အခန်း (၁၀၉)။ ။ အနက်ရောင် ကျိုင်းကောင်များ။
ဒီနေရာကတော့ ကျယ်ပြောလှပြီး အဆုံးအစမရှိတဲ့ နေရာကြီးဖြစ်ကာ မြင်သမျှအရာအားလုံးဟာ အပြာနက်ရောင် သန်းနေပါတယ်။
ကောင်းကင်ကြီးတောင်မှ အပြာနက်ရောင် ဖြစ်နေသလိုမျိုးပါပဲ။
ရထားရပ်နားလိုက်ပြီး လူရိပ်တွေ ထွက်ပေါ်လာတာနဲ့အမျှ မူလက တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ဒီနေရာဟာ သက်ဝင်လှုပ်ရှားလာပါတယ်။
“သေမင်းဆီကို ကိုယ်တိုင်လာပို့ကြတဲ့ နောက်ထပ် လူတစ်စုပဲ။” သေမင်း၏ လမ်းစဉ်ရဲ့ အဝင်ဝမှာတော့ သီးသန့်ဖြစ်နေတဲ့ အနက်ရောင် သံအိမ်လေးတစ်လုံးရှိပြီး အဲဒီဘေးမှာ အဖိုးအိုတစ်ယောက် မတ်တတ်ရပ်နေပါတယ်။ သူဟာ အသားညိုညို၊ ရှေးကျတဲ့ ရုပ်သွင်ရှိပြီး ဆေးတံသောက်ရင်းနဲ့ သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်နေတာပါ။
“အဘိုးကြီး... နေပါဦး၊ သေမင်း၏ လမ်းစဉ်တစ်ဝိုက်မှာ ဘယ်လို သားရဲတွေ ရှိလဲဆိုတာ ပြောစမ်းပါဦး။” ကြမ်းကြမ်းတမ်းတမ်း ရုပ်ရည်ရှိတဲ့ လူတစ်စုဟာ အပြာနက်ရောင် မြေပြင်ပေါ်မှာ လျှောက်လာရင်း အဖိုးအိုဆီကို သွားပြီး မေးလိုက်ကြပါတယ်။
“သားရဲတွေလား။ အမျိုးအစားတွေက အရမ်းများလွန်းလို့ အကုန်ပြောပြဖို့တောင် မလွယ်ဘူးကွယ်။” အဖိုးအိုက ခေါင်းခါရင်း ပြန်ဖြေပါတယ်။
အဲဒီလူစုက မျက်မှောင်ကြုတ်လိုက်ပြီး အဖိုးအိုရဲ့ ဆေးတံကို ဆွဲယူကာ မြေပြင်ပေါ်ကို လွှင့်ပစ်လိုက်ပါတယ်။
“ငါ မေးနေတယ်လေ၊ အပိုတွေ ပြောမနေနဲ့!”
“သူတို့တော့ သွားပြီ။” ထျန်းကျီက အဲဒီလူတွေကို ကြည့်ပြီး သနားသလိုနဲ့ ပြောပါတယ်။
လင်းရှုက ထျန်းကျီရဲ့ စကားကို ကြားတော့ စိတ်ဝင်စားသွားပါတယ်။ သူ အဖိုးအိုကို ကြည့်လိုက်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်သော မျက်လုံးကို သုံးကာ အချက်အလက်တွေကို ကြည့်လိုက်ပါတယ်။
အဆင့် ၄ စစ်သည်တော် ဟုတ်လား။
အိုမင်းမစွမ်း ဖြစ်နေတဲ့ ဒီအဖိုးအိုက တကယ်တော့ အဆင့် ၄ စစ်သည်တော်ကြီး ဖြစ်နေတာပါ။
လင်းရှု အံ့သြသွားပါတယ်။ ဒီအဖိုးအိုက အဆင့် ၄ စစ်သည်တော်ဆိုရင် ဒီမြို့ငယ်လေးမှာ နေထိုင်သူတွေဟာလည်း သေချာပေါက် သန်မာကြမှာပါ။
ဒီလိုနေရာမျိုးမှာ သူတို့ ဘာလို့ အခြေချနေထိုင်နိုင်သလဲဆိုတာ အခုမှ နားလည်သွားပါတော့တယ်။
“လူလေးတို့ရယ်... အဘိုးကြီးကိုတော့ မနှိပ်စက်ကြပါနဲ့။” အဖိုးအိုက ပြောပြောဆိုဆိုနဲ့ သူ့ဆေးတံကို ကောက်ဖို့ ငုံ့လိုက်ပါတယ်။
