အခန်း (၁၁၀)။ ။ အတွေ့အကြုံ အမှတ်များ စတင် စုဆောင်းခြင်း။
“အား!!!”
ကျိုင်းကောင်အုပ်ကြီးရဲ့ တိုက်ခိုက်မှုအောက်မှာ စစ်သည်တော်တွေ အားလုံး အလူးအလဲ ခံစားနေရပါတယ်။
အနက်ရောင် ကျိုင်းကောင်တွေအားလုံးဟာ အနက်ရောင် လေဆင်နှာမောင်းကြီးတစ်ခုလို စုဝေးနေကြပြီး စစ်သည်တော်တစ်ယောက်ဆီ ရောက်သွားတိုင်း ခဏချင်းမှာတင် အလောင်းတစ်ခုပဲ ကျန်ရစ်ခဲ့ပါတော့တယ်။
“တောက်... ဒါကြီးက အရမ်း ကြောက်စရာကောင်းလွန်းတာပဲ မဟုတ်လား။” ထျန်းကျီက အဝေးကနေ ကြည့်ရင်း တံတွေးကို ဂလုခနဲ မြိုချလိုက်မိပါတယ်။
တကယ်လို့ သူသာ အဖိုးအိုရဲ့ စကားကို နားမထောင်ဘဲ ရှေ့တည့်တည့်က ဆက်သွားခဲ့ရင် အခုချိန်မှာ အနက်ရောင် ကျိုင်းကောင်တွေရဲ့ အစာ ဖြစ်နေလောက်ပါပြီ။ အသက်ရှင်ဖို့ဆိုတာ ဝေလာဝေးပါပဲ။
“ဒါကြောင့်မို့လို့ အားနည်းပုံပေါ်တဲ့လူကို အနိုင်မကျင့်သင့်ဘူးဆိုတာ အဲဒါပဲပေါ့။” လင်းရှုက ခပ်ဖွဖွ ရယ်မောရင်း ပြောလိုက်ပါတယ်။
ထျန်းကျီက ခေါင်းညိတ်လိုက်ပြီး— “ရှေ့ကို ဆက်သွားရင်တော့ အပြာရောင်သစ်တော ကို ရောက်လိမ့်မယ်” လို့ ပြန်ဖြေပါတယ်။
“အပြာရောင်သစ်တော ဟုတ်လား။” လင်းရှု စိတ်ဝင်စားသွားပါတယ်။
အခု သူ မြင်နေရတာကတော့ တောင်ကုန်းငယ်လေးတွေလိုမျိုး ဟိုတစ်စ ဒီတစ်စ ထွက်နေတဲ့ ကျောက်တိုင်တွေပါပဲ။
အဲဒီကျောက်တိုင်တွေက စိပ်စိပ်လေး ပေါက်နေတာကြောင့် လမ်းကို ပိတ်ထားသလို ဖြစ်နေပါတယ်။ ဒါကို ကြည့်ပြီး လင်းရှုတောင် ခေါင်းနည်းနည်း ကိုက်သွားပါတယ်။
ဒါက ဝင်္ကပါတစ်ခုလိုပါပဲ။
“အင်း... နောက်ထပ် တစ်ကီလိုမီတာလောက် လျှောက်ပြီးရင် အဲဒီသစ်တောကို ရောက်မယ်။ အဲဒီမှာရှိတဲ့ သစ်ပင်တွေ အကုန်လုံးက အပြာရောင်တွေမို့လို့ အပြာရောင်သစ်တောလို့ ခေါ်ကြတာပေါ့။” ထျန်းကျီက ခေါင်းညိတ်ရင်း ရှင်းပြပါတယ်။
ကျောက်တိုင်တွေပေါ်မှာတော့ လူတွေ ထွင်းထုထားတဲ့ အမှတ်အသားလေးတွေ ရှိပါတယ်။ ထျန်းကျီရဲ့ လမ်းပြမှုနဲ့အတူ သူတို့ဟာ ကျောက်တိုင်တွေကြားကနေ အမြန်ဖြတ်ကျော်ခဲ့ပြီး တခြားတစ်ဖက်ကို ရောက်ရှိသွားပါတယ်။
“မင်းတို့က ဟိုမှာ အန္တရာယ်ရှိတာ သိနေတာလား။ သိရက်နဲ့ ဘာလို့ မပြောတာလဲ!” အဲဒီအချိန်မှာပဲ နောက်ကနေ ခြေသံတွေ ကြားလိုက်ရပြီး လူအနည်းငယ် လျှောက်လာပါတယ်။
သူတို့ကတော့ အိတ်ကိုယ်စီ လွယ်ထားကြတဲ့ လူနှစ်ယောက်ဖြစ်ပြီး ရထားပေါ်က ဆင်းလာတဲ့ စစ်သည်တော်တွေ ဖြစ်ပုံရပါတယ်။
သူတို့ဟာ အသက်ကို မနည်း လုရှူနေရပြီး အနက်ရောင် ကျိုင်းကောင်တွေကြောင့် တော်တော်လေး ထိတ်လန့်သွားခဲ့တာ သိသာပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ မျက်နှာတွေမှာတော့ လင်းရှုနဲ့ ထျန်းကျီကို ဒေါသတကြီး ကြည့်နေတဲ့ အမူအရာတွေ ပြည့်နေပါတယ်။
