အခန်း ၁၂၃ - ပြုတ်ကျခြင်း၊၊
"ကျွန်တော်တို့ ခင်ဗျားအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး၊ တစ်ခုခုနဲ့ လဲလှယ်ချင်ရုံတင်ပါ၊၊" ကျန်းရင်က လင်းရှုကို ကြည့်ကာ ပြောလိုက်သည်၊၊
"လဲလှယ်မယ်" ထိုစကားကို ကြားသောအခါ လင်းရှု အနည်းငယ် အံ့အားသင့်သွားသည်၊၊
"ကျွန်တော်တို့ လက်နက်ပြုလုပ်ဖို့အတွက် ဒီဟာမစ် တီကောင်ရဲ့ သွားတွေကို လိုအပ်လို့ပါ၊၊" ကျန်းရင်က စိတ်မကောင်းစွာ ပြုံးလျက် လင်းရှုကို ပြောပြသည်၊၊
"ဒါဆို ဘာနဲ့ လဲမှာလဲ၊၊" လင်းရှု၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွှတ်သွားပြီး စိတ်ဝင်တစား မေးလိုက်သည်၊၊
လင်းရှုအနေဖြင့် ထိုပစ္စည်းများကို ပေးရန် ဝန်မလေးပါ၊၊ သူကိုယ်တိုင်လည်း လွှင့်ပစ်ရန်သာ စိတ်ကူးထားခြင်းဖြစ်ပြီး အခုလို လဲလှယ်မည့်သူ ရှိလာခြင်းမှာ အခွင့်အရေးတစ်ခုပင် ဖြစ်သည်၊၊
"အဆင့် ၄ ပုံဆောင်ခဲတစ်ခုနဲ့ဆိုရင်ရော ဘယ်လိုလဲ၊၊" ကျန်းရင်က သူ၏ အိတ်ကပ်ထဲမှ ပုံဆောင်ခဲတစ်ခုကို ထုတ်ကာ မေးလိုက်သည်၊၊
လင်းရှုက ထိုအချိန်တွင် ချက်ချင်း အဖြေမပေးဘဲ နေသဖြင့် ကျန်းရင်မှာ စိုးရိမ်သွားသည်၊၊ သူ့တွင် အခုလောလောဆယ် အကြီးမားဆုံး ပေးနိုင်သည့်အရာမှာ ဤပုံဆောင်ခဲသာ ဖြစ်သည်၊၊
"ကောင်းပြီလေ၊၊" လင်းရှု ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ ရယ်နေမိသည်၊၊ တကယ်အလိုက်မသိတဲ့ လူတွေပဲ၊ အဆင့် ၄ ပုံဆောင်ခဲကို အလကားနီးပါး ရလိုက်တာပဲ၊၊
"ကျေးဇူးတင်ပါတယ်၊၊"
အပြာရောင် ပုံဆောင်ခဲကို ရရှိပြီးနောက် ကျန်းရင်နှင့် အခြားသူများမှာ ဟာမစ် တီကောင်၏ အလောင်းရှိရာသို့ သွားကြသည်၊၊
ထိုသားရဲ အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူတို့သည် တီကောင်၏ သွားများကို ဆွဲထုတ်ရန် ကိရိယာများကို ထုတ်ယူလိုက်ကြသည်၊၊
လင်းရှုသည် ပုံဆောင်ခဲကို ယူကာ ရှေ့သို့ တည့်တည့် ဆက်လျှောက်လာခဲ့သည်၊၊
မွန်းလွဲပိုင်း နေရောင်ခြည်မှာ တိမ်ကင်းစင်သော ကောင်းကင်တွင် ထွန်းလင်းနေပြီး အပြာရောင်တောအုပ်ထဲမှ မုန်တိုင်းနှင့် လုံးဝ ကွဲပြားနေသည်၊၊
တဖြည်းဖြည်းနှင့် လေပြေလေးများ တိုက်ခတ်လာပြီး မြေပြင်ပေါ်ရှိ ရွှေရောင်သဲပွင့်လေးများမှာ လွင့်စင်နေသည်၊၊
