အခန်း ၁၄၃ - ဆန်းကြယ်ပုံဆောင်ခဲများကို အရူးအမူး စုပ်ယူခြင်း
“ငါ မင်းတို့ကို လိမ်နေတယ်လို့ ထင်နေတုန်းပဲလား” လင်းရှုက သူ့လက်ကို အားမလိုအားမရ ယမ်းပြရင်း ပြောလိုက်တယ်။
“ဒါဆိုရင် စီနီယာက...” ခန္ဓာကိုယ် ထွားကြိုင်းတဲ့ ကျန်းလီက စကားစရှာမရ ဖြစ်နေတော့တယ်။
သူတို့ သုံးယောက်လုံးက လင်းရှုကို အဆင့်မြင့် စစ်သည်တစ်ယောက်က နုပျိုအောင် တစ်နည်းနည်းနဲ့ ဖန်တီးထားတာလို့ အဟုတ်ကြီး မှတ်နေခဲ့တာလေ။ တစ်ချိန်လုံး စီနီယာလို့ ခေါ်နေခဲ့မိတာကို ပြန်စဉ်းစားပြီး သူတို့ တော်တော်လေး အနေရခက်သွားကြတယ်။
ဘာပဲပြောပြော သူတို့က အသက် ၂၀ ဝန်းကျင်တွေ ဖြစ်နေပြီး လင်းရှုကတော့ ၁၈ နှစ်တောင် မပြည့်သေးတဲ့ ပုံစံမျိုးကိုး။ သူက အရမ်း ငယ်လွန်းနေတာမို့ သူတို့ထက် ငယ်တယ်ဆိုတာကို သူတို့ ယုံရခက်နေတုန်းပါပဲ။
“သွားကြစို့” လျိုယွဲ့က လင်းရှုကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်တယ်။
“လင်းရှု... ငါတို့ မင်းတို့နဲ့အတူ လိုက်ခဲ့လို့ရမလား” ကျန်းရင်က ခဏလောက် တွေဝေနေပြီးမှ မေးလိုက်တယ်။
သူတို့ ဒီလမ်းမှာ သန့်စင်သောနယ်မြေအကယ်ဒမီက ကျောင်းသား တချို့နဲ့ ဆုံခဲ့ပေမဲ့ တချို့က မကောင်းတဲ့ စိတ်ထားရှိကြတာလေ။
“ရတာပေါ့” လင်းရှုက ခေါင်းညိတ်လိုက်တယ်။ သူတို့နဲ့ ခဏခဏ ဆုံနေရတာကလည်း ရေစက်တစ်ခုပဲလေ။ ပြီးတော့ သူလည်း ခွန်အား အပြည့်အဝ ပြန်မရသေးသလို လျိုယွဲ့ကလည်း ဒဏ်ရာရထားတာဆိုတော့ အန္တရာယ်တစ်ခုခုနဲ့ ကြုံရင် သူတို့လည်း ကူညီပေးနိုင်တာပေါ့။
လင်းရှုက သဘောတူလိုက်တာကြောင့် ကျန်းရင်တို့အဖွဲ့ ဝမ်းသာသွားကြပြီး လင်းရှုနဲ့ လျိုယွဲ့နောက်ကနေ လိုက်လာခဲ့ကြတယ်။
“ငါတို့က သေမင်းလမ်းကြောင်းရဲ့ အဆုံးထိ လမ်းလျှောက်သွားရမှာလား” လင်းရှုက လျိုယွဲ့ကို စပ်စုကြည့်တယ်။
“အင်း” လျိုယွဲ့က တိုတိုတုတ်တုတ်ပဲ ဖြေတယ်။
သူမက စကားအရမ်းနည်းတဲ့ မိန်းကလေးပါ၊ စကားတစ်လုံးပြောဖို့ကို ရွှေထွက်မတတ် နှမြောနေသလိုပါပဲ။ ဒါပေမဲ့ လင်းရှု သတိထားမိတာကတော့ သူမက စတွေ့တုန်းကလောက် မအေးစက်တော့ဘူး ဆိုတာပါပဲ။