ကြမ်းတမ်းတဲ့လူတွေထဲက တစ်ယောက်က ယုတ်မာတဲ့ အပြုံးနဲ့ အဖိုးအိုရဲ့ လက်ကို တက်နင်းဖို့ ပြင်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ အဖိုးအိုရဲ့ မျက်လုံးတွေက ထိုလူရဲ့ လုပ်ရပ်ကို မြင်နေရသလိုမျိုး တောက်ပသွားပါတယ်။ လင်းရှုက သူတို့ရှေ့ကို ချက်ချင်းရောက်လာပြီး အဲဒီလူရဲ့ ခြေသလုံးကို ကန်ထုတ်ကာ ဘေးကို တွန်းထုတ်လိုက်ပါတယ်။
“လူကြီးကို ရိုသေ၊ လူငယ်ကို သနားဆိုတာ ကောင်းမွန်တဲ့ ရိုးရာဓလေ့တစ်ခုပဲလေ။” လင်းရှုက ပြုံးပြီး ပြောလိုက်ပါတယ်။
အဖိုးအိုက လင်းရှုကို တောက်ပတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပေမဲ့ ချက်ချင်းပဲ မူလအတိုင်း ပြန်ဖြစ်သွားကာ သူ့ဆေးတံကို ကောက်ပြီး မတ်တတ်ရပ်လိုက်ပါတယ်။
“ကောင်လေး... မင်းက ဘာလို့ ဝင်ပါနေတာလဲ။” ထိုလူက လင်းရှုကို မကြည်ကြည့် ကြည့်လိုက်ပြီး သူ့နောက်က အပေါင်းအပါတွေကလည်း လင်းရှုအနားကို တိုးလာကြပါတယ်။
ဒါပေမဲ့ လင်းရှု ခုနက ဧရာမ သားရဲခွေးကြီးကို ဘယ်လိုသတ်လိုက်လဲဆိုတာ သူတို့ မြင်ထားတာကြောင့် ဘာမှတော့ ဗူးခါးအောင် မလုပ်ရဲကြပါဘူး။ သူ့ရဲ့ ခွန်အားကို လျစ်လျူရှုလို့ မရဘူးဆိုတာ သူတို့ သိပါတယ်။
“မင်းတို့ဘာသာ မင်းတို့ လမ်းလျှောက်ထွက်သွားမလား၊ ဒါမှမဟုတ် ငါကပဲ မင်းတို့ကို လွှင့်ထုတ်ပေးရမလား။” လင်းရှုက နေရောင်လို တောက်ပတဲ့ အပြုံးနဲ့ ပြောလိုက်ပါတယ်။
ဒါပေမဲ့ အဲဒီလူတွေရဲ့ မျက်လုံးထဲမှာတော့ ဒါဟာ အင်မတန် ရဲတင်းလွန်းတဲ့ စိန်ခေါ်မှုပါပဲ။
“မင်းတို့က ဒီမှာ ပြဿနာ လာရှာနေတာ မဟုတ်လား။” ထျန်းကျီကလည်း သူ့ရဲ့ ဓားမကြီးကို ကိုင်ပြီး လျှောက်လာပါတယ်။
အခြေအနေ မဟန်တော့ဘူးဆိုတာ အဲဒီလူစု သိလိုက်ပါတယ်။ သူတို့က လင်းရှုကို စိုက်ကြည့်ပြီး တခြားဘက်ကို ထွက်သွားကြပါတော့တယ်။
“အဘိုး... အဆင်ပြေရဲ့လား။” လင်းရှုက မေးလိုက်ပါတယ်။
“အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ် လူလေးရယ်။” အဖိုးအိုက ဆေးတံကို ဆက်သောက်ရင်း ပျော်ပျော်ရွှင်ရွှင် ပြန်ဖြေပါတယ်။
ထျန်းကျီကတော့ စိတ်ထဲကနေ ခေါင်းခါနေမိပါတယ်။ လင်းရှုက အဘိုးကြီးတစ်ယောက်အတွက်နဲ့ ဒီလူစုကို ရန်စလိုက်တာက မလိမ္မာတဲ့ လုပ်ရပ်လို့ သူ ထင်နေပြီး လင်းရှုဟာ အရမ်းကို နုနယ်သေးတယ်လို့ ယူဆနေတာပါ။
“အင်း... ဒါဆို ကျွန်တော်တို့ သွားတော့မယ်နော်။ သွားပြီနော် အဘိုး။” လင်းရှုက ပြုံးပြီး နှုတ်ဆက်ကာ ရှေ့ကို ဆက်လျှောက်ပါတယ်။
တစ်၊ နှစ်၊ သုံး...