သို့သော် လင်းရှု လမ်းလျှောက်နေစဉ် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်၊၊ အဘယ်ကြောင့်ဆိုသော် သူ၏ ခြေလှမ်းများမှာ သဲထဲသို့ နစ်ဝင်နေသောကြောင့် ဖြစ်သည်၊၊
ဝုန်း၊၊
ထိုအချိန်တွင် လေမှာ ပိုမို ပြင်းထန်လာပြီး သဲပွင့်များမှာ သူ၏ မျက်နှာကို လာမှန်နေသည်၊၊
သူ၏ ခြေထောက်အောက်မှ သဲပြင်မှာ ရွှံ့နွံတစ်ခုကဲ့သို့ ဖြစ်သွားပြီး သူသည် အောက်သို့ တိုက်ရိုက် နစ်ဝင်သွားတော့သည်၊၊
'ဘာဖြစ်တာလဲ'
လင်းရှု မျက်မှောင်ကြုတ်ကာ အားကုန်သုံးပြီး တစ်ဖက်သို့ ခုန်ကူးလိုက်သည်၊၊
သို့သော် လင်းရှု ဆင်းသက်လိုက်သည့် နေရာတွင်လည်း သူ၏ တစ်ကိုယ်လုံးမှာ နစ်ဝင်သွားပြန်သည်၊၊
'တောက်'
ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လင်းရှု စိတ်ထဲမှ ကျိန်ဆဲရင်း အောက်ခြေသို့ ပြုတ်ကျသွားတော့သည်၊၊
မှောင်အတိ၊၊ လုံးဝကို မှောင်အတိ ကျနေသည်၊၊
လင်းရှု သူ၏ ကျောပြင်မှာ ပြင်းထန်စွာ နာကျင်နေသည်ကို ခံစားလိုက်ရသည်၊၊ သူ၏ ကျောပေါ်ရှိ လှံဘူးမှာ အလွန်မာကျောသဖြင့် မပျက်စီးသော်လည်း သူ၏ ကျောမှာမူ နာကျင်နေသည်၊၊
ထိုအချိန်တွင် လင်းရှုသည် အနက်ရောင် လှံရှည်ကို ကိုင်ကာ အားစိုက်လိုက်သဖြင့် လှံမှ မီးတောက်များ ထွက်ပေါ်လာသည်၊၊
ထိုစွမ်းရည်မှ ထွက်လာသော အလင်းရောင်ဖြင့် လင်းရှုသည် အရင်က ထျန်းကျီ ပေးထားသော ညကြည့်မှန်ပြောင်းကို ထုတ်ကာ တပ်ဆင်လိုက်သည်၊၊
လင်းရှု ခလုတ်ကို နှိပ်လိုက်သည့်အခါ ညကြည့်မှန်ပြောင်းပေါ်ရှိ မီးသီးလေးမှာ လင်းလာပြီး သူ၏ မြင်ကွင်းမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်၊၊
လင်းရှု အပေါ်သို့ မော့ကြည့်လိုက်ရာ အပေါ်တွင် သဲများ ပြည့်နှံ့နေသည်၊၊ ထိုသဲများက အောက်သို့ ဘာကြောင့် ပြိုမကျလာသလဲဆိုသည်ကို သူ မသိပေ၊၊
ဤမျှ မြင့်သော အမြင့်ကို သူ လုံးဝ ခုန်တက်၍ မရနိုင်ပါ၊၊
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အပြာရောင် သံနံရံများဖြင့် ဝန်းရံထားပြီး ထိုနံရံများပေါ်တွင် ထူးဆန်းသော ပုံစံများ ရှိနေသည်ကို တွေ့ရသည်၊၊
'ဒါက... ရှေးဟောင်းအဆောက်အအုံများလား'
