အခန်း ၁၁၉ - မိုးထဲလေထဲက ပြင်းထန်သော တိုက်ခိုက်မှု၊၊
လင်းရှူဟာ အဲဒီကိုယ်ခံစွမ်းရည် ကျင့်စဉ်ထဲမှာ စိတ်နှစ်ထားမိပါတယ်၊၊
ဒီကျင့်စဉ်ရဲ့ ထူးခြားချက်ကတော့ ကိုယ်ခန္ဓာကို ပျံလွှားငှက်လေးတစ်ကောင်လို ပေါ့ပါးသွက်လက်သွားစေတာပဲ ဖြစ်တယ်၊၊
ဒါပေမဲ့ သူ့မှာ အားနည်းချက်လည်း ရှိပါတယ်၊၊ အဲဒါကတော့ ရှောင်တိမ်းနိုင်စွမ်းက သိပ်မကောင်းလှဘဲ အရှိန်အဟုန် မြန်ဆန်တာကိုပဲ အဓိကထားတာ ဖြစ်လို့ ရန်သူ့တိုက်ကွက်တွေကို ရှောင်ဖို့အတွက် ကျင့်ကြံသူရဲ့ ကိုယ်ပိုင်တုံ့ပြန်မှု စွမ်းရည်ပေါ်မှာပဲ အများကြီး မူတည်နေတာပါ၊၊
ဒါပေမဲ့ ဒါက လင်းရှူအတွက်တော့ အရမ်းကို အဆင်ပြေပါတယ်၊၊ လင်းရှူရဲ့ တုံ့ပြန်မှု အရှိန်က အရင်ကတည်းက အရမ်းမြန်တာကြောင့် ဒီစွမ်းရည်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် သူဟာ တကယ့်ကို ဖမ်းရဆုပ်ရ ခက်တဲ့သူတစ်ယောက် ဖြစ်လာမှာပါ၊၊
ခဏလောက် စိတ်လှုပ်ရှားနေပြီးနောက်မှာတော့ အသစ်အဆန်း ဖြစ်နေတဲ့ ခံစားချက်က ပြေပျောက်သွားတယ်၊၊
သူ နောက်ထပ် ရွှေရောင်ကတ်ပြားတစ်ခုကို ထုတ်လိုက်ပါတယ်၊၊
ဒါကတော့ ပေါင်းစပ်မှုစနစ်ကနေ သူရရှိခဲ့တဲ့ ‘နဝမကောင်းကင် ဂလက်ဆီကျဆင်းခြင်း’ ဆိုတဲ့ စွမ်းရည်ကတ်ပါပဲ၊၊
ဒါက နယ်ပယ်အကျယ်အဝန်းအလိုက် တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မျိုးဖြစ်လို့ မူလစွမ်းအားနဲ့ ခွန်အား အမြောက်အမြားကို အသုံးပြုရမှာ ဖြစ်ပါတယ်၊၊
ကတ်ပြားထဲက အချက်အလက်တွေ အကုန်လုံးကို သူ့ရဲ့ဦးနှောက်ထဲ စုပ်ယူပြီးတဲ့အခါ ဒီစွမ်းရည်ဟာ သူ့ရဲ့ စိတ်ထဲမှာ စွဲမြဲသွားပါတော့တယ်၊၊
ဒါပေမဲ့ အခုလောလောဆယ်မှာတော့ သူ ဒါကို အသုံးမပြုနိုင်သေးပါဘူး၊၊ မဟုတ်ရင် ခန္ဓာကိုယ်က အားအင်ကုန်ခမ်းသွားပြီး အန္တရာယ်နဲ့ ကြုံရနိုင်လို့ပါပဲ၊၊
လင်းရှူက ငါးဖြူကြီးရဲ့ အလောင်းကိုကြည့်ပြီး ပုံဆောင်ခဲကို တူးထုတ်လိုက်တယ်၊၊ အဲဒီနောက် မီးမွှေးပြီး ငါးသားကင် စားဖို့ ပြင်လိုက်ပါတယ်၊၊
သူ့ဖုန်းနဲ့ ရှာကြည့်လိုက်တဲ့အခါ ဧရာမလိပ်ဖြူငါးက အရမ်းအရသာရှိတဲ့ အစားအစာ ဖြစ်တယ်ဆိုတာ သူ သိလိုက်ရတယ်၊၊