လင်းရှု စိတ်ထဲကနေ ရေတွက်နေပါတယ်။
အဲဒီအချိန်မှာပဲ နောက်ကနေ အသံတစ်ခု ထွက်လာပါတယ်။
“လူလေး... ခဏနေဦး။”
အဖိုးအိုက ရုတ်တရက် လှမ်းခေါ်လိုက်တာပါ။(ငင့် NPCကြီး ပါလာတာလား😂)
“ဘာဖြစ်လို့လဲ အဘိုး။” လင်းရှုက ဘာမှမသိသလို ဟန်ဆောင်ပြီး လှည့်ကြည့်လိုက်ပါတယ်။
“ဟိုဘက်ကို မီတာ ၅၀၀ လောက် လျှောက်သွားပြီးရင် တခြားတစ်ဖက်ကို ကွေ့သွားလိုက်။ အရှေ့တည့်တည့်မှာ ကျိုင်းကောင်တွေ ရှိတယ်။” လို့ အဖိုးအိုက လင်းရှုကို ပြောပြပါတယ်။
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အဘိုး။” လင်းရှု ခေါင်းညိတ်ပြလိုက်ပါတယ်။
ထျန်းကျီကတော့ အံ့သြသွားပါတယ်။ လင်းရှုရဲ့ ဒီလို 'မမျှော်လင့်တဲ့ လုပ်ရပ်' ကနေ အဘိုးအိုရဲ့ ယုံကြည်မှုကို ရလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
သေမင်း၏ လမ်းစဉ်ထဲက ကျိုင်းကောင်တွေဆိုတာ သာမန် ကျိုင်းကောင်တွေ မဟုတ်ဘဲ အဆင့် ၂ နဲ့ အထက်ရှိတဲ့ ဆင့်ကဲတိုးတက်ပြောင်းလဲနေတဲ့ ကျိုင်းကောင်တွေပါ။
“လင်းရှု၊ ဦးလေးကို စောင့်ပါဦး!” လင်းရှု ထွက်သွားတာကို မြင်တော့ ထျန်းကျီက အမြန် ပြေးလိုက်ပါတယ်။
သူတို့ ရှေ့ကို ဆက်လျှောက်လာရင်း တခြား စစ်သည်တော် အဖွဲ့အစည်းတွေကိုလည်း တွေ့ရပါတယ်။
လူတိုင်းက သတိကြီးစွာနဲ့ ပတ်ဝန်းကျင်ကို ကြည့်ပြီး လျှောက်နေကြတာပါ။
ဘာပဲဖြစ်ဖြစ် ဒီလိုနေရာမျိုးမှာ လုယက်တာတွေ၊ သတ်ဖြတ်တာတွေက အချိန်မရွေး ဖြစ်နိုင်တာ မဟုတ်လား။
မီတာ ၅၀၀ လောက် လျှောက်ပြီးတဲ့နောက် လင်းရှုက ထျန်းကျီကို ပြောလိုက်ပါတယ်။ “ဦးလေး၊ ကျွန်တော်တို့ လမ်းခွဲကနေ ကွေ့ရအောင်။”
ထျန်းကျီ ခေါင်းညိတ်လိုက်ပါတယ်။ အဖိုးအိုရဲ့ အကြံပေးချက်က မှန်၊ မမှန် သူတို့ မသိပေမဲ့ “မယုံတာထက် ယုံတာက ပိုစိတ်ချရတယ်” ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။
သူတို့ဟာ အပြာရောင် မှော်တွေ တက်နေတဲ့ ထူးဆန်းတဲ့ အပြာနက်ရောင် ကျောက်တိုင်တွေ ရှိရာကို ရောက်လာကြပါတယ်။
