အခန်း ၁၃၄ - အိုအေစစ်၊၊
ဤနေရာ၏ ပတ်ဝန်းကျင်ကြောင့်များလား၊၊
'ကျင့်စဉ်' က အရင်ကထက် ဘာကြောင့် ပိုထိရောက်နေမှန်း သူ မသိသော်လည်း လင်းရှု အများကြီး မတွေးတော့ဘဲ ဆက်လက် ကျင့်ကြံနေလိုက်သည်၊၊
သို့သော် သန်းခေါင်ယံအချိန်တွင် လင်းရှု ကျင့်ကြံနေစဉ် သူ၏ဘေးဘက်မှ သဲကန္တာရလေပြင်းများ တိုက်ခတ်လာပြီး သဲမှုန်များမှာ သူ၏မျက်နှာကို လာမှန်သဖြင့် အနည်းငယ် နာကျင်လာသည်၊၊
ဘာဖြစ်တာလဲ၊၊
ကျင့်ကြံခြင်း အခြေအနေထဲတွင် ရှိနေသော လင်းရှုမှာ ချက်ချင်းပင် သတိဝင်လာသည်၊၊ သူ မျက်လုံးကို ကျုံ့ကြည့်လိုက်သည့်အခါ လေပြင်းများ စတင် တိုက်ခတ်လာပြီး သဲမုန်တိုင်းတစ်ခု ကျရောက်တော့မည့်အလား သဲများစွာမှာ သူ၏မျက်နှာကို ရိုက်ခတ်နေသည်၊၊
သူ၏ ပုခုံးပေါ်ရှိ ထူးဆန်းသော သတ္တဝါလေးမှာလည်း လက်သေးသေးလေးများဖြင့် ကိုယ့်ကိုယ်ကိုယ် ဖက်ထားသည်၊၊
"အရင်ဆုံး ကျောပိုးအိတ်ထဲ ဝင်နေလိုက်ဦး၊ ငါ့ရဲ့ ပုံဆောင်ခဲတွေကိုတော့ ခိုးမစားနဲ့ဦးနော်၊၊" လင်းရှု ပုခုံးပေါ်မှ အကောင်လေးကို လှမ်းယူလိုက်သည်၊၊
၎င်းမှာ လင်းရှု၏ စကားကို နားလည်ပုံရပြီး ကျောပိုးအိတ်ထဲသို့ ခုန်ဝင်သွားသည်၊၊
လင်းရှု ထရပ်ကာ လှံသေတ္တာကို ပြန်လည် လွယ်ပိုးလိုက်ပြီး အခြားတစ်ဖက်သို့ လှည့်ကာ အမြန် ပြေးတော့သည်၊၊
ရှေ့ဘက်တွင် ကြီးမားလှသော လေဆင်နှာမောင်းကြီးတစ်ခု ပေါ်လာသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်၊၊
သဲမုန်တိုင်းပဲ၊၊
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပင်၊၊ ဟိုတစ်နေ့ကမှ အပျက်အစီးများထဲ ကျခဲ့ပြီး အပြင်ရောက်လာတော့လည်း ဒီသဲမုန်တိုင်းနှင့် လာတိုးနေပြန်သည်၊၊
လင်းရှုသည် အခြားတစ်ဖက်သို့ ပြေးသွားပြီး လေဆင်နှာမောင်း၏ အလယ်ဗဟိုနှင့် ဝေးရာသို့ ရှောင်ရှားလိုက်သည်၊၊
သူ တတ်နိုင်သမျှ အမြန်ဆုံး ပြေးခဲ့ရာ တဖြည်းဖြည်းနှင့် လေတိုက်နှုန်း လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်၊၊
မုန်တိုင်း၏ ဗဟိုချက်နှင့် ဝေးဝေးနေနိုင်လျှင် ကျန်သည့်အရာများက သူ့ကို သိပ်ပြီး အန္တရာယ် မပေးနိုင်ပေ၊၊
ထိုသို့ ထိတ်လန့်သွားပြီးနောက် လင်းရှု အိပ်ချင်စိတ်လည်း ပျောက်သွားတော့သည်၊၊
သူ ဆက်လက် လျှောက်လှမ်းနေစဉ် မြေပြင်ပေါ်၌ ထူးဆန်းသော ကင်းမြီးကောက်များနှင့် အခြားသော မိစ္ဆာကောင်အချို့ကို ရံဖန်ရံခါ တွေ့ရသော်လည်း ၎င်းတို့မှာ အဆင့် ၃ ခန့်သာ ဖြစ်သဖြင့် လင်းရှု အလွယ်တကူပင် အပြတ်ရှင်းနိုင်ခဲ့သည်၊၊
