ကြည့်ရတာ ဒီမျက်လုံးက သူ့ထက် အဆင့် ၂ ဆင့်အထိ မြင့်တဲ့ သတ္တဝါတွေနဲ့ စစ်သည်တော်တွေကိုပဲ ခွဲခြမ်းစိတ်ဖြာနိုင်ပုံရပါတယ်။ အဆင့် ၃ ဆင့်နဲ့ အထက်ဆိုရင်တော့ အလုပ်မလုပ်တော့ပါဘူး။
တခြားတစ်ဖက်ကို မနားတမ်း ပြေးလာပြီးနောက်မှာတော့ လင်းရှုရဲ့ ခန္ဓာကိုယ်က အရမ်းပင်ပန်းသွားပြီး ခဏချင်းမှာတင် အိပ်ပျော်သွားပါတော့တယ်။
အချိန်ဘယ်လောက်တောင် ကုန်ဆုံးသွားလဲ မသိပါဘူး၊ လင်းရှု ပြန်နိုးလာတဲ့အချိန်မှာတော့ မိုးလင်းစပြုနေပြီဆိုတာ သိလိုက်ရပါတယ်။
သူ့ပတ်ဝန်းကျင်မှာ ဧရာမ သစ်ပင်ကြီးတွေ ဝိုင်းနေပြီး အပေါ်မှာလည်း နွယ်ပင်တွေ အများကြီး တွဲလောင်းကျနေပါတယ်။
ဒါ့အပြင် အခုချိန်မှာ သူ့ဘေးနားမှာ နူးညံ့တဲ့ ခန္ဓာကိုယ်တစ်ခုက ကပ်လျက် ရှိနေတာကို လင်းရှု သတိပြုမိသွားပါတယ်။ သူ ခဏတော့ ကြောင်သွားပြီးမှ ချက်ချင်း သတိဝင်လာပါတယ်။
လင်းရှု သေသေချာချာ ငုံ့ကြည့်လိုက်တော့ သူ ဘယ်အချိန်ကတည်းက လော့ယွဲ့ကို ဖက်ထားမိမှန်း မသိတော့ပါဘူး။
လော့ယွဲ့ကလည်း အိပ်ပျော်နေတုန်းပါပဲ။ သူမရဲ့ ဖြူစင်နုနယ်တဲ့ မျက်နှာလေးပေါ်က မျက်လုံးလေးတွေက တင်းတင်းမှိတ်ထားပြီး ရှည်လျားတဲ့ မျက်တောင်လေးတွေကို လင်းရှု အထင်အသား မြင်နေရပါတယ်။
သူမရဲ့ ခန္ဓာကိုယ်ဆီကနေ သင်းပျံ့တဲ့ ရနံ့လေးတစ်ခု ထွက်နေတာကြောင့် လင်းရှု မနေနိုင်ဘဲ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိပါတယ်။
ဪ... ဟုတ်သားပဲ... မနေ့က သူ မနားတမ်း ပြေးလာခဲ့တာဆိုတော့ လမ်းမှာတင် အိပ်ပျော်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
အဲဒီအချိန်မှာ လော့ယွဲ့က မျက်မှောင်လေး နည်းနည်းကြုတ်လိုက်ပြီး မျက်တောင်လေးတွေ လှုပ်လာတာက နိုးတော့မယ့်ပုံပါပဲ။
ဒါကို မြင်တော့ လင်းရှုက သူမကို အမြန်လွှတ်ပေးလိုက်ပြီး ဘေးနားက သစ်ပင်ကြီးမှာ မှီထားပေးလိုက်ပါတယ်။
တကယ်လို့ သူမကို ဖက်အိပ်ခဲ့မှန်းသာ သိသွားရင်တော့ ဒီမိန်းမရဲ့ အကျင့်အတိုင်းဆိုရင် သူ့ကို သတ်မှာ သေချာပါတယ်။
ဗိုက်ကတော့ နည်းနည်း ဆာလာပြီ...
ဒါပေမဲ့ အနီးနားမှာ ရေအရင်းအမြစ်လည်း မရှိသလို ဘယ်သတ္တဝါကိုမှလည်း မတွေ့ရတာကြောင့် လင်းရှု သက်ပြင်းချလိုက်မိပါတယ်။
သူ တကယ်ကို ကံဆိုးတာပဲ!
အဲဒီအချိန်မှာပဲ လော့ယွဲ့က မျက်လုံးပွင့်လာပြီး လင်းရှုကို မြင်လိုက်တာနဲ့ သူမရဲ့ မျက်စိအိမ်တွေ ကျုံ့သွားပါတယ်။ လက်ထဲက ဓားရှည်ကလည်း ဗီဇအတိုင်း လင်းရှုဆီကို ချိန်ပြီးသား ဖြစ်သွားတာပေါ့။
“ငါပါ... ငါပါ!” လင်းရှု လှည့်ကြည့်လိုက်တဲ့ အချိန်မှာပဲ ဒါကို မြင်လိုက်ရတာကြောင့် ချက်ချင်း ချွေးအေးတွေ ပျံသွားပါတယ်။
ဓားဦးက သူ့လည်ပင်းနားမှာတင် ရောက်နေပြီး ထိုးဖောက်သွားဖို့ လက်မဝက်လောက်ပဲ လိုတော့တာလေ!
“ရွှတ်!”
လင်းရှုမှန်း သိသွားတော့ သူမ အနည်းငယ် အံ့သြသွားပုံရပါတယ်။ အဲဒီနောက် ဓားရှည်ကို ပြန်ရုပ်ပြီး မြေကြီးမှာ စိုက်ထားလိုက်ပါတယ်။
“မင်း နေကောင်းသွားပြီလား?” လင်းရှု သက်ပြင်းချရင်း မေးလိုက်ပါတယ်။
လော့ယွဲ့က မျက်မှောင်ကြုတ်ထားတာကို နည်းနည်းလျှော့လိုက်ပြီး ခေါင်းခါပြပါတယ်။
“နောက်ထပ် နှစ်ရက်လောက်တော့ လိုဦးမယ် ထင်တယ်”
အဲဒီလျှပ်စီးသစ်ကျုတ်ရဲ့ ပြန်လည်တိုက်ခိုက်မှုက တကယ့်ကို အစွမ်းထက်လွန်းပါတယ်။ လျှပ်စီးလှိုင်းတွေက အာရုံကြောတွေကို ထုံကျင်စေတဲ့ စွမ်းအင်တွေပါပြီး သူမရဲ့ တစ်ကိုယ်လုံးကို ဖြတ်စီးသွားတာကိုး။
တကယ်လို့ အပြည့်အဝ ပြန်ကောင်းချင်တယ်ဆိုရင်တော့ နောက်ထပ် နှစ်ရက်လောက် လိုမှာပါ။
“ရှူးး ရှူးး——”
မကြာခင်မှာပဲ အနီးနားကနေ အသံတစ်ခု ကြားလိုက်ရပါတယ်။
လင်းရှု ထိတ်လန့်သွားပါတယ်။ ဟိုစစ်သည်တော်တွေ ပြန်ရောက်လာတာလား!?
“ဗီဇပြောင်းသတ္တဝါပဲ!” လော့ယွဲ့က အဲဒီဘက်ကို တစ်ချက်ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
သူမ စကားပြောလိုက်တာနဲ့ တစ်ပြိုင်နက် မြေကြီးမှာ စိုက်ထားတဲ့ ဓားရှည်က “ရွှတ်” ခနဲ အသံနဲ့အတူ လင်းရှုရှိရာဘက်ကို ချက်ချင်း ပျံတက်လာပါတော့တယ်။