သူတို့ ရှေ့ကို ဆက်လျှောက်လာရင်း လူငယ်အုပ်စုတွေ ပိုပိုများလာတာကို လင်းရှု တွေ့လိုက်ရတယ်။
“သူတို့အားလုံး သန့်စင်သောနယ်မြေအကယ်ဒမီကို သွားနေကြတာ ထင်တယ်” ကျန်းရင်က စစ်သည်တွေကို ကြည့်ပြီး တိုးတိုးလေး ပြောတယ်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် သတိထားနေကြပါတယ်၊ ဒီနေရာက အလွယ်တကူ လာလို့ရတဲ့နေရာ မဟုတ်ဘူးလေ။
တောအုပ်က အရမ်းကျယ်တာကြောင့် သူတို့ ညမိုးချုပ်တဲ့အထိ လမ်းလျှောက်တာတောင် အဆုံးကို မမြင်ရသေးပါဘူး။
“ဒီညတော့ ဒီမှာပဲ နားကြတာပေါ့” တောအုပ်အလယ်က စမ်းချောင်းလေးတစ်ခုနား ရောက်တဲ့အခါ လင်းရှုက အကြံပေးလိုက်တယ်။
လျိုယွဲ့က ခဏလောက် စဉ်းစားပြီးမှ သဘောတူလိုက်တယ်။ ဆက်သွားနေလည်း အခုချက်ချင်း ရောက်မှာမဟုတ်တော့ နားနားနေနေနဲ့ အားအင်ပြန်ဖြည့်တာက ပိုကောင်းတာပေါ့။
ကျန်းရင်တို့လည်း အဲဒီတော့မှ သက်ပြင်းချနိုင်တော့တယ်။ စစ်သည်တွေ ဆိုပေမဲ့ တစ်နေကုန် လမ်းလျှောက်ရတာ သူတို့လည်း တော်တော် ပင်ပန်းနေပြီလေ။
ဒါပေမဲ့ လင်းရှုနဲ့ လျိုယွဲ့ကတော့ မောဟိုက်တဲ့ပုံစံမျိုး လုံးဝမရှိတာကြောင့် သူတို့နှစ်ယောက်ဟာ တကယ့်ကို ထူးဆန်းတဲ့ လူတွေပဲလို့ ကျန်းရင်တို့ တွေးလိုက်မိတယ်။
ကောင်းကင်က တဖြည်းဖြည်း မှောင်အတိ ကျလာခဲ့ပြီ။ လူတိုင်း မီးဖိုဘေးမှာ ထိုင်ရင်း စမ်းချောင်းထဲက ငါးအချို့ကို ဖမ်းပြီး ကင်စားနေကြတယ်။
“သန့်စင်သောနယ်မြေအကယ်ဒမီက ကျောင်းသား ဘယ်နှယောက်လောက် လက်ခံလဲ မင်းသိလား” လင်းရှုက ငါးစားရင်း ကျန်းရင်ကို မေးလိုက်တယ်။
“သေချာတော့ မသိဘူးဗျ” ကျန်းရင်က ခါးသက်သက် ပြုံးရင်း ခေါင်းခါပြတယ်၊ “ဒါပေမဲ့ ကျွန်တော်တို့ အကယ်ဒမီက လေးယောက်ပဲ အရွေးခံရတယ်၊ တခြား အကယ်ဒမီတစ်ခုကတော့ ငါးယောက်ပေါ့”
ဒီလောက်တောင် များတာလား။
လင်းရှု မျက်မှောင်ကြုတ်လိုက်မိတယ်။ ရှင်းယောင်မြို့တော် ကနေ သူတစ်ယောက်တည်းပဲ အရွေးခံရတာလေ။ ဆိုလိုတာက ရှင်းယောင်မြို့တော်က မြို့ငယ်လေးစာရင်းထဲ ပါနေတာပေါ့...
