အခန်း ၁၁၅ - အဆိပ်ပြင်းသတ္တဝါ - အပြာရောင် ပယင်းမြွေ၊၊
ဂုန်း ဂုန်း -
ကောင်းကင်ကြီးက ရုတ်တရက် မှောင်မည်းလာပြီး မိုးခြိမ်းသံတွေ ကြားလာရပါတယ်၊၊
ကြည့်ရတာ မိုးရွာတော့မယ့် ပုံပဲ၊၊
“ရာသီဥတုက ဘာဖြစ်တာလဲ၊၊” လင်းရှူက မျက်မှောင်ကြုတ်လိုက်တယ်၊၊
“ဒီက ရာသီဥတုက အရမ်းကို ခန့်မှန်းရခက်တာ၊၊ ခုနတင် နေပူနေပေမဲ့ အခုချက်ချင်း မိုးသက်မုန်တိုင်း ကျလာနိုင်တယ်၊၊” ထျန်းကျိက ခေါင်းညိတ်ရင်း ပြောပါတယ်၊၊
“အခု ဘယ်ကို ဆက်သွားမလဲ၊၊” လင်းရှူက မေးလိုက်တယ်၊၊
“တည့်တည့်ပဲသွား၊၊ အမည်းရောင်ဆားကန်ဆီကို ရောက်တော့မှာပါ၊၊” ထျန်းကျိက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောတယ်၊၊
“ဒီနွံထဲမှာ မျှော့တွေ ရှိဦးမလား၊၊” သူတို့ရှေ့တည့်တည့်မှာ နွံအိုင်ကြီးတစ်ခု ရှိနေပြီး ခုနက ကြောက်စရာကောင်းတဲ့ မျှော့ကြီးကို သတိရမိတော့ လင်းရှူ နည်းနည်းတော့ စိတ်မသက်မသာ ဖြစ်သွားတယ်၊၊
မျှော့တွေက တကယ့်ကို ရွံစရာကောင်းတာလေ၊၊ သူ့ကို သတ်ဖို့ ကြိုးစားတာကိုတော့ ထားလိုက်ပါတော့၊၊
“ခုန်ကူးကြရအောင်၊၊” လင်းရှူက စဉ်းစားပြီး ပြောလိုက်တယ်၊၊
ဒီနွံထဲမှာ တိုက်ရန်နိုဆောရပ်စ် မျှော့တွေ ရှိဦးမလားဆိုတာ ဘယ်သူမှ မသိနိုင်သလို နွံက ဘယ်လောက်နက်လဲဆိုတာလည်း မသိရဘူး၊၊ လမ်းလျှောက်သွားဖို့ကတော့ မဖြစ်နိုင်ဘူးလေ၊၊ တကယ်လို့ အားကုန်သုံးပြီး ပြေးခုန်မယ်ဆိုရင်တော့ ဟိုဘက်ကမ်းကို ရောက်နိုင်မယ်လို့ လင်းရှူ ယုံကြည်နေတယ်၊၊
လင်းရှူက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ကိုယ်ကို ရှေ့ကို ကိုင်းကာ ခြေထောက်နှစ်ဖက်ကို အားအပြည့်သုံးပြီး ရှေ့ကို ဒုန်းခနဲ ခုန်လိုက်ပါတယ်၊၊
အဲဒီအရှိန်နဲ့တင် သူဟာ မီတာ ၂၀ ကျော်လောက်အထိ ခုန်ကူးသွားနိုင်ခဲ့တယ်၊၊
ဟိုဘက်ကမ်းက သစ်ပင်ကြီးတစ်ပင်နဲ့ တိုက်မိတော့မလို့ ဖြစ်သွားပေမဲ့ ကံကောင်းစွာနဲ့ လင်းရှူက ကိုယ်ကို လှည့်ပြီး ရှောင်လိုက်နိုင်တယ်၊၊ သူက မြေပြင်ပေါ်ကို အသာအယာ ဆင်းသက်ပြီး ကိုယ်ကို ပြန်ထိန်းလိုက်ပါတယ်၊၊
“ဘယ်လိုလဲ၊၊ ခုန်ကူးနိုင်ရဲ့လား၊၊” လင်းရှူက ဟိုဘက်ကမ်းက ထျန်းကျိကို လှမ်းမေးလိုက်တယ်၊၊