စစ်သည်တော် အနည်းငယ်က လင်းရှုတို့ လမ်းကွေ့သွားတာကို မြင်တော့ “လမ်းဖြောင့်အတိုင်း မသွားဘဲနဲ့... တော်တော် အ တာပဲ” လို့ လှောင်လိုက်ကြပါတယ်။
“မြန်မြန်သွားကြစို့၊ ရှေ့မှာ အဆင့်မြင့်တဲ့ သားရဲတွေ အများကြီး ရှိတယ်လို့ ကြားတယ်။ အဲဒါတွေကို သတ်နိုင်ရင် ငါတို့ အကြီးအကျယ် ချမ်းသာပြီ။”
အဲဒီလူအနည်းငယ်ကတော့ လမ်းဖြောင့်အတိုင်း ဆက်သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါပေမဲ့ မကြာခင်မှာတင် မြေပြင်က အပြာနက်ရောင် မြေကြီးတွေဟာ တုန်ခါလာပါတော့တယ်။
“ဒါ ဘာကြီးလဲ။” ခုနက အဖိုးအိုကို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့တဲ့လူက ထိတ်လန့်သွားပါတယ်။
နောက်တစ်စက္ကန့်မှာတော့ မြေကြီးထဲကနေ အနက်ရောင် ပိုးကောင်တွေ အများကြီး ပေါက်ထွက်လာပါတယ်။
ဝိ ဝိ ဝိ-
နားထဲမှာ ထုံကျင်သွားစေမယ့် အသံတွေ ထွက်ပေါ်လာပြီး မြေကြီးထဲက ထွက်လာတဲ့ ပိုးကောင်တွေအားလုံးက အတောင်ပံတွေကို ခတ်လိုက်ကြပါတယ်။ သူတို့ရဲ့ ရှေ့မှာတော့ အင်မတန် ဖြောင့်စူးပြီး ချွန်ထက်တဲ့ သွားနှစ်တန်းစီ ရှိနေပါတယ်။
အဲဒီ သွားတွေဟာ နေရောင်အောက်မှာ အေးစက်တဲ့ အလင်းတန်းတွေကို ထုတ်လွှတ်နေပါတယ်။
အဆင့် ၂ သားရဲ— အနက်ရောင် ကျိုင်းကောင်!
ဒါတွေက မြေကြီးထဲမှာ ရှင်သန်နိုင်တဲ့ ဆင့်ကဲပြောင်းလဲထားတဲ့ ကျိုင်းကောင်တွေဖြစ်ပြီး အအုပ်အသင်းနဲ့ နေထိုင်ကာ အင်မတန် ချွန်ထက်တဲ့ သွားတွေ ရှိကြပါတယ်။ သူတို့ ပစ်မှတ်ထားတဲ့ ဘယ်သားကောင်မဆို သေဖို့ပဲ ရှိပါတယ်။
ဝိ ဝိ ဝိ-
ကျိုင်းကောင်တွေဟာ ပျံတက်လာပြီး ထိုလူ့ဆီကို တည့်တည့် ဦးတည်ကာ ခန္ဓာကိုယ်တစ်ခုလုံးကို အုပ်ပစ်လိုက်ပါတော့တယ်။
မိနစ်အနည်းငယ်အတွင်းမှာတင် ထိုလူဟာ အရိုးစုပဲ ကျန်ပါတော့တယ်။
“အား! ကယ်ကြပါဦး! ကယ်ကြပါဦး!” ခုနက ရဲတင်းနေတဲ့ လူတွေဟာ ထိတ်လန့်လွန်းလို့ ရူးမတတ် ဖြစ်သွားကြပြီး နောက်ကြောင်းပြန် ပြေးကြပါတော့တယ်။
“လူငယ်တွေဆိုတာ ယဉ်ကျေးဖို့ သင်ယူသင့်တာပေါ့။” သူ့အိမ်ရှေ့မှာ ရပ်နေတဲ့ အဖိုးအိုက ဆေးလိပ်ကို တစ်ချက