“ကြားရတာတော့ ကောင်းကင်အကယ်ဒမီက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ဆိုရင် အဆင့် ၅ စစ်သည်တောင် ဖြစ်နေပြီတဲ့!” ကျန်းရင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။
လူအများစုက သူတို့ဘဝတစ်လျှောက်လုံး အဆင့် ၅ အဆင့်ကို မရောက်နိုင်ကြပေမဲ့ အသက် ၁၈ နှစ်နဲ့ အဲဒီအဆင့်ကို ရောက်နေပြီဆိုတော့ သူက ပါရမီရှင်တွေထဲက ပါရမီရှင်ပဲပေါ့။
“ကျိုချီရှင်း လား” လျိုယွဲ့က ငါးကင်ရင်း အေးဆေးပဲ ဝင်ပြောလိုက်တယ်။
“မင်း သူ့ကို သိလို့လား” လင်းရှုက မသိစိတ်ကနေ မေးလိုက်မိတယ်။
အသက် ၁၈ နှစ်နဲ့ အဆင့် ၅ စစ်သည် ဖြစ်နေတယ်ဆိုတာ တကယ်ကို ကြောက်စရာကောင်းလွန်းပါတယ်။ ရှင်းယောင်အကယ်ဒမီမှာ အသန်မာဆုံး ဆရာတောင် အဆင့် ၆ ပဲ ရှိတာလေ၊ အဲဒါတောင် အသက်ကြီးနေတဲ့ လူကြီးကြီးပါ။
“သူက ငါနဲ့ ကျောင်းတူတူပဲ” လျိုယွဲ့က ခေါင်းညိတ်ပြတယ်။
“မင်းက ကောင်းကင်အကယ်ဒမီကလား” ကျန်းရင်က သူမကို အံ့သြတကြီး ကြည့်လိုက်တယ်။
ကောင်းကင်အကယ်ဒမီဆိုတာ ကောင်းကင်မြို့တော်မှာ ရှိတဲ့ အထင်ကရဆုံး အထက်တန်းကျောင်းလေ၊ လူတိုင်း တက်ခွင့်ရတာ မဟုတ်ပါဘူး။
လျိုယွဲ့က ကျန်းရင်ရဲ့ မေးခွန်းကို ပြန်မဖြေတာကြောင့် ကျန်းရင် အနည်းငယ် အနေရခက်သွားရတယ်။
အဝေးတစ်နေရာမှာတော့ လူအချို့က လင်းရှုတို့ အုပ်စုကို ချောင်းကြည့်နေကြတယ်။ ညဘက်မှာ မီးဖို ဖိုထားတာက အရမ်း သိသာလွန်းတာကိုး။
“အဲဒီ မိန်းကလေးက တော်တော်လှတာပဲ...” အဝေးကနေ ကြည့်နေတဲ့ လူတချို့က လျိုယွဲ့ကို ကြည့်ပြီး ရင်ခုန်နေကြတယ်။
“နေဦး... သူမက လျိုမိသားစုက ထင်တယ်” တခြားတစ်ယောက်က သူ့မျက်လုံးကို ပွတ်ပြီး အံ့သြတကြီး ပြောလိုက်တယ်။
“လျိုမိသားစု ဟုတ်လား”
“ဟုတ်တယ်! ကောင်းကင်အကယ်ဒမီရဲ့ အဆင့် ၂ က မိန်းကလေးလေ၊ သူမက အဆင့် ၄ စစ်သည် ဖြစ်နေပြီလို့ ပြောကြတယ်!” အဲဒီလူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူတို့ ဝင်မတိုက်ခဲ့မိတာ ကံကောင်းတယ်လို့ တွေးလိုက်မိတယ်။
အဆင့် ၄ စစ်သည်ဆိုတဲ့ စကားက သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့ပါတယ်။ သူတို့လည်း ဘာမှ မကြံစည်ရဲတော့ဘဲ တိတ်တဆိတ် ထွက်သွားကြတော့တယ်။
“သူတို့ သွားကြပြီ ထင်တယ်” လင်းရှုက အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