အကြောင်းရင်းကတော့ သူက ဆားဓာတ် အရမ်းများတဲ့ ရေထဲမှာ နေတာကြောင့် အသားထဲမှာတင် ဆားဓာတ်က ပါဝင်နေပြီးသားဖြစ်လို့ ဘာအမွှေးအကြိုင်မှ ထပ်ထည့်စရာ မလိုဘဲ အသားက အရမ်းကို ချိုမြိန်နေတာပါပဲ၊၊
ပြီးတော့ သူ့ရဲ့ ညှပ်လက်ထဲက အသားတွေကဆိုရင် ပုစွန်ထုပ်တွေထက်တောင် ပိုပြီး အရသာ ရှိပါသေးတယ်၊၊
တိမ်တွေထဲမှာတော့ မိုးခြိမ်းသံတွေနဲ့ လျှပ်စီးသံတွေက ဆက်တိုက် ထွက်ပေါ်နေတုန်းပါပဲ၊၊
စားသောက်ပြီးတဲ့နောက် လင်းရှူက သူ့ဗိုက်ကို ပွတ်လိုက်ပြီး ပစ္စည်းတွေကို အကုန်သိမ်းကာ ရှေ့ကို ဆက်သွားဖို့ ပြင်လိုက်တယ်၊၊
ဖြောက်ဖြောက် -
ပဲစေ့အရွယ် မိုးစက်တွေ စပြီး ကျလာပါတယ်၊၊ လင်းရှူ မျက်မှောင်ကြုတ်လိုက်မိတယ်၊၊ မိုးက တော်တော်လေး သည်းတော့မယ်ဆိုတာ သူ သိနေတာကိုး၊၊
ဒီနေရာက တကယ့်ကို ထူးဆန်းတဲ့ နေရာပါပဲ၊၊
ဒါပေမဲ့ သူ့ရဲ့ တိုက်ပွဲဝတ်စုံက ရေစိုခံနိုင်စွမ်း အရမ်းကောင်းတာကြောင့် မိုးကာအင်္ကျီတွေထက်တောင် ပိုပြီး အသုံးဝင်ပါတယ်၊၊ ခုနက ရေထဲ ဆင်းခဲ့ပေမဲ့လည်း သူ့ကိုယ်ပေါ်နဲ့ အဝတ်အစားပေါ်က ရေတွေက အကုန်လုံး ခြောက်သွေ့သွားခဲ့ပြီလေ၊၊
ဂုန်း -
အဲဒီအချိန်မှာပဲ မိုးခြိမ်းသံ အကျယ်ကြီး ထွက်ပေါ်လာပြီး မိုးတွေ သည်းထန်စွာ ရွာချပါတော့တယ်၊၊
လင်းရှူ ရှေ့ကို ဆက်သွားနေပေမဲ့ ရာသီဥတုကြောင့် ပတ်ဝန်းကျင်ကို မြင်ရတဲ့ အမြင်အာရုံက ကျဉ်းမြောင်းလာပါတယ်၊၊
“ဒီလို ရာသီဥတုမျိုးမှာတော့ မိုးယင်ကောင်တွေ သေချာပေါက် ပေါ်လာတော့မှာပဲ၊၊” လင်းရှူ သူ့ဘာသာ ရေရွတ်လိုက်ပြီး လှံမည်းကြီးကို အသာလေး ထုတ်လိုက်တယ်၊၊ သူက ဘေးက သစ်ပင်ကို လှမ်းထိုးလိုက်တဲ့အခါ လက်ဖဝါးအရွယ်အစားရှိတဲ့ အပြာရောင် ယင်ကောင် သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရပါတယ်၊၊
“တင်း၊၊ အဆင့် ၂ မိုးယင်ကောင်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊၊ အတွေ့အကြုံရမှတ် ၁၀၀၀၀ ရရှိပါတယ်၊၊”
အင်း… အတွေ့အကြုံ ၁၀၀၀၀ ဆိုတာလည်း မဆိုးပါဘူး၊၊