လင်းရှု အံ့အားသင့်သွားသည်၊၊ လွန်ခဲ့သော ရာစုနှစ်များစွာက လူသားမျိုးနွယ်တွင် မတူညီသော ယဉ်ကျေးမှုများစွာ ရှိခဲ့ပြီး ပြင်ပကမ္ဘာမှ သတ္တဝါများကို တိုက်ခိုက်ချိန်တွင် အခြေစိုက်စခန်းများစွာ ချန်ထားခဲ့ကြသည်၊၊
ယေဘုယျအားဖြင့် ထိုအခြေစိုက်စခန်းများတွင် ရတနာများသာမက... မိစ္ဆာ သတ္တဝါများလည်း ရှိတတ်သည်၊၊
လင်းရှု အသက်ကို အောင့်ထားကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်၊၊
ဤဥမင်လိုဏ်ခေါင်းမှာ လေးထောင့်ပုံစံ ဖြစ်သည်၊၊ ရှေ့သို့ လျှောက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အပြာရောင် သံနံရံများကို မြင်နေရသည်၊၊ ထိုနံရံများပေါ်တွင် ပုံစံတူ အချိုင့်လေးများစွာ ရှိနေသည်၊၊
သူ ဆက်လက် လျှောက်သွားစဉ်မှာပင် လင်းရှုသည် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်၊၊
အသံက... ရေထွက်ပေါက်တစ်ခုလိုပဲ၊၊
ရှဲရှဲရှဲ၊၊
ထိုအချိန်တွင် အဝေးမှ အသံများ ထွက်ပေါ်လာပြီး အမှောင်ထဲတွင် တောက်ပနေသော နီရဲရဲ မျက်လုံးလေးများစွာကို မြင်လိုက်ရသည်၊၊
အဆင့် ၃ ရွှေရောင်ကြွက်များ၊၊
၎င်းတို့မှာ သာမန် အိမ်ကြွက်များနှင့် မတူဘဲ အလွန်ကြီးမားကာ ယုန်အရွယ်ခန့် ရှိကြသည်၊၊ ပို၍ ကြောက်စရာကောင်းသည်မှာ ၎င်းတို့၏ ပါးစပ်ထဲတွင် အတွင်းဘက်သို့ ကွေးနေသော ဆူးသွားများ စီတန်းနေခြင်းပင်၊၊
လင်းရှု ၎င်းတို့ကို မြင်သောအခါ ထိတ်လန့်သွားပြီး အနက်ရောင် လှံရှည်ကို အမြန်ဝှေ့ယမ်းကာ ရှေ့သို့ တိုးဝင်လိုက်သည်၊၊
ဂျိမ်းဂျိမ်း၊၊
ထိုအကောင်များနှင့် မနီးကပ်မီမှာပင် လင်းရှုသည် လက်ထဲမှ လှံရှည်ကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ရာ ဖီးနစ်ငှက်များစွာ ချက်ချင်း ပျံထွက်သွားသည်၊၊
သို့သော် ထိုဖီးနစ်များမှာ ရွှေရောင်ကြွက်များအပေါ် ထိရောက်မှု သိပ်မရှိလှပေ၊၊ နောက်တစ်စက္ကန့်တွင် ကြွက်အုပ်ကြီးမှာ လင်းရှုထံသို့ အုံခဲပြေးဝင်လာကြသည်၊၊
'နှင်းဆီမုန်တိုင်း'
လင်းရှုသည် ဤအချိန်တွင် အစွမ်းကုန် အားစိုက်ထုတ်လိုက်သည်၊၊ လှံသွားမှာ အေးစက်သော အလင်းတန်းများကဲ့သို့ တောက်ပနေသော ကြယ်တာရာများအလား အဆက်မပြတ် ထိုးနှက်နေသည်၊၊ အနက်ရောင် လှံရှည်၏ ထက်မြက်မှုနှင့် သူ၏ ကိုယ်ပိုင် အားအင်များကြောင့် ကြွက်တစ်ဒါဇင်ခန့်မှာ သေဆုံးသွားသည်၊၊