“အင်း” လျိုယွဲ့က ခေါင်းညိတ်ပြီး လက်ထဲမှာ ကိုင်ထားတဲ့ ဓားကို ချလိုက်တယ်။
ကျန်းရင်တို့ကတော့ သူတို့ပြောတာကို ကြားပြီး ကြောင်နေကြတုန်းပါပဲ။ သူတို့ ပတ်ဝန်းကျင်ကို လှည့်ကြည့်ပေမဲ့ ဘာသားရဲ ဒါမှမဟုတ် စစ်သည်တစ်ယောက်ကိုမှ မတွေ့ခဲ့ရပါဘူး။
စားသောက်ပြီးတဲ့နောက် လျိုယွဲ့က လင်းရှုဘေးမှာ ထိုင်ပြီး စွမ်းအင်ကျင့်စဉ် စကျင့်တော့တယ်။ သူမ ကျင့်စဉ်ကျင့်နေချိန်မှာ ပတ်ဝန်းကျင်က လေထုတွေက လျိုယွဲ့ရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွားသလိုမျိုး လင်းရှု ခံစားလိုက်ရတယ်။
တကယ့်ကို အစွမ်းထက်တဲ့ ကျင့်စဉ်ပဲလို့ လင်းရှု စိတ်ထဲကနေ ချီးကျူးလိုက်မိတယ်။ သူက အလျင်အမြန် တိုးတက်နေတယ် ဆိုပေမဲ့ သူ့ရဲ့ ကျင့်စဉ်ကတော့ သာမန်ပါပဲ။
သူမ ကျင့်နေတာကို ကြည့်ရင်း လင်းရှုလည်း မဆိုင်းမတွဘဲ သူ့ဆီမှာ ရှိသမျှ ဆန်းကြယ်ပုံဆောင်ခဲတွေကို ထုတ်ပြီး သူ့ကိုယ်ပေါ်မှာ တင်လိုက်တယ်။
ရိုလီက လင်းရှု သလင်းခဲတွေ အကုန်ယူသွားတာကို မြင်တော့ မကျေမနပ်နဲ့ ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေတော့တယ်။
(လုံးလုံးလေးကို ရိုလီလို့ပြောင်းပါတယ်)
“ဒါက မင်းအတွက်၊ ကျန်တာကိုတော့ ငါ ကျင့်ဖို့ ယူထားမယ်” လင်းရှုက အဆင့် ၃ ပ သုံးလုံးကို ရိုလီဆီ ပစ်ပေးလိုက်ပြီး ကျန်တာတွေကို စုပ်ယူဖို့ ပြင်လိုက်တယ်။ သူက ကျင့်စဉ်ကို သုံးပြီး သလင်းခဲထဲက စွမ်းအင်တွေကို သူ့ခန္ဓာကိုယ်ထဲ ဆွဲသွင်းလိုက်တယ်။
သူတို့ရဲ့ မျက်စောင်းထိုးမှာ ရှိနေတဲ့ ကျန်းရင်တို့ကတော့ မျက်လုံးပြူးပြီး ကြည့်နေကြတယ်။ အဲဒီမှာ အဆင့် ၃ သလင်းခဲ အလုံး ၁၀၀ ကျော် ရှိတာလေ၊ အဲဒါတွေကို တစ်ပြိုင်နက်တည်း စုပ်ယူပြီး ကျင့်နေတာလား?
“တကယ့် သူဌေးကြီးပဲ...” ကျန်းလီက အားကျလွန်းလို့ တံတွေးကို ခိုးမြိုချလိုက်မိတယ်။
ချမ်းသာတဲ့ မိသားစုက လူတွေပဲ သလင်းခဲတွေကနေ စွမ်းအင်ကို စုပ်ယူပြီး သာမန်လူတွေထက် သာလွန်အောင် လုပ်နိုင်တာလေ။ ဒါပေမဲ့ အရာရာတိုင်းမှာ အကန့်အသတ် ရှိပါတယ်၊ စွမ်းအင်တွေ အများကြီးကို စုပ်ယူလိုက်ရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တာပေါ့။
ဒါပေမဲ့ လင်းရှုကတော့ သူ့ရဲ့ ကျင့်စဉ်ကို အသက်သွင်းလိုက်တာနဲ့ သလင်းခဲတွေကနေ လင်းထွက်လာတဲ့ စွမ်းအင်တွေဟာ သူ့ခန္ဓာကိုယ်ထဲကို တဟုန်ထိုး စီးဝင်သွားတော့တယ်။