ဒါပေမဲ့ အပြာရောင် မိုးယင်ကောင်တွေက ကြည့်ရတာ တော်တော်လေး ရွံစရာကောင်းပါတယ်၊၊ ဒီယင်ကောင်တွေက သေဆုံးသွားတဲ့ စစ်သည်တော်တွေ ဒါမှမဟုတ် တိရစ္ဆာန်တွေရဲ့ အလောင်းတွေကနေ ပေါက်ဖွားလာတာလို့ ဆိုကြတယ်၊၊ အသားတွေ ပုပ်သိုးသွားတဲ့အခါ အဲဒီအသားပုပ်တွေပေါ်မှာ လောက်ကောင်တွေ ဖြစ်လာပြီး ထူးခြားတဲ့ ပတ်ဝန်းကျင်ကြောင့် အဲဒီလောက်ကောင်တွေကနေ ယင်ကောင်တွေ ဖြစ်လာတာပါ၊၊
ပြီးတော့ သူတို့က မိုးရွာတာကို အရမ်းကြိုက်ကြတယ်၊၊
လင်းရှူက လမ်းလျှောက်ရင်း သူ့ရဲ့လှံကို အရှိန်နဲ့ ထိုးနှက်ကာ အပြာရောင် မိုးယင်ကောင်တွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်နေပါတယ်၊၊
ဆားကန်အမည်းရောင်ကနေ ရှေ့ကို မီတာ ၅၀၀၀၀ လောက် ဝေးသေးတာဖြစ်ပြီး အခု သူက ၁၀၀၀၀ တောင် မရောက်သေးဘူးလေ၊၊
မိုးသည်းထန်စွာ ရွာနေတာကြောင့် လင်းရှူရဲ့ အမြင်အာရုံက တော်တော်လေး အဟန့်အတား ဖြစ်နေပါတယ်၊၊ ဒီလိုအချိန်မျိုးက အန္တရာယ်အရှိဆုံး ဖြစ်တာကြောင့် သူက စိတ်ကို ပိုပြီး စုစည်းထားရတယ်၊၊
ပြီးတော့ မြေကြီးထဲကနေ ထွက်လာနိုင်တဲ့ တိုက်ရန်နိုဆောရပ်စ် မျှော့တွေကို သတိရမိတဲ့အခါ သူ ချက်ချင်းပဲ ရွံရှာသွားမိတယ်၊၊
သူ ရှေ့ကို ခဏလောက် ထပ်သွားတဲ့အခါမှာတော့ ရုတ်တရက် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပါတယ်၊၊
“ကယ်ကြပါဦး…၊၊” မိန်းကလေးတစ်ယောက်ရဲ့ အသံကို အဝေးကနေ ကြားလိုက်ရတာပါ၊၊ လင်းရှူက မိုးထဲလေထဲမှာ လမ်းလျှောက်နေတဲ့ အရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရတယ်၊၊
လင်းရှူ မျက်မှောင်ကြုတ်လိုက်မိတယ်၊၊ အဲဒီမိန်းကလေးက ယိုင်တိုင်တိုင်နဲ့ မြေပြင်ပေါ်ကို လဲကျသွားတာကိုး၊၊
သူမက မည်းပြာရောင် မြေကြီးတွေ ပေကျံနေပြီး ပြန်ထဖို့ ကြိုးစားနေပေမဲ့ အားအင်ကုန်ခန်းနေတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်၊၊
“ကယ်ပါဦး…၊၊” အဲဒီအချိန်မှာပဲ သူမက ခေါင်းကိုမော့ပြီး လင်းရှူဆီကို ညာလက်ကို ဆန့်ထုတ်လိုက်တယ်၊၊
လင်းရှူကို သူမကို ထူပေးဖို့ တောင်းဆိုနေတဲ့ ပုံစံမျိုးပေါ့၊၊
“ဟိုမှာ… ဟိုမှာ အဆင့်မြင့် သားရဲကြီး တစ်ကောင် ရှိနေတယ်…၊၊” မိန်းကလေးက ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်နှာပေးနဲ့ ပြောပါတယ်၊၊
