အခန်း ၁၁၄ - သတ်ဖြတ်ခြင်း၊ တာဝန်နှင့် အဆင့်တက်ခြင်း၊၊
လင်းရှူက လှံမည်းကြီးကို ကိုင်ပြီး ‘နှင်းဆီပွင့် မုန်တိုင်းတိုက်ခိုက်မှု’ စွမ်းရည်ကို သုံးလိုက်တဲ့အခါ လှံမည်းကြီးဆီကနေ တချွင်ချွင်မြည်သံတွေ ထွက်ပေါ်လာပါတယ်၊၊
ဘုန်း ဘုန်း ဘုန်း -
ဒီအချိန်မှာ လင်းရှူဟာ သူ့ရဲ့ညာလက်ကို အားစိုက်ပြီး အချက် ၂၀ ကျော်လောက် ဆက်တိုက်ထိုးနှက်လိုက်တယ်၊၊
ထျန်းကျိဟာ ကြောင်ကြည့်နေမိပြီး လက်နက်ရဲ့ ရိပ်ခနဲ ရိပ်ခနဲ အရိပ်တွေကိုပဲ မြင်လိုက်ရတော့တယ်၊၊
“ဒါ ဘယ်လိုစွမ်းရည်မျိုးလဲ၊၊”
သူ့ရဲ့ ပါးစပ်ကြီးဟာ ဟောင်းလောင်းပွင့်သွားပြီး သတိပြန်မဝင်နိုင်လောက်အောင် ဖြစ်သွားရပါတယ်၊၊
အဲဒီအချိန်မှာပဲ တိုက်ရန်နိုဆောရပ်စ် မျှော့သားလောင်းတွေဟာ လင်းရှူရဲ့ လှံဖျားအောက်မှာ တစ်ကောင်မကျန် အထိုးခံလိုက်ရတယ်၊၊
မျှော့သားလောင်းတွေက မျှော့အကြီးကြီးနဲ့ မတူပါဘူး၊၊ လှံဖျားနဲ့ အထိုးခံလိုက်ရတာနဲ့ သူတို့ဟာ ပေါက်ကွဲပြီး သေဆုံးကုန်ကြတယ်၊၊
“တင်း၊၊ တိုက်ရန်နိုဆောရပ်စ် မျှော့သားလောင်းကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်အရှင်၊၊ အတွေ့အကြုံရမှတ် ၁၅၀၀၀ ရရှိပါတယ်၊၊”
“တင်း၊၊ ဂုဏ်ယူပါတယ်…၊၊”
“…”
အကြောင်းကြားစာတွေဟာ ဆက်တိုက်ဆိုသလို မြည်နေပြီး လင်းရှူဟာ အရမ်းကို စိတ်လှုပ်ရှားသွားတယ်၊၊
မျှော့အကောင်လေး တစ်ကောင်တည်းကနေတောင် ဒီလောက် အတွေ့အကြုံတွေ အများကြီး ရတာလား၊၊
လင်းရှူက မြေပြင်ပေါ်က မျှော့သားလောင်းလေးတွေကို စိုက်ကြည့်ရင်း ‘နှင်းဆီမုန်တိုင်းတိုက်ခိုက်မှု’ နဲ့ပဲ ဆက်တိုက် တိုက်ခိုက်လိုက်တဲ့အခါ မျှော့သားလောင်း အမြောက်အမြားဟာ မြေပြင်ပေါ်မှာပဲ တည့်တည့်မတ်မတ် ပေါက်ကွဲသွားကြပါတော့တယ်၊၊
မျက်တောင်တစ်ခတ်အတွင်းမှာပဲ လင်းရှူဟာ မျှော့အကောင်လေးတွေကို အကုန်အစင် သတ်ပစ်လိုက်ပြီ၊၊
အခုတော့ နောက်ဆုံးတစ်ကောင်ပဲ ကျန်ပါတော့တယ်၊၊ အဲဒါကတော့ နှစ်ပိုင်းပြတ်နေပေမဲ့ လှုပ်ရှားနေတုန်းဖြစ်တဲ့ မျှော့အကြီးကြီးပဲ၊၊
ဒီအချိန်မှာ နှစ်ပိုင်းပြတ်နေတဲ့ မျှော့ကြီးဟာ ဖိသိပ်ထားတဲ့ စပရင်တစ်ခုလို သူ့ကိုယ်သူ ခွေလိုက်ပြီး လင်းရှူနဲ့ ထျန်းကျိဆီကို ခုန်အုပ်ဖို့ ပြင်နေပါတယ်၊၊
“နည်းနည်းလောက် နောက်ဆုတ်ပေးထားဦး၊၊” လင်းရှူက လှည့်ပြီး ထျန်းကျိကို ပြောလိုက်တယ်၊၊
လင်းရှူရဲ့ စကားကိုကြားတော့ ထျန်းကျိလည်း အံ့သြနေရာကနေ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ကာ ဘာမှမဆိုင်းမတွဘဲ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်တယ်၊၊
သူ အနားမှာ ရှိနေရင် သေဖို့ပဲ ရှိတယ်ဆိုတာ သူသိနေတာကိုး၊၊
တကယ်ပဲ နောက်တစ်စက္ကန့်မှာတော့ ဒီမျှော့ကြီး နှစ်ပိုင်းလုံးဟာ အမြောက်ဆံတွေလို အရှိန်နဲ့ ပြေးထွက်လာပါတော့တယ်၊၊
လင်းရှူက သူတို့ရဲ့ လှုပ်ရှားမှုကို သေချာကြည့်ပြီး ညာဘက်ခြေလှမ်းကို ရှေ့တိုးလိုက်တယ်၊၊ သူ နောက်မဆုတ်ဘဲ သူ့ရဲ့ လှံရှည်ကြီးကို ဂူထဲက ထွက်လာတဲ့ နဂါးတစ်ကောင်လို အရှိန်အဟုန်နဲ့ ထိုးနှက်လိုက်ပါတယ်၊၊
ဒီအချိန်မှာ မီးတောက်တွေဟာ ဝုန်းခနဲ ထွက်ပေါ်လာပြီး ပြင်းထန်တဲ့ အပူရှိန်ကြောင့် ပတ်ဝန်းကျင်က လေထုတောင် လှိုင်းထသွားသလို ဖြစ်သွားတယ်၊၊
ဘုန်း -
လှံရှည်ကြီးဟာ ရှေ့ကလာတဲ့ မျှော့ကြီးရဲ့ ကိုယ်ထဲကို တည့်တည့်ကြီး ဖောက်ဝင်သွားပါတယ်၊၊
အဲဒီအချိန်မှာပဲ လှံပေါ်က မီးတောက်တွေဟာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး တောက်ပတဲ့ မီးငှက်ကြီးတစ်ကောင် ထွက်ပေါ်လာတယ်၊၊
နောက်တစ်စက္ကန့်မှာတော့ မျှော့ကြီးရဲ့ ကိုယ်ထည်ဟာ အတွင်းပိုင်းကနေ အပြင်ဘက်အထိ လောင်ကျွမ်းသွားပြီး အရေခွံအလွှာတစ်ခုပဲ ကျန်ပါတော့တယ်၊၊
ဒါပေမဲ့ နောက်ထပ် တစ်ပိုင်းကတော့ အသက်ရှင်နေတုန်းဖြစ်ပြီး အရှိန်နဲ့ ပြေးဝင်လာနေတုန်းပဲ၊၊
ဒီသတ္တဝါက တကယ့်ကို ကြောက်စရာကောင်းတာပါ၊၊ ခုနက သေသွားတဲ့ စစ်သည်တော်ကို ကြည့်ရင် သိနိုင်ပါတယ်၊၊
လင်းရှူက တုံ့ပြန်မှု အရမ်းမြန်ပါတယ်၊၊ ကိုယ်ထည်တစ်ခုကို ဖျက်ဆီးပြီးတာနဲ့ သူက ဘေးကို ရှောင်လိုက်တဲ့အခါ မျှော့ကြီးက လေထဲမှာပဲ ဝဲသွားပြီး ရွှံ့ထဲကို ကျသွားတယ်၊၊
လင်းရှူက သူ့လက်ထဲက လှံမည်းကြီးကို ခါလိုက်ပါတယ်၊၊
သူ့လှံနဲ့ အထိုးခံရတဲ့ မျှော့ကြီးကတော့ လောင်ကျွမ်းသွားပြီး အရေခွံပဲ ကျန်တော့တာကြောင့် လှံနဲ့အတူ မြေပြင်ပေါ် ပြုတ်ကျသွားတယ်၊၊
လင်းရှူ ရှေ့ကိုကြည့်လိုက်တဲ့အခါ ကျန်နေတဲ့ မျှော့တစ်ပိုင်းက စိုစွတ်နေတဲ့ ရွှံ့ထဲကို တိုးဝင်ဖို့ ကြိုးစားနေတာကို တွေ့လိုက်ရတယ်၊၊
“ထွက်ပြေးချင်လို့လား၊၊” လင်းရှူက လှောင်ပြုံးပြုံးရင်း အမြန်သွားလိုက်တယ်၊၊ သူ့လက်နှစ်ဖက်နဲ့ လှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ဓားမည်းကြီးကို ရွှံ့ထဲအထိ အတင်းထိုးစိုက်လိုက်ပါတယ်၊၊
“‘ဖီးနစ်အရှိန်အဝါ’၊၊”
လင်းရှူ ဟိန်းဟောက်လိုက်တာနဲ့ ရွှံ့တွေဟာ ဖောင်းတက်လာပြီး နောက်တစ်စက္ကန့်မှာတော့ ‘ဘုန်း’ ဆိုတဲ့ အသံကြီးနဲ့အတူ ပေါက်ကွဲသွားပါတော့တယ်၊၊
“တင်း၊၊ အဆင့် ၄ တိုက်ရန်နိုဆောရပ်စ် မျှော့ကြီးကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်အရှင်၊၊ အတွေ့အကြုံရမှတ် ၁၈၈၈၈၈၈ ရရှိပါတယ်၊၊”
“ဂုဏ်ယူပါတယ်အရှင်၊၊ အဆင့်တက်ခြင်း အောင်မြင်ပါတယ်၊၊ လက်ရှိအဆင့်မှာ အဆင့် ၁၇ ဖြစ်ပါတယ်၊၊”
အဆင့်တက်သွားပြီ၊၊
လင်းရှူဟာ ဒီအချိန်မှာ မအောင့်နိုင်အောင် စိတ်လှုပ်ရှားသွားမိတယ်၊၊ ဒါပေမဲ့ အခုတော့ ထူးဆန်းတဲ့ ကျောက်ဆောင်ပွင့်တွေ ဘယ်မှာလဲဆိုတာ ကြည့်ရမယ့် အချိန်ပါပဲ၊၊
သူက လှည့်ကြည့်လိုက်တဲ့အခါ အဆင့် ၃ မျှော့သားလောင်းလေးတွေမှာတော့ ကျောက်ဆောင်ပွင့် မရှိတာကို တွေ့ရတယ်၊၊ သူတို့က အကောင်ပေါက်လေးတွေပဲ ရှိသေးလို့ ကျောက်ဆောင်ပွင့် မဖြစ်ပေါ်သေးတာ ဖြစ်မှာပါ၊၊ ဒါက လင်းရှူကို နည်းနည်းတော့ စိတ်ပျက်သွားစေတယ်၊၊
မဟုတ်ရင် ဒီလောက်များတဲ့ မျှော့အကောင်လေးတွေဆီကနေ အဆင့် ၃ ကျောက်ဆောင်ပွင့်တွေသာ ရခဲ့ရင် သူတော့ ချမ်းသာပြီလေ၊၊
ဒါပေမဲ့ လင်းရှူက ‘ဖီးနစ်အရှိန်အဝါ’ သုံးလိုက်လို့ ဖြစ်သွားတဲ့ ကျင်းကြီးထဲကို ကြည့်လိုက်တဲ့အခါ အပြာနုရောင် အလင်းပေါက် ကျောက်ဆောင်ပွင့်လေး တစ်ခုကို တွေ့လိုက်ရတယ်၊၊
အဆင့် ၄ ကျောက်ဆောင်ပွင့်၊၊
ဒါမျိုးဆိုရင် သန်းနဲ့ချီပြီး ရောင်းလို့ရတယ်၊၊
ဒါပေမဲ့ ‘ကျင့်စဉ်’ တွေရဲ့ နောက်ပိုင်း အဆင့်တွေမှာတော့ ဒီကျောက်ဆောင်ပွင့်တွေက လူ့ခန္ဓာကိုယ်ကို တိုးတက်စေဖို့ သိပ်ပြီး အထောက်အကူ မပြုတော့ဘူးလို့ ဆိုကြတယ်၊၊ ဒါကြောင့် ကျောက်ဆောင်ပွင့်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်အမြောက်အမြားကို ကိုယ်တိုင် အသုံးချဖို့ စုပ်ယူတာကပဲ ပိုပြီး ထိရောက်တာပါ၊၊
လင်းရှူက ဘာမှမစဉ်းစားဘဲ ကျောက်ဆောင်ပွင့်ကို သူ့ရဲ့ ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်၊၊
သေချာ ထပ်ကြည့်လိုက်တဲ့အခါ ဒီမျှော့ကြီးရဲ့ အရေခွံအလွှာက လုံးဝ လောင်ကျွမ်းမသွားတာကို လင်းရှူ တွေ့လိုက်ရတယ်၊၊ ဒါက သူ့ကို အံ့သြသွားစေတယ်၊၊ အရေခွံက ဓားနဲ့လှီးရင် ပြတ်ပေမဲ့ မီးနဲ့တော့ မလောင်ဘူးပေါ့၊၊
သူက ဖုန်းကိုထုတ်ပြီး စစ်သည်တော်သမဂ္ဂ ဝဘ်ဆိုက်မှာ ရှာကြည့်လိုက်တယ်၊၊ တာဝန်ကဏ္ဍမှာ မျှော့အရေခွံ တာဝန်ကို တွေ့လိုက်ရပြီး အဲဒါက အဆင့် ၃ တာဝန်ဖြစ်ကာ ဆုကြေးက ဆယ်သန်းတောင် ပေးတာပါ၊၊
“တောက်၊၊” လင်းရှူ ဒါကိုမြင်ပြီး အံ့သြသွားတယ်၊၊
“ဒီအကောင်က ဆယ်သန်းတောင် တန်တာလား၊၊”
လင်းရှူက မျှော့အရေခွံ နှစ်ခုလုံးကို အမြန်ပဲ ကောက်ယူလိုက်တယ်၊၊
လက်ထဲမှာ ကိုင်ထားရတာက စက္ကူပါးလေးလိုပါပဲ၊၊ ဒါကို လူတွေက ဘာအတွက် သုံးကြမလဲဆိုတာ သူ မသိပါဘူး၊၊
ဒါပေမဲ့ ဒါက အရမ်းတန်ဖိုးရှိတာကြောင့် သူ သေချာ သိမ်းထားလိုက်တယ်၊၊ နောက်တစ်နေရာ ရောက်တဲ့အခါ တာဝန် သွားအပ်လို့ ရတာပေါ့၊၊
သူ့ရဲ့ အခြေအနေပြဘုတ်ကို သူ ပြန်ကြည့်လိုက်တယ် -
အရှင် - လင်းရှူ
အဆင့် - အဆင့် ၁၇
အတွေ့အကြုံ - ၀/၁၀၀၀၀၀၀၀၀
ခွန်အား - ၃၁၁
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၁၀၇
အရှိန် - ၇၉
စွမ်းရည် - ‘ခွဲခြားစိစစ်နိုင်သောမျက်လုံး’၊ ‘ဒေါသ’၊ ‘ရုပ်ဖျက်ခြင်း’
ဒေါသစုဆောင်းမှု - ၀/၁၀၀
စွမ်းရည်ရမှတ် - ၁၇
ဘွဲ့ - အဆင့် ၂ စစ်သည်တော် (အသုံးမပြုရသေးသောဘွဲ့ - အဆင့် ၁ စစ်သည်တော်၊ အဆင့် ၃ စစ်သည်တော်)
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား - ၂၅၆၀
“ဟာ၊ အတွေ့အကြုံပြတန်းက ပြောင်းသွားတာလား၊၊”
အရင်ကဆိုရင် သူ အရင်ရထားတဲ့ အတွေ့အကြုံတွေကို စုထားလို့ ရတယ်၊၊ အခုတော့ အဆင့်တက်တာနဲ့ အကုန်လုံး ပြန်ရှင်းသွားတဲ့ ပုံစံမျိုး ပြောင်းသွားတာလား၊၊
လင်းရှူက ကျိန်ဆဲရင်း သူ့ရဲ့ စွမ်းရည်ရမှတ်တွေကို ကြည့်လိုက်တယ်၊၊
“စွမ်းရည်ရမှတ် ၁၇ မှတ်… ခွန်အားထဲမှာပဲ အကုန်ထည့်လိုက်မယ်၊၊”
လင်းရှူက ၁၇ မှတ်လုံးကို ထည့်လိုက်တဲ့အခါ သူ့ရဲ့ ခွန်အားက ၃၂၈ ဖြစ်သွားပါတယ်၊၊ အဲဒီအချိန်မှာပဲ လင်းရှူဟာ သူ့လက်ထဲက လှံရှည်ကြီးက နည်းနည်း ပေါ့သွားသလို ခံစားလိုက်ရတယ်၊၊
မဟုတ်ပါဘူး၊ လှံမည်းကြီးက ပေါ့သွားတာ မဟုတ်ဘဲ သူကိုယ်တိုင်က ပိုပြီး သန်မာလာတာပါ၊၊
“သတ်… သတ်လိုက်ပြီလား၊၊” ဒီအချိန်မှာ ထျန်းကျိက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ဒီမြင်ကွင်းကို ကြည့်ကာ အံ့သြနေတယ်၊၊
ဒီလူငယ်က ဘယ်လောက်တောင် သန်မာတာလဲ၊၊
“အင်း၊၊” လင်းရှူ ခေါင်းညိတ်ပြလိုက်တယ်၊၊
အခုတော့ ကောင်းကင်က နည်းနည်း ထူးဆန်းနေပြီ၊၊ သူတို့ခေါင်းပေါ်က တိမ်တွေက မှောင်မှောင်မည်းမည်း ဖြစ်လာတယ်၊၊
တစ်ခုခု ပြောင်းလဲတော့မယ့် ပုံပဲ…၊၊