“ရပါတယ်၊၊” ထျန်းကျိက ခေါင်းညိတ်ပြတယ်၊၊ လင်းရှူ ခုန်ကူးသွားတာကို မြင်ပေမဲ့ သူ သိပ်တော့ မအံ့သြပါဘူး၊၊ တကယ့် စစ်သည်တော်တိုင်းဟာ အားကုန်သုံးမယ်ဆိုရင် ဒီလောက်တော့ ခုန်နိုင်ကြတာပဲလေ၊၊
ဒါပေမဲ့ သူ မသိတာတစ်ခုက လင်းရှူ ထမ်းထားတဲ့ လှံမည်းကြီးနဲ့ သေတ္တာရဲ့ အလေးချိန်ဟာ ပိဿာပေါင်း ရာနဲ့ချီ လေးနေတယ်ဆိုတာပါပဲ၊၊
ဘုန်း -
ထျန်းကျိက ခုန်ကူးလာပေမဲ့ ကံမကောင်းစွာနဲ့ ပြာလဲ့လဲ့ သစ်ပင်ရဲ့ သစ်ကိုင်းတွေနဲ့ သွားတိုက်မိတယ်၊၊ သူ့ရဲ့ ပါးတစ်ဖက်တောင် နီရဲသွားပါတော့တယ်၊၊
“နာလိုက်တာ…၊၊” ထျန်းကျိက သူ့ပါးကို ပွတ်ရင်း ပြောတယ်၊၊
“ရှူး…၊၊” လင်းရှူက တစ်ခုခုကို ကြားလိုက်ပုံရပြီး ထျန်းကျိကို ချက်ချင်း တိတ်ခိုင်းလိုက်တယ်၊၊
“ဘာဖြစ်လို့လဲ၊၊”
ထျန်းကျိက လန့်သွားပြီး ပတ်ဝန်းကျင်ကို ချက်ချင်း ကြည့်လိုက်ပေမဲ့ ဘာအရိပ်အယောင်မှ မတွေ့ရပါဘူး၊၊
“ပေါက်ကွဲလက်သီး၊၊” လင်းရှူက ရုတ်တရက် သစ်ပင်ကြီးတစ်ပင်ရဲ့ ထိပ်ဖျားဆီကို ထိုးနှက်လိုက်ပါတယ်၊၊
ဘုန်း -
ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်လာပြီး သစ်ကိုင်းတွေ အကုန်လုံး လွင့်စင်သွားတယ်၊၊
ရှဲ ရှဲ ရှဲ -
ပြာလဲ့လဲ့ မြွေရှည်ကြီးတစ်ကောင်ဟာ သစ်ကိုင်းတွေထဲကနေ ထွက်လာပြီး လင်းရှူကို ပတ်ဖို့ ကြိုးစားပါတော့တယ်၊၊
အဲဒီမြွေကြီးက တစ်ကိုယ်လုံး အပြာရောင်ဖြစ်နေပြီး အရေပြားက သစ်ခေါက်နဲ့ တူနေတာကြောင့် လူတွေ သတိမထားမိနိုင်အောင် ပုန်းကွယ်နေနိုင်တာပါ၊၊
ခွဲခြားစိစစ်နိုင်တဲ့ မျက်လုံးသာ မရှိရင် လင်းရှူလည်း သူ့ကို ချောင်းကြည့်နေတဲ့ ဒီမုဆိုးကို သတိထားမိမှာ မဟုတ်ဘူး၊၊
မြွေကြီးက လင်းရှူရဲ့ လက်မောင်းကို ပတ်လိုက်ပြီး ရုတ်တရက် ရှေ့ကို ထိုးထွက်လာတယ်၊၊ သူက ပါးစပ်ကို ဟလိုက်ပြီး ထက်မြက်တဲ့ အဆိပ်စွယ် နှစ်ချောင်းနဲ့ လင်းရှူရဲ့ လည်ပင်းကို ကိုက်ဖို့ ကြိုးစားပါတယ်၊၊
တော်တော်လေးကို ရက်စက်တဲ့ သတ္တဝါပဲ၊၊
လင်းရှူက မျက်လုံးကို ကျဉ်းမြောင်းလိုက်ပြီး သူ့ရဲ့ လက်မနဲ့ လက်ညှိုးကို သုံးကာ မြွေရဲ့ လည်ချောင်းကို တည့်တည့်ညှပ်လိုက်တယ်၊၊ နောက်လက်တစ်ဖက်ကတော့ မြွေမြီးကို ဖမ်းကိုင်လိုက်ပါတယ်၊၊