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လင်းရှုသည် ဆင့်ကဲပြောင်းလဲထားသော သားရဲများကို သတ်ဖြတ်ကာ ပုံဆောင်ခဲများကို စုဆောင်းရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေခဲ့သည်၊၊
ရှေ့သို့ လျှောက်လာရင်း လေပြင်းများ တိုက်ခတ်မှုကြောင့် သဲအောက်တွင် မြှုပ်နှံနေသော အရိုးစုအချို့ ပေါ်ထွက်လာသည်ကို လင်းရှု တွေ့လိုက်ရသည်၊၊
စစ်သည်များ၏ အရိုးစုများပင်၊ သဲကန္တာရတစ်ခုလုံးမှာ စစ်သည်များ၏ အရိုးစုများဖြင့် ပြည့်နှက်နေသည်၊၊
ဒါက အမှန်တကယ်ပဲ သေမင်းတမန်လမ်းမကြီး ဖြစ်သည်၊၊ တစ်နေရာလုံး သဲကန္တာရကြီးဟု ထင်ရသော်လည်း ဤမျှများပြားသော အရိုးစုများ မြှုပ်နှံထားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း၊၊
အရိုးစုအချို့ပေါ်တွင် ရွှေရောင် ပိုးကောင်လေးများစွာ ရှိနေပြီး အရိုးများကို တဖြည်းဖြည်း ကိုက်ခဲနေကြသည်၊၊
အရိုးစားပိုးကောင်လား၊၊
လင်းရှု တွန့်ဆုတ်မနေဘဲ မီးငှက်တစ်ကောင်ကို ထုတ်လွှတ်လိုက်သော်လည်း ဤအကောင်များမှာ မီးဒဏ်ကို ခံနိုင်ရည်ရှိပုံရသည် - ၎င်းတို့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပေ၊၊
ထိုမျှမက မီးတောက်များက သူတို့ကို ပိုမို ဒေါသထွက်စေပုံရပြီး လေပြင်းများ တိုက်ခတ်နေသည့်ကြားမှ လင်းရှုထံသို့ ပြေးဝင်လာကြသည်၊၊
တောက်၊၊
လင်းရှု ဆဲလိုက်ပြီး အမြန် ပြေးထွက်ခဲ့ရသည်၊၊
ဤသဲကန္တာရထဲတွင် ထူးဆန်းသော အရာများ အလွန် များပြားလှသည်၊၊
တစ်ပတ်တာ အချိန်မှာ အလွန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး လင်းရှုသည် ဤတစ်ပတ်လုံး သဲကန္တာရထဲ၌သာ ရှေ့သို့ လျှောက်လှမ်းနေခဲ့သည်၊၊
သဲကန္တာရကြီးမှာ အလွန် ကျယ်ပြောလှသဖြင့် လူတစ်ဦးတစ်ယောက်ကိုပင် မတွေ့ရပေ၊၊
"လုံးလုံးလေး၊ မင်း ငါ့ရဲ့ ပုံဆောင်ခဲ ဘယ်နှလုံးတောင် စားပြီးပြီလဲ၊၊" လင်းရှုသည် အနက်ရောင် လှံရှည်ကို ကိုင်ကာ ကြီးမားသော သဲတီကောင်ကြီးတစ်ကောင်ကို သတ်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပုံဆောင်ခဲကို တူးထုတ်ရင်း ပါးစပ်အပြည့် စားနေသော အပြာရောင် အလုံးလေးကို လှမ်းပြောလိုက်သည်၊၊
ဤအကောင်လေးတွင် အက်ကွဲကြောင်းနှင့်တူသော ပါးစပ်လေး ပါလာသည်ကို လင်းရှု မကြာခင်ကမှ သတိပြုမိခြင်း ဖြစ်သည်၊၊ ၎င်းက ပါးစပ်မဖွင့်ထားလျှင် လုံးဝ သတိထားမိမည် မဟုတ်ပေ၊၊