သူမမှာ လှပတဲ့ မျက်နှာလေး ရှိပြီး ရင်ဘတ်နားက ပြဲနေတဲ့ အဝတ်အစားတွေကြားကနေ ဖြူဝင်းတဲ့ အသားအရည်တွေက ပေါ်လွင်နေတာကြောင့် တကယ့်ကို ဆွဲဆောင်မှု ရှိလှပါတယ်၊၊
လင်းရှူ ခေါင်းညိတ်ပြလိုက်တယ်၊၊ သူက သူမကို ထူပေးဖို့ လက်ကို ဆန့်ထုတ်လိုက်တဲ့ အချိန်မှာပဲ သူ့ရဲ့ အကြည့်တွေက ပြောင်းလဲသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သူမကို တစ်ချက် ထိုးနှက်လိုက်ပါတော့တယ်၊၊
နဂိုက အားနည်းနေတဲ့ ပုံစံမျိုး ပြနေတဲ့ မိန်းကလေးရဲ့ မျက်နှာပေးက ချက်ချင်း ပြောင်းလဲသွားတယ်၊၊ သူမက ကိုယ်ကို လှည့်ပြီး လင်းရှူရဲ့ လက်သီးချက်ကို ရှောင်လိုက်ကာ သွက်လက်တဲ့ အရှိန်နဲ့ နောက်ကို ဆုတ်သွားပါတော့တယ်၊၊
“ရှင် ဘယ်လို သိသွားတာလဲ၊၊” မိန်းကလေးက ဘယ်ကနေ ထွက်လာမှန်းမသိတဲ့ ဓားမြှောင်တို နှစ်လက်ကို ထုတ်လိုက်ပြီး လင်းရှူကို စိုက်ကြည့်ရင်း မေးလိုက်တယ်၊၊
သူမရဲ့ သရုပ်ဆောင်မှုက အပြစ်ပြောစရာ မရှိဘူးလို့ သူမ ယုံကြည်ထားတာပါ၊၊ သာမန် အမျိုးသားတွေဆိုရင်တော့ ဒုက္ခရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ကူညီဖို့ ဘယ်တော့မှ ငြင်းမှာ မဟုတ်ဘူးလေ၊၊
ဒါပေမဲ့ ဘာလို့လဲ၊ ဘာလို့ လင်းရှူက သူမကို တိုက်ခိုက်ခဲ့တာလဲ၊၊
“မင်းရဲ့ မျက်လုံးတွေ၊ ရုပ်ရည်တွေနဲ့ အမူအရာတွေကို ပြောင်းလဲနိုင်ပေမဲ့ မင်းကိုယ်ပေါ်က လူသတ်ချင်တဲ့ အငွေ့အသက်ကိုတော့ ဖုံးကွယ်လို့ မရဘူး၊ မင်း အဲဒါကို ဖုံးကွယ်ဖို့ ကြိုးစားထားတယ် ဆိုတာကိုလည်း ငါသိတယ်၊၊” လင်းရှူက အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါတယ်၊၊
သူက လှံမည်းကြီးကို ကိုင်ပြီး မိုးထဲမှာ အသင့်အနေအထားနဲ့ ရပ်နေတယ်၊၊ မိုးစက်တွေကလည်း သူ့မျက်နှာပေါ်ကို တဖြောက်ဖြောက် ကျနေတုန်းပါပဲ၊၊
“ဟွန်း၊ သတ်ပစ်လိုက်ကြစမ်း၊၊” မိန်းကလေးက နှာခေါင်းရှုံ့လိုက်တာနဲ့ အရိပ်အချို့ဟာ အရပ်မျက်နှာ အသီးသီးကနေ ထွက်ပေါ်လာပါတယ်၊၊
သူတို့တွေက လင်းရှူဆီကို တိုက်ရိုက် ခုန်အုပ်လိုက်ကြပြီ၊၊
