အခန်း ၁၄၂ - ငါတို့လည်း လူသစ်တွေပါပဲ
လျိုယွဲ့က ပုစဉ်းရင်ကွဲတောင်ပံလို ပါးလွှာတဲ့ ဓားရှည်ကို ကိုင်ထားရင်း ကုံးဟောက်ထျန်းနဲ့ တခြားလူတွေကို အေးစက်စွာ စိုက်ကြည့်နေတယ်။
“အဆင့် ၄ စစ်သည်လား!?” အဲဒီအချိန်မှာပဲ လူတစ်ယောက်က သူ့ရဲ့ မူလစွမ်းအင် ကို မျက်လုံးမှာ စုစည်းပြီး ကြည့်လိုက်ရာ အစိမ်းနုရောင် စွမ်းအင်တွေ ဖုံးလွှမ်းနေတဲ့ ဓားရှည်ကို အထင်အရှား မြင်လိုက်ရတယ်။
ဒါကို မြင်တော့ သူ ထိတ်လန့်သွားခဲ့ရတယ်။
“ဟွန်း... အဲဒီတော့ ဘာဖြစ်လဲ!” ကုံးဟောက်ထျန်းက အနည်းငယ် ကြောက်ရွံ့သွားပေမဲ့ သွားကြိတ်ပြီး ပြောလိုက်တယ်။
သူမက အဆင့် ၄ စစ်သည် ဖြစ်နေတာကိုး၊ အဆင့် ၃ စစ်သည်နဲ့ အဆင့် ၄ စစ်သည်ကြားက ကွာခြားချက်က မိုးနဲ့မြေလို ကွာခြားလှပါတယ်။
“ဒါပေမဲ့ သူ ဒဏ်ရာရထားတာပဲ” လူတစ်ယောက်က လျိုယွဲ့ရဲ့ ပုခုံးအကာက နှစ်ပိုင်းပြတ်နေပြီး ဆေးမှုန့် အကြွင်းအကျန်တွေ ရှိနေတာကို သတိထားမိသွားတယ်။
“အော်... ဟုတ်လား” အဲဒီလူရဲ့ စကားကို ကြားတော့ ကုံးဟောက်ထျန်းက မျက်ခုံးပင့်လိုက်တယ်။
လျိုယွဲ့ကို စတွေ့ကတည်းက သူ့ရင်ထဲမှာ တလှပ်လှပ် ဖြစ်နေတာပါ၊ ဒီလောက်လှပြီး အရှိန်အဝါရှိတဲ့ မိန်းကလေးမျိုး သူတစ်ခါမှ မမြင်ဖူးဘူးလေ။ ဒီနေ့ခေတ်မှာ ခွဲစိတ်ပြုပြင်ပြီး လှအောင်လုပ်လို့ ရပေမဲ့ လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုတော့ လုပ်ယူလို့ မရပါဘူး။
“မင်းတို့ ကျားနက်ဓားပြအဖွဲ့အကြောင်း သိလား” လင်းရှုက သူတို့ကို ကြည့်ပြီး အေးအေးဆေးဆေးပဲ မေးလိုက်တယ်။
လင်းရှုရဲ့ စကားကို ကြားတော့ သူတို့ ကြောင်သွားကြတယ်။ သေမင်းလမ်းကြောင်းရဲ့ နယ်စပ်မှာရှိတဲ့ C အဆင့် ရာဇဝတ်ဂိုဏ်းဖြစ်တဲ့ ကျားနက်ဓားပြအဖွဲ့ကို သူတို့ မသိဘဲ မနေပါဘူး။
“သိတော့ ဘာဖြစ်လဲ၊ သူတို့က လူတစ်ရာကျော်ပဲ ရှိတာ၊ အဆင့် ၃ စစ်သည်လည်း အများကြီး မရှိဘူး၊ ငါက ကြောက်ရမယ် ထင်နေတာလား” ကုံးဟောက်ထျန်းက အေးစက်စွာ ပြုံးရင်း ပြောလိုက်တယ်။
လင်းရှုက သူ့ကို ခြောက်လှန့်ဖို့ ကျားနက်ဓားပြအဖွဲ့အကြောင်း ထုတ်ပြောတယ်လို့ သူ ထင်နေတာပါ။
“မဟုတ်ပါဘူး” လင်းရှုက ခေါင်းခါပြပြီး ဆက်ပြောတယ်၊ “သူတို့အားလုံးကို ငါတို့ သတ်လိုက်ပြီ”
သတ်လိုက်ပြီ!?