၎င်း၏ ကိုယ်ထည်မှာ အလွန် လုံးဝန်းသဖြင့် လင်းရှုက 'လုံးလုံးလေး' ဟုပင် အမည်ပေးထားလိုက်သည်၊၊
လုံးလုံးလေးမှာ ထိုအချိန်တွင် ပုံဆောင်ခဲကို ဝမ်းသာအားရ ကိုက်စားနေသည်၊၊
လင်းရှု ဤမြင်ကွင်းကို ကြည့်ကာ ရယ်ရမလို ငိုရမလို ဖြစ်နေသော်လည်း သူ၏ ကျောပိုးအိတ်ထဲတွင် အဆင့် ၃ ပုံဆောင်ခဲများစွာ ရှိနေသဖြင့် လုံးလုံးလေးကို အချို့ စားခွင့်ပြုထားလိုက်သည်၊၊
ဤရက်များအတွင်း လင်းရှု အတော်လေး ပျင်းနေခဲ့သည်၊၊
သဲကန္တာရမှာ အဆုံးကို မမြင်ရသဖြင့် ဤအကောင်လေးသာလျှင် သူ၏ အဖော် ဖြစ်နေသည်၊၊
သို့သော် လင်းရှု ဝမ်းသာရသည်မှာ ဤအကောင်လေးမှာ အလုံးလေးသာ ဖြစ်သော်လည်း အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင်ကဲ့သို့ အလွန် မြန်ဆန်စွာ ပြေးနိုင်ခြင်း ဖြစ်သည်၊၊ လင်းရှု ဆင့်ကဲပြောင်းလဲထားသော သားရဲများကို သတ်နေစဉ် လုံးလုံးလေးက ၎င်းတို့၏ ကိုယ်ထဲမှ ပုံဆောင်ခဲများကို တူးထုတ်ပေးသည်၊၊
၎င်းက သူ့အတွက် အချိန်ကုန် အများကြီး သက်သာစေသည်၊၊
"ဒီသဲကန္တာရရဲ့ အဆုံးက ဘယ်မှာလဲ..." လင်းရှု ရှေ့သို့ ဆက်လျှောက်ရင်း သက်ပြင်းချလိုက်သည်၊၊
တစ်ပတ်တောင် ရှိပြီ၊ သူ ဤသဲကန္တာရထဲ ရောက်နေသည်မှာ တစ်ပတ် ရှိပြီဖြစ်သော်လည်း အဆုံးကို မမြင်ရသေးသလို လူသားတစ်ဦးကိုပင် မတွေ့ရသေးပေ၊၊
သူသည် အားအင်များ ဖြည့်တင်းရန်အတွက် အာဟာရဖြည့်အရည်များကိုသာ တစ်နေ့လုံး သောက်နေရသဖြင့် အန်ချင်စိတ်ပင် ပေါက်နေပြီ ဖြစ်သည်၊၊
ခရီးဆက်ပြီး မကြာမီမှာပင် လင်းရှုသည် ရှေ့ဘက်၌ အိုအေစစ်တစ်ခုကို ဝေဝါးစွာ မြင်လိုက်ရသည်၊၊
၎င်းကို မြင်လိုက်ရသည့်အခါ လင်းရှု မျက်လုံးကို ပွတ်ကြည့်လိုက်သည်၊၊ ယခုရက်ပိုင်းအတွင်း သူသည် မျက်လှည့်ပြကွက်များကို ခဏခဏ မြင်နေရသဖြင့် ဤအရာမှာလည်း ထင်ယောင်ထင်မှား ဖြစ်နေတာလားဟု တွေးမိသည်၊၊
ခေတ္တ တွန့်ဆုတ်နေပြီးမှ လင်းရှု ရှေ့သို့ ဆက်လက် လျှောက်သွားသည်၊၊
သို့သော် ထိုနေရာသို့ ရောက်သွားသည့်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ အတိုင်းမသိ ဝမ်းသာသွားသည်၊၊
အိုအေစစ်၊ အမှန်တကယ်ပဲ အိုအေစစ် ဖြစ်သည်၊၊
ပြီးတော့ အလယ်မှာ ရေကန်ကြီး တစ်ခုတောင် ရှိသေးသည်၊၊
တကယ့်ကို အံ့အားသင့်စရာပဲ၊၊
လင်းရှုသည် ဝမ်းသာအားရ ရေကန်ဆီသို့ လျှောက်သွားပြီး ရေထဲသို့ တိုက်ရိုက် ခုန်ဆင်းရန် ပြင်လိုက်စဉ်မှာပင် အေးစက်သော အလင်းတန်းတစ်ခုကို သတိပြုမိလိုက်သည်၊၊