သူတို့ရဲ့ ရုပ်ပုံလွှာကို သေချာ မမြင်ရပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုတော့ လင်းရှူ မြင်နေရတယ်၊၊
“အမဲလိုက်ကွန်ရက်ပေါ်မှာ ဒီတာဝန်က အဆင့် C+ တဲ့၊ ကြည့်ရတာ အရမ်းလွယ်တဲ့ တာဝန်ပဲ ဖြစ်ပုံရတယ်၊၊” မိန်းကလေးက လှောင်ပြုံး ပြုံးလိုက်တယ်၊၊
သေမင်းလမ်းစဉ်မှာ ရှိတဲ့ စစ်သည်တော်တိုင်းဟာ ဝဘ်ဆိုက်ပေါ်မှာ တာဝန်တွေကို ခဏခဏ ရှာဖွေတတ်ကြပါတယ်၊၊ သူတို့က တိုက်တိုက်ဆိုင်ဆိုင်ပဲ အမဲလိုက်ကွန်ရက်ပေါ်က ဆုကြေးငွေ ထုတ်ထားတဲ့ တာဝန်တစ်ခုကို တွေ့လိုက်ရပြီး ဒီကောင်လေးက ဒီမှာ ရှိနေတာကို မြင်လိုက်ရတာပါပဲ၊၊
သမဂ္ဂဒင်္ဂါး ဆယ်သန်းဆိုတာ သူတို့အတွက်တော့ မယုံနိုင်စရာ ကောင်းလောက်အောင် များပြားတဲ့ ပမာဏလေ၊၊
လင်းရှူက သူရပ်နေတဲ့ နေရာမှာပဲ ငြိမ်ငြိမ်လေး စောင့်နေတယ်၊၊ သူ့နောက်ကျောကနေ လူတစ်ယောက် တိုက်ခိုက်လာတဲ့ အချိန်မှာတော့ သူက ညာခြေကို နောက်ပစ်လိုက်ပြီး လှံကို ရှေ့ကို အရှိန်နဲ့ ထိုးနှက်လိုက်ပါတော့တယ်၊၊
တစ်စက္ကန့်အတွင်းမှာတင် အဲဒီလူရဲ့ ရှေ့မှာ လှံချက် အခါ ၂၀ လောက် ပေါ်လာတယ်၊၊
ချွင်ချွင် -
အဲဒီလူက သူ့ရဲ့လက်နက်နဲ့ အသည်းအသန် ကာကွယ်ဖို့ ကြိုးစားပေမဲ့ သူ့ရဲ့လက်နက်ကတောင် လင်းရှူရဲ့ လှံမည်းကြီးကြောင့် အပေါက်တွေ ဖြစ်သွားပါတော့တယ်၊၊
ခဏချင်းမှာတင် သူ့ရဲ့ ကိုယ်ခန္ဓာက အပေါက်တွေနဲ့ ပြည့်သွားတယ်၊၊
သွေးတွေက မြေပြင်ပေါ်ကို ပန်းထွက်သွားပါတယ်၊၊
လင်းရှူက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပြီး သူ့ကို တစ်ပြိုင်နက် တိုက်ခိုက်လာတဲ့ ကျန်တဲ့လူတွေဆီကို အကြည့်လွှဲလိုက်တယ်၊၊
သူတို့က လူအင်အား သုံးပြီး တိုက်ခိုက်ချင်နေကြတာကိုး၊၊
လင်းရှူ မျက်မှောင်ကြုတ်လိုက်ပြီး လှံမည်းကြီးနဲ့ စက်ဝိုင်းပုံစံ ဝေ့ယမ်းလိုက်ပါတယ်၊၊
ချွင်ချွင် -
သူ့ရဲ့ ပြင်းထန်တဲ့ ခွန်အားကြောင့် အဲဒီလူတွေ အကုန်လုံး လွင့်စင်သွားကြပါတော့တယ်၊၊
မိုးထဲလေထဲမှာ လှံတစ်လက်ကို ကိုင်ထားတဲ့ ဒီလူတစ်ယောက်ဟာ တစ်ကမ္ဘာလုံးကို ဂရုမစိုက်တဲ့ အရှိန်အဝါမျိုး ရှိနေသလိုပါပဲ၊၊