သူ ဒီကိုမလာခင် စစ်သည်တော်သမဂ္ဂ ဝဘ်ဆိုက်မှာ အချက်အလက်တွေ ရှာတုန်းက ဒီသတ္တဝါကို မြင်ဖူးတယ်၊၊ သူက သေမင်းလမ်းစဉ်မှာ အဆိုးဆုံး သတ္တဝါတွေထဲက တစ်ခုပဲ၊၊
အဆင့် ၃ အပြာရောင် ပယင်းမြွေ၊၊ သူက အဆင့် ၃ ပဲ ရှိသေးပေမဲ့ သူ့ရဲ့ အဆိပ်စွယ်ကနေ ထွက်တဲ့ အဆိပ်က အရမ်းကို ပြင်းထန်ပါတယ်၊၊ အကိုက်ခံရတာနဲ့ အဆင့် ၄ စစ်သည်တော် တစ်ယောက်တောင် ၁၅ မိနစ်အတွင်း သေဆုံးနိုင်တယ်၊၊
၁၅ မိနစ်ဆိုတာ အနီးဆုံး ဆေးကုသဆောင်ကို ပြေးဖို့တောင် မလောက်ပါဘူး၊၊ သွေးခဲသွားတာနဲ့ သွေးလည်ပတ်မှု ရပ်တန့်သွားတာကြောင့် သေဆုံးရတာပါ၊၊ ဒါကြောင့် ဒီမြွေက စစ်သည်တော်တွေအတွက် အိပ်မက်ဆိုးပါပဲ၊၊ အကိုက်ခံရရုံနဲ့ သေပြီလို့ မှတ်လိုက်ရုံပဲလေ၊၊
“အပြာရောင် ပယင်းမြွေလား၊၊” ထျန်းကျိကလည်း အဲဒီမြွေကို မှတ်မိသွားပြီး ကြောက်လန့်တကြား အသက်ရှူလိုက်မိတယ်၊၊
ဒီသတ္တဝါက ပြာလဲ့လဲ့တောအုပ်တစ်ခုလုံးမှာ အဆိပ်အပြင်းဆုံး သတ္တဝါပဲ၊၊ နတ်ဘုရားတစ်ပါးတောင် ဒီမြွေ အကိုက်ခံရရင် သေသွားနိုင်တယ်လို့ ဆိုကြတယ်၊၊
သူတို့က အရေအတွက်လည်း အရမ်းနည်းတာ၊၊ အခုမှ ဘယ်လိုဖြစ်ပြီး လာတွေ့ရတာလဲ၊၊ သူတို့ ကံကောင်းတာလား ကံဆိုးတာလားဆိုတာ ထျန်းကျိလည်း မဝေခွဲနိုင်တော့ဘူး၊၊
လင်းရှူက မြွေကို လွှတ်ပေးချင်ပေမဲ့ အပြာရောင် ပယင်းမြွေက အရမ်းကို ရုန်းကန်နေတာကို တွေ့လိုက်ရတယ်၊၊
“ဟွန်း၊၊” အပြာရောင် ပယင်းမြွေက ခွန်အားတွေ သုံးပြီး ရုန်းတာကြောင့် လင်းရှူတောင် နောက်ကို ယိုင်သွားတယ်၊၊
ဒါပေမဲ့ လင်းရှူက နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ချောင်းတွေကို အားစိုက်လိုက်တဲ့အခါ လက်သည်းတွေဆီကနေ မီးပွင့်တွေ ထွက်လာပါတယ်၊၊
မီးတောက်လက်သည်း၊၊
ဖြောက် -
သူ့လက်ချောင်းတွေနဲ့ ညှပ်ထားတဲ့ နေရာကနေ မီးတောက်တွေ ပေါက်ကွဲထွက်သွားပြီး နွားတစ်ကောင်ရဲ့ ခွန်အားရှိတဲ့ အပြာရောင် ပယင်းမြွေကြီး သေဆုံးသွားပါတော့တယ်၊၊
တင်း၊၊
“အဆင့် ၃ အပြာရောင် ပယင်းမြွေကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်အရှင်၊၊ အတွေ့အကြုံရမှတ် ၂၅၀၀၀၀ ရရှိပါတယ်၊၊”