ဒေါင်၊၊
လင်းရှု သူ၏ လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်စက္ကန့်တွင် ဓားရှည်တစ်လက်မှာ ထိုအေးစက်သော အလင်းတန်းကို တိုက်ရိုက် ထိမှန်သွားပြီး စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်၊၊
တစ်ယောက်ယောက် ရှိနေတာလား၊၊
ပြီးတော့ သူ လုံးဝ သတိမထားမိခဲ့ပေ၊ ထို့ကြောင့် ဤလူမှာ သူ့ထက် ပို၍ သန်မာမည်မှာ သေချာသည်၊၊
ဓား၊ ၎င်းမှာ အလွန် ထက်မြက်လှသော ဓားရှည်တစ်လက် ဖြစ်သည်၊၊
ဓားချက်များ တရစပ် ရောက်ရှိလာသည်နှင့်အမျှ သံချင်းထိခိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်၊၊
လင်းရှု၏ လက်မောင်းများမှာ ဓားအရှိန်ကြောင့် နာကျင်နေပြီး အရေပြားများမှာလည်း အနည်းငယ် ကွဲအက်သွားသလို ခံစားလိုက်ရသည်၊၊
လင်းရှု စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်၊၊
တကယ့်ကို အံ့သြစရာကောင်းတဲ့ ဓားပညာပဲ၊၊
"ဟင့်၊၊" လင်းရှု အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အတည်အပေါက် ပြန်လည် တိုက်ခိုက်တော့သည်၊၊ သူ၏ လှံရှည်မှာ အသည်းအသန် ထိုးနှက်လိုက်ရာ အေးစက်သော အလင်းစက်များစွာ ထွက်ပေါ်လာသည်၊၊
သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကြယ်စင်တန်းများ ဖြစ်သွားသကဲ့သို့ပင်၊၊
သို့သော် ဓားကိုင်ထားသော ထိုသူ၏ ဓားပညာမှာလည်း အလွန် အစွမ်းထက်လှသဖြင့် လင်းရှု၏ တိုက်ကွက်အားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်၊၊
သူမသည် အလွန် လျင်မြန်လှပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကြားတွင် ပုန်းကွယ်နေသည်၊၊ လင်းရှု ထိုသူကို သေသေချာချာ မမြင်ရသဖြင့် သူ၏ အာရုံခံစားမှုအပေါ်သာ အခြေခံပြီး အသည်းအသန် တိုက်ခိုက်နေရသည်၊၊
သို့သော် လင်းရှု အံ့အားသင့်သွားရသည်မှာ သူ ဆက်တိုက် တိုက်ခိုက်နေစဉ် ထိုသူမှာ ပိုမို အားနည်းလာပုံ ရခြင်း ဖြစ်သည်၊၊
ဘာဖြစ်နေမှန်း သူ မသိသော်လည်း ၎င်းမှာ အခွင့်ကောင်း တစ်ခုပင် ဖြစ်သည်၊၊
'နှင်းဆီမုန်တိုင်း'၊၊
ဤတစ်ကြိမ်တွင်မူ သူ၏ တိုက်ကွက်မှာ တစ်ဖက်လူ၏ ဓားပညာကို ဖရိုဖရဲ ဖြစ်သွားစေသည်၊၊
နောက်ထပ် တစ်ချက် ထိုးနှက်ရန် ပြင်လိုက်စဉ်မှာပင် လင်းရှု ကြောင်အသွားသည်၊၊
သူမ၏ မျက်နှာကို မမြင်ရသော်လည်း လင်းရှုသည် သူမ၏ ဝတ်စုံကို အတော်လေး ရင်းနှီးနေသည်၊၊ ဒါ... သူမလား၊၊
"မင်းလား၊၊”