သူ၏ စိတ်ထဲတွင် အသိပေးချက်များ အဆက်မပြတ် မြည်နေသော်လည်း လင်းရှု ဂရုမစိုက်နိုင်ပါ၊၊ သူသည် အဆင့်တက်ရန်အတွက် အတွေ့အကြုံများစွာ လိုအပ်နေသေးသည်၊၊
ရွှေရောင်ကြွက်များမှာ ပိုမို များပြားလာပြီး လင်းရှုသည် လှံဖြင့် အသည်းအသန် တိုက်ခိုက်နေရသည်၊၊ သူသည် အဆင့် ၃ ရွှေရောင်ကြွက် တစ်ရာနီးပါးကို သတ်ဖြတ်ခဲ့ပြီး အဆင့် ၃ ပုံဆောင်ခဲ တစ်ရာကျော်ကို ရရှိခဲ့သည်၊၊
သို့သော် ဤအရာမှာ လင်းရှုအတွက် အလွန်ပင်ပန်းလှသည်၊၊ အနက်ရောင် လှံရှည်မှာ အလွန်လေးလံလှပြီး 'နှင်းဆီမုန်တိုင်း' စွမ်းရည်ကို အဆက်မပြတ် အသုံးပြုရခြင်းမှာ အလွန်ပင်ပန်းစေသည်၊၊
ထိုအချိန်တွင် လင်းရှုသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အမောတကော အသက်ရှူနေမိသည်၊၊ ထို့နောက် ပုံဆောင်ခဲများအားလုံးကို သူ၏ ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်၊၊
ဤနေရာမှာ အတွေ့အကြုံနှင့် ပုံဆောင်ခဲများ ရယူရန် အလွန်ကောင်းသော နေရာပင် ဖြစ်သည်၊၊
လင်းရှု ပင်ပန်းနေသော်လည်း ဤအခြေအနေမှာ မဆိုးလှဟု သူ ယူဆသည်၊၊
သို့သော် ထိုအချိန်တွင် ရွှေရောင်ကြွက်များ ထပ်မံ ပြေးမလာတော့ပေ၊၊ ပြန်စဉ်းစားကြည့်လျှင် ခုနက ဖြစ်ပျက်ခဲ့သည်မှာ ထူးဆန်းလှသည်၊၊ ထိုအကောင်များမှာ သူ့ကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ တစ်ခုခုထံမှ ထွက်ပြေးနေကြခြင်းနှင့် တူသည်၊၊
ဤထူးဆန်းသော ဥမင်လိုဏ်ခေါင်းမှာ အရပ်မျက်နှာအနှံ့သို့ ဆန့်ထွက်နေပြီး အဆုံးက ဘယ်မှာလဲ၊ ဘယ်လို ပြန်ထွက်ရမလဲဆိုတာ သူ လုံးဝ မသိပေ၊၊
'တစ်ယောက်ယောက် ရှိနေတာလား'
ထိုအချိန်တွင် လင်းရှုသည် ရှေ့ဘက်မှ ခြေသံများကို ကြားလိုက်ရသည်၊၊ ထိုခြေသံများမှာ အလွန်တိုးသော်လည်း တစ်ယောက်ယောက်က တမင်တကာ ခြေသံလုံအောင် လျှောက်နေခြင်းဖြစ်ကြောင်း လင်းရှု သိလိုက်သည်၊၊
လင်းရှုသည် ညကြည့်မှန်ပြောင်းမှ မီးကို ပိတ်လိုက်သည်၊၊ ညကြည့်စနစ်ကြောင့် သူသည် အရင်ကလောက် မရှင်းလင်းသော်လည်း မြင်နေရဆဲပင် ဖြစ်သည်၊၊