လင်းရှု ပြောလိုက်တာနဲ့ သူတို့အားလုံး အသက်ရှူမှားသွားကြတယ်။ ကျားနက်ဓားပြအဖွဲ့မှာ အနည်းဆုံး လူတစ်ရာကျော် ရှိသလို၊ အစွမ်းထက်တဲ့ အဆင့် ၃ စစ်သည် ငါးယောက်လောက်လည်း ရှိတာလေ။ သူတို့တောင် အဲဒီအဖွဲ့ကို မထိရဲကြပါဘူး။
“မင်းပြောတာကို ငါက ယုံမယ် ထင်နေလား” ကုံးဟောက်ထျန်းက အံ့သြသွားပေမဲ့ ပြုံးပြီး ပြောလိုက်သေးတယ်။
“စမ်းကြည့်ချင်လို့လား” လင်းရှုက မျက်ခုံးပင့်ပြီး မေးလိုက်တယ်။
“ရတာပေါ့!” လင်းရှုရဲ့ ထောင်လွှားတဲ့ ရုပ်ကို ကြည့်ပြီး ကုံးဟောက်ထျန်း ဒေါသထွက်သွားကာ ဓားကို ကိုင်ပြီး လင်းရှုဆီ ပြေးဝင်လာတော့တယ်။
လင်းရှုက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကိုယ်ကို အသာအယာ တိမ်းလိုက်ရုံနဲ့ ချက်ချင်း ရှောင်လိုက်နိုင်တယ်။ လင်းရှုမှာ လှံသေတ္တာနဲ့ ကျောပိုးအိတ်ကို သယ်ထားရပေမဲ့ ဒါက သူ့ရဲ့ အရှိန်ကို မထိခိုက်စေပါဘူး။
လုံးလုံးလေးကလည်း အန္တရာယ်ကို အာရုံခံမိပုံရပြီး သူ့ရဲ့ လက်မောင်းလေးတွေနဲ့ ကိုယ်ကို ဖက်ထားကာ လင်းရှုရဲ့ အိတ်ထဲကို ခုန်ဝင်သွားတယ်။
လင်းရှုက သူ့ဓားကို ရှောင်လိုက်နိုင်တာကို မြင်တော့ ကုံးဟောက်ထျန်း အံ့သြသွားတယ်။ လင်းရှုက အားနည်းတဲ့ စစ်သည်တစ်ယောက်မို့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူးလို့ သူ ထင်ထားတာပါ၊ တစ်ချက်တည်းနဲ့ သတ်နိုင်မယ်လို့လည်း ယုံကြည်နေခဲ့တာ။
ဒါပေမဲ့ အထုပ်အပိုးတွေ အများကြီးနဲ့ လေးလံနေပုံရတဲ့ လင်းရှုက ပျံလွှားငှက်တစ်ကောင်လို ပေါ့ပါးနေပြီး သူ့ဓားချက်ကို ရှောင်နိုင်လိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။
လင်းရှုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တိုက်ကွက်အချို့ကို ရှောင်တိမ်းပြီးနောက် လက်သီးတစ်ချက် ထိုးလိုက်တယ်!