အတွေ့အကြုံ နှစ်သိန်းခွဲတောင် ရတာလား၊၊ ဒါက လင်းရှူကို အံ့သြသွားစေတယ်၊၊
လင်းရှူက ခွဲခြားစိစစ်နိုင်တဲ့ မျက်လုံးကို သုံးပြီး ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်တယ်၊၊ ချောင်းမြောင်းနေတဲ့ သတ္တဝါ မရှိတော့တာကို အတည်ပြုပြီးမှပဲ သူ စိတ်အေးသွားပါတော့တယ်၊၊
ဒီအပြာရောင် ပယင်းမြွေက အရမ်းရှားပါးပြီး သူ့ရဲ့ အရေခွံကို ဈေးကြီးကြီးနဲ့ ရောင်းလို့ရသလို မြွေသည်းခြေကလည်း အရသာရှိတဲ့ အစားအစာ ဖြစ်တယ်ဆိုတာ သူ သတိရလိုက်တယ်၊၊
လင်းရှူက မြွေကို အမြန်ပဲ အရေခွံခွာပြီး ကိုယ်ကို ခွဲလိုက်တယ်၊၊ မြွေသည်းခြေက အပြာရောင်ဖြစ်ပြီး ပင်ပေါင်ဘောလုံးလေးလို သေးသေးလေးနဲ့ ထူးထူးခြားခြား လှပနေတယ်၊၊
အပြာရောင် ပယင်းမြွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအရ ဒီမြွေသည်းခြေက ခန္ဓာကိုယ် ကြံ့ခိုင်မှုကို သိသိသာသာ တိုးတက်စေပြီး စွမ်းအင်နဲ့ ယုံကြည်မှုကိုလည်း ဖြစ်စေတယ်လို့ ဆိုပါတယ်၊၊ ခဏလောက် တွန့်ဆုတ်နေပြီးမှ လင်းရှူက အဲဒါကို ပါးစပ်ထဲ ထည့်လိုက်တယ်၊၊
မြွေသည်းခြေက ပါးစပ်ထဲမှာတင် ဂွမ်းဆီယိုလို ပျော်ဝင်သွားပြီး အရမ်းကို ချိုမြိန်လွန်းပါတယ်၊၊
ဒါက လင်းရှူ မျှော်လင့်ထားတာထက် ပိုနေတယ်၊၊ ဒီမြွေသည်းခြေက တခြားမြွေတွေလို မဟုတ်ဘဲ လုံးဝကို မခါးပါဘူး၊၊
“မြွေသားကလည်း အသုံးဝင်တဲ့ ပစ္စည်းပဲ၊၊ နောက်မှ ကင်စားလို့ ရတာပေါ့၊၊” လင်းရှူက မြွေသားကို လွှင့်ပစ်တော့မယ့် ပုံစံ မြင်တာနဲ့ ထျန်းကျိက အမြန် သတိပေးလိုက်တယ်၊၊
“ဒါဆိုလည်း ခင်ဗျားပဲ ယူထားလိုက်တော့၊၊” လင်းရှူက ခေါင်းညိတ်ပြလိုက်တယ်၊၊
ထျန်းကျိက မြွေသားကို အမြန်ယူပြီး သူ့ဓားနဲ့ မြွေခေါင်းကို ဖြတ်ပစ်လိုက်ပါတယ်၊၊
သူတို့နှစ်ယောက် ရှေ့ကို ဆက်သွားကြတယ်၊၊ မကြာခင်မှာပဲ လင်းရှူဟာ သစ်ပင်ကြီးတွေရဲ့ အောက်မှာ ဝိုင်းဝန်းနေတဲ့ ကန်ကြီးတစ်ခုကို တွေ့လိုက်ရတယ်၊၊
ကန်ရေပြင်က အပြာနက်ရောင်ဖြစ်ပြီး ကောင်းကင်နဲ့ ပတ်ဝန်းကျင်က သစ်ပင်တွေကို မှန်တစ်ချပ်လို ပြန်ထင်ဟပ်နေပါတယ်၊၊
“ဒါ… အမည်းရောင်ဆားကန်လား၊၊”