“ငါက မင်းတို့ အဖေလည်း မဟုတ်ဘူး၊ မင်းတို့ ဘေးကင်းဖို့ကို ငါက ဘာလို့ တာဝန်ယူရမှာလဲ။” လင်းရှုက သူတို့ စကားကို ကြားတော့ လှည့်ကြည့်ပြီး နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်ပါတယ်။
“မင်း...” လင်းရှုရဲ့ ပြန်ပြောချက်ကြောင့် ထိုလူမှာ စကားပင် ဆက်မပြောနိုင်တော့ပါဘူး။
“ရှေ့ကို ဆက်သွားကြမလား။” လင်းရှုက ထျန်းကျီကို လှည့်မေးပါတယ်။
ထျန်းကျီက ခေါင်းညိတ်လိုက်ပြီး ရှေ့ကို ညွှန်ပြကာ တိုးတိုးလေး ပြောပါတယ်။ “ရှေ့တည့်တည့်ကပဲ ဆက်သွားလို့ ရပါတယ်။”
“ဒါပေမဲ့ သားရဲတချို့ကတော့ တစ်ခါတလေ ပေါ်လာတတ်တယ်၊ သတိတော့ ထားရမယ်။”
ဒီအချိန်မှာတော့ တခြား စစ်သည်တော်တွေလည်း သူတို့နောက်ကို မှီလာကြပါပြီ။ သေဆုံးသွားသူ အများစုကတော့ အစွမ်းနည်းတဲ့သူတွေနဲ့ တုံ့ပြန်မှု နှေးတဲ့သူတွေ ဖြစ်ကြပါတယ်။ အခု ကျန်နေတဲ့သူတွေကတော့ အန္တရာယ်ကနေ ကံကောင်းထောက်မစွာ လွတ်မြောက်လာသူတွေပါ။
လင်းရှုနဲ့ ထျန်းကျီက ရှေ့ဆုံးကနေ လျှောက်ပြီး တခြား စစ်သည်တော်တွေက သူတို့နောက်ကနေ ကပ်လိုက်လာကြပါတယ်။
လင်းရှုတို့မှာ အတွေ့အကြုံ ရှိတာကို သူတို့ မြင်ထားတာကြောင့် သူတို့နောက်က လိုက်ရင် အန္တရာယ်တွေ ကင်းဝေးမယ်လို့ ယူဆနေကြတာပါ။
လင်းရှုကတော့ စစ်သည်တော် အတော်များများ သူတို့နောက်ကနေ အကွာအဝေးတစ်ခုကနေ သတိထားလိုက်လာတာကို သတိထားမိပေမဲ့ ဂရုမစိုက်ပါဘူး။
ချမ်းသာကြွယ်ဝမှုအတွက် သေမင်း၏ လမ်းစဉ်ထဲကို ဝင်လာတဲ့ ဒီစစ်သည်တော်တွေဟာ တကယ်ပဲ အသေမကြောက်ကြဘူးလို့ သူ တွေးမိပါတယ်။
ဒါပေမဲ့ သန့်ရှင်းသောနယ်မြေ ကောလိပ်က သေမင်း၏ လမ်းစဉ်ရဲ့ အဆုံးမှာ ရှိနေတာဆိုရင် အဲဒီက ကျောင်းသားတွေက ဘယ်လောက်တောင် သန်မာကြမလဲ။
ဝိ ဝိ ဝိ-
လင်းရှု အတွေးမဆုံးခင်မှာပဲ ခုနက နားထဲမှာ ထုံကျင်သွားစေမယ့် အသံကို ထပ်ကြားလိုက်ရပြန်ပါတယ်။
“သွားပြီ! ဒီနားမှာလည်း အနက်ရောင် ကျိုင်းကောင်တွေ ရှိနေတယ်!” ထျန်းကျီ အဲဒီအသံကို ကြားတာနဲ့ တုန်လှုပ်သွားပါတယ်။
ဒီပိုးကောင်တွေက တကယ်ကို လက်ပေါက်ကပ်ပါတယ်။ စစ်သည်တော်တစ်ယောက်က အနည်းငယ်ကို သတ်နိုင်ပေမဲ့ အကောင်ပေါင်း ဒါဇင်နဲ့ချီပြီးတော့တော့ မသတ်နိုင်ပါဘူး။
မကြာခင်မှာတင် အနက်ရောင် ကျိုင်းကောင် အကောင် ၁၀ ကျော်ဟာ တိမ်တိုက်တစ်ခုလို စုဝေးပြီး သူတို့ဆီကို ပြေးဝင်လာပါတယ်။
လင်းရှုကတော့ မကြောက်တဲ့အပြင် ဝမ်းသာသွားတဲ့ အမူအရာတောင် ပေါ်လာပါသေးတယ်။
အတွေ့အကြုံ အမှတ်တွေ စုဆောင်းရမယ့် အချိန်ပဲ!
“မြန်မြန်... ပြေးကြစို့!” ထျန်းကျီက လင်းရှုကို အော်ပြောလိုက်ပေမဲ့ လင်းရှုက ပြေးဖို့ စိတ်ကူးမရှိဘဲ ရှေ့ကို တိုးဝင်သွားတာကို မြင်လိုက်ရပါတယ်။
ထျန်းကျီ အံ့သြသွားပါတယ်။ 'သူက ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ သွားပို့နေတာလား။'
လင်းရှု ရှေ့ကို ပြေးဝင်သွားရင်း သေတ္တာဘေးက ခလုတ်လေးကို နှိပ်လိုက်ပါတယ်။ တစ်ခဏအတွင်းမှာတင် ပိဿာချိန် တစ်ထောင်နီးပါး ရှိတဲ့ 'မှောင်မိုက်သော အစွန်း’လှံကြီးက ထွက်ပေါ်လာပါတယ်။
ဒါ ဘာကြီးလဲ?! ထျန်းကျီက သေတ္တာထဲကနေ အနက်ရောင် အရာတစ်ခု ထွက်လာတာကို မြင်ပြီး လန့်သွားပါတယ်။
လင်းရှုက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လှံတံကို ဖမ်းဆုပ်လိုက်ပါတယ်။
လှံ! ဒါက အနက်ရောင် လှံကြီးပဲ!
“ဖီးနစ်အရှိန်အဝါ!!!”
လင်းရှု လှံကို မြဲမြဲကိုင်ပြီး အပေါ်ကို ခုန်တက်လိုက်ကာ လှံတံနဲ့ လခြမ်းပုံစံ ဝှေ့ယမ်းလိုက်ပါတယ်။
မီးတောက်တွေ ရုတ်တရက် ပွင့်ထွက်လာပြီး တောက်လောင်နေတဲ့ ဧရာမ မီးငှက်ကြီးတွေအဖြစ် ပြောင်းလဲကာ အနက်ရောင် ကျိုင်းကောင်တွေဆီကို တိုးဝင်သွားပါတော့တယ်။
တောက်လောင်နေတဲ့ ငှက်အများအပြားရဲ့ မြင်ကွင်းက တကယ်ကို ခံ့ညားထည်ဝါလှပါတယ်။
ဝုန်း—
အနက်ရောင် ကျိုင်းကောင်တွေနဲ့ ထိတွေ့မိတဲ့အခါ ကျိုင်းကောင်တွေရဲ့ ခန္ဓာကိုယ်တွေကို လောင်ကျွမ်းသွားစေပါတယ်။
“ဒေါင်! အဆင့် ၂ အနက်ရောင် ကျိုင်းကောင်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ အမှတ် ၅၀၀၀ ရရှိပါတယ်!”
“ဒေါင်! ...”
သူ 'ဖီးနစ်အရှန်အဝါ’ စွမ်းရည်ကို သုံးလိုက်တာကြောင့် အနက်ရောင် ကျိုင်းကောင် အမြောက်အမြား မီးလောင်ပြီး သေဆုံးသွားကြပါတယ်။
သူ့ခေါင်းထဲမှာ အသိပေးသံတွေ အဆက်မပြတ် မြည်နေပါတယ်။
လင်းရှု မြေပြင်ပေါ် ဆင်းသက်လိုက်ပြီး လှံတံကို သေတ္တာထဲ ပြန်ထည့်လိုက်ပါတယ်။
ပြီးနောက် သူ့ရဲ့ အချက်အလက်တွေကို စစ်ဆေးလိုက်ပါတယ်—
အတွေ့အကြုံ: ၃,၁၃၉,၆၃၅ (နောက်တစ်ဆင့်တက်ရန် ၂၂,၀၀၀,၀၀၀ လိုအပ်သည်)
သူ သတ်လိုက်တဲ့ အနက်ရောင် ကျိုင်းကောင်တွေက အဆင့် ၂ တွေမို့ အမှတ်နည်းပေမဲ့ အရေအတွက် များတာကြောင့် ခဏလေးအတွင်းမှာတင် အတွေ့အကြုံ အမှတ် ငါးသိန်းနီးပါး ရရှိခဲ့ပါတယ်။
ဒါပေမဲ့ လင်းရှုကတော့ နှမြောနေမိပါတယ်။ တကယ်လို့ သူသာ လမ်းဖြောင့်အတိုင်း သွားခဲ့ပြီး ကျိုင်းကောင်တွေ အများကြီးနဲ့ တွေ့ခဲ့ရင် အတွေ့အကြုံတွေ ဒီထက်မက ပိုရမှာပေါ့။
'မဟုတ်ဘူး... ငါ အဲဒီလို မတွေးသင့်ဘူး။ အနက်ရောင် ကျိုင်းကောင်တွေက တော်တော် သန်မာတာ၊ ခုနကတင် 'ဖီးနစ်အရှိန်အဝါ' နဲ့ မီးငှက် ၂၀ လောက် သုံးလိုက်လို့ သူတို့ကို အကုန် သတ်နိုင်ခဲ့တာ။'
'တကယ်လို့ ငါက အကောင်ပေါင်း ထောင်ချီ၊ သောင်းချီနဲ့ တွေ့ခဲ့ရင်...' လင်းရှု စဉ်းစားကြည့်ရင်း တုန်လှုပ်သွားပါတယ်။
'ဒါက လွယ်လှတာတော့ မဟုတ်ဘူး။'
ဒါပေမဲ့ ထျန်းကျီနဲ့ တခြားလူတွေကတော့ ကြောင်အသွားကြပါပြီ။ အနက်ရောင် ကျိုင်းကောင် ရာဂဏန်းလောက်ကို လင်းရှုက မျက်စိတစ်မှိတ်အတွင်းမှာတင် အမှုန့်ဖြစ်အောင် လုပ်ပစ်လိုက်တာကိုး။
ပြီးတော့ သူ့ရဲ့ စွမ်းရည်ကလည်း တကယ်ကို လှပလွန်းပါတယ်။
မြေပြင်ပေါ်မှာတော့ မူလ ပုံဆောင်ခဲ အတုံးလေးတွေ ပြန့်ကျဲနေပါတယ်။ ကျိုင်းကောင်တွေ မီးလောင်သွားပေမဲ့ အဲဒီ ပုံဆောင်ခဲတွေကတော့ အရည်မပျော်ပါဘူး။(ဆန်းကြယ်ပုံဆောင်ခဲကို မူလပုံဆောင်ခဲလို့ ပြောင်းပါတယ်)
ပုံဆောင်ခဲ ၁၀၀ ကျော်! သေးငယ်ပေမဲ့ လင်းရှု အကုန်လုံးကို ကောက်ပြီး အိတ်ထဲ ထည့်လိုက်ပါတယ်။
'သေမင်း၏ လမ်းစဉ်က ချမ်းသာမှုကို ပေးနိုင်တဲ့ နေရာဆိုတာ အမှန်ပဲ။ ခဏလေးအတွင်းမှာတင် အဆင့် ၂ ပုံဆောင်ခဲ ၁၀၀ တောင် ရနေပြီ။'
အဆင့် ၂ ပုံဆောင်ခဲ အသေးလေးတစ်တုံးဟာ အနည်းဆုံး ခြောက်ထောင်၊ ခုနစ်ထောင်လောက် တန်တာကြောင့် သူဟာ ခဏလေးအတွင်းမှာတင် သိန်းချီပြီး ရှာနိုင်ခဲ့တာပါ။
“အရမ်း သန်မာတာပဲ...” ထျန်းကျီကတော့ ပါးစပ်အဟောင်းသားနဲ့ အံ့သြနေတုန်းပါပဲ။
“အပြာရောင်သစ်တောက ရှေ့မှာလား။” လင်းရှု ရှေ့ကို လှမ်းကြည့်လိုက်ပါတယ်။ အဝေးမှာ အပြာရောင် သန်းနေတဲ့ တောအုပ်ကြီးကို သူ မြင်နေရပါပြီ။
'အဲဒီမှာကော ငါ့ကို ဘာတွေ စောင့်ကြိုနေဦးမလဲ။'