*ဗုန်း*——
လက်သီးက သူ့ပုခုံးကို တိုက်ရိုက် ထိမှန်သွားတာကြောင့် ကုံးဟောက်ထျန်း နောက်ကို အရှိန်နဲ့ လွင့်ထွက်သွားခဲ့တယ်။ တိုက်ခိုက်ရေးဝတ်စုံသာ ဝတ်မထားရင် သူ့ပုခုံးအရိုးကတော့ ကျိုးသွားမှာ အသေအချာပါပဲ။
“သေချင်နေတာပဲ!!!” နောက်က လူတွေက ဒါကို မြင်တော့ အံ့သြသွားပြီး တစ်ယောက်က လက်နက်နဲ့ လင်းရှုဆီ ပြေးဝင်လာပြန်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အေးစက်တဲ့ ဓားသွားတစ်ခုက သူ့လည်ပင်းဆီ ရောက်လာခဲ့တယ်။ လည်ပင်းက စူးခနဲ ဖြစ်သွားတာကြောင့် သူ ဘာမှ မလှုပ်ရဲတော့ပါဘူး။
“ထပ်လှုပ်ရင် ဖြစ်ဖြစ်၊ စကားတစ်လုံး ပြောရင်ဖြစ်ဖြစ် ငါ မင်းကို သတ်မယ်၊ ငါ့ကို ကြည့်ရင်လည်း သတ်မှာပဲ” လျိုယွဲ့က မူလနေရာမှာတင် ရပ်နေပြီး အေးအေးဆေးဆေး ပြောလိုက်တယ်။
အဲဒီလူက တင်းမာသွားပြီး သူ့လည်ပင်းက အရေပြားကနေ သွေးတွေ စီးကျလာတယ်။ သေဘေးကို ကြောက်တာကြောင့် သူ မလှုပ်ရဲတော့ပါဘူး။
“သူ့ကို လွှတ်ပေးလိုက်!!!” ကျန်တဲ့လူတွေက အော်ဟစ်လိုက်ကြတယ်။
“သုံးစက္ကန့်ပဲ ပေးမယ်၊ ထွက်သွားမလား၊ တိုက်မလား” လင်းရှုက လက်ညှိုး သုံးချောင်း ထောင်ပြပြီး ပြောလိုက်တယ်။
ကုံးဟောက်ထျန်းက သူ့ဒဏ်ရာကို ဖိထားရင်း လင်းရှုကို သွားကြိတ်ကာ စိုက်ကြည့်နေတယ်။ အခု အခြေအနေက သူ့အတွက် အရမ်း အားနည်းနေပြီလေ၊ လင်းရှုက သူ့ခွန်အားကို ဖုံးကွယ်ထားတာ သိသာသလို၊ အနားမှာလည်း အဆင့် ၄ စစ်သည် တစ်ယောက် ရှိနေတာဆိုတော့ ဆက်တိုက်နေရင်...
“သွားကြမယ်!!!” ကုံးဟောက်ထျန်းက မကျေမနပ်နဲ့ ပြောလိုက်တယ်။
လျိုယွဲ့က အဲဒီလူ့လည်ပင်းကနေ ဓားကို ဖယ်လိုက်ပြီး ဓားသွားပေါ်က သွေးတွေကို ခါထုတ်လိုက်တယ်။ ကုံးဟောက်ထျန်းက လင်းရှုကို စိုက်ကြည့်ရင်း သူ့လူလေးယောက်နဲ့အတူ ထွက်သွားတော့တယ်။ လည်ပင်းမှာ ဓားနဲ့ အချိန်ခံလိုက်ရတဲ့ လူကတော့ သေဘေးက သီသီလေး လွတ်လာတာမို့ နောက်ကိုတောင် လှည့်မကြည့်ရဲတော့ပါဘူး။
“ကျေးဇူးတင်ပါတယ် စီနီယာ!” ကျန်းရင်က သက်ပြင်းချလိုက်တယ်။ သူတို့က အဆင့် ၃ စစ်သည်တွေ ဖြစ်လာကာစမို့ သိပ်မသန်မာကြသေးပါဘူး။ လင်းရှုနဲ့သာ မတွေ့ရင် သူတို့တော့ သွားပြီလေ။
“ပြီးတော့ မင်းကိုလည်း ကျေးဇူးတင်ပါတယ်...” ကျန်းရင်က လျိုယွဲ့ကို ကြည့်လိုက်ပေမဲ့ လျိုယွဲ့ရဲ့ မျက်လုံးတွေက အေးစက်နေပြီး သူတို့ကို ကြည့်တောင် မကြည့်တာကြောင့် သူတို့ အနည်းငယ် အနေရခက်သွားကြတယ်။
“ငါ့ကို စီနီယာလို့ မခေါ်ပါနဲ့၊ လင်းရှုလို့ပဲ ခေါ်ပါ” လင်းရှုက အနေရခက်စွာ ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ စီနီယာ” ကျန်းရင်က ခေါင်းညိတ်ပြလိုက်တာကြောင့် လင်းရှုမှာ ပြောစရာ စကားတောင် မရှိတော့ပါဘူး။
“မင်းရဲ့ ဒဏ်ရာတွေ ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား” လင်းရှုက လျိုယွဲ့ မျက်မှောင်ကြုတ်နေတာကို တွေ့လိုက်ရလို့ အခုနက လှုပ်ရှားမှုက ဒဏ်ရာကို ထိခိုက်သွားတာ သိသာပါတယ်။
လျိုယွဲ့က ခေါင်းခါပြတယ်။ လင်းရှုလည်း သူမရဲ့ စရိုက်ကို သိတာကြောင့် ဘာမှ ထပ်မပြောတော့ပါဘူး။
“မင်းတို့က သန့်စင်သောနယ်မြေအကယ်ဒမီက ကျောင်းသားတွေလား” အခုနက သူတို့ပြောတာကို ကြားခဲ့လို့ လင်းရှု အံ့သြပြီး မေးလိုက်တယ်။
“ဟုတ်ကဲ့၊ ကျွန်တော်တို့က လူသစ်တွေပါ၊ ဒါပေမဲ့ ကျောင်းလိပ်စာက သေမင်းလမ်းကြောင်းရဲ့ အဆုံးမှာမို့ တစ်ခါမှ မရောက်ဖူးသေးဘူး” ကျန်းရင်က ပြုံးပြီး ပြောတယ်။ “ပြီးတော့ အဲဒီ ကုံးဟောက်ထျန်းဆိုတဲ့ လူက ကျွန်တော်တို့ မြို့က တခြားကျောင်းက ထူးချွန်သူတစ်ယောက်ပါ၊ ဒါပေမဲ့ သူက အရမ်း ကြမ်းတမ်းတယ်”
ကြမ်းတမ်းရုံတင် မဟုတ်ပါဘူး၊ ကျန်းရင်ကို သတ်ဖို့တောင် လုပ်ခဲ့တာလေ။ အဲဒီအကြောင်း ပြန်စဉ်းစားမိရင် သူ အခုထိ ကြောက်နေတုန်းပါပဲ။
“စီနီယာ... စီနီယာတို့ကော ဘယ်သွားမလို့လဲ” ကျန်းရင်က မေးတယ်။
“သန့်စင်သောနယ်မြေအကယ်ဒမီကိုပဲ” လင်းရှုက ဖြေတယ်။
“စီနီယာက သန့်စင်သောနယ်မြေအကယ်ဒမီက ဆရာလား” ကျန်းရင်နဲ့ တခြားလူတွေက အံ့သြသွားကြတယ်။
“ငါတို့လည်း လူသစ်တွေပါပဲ”
“ဘာ!” လင်းရှုရဲ့ စကားကို ကြားတော့ ကျန်းရင်နဲ့ တခြားလူတွေ ကြောင်အသွားကြတယ်။ အထူးသဖြင့် ကျန်းရင်ပေါ့။ သူက လင်းရှုကို ပညာရှင်တစ်ယောက်လို့ ထင်ထားတာလေ၊ သူတို့ထက်လည်း အသက်ကြီးမယ်လို့ ယူဆထားတာ။
ဒါပေမဲ့ လင်းရှုကလည်း လူသစ်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ လင်းရှုနဲ့ လျိုယွဲ့ကို အနီးကပ် ကြည့်လိုက်တော့ နှစ်ယောက်စလုံးက ၁၇ နှစ်၊ ၁၈ နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။
ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် သန်မာနေကြတာလား။ တကယ်ကို မယုံနိုင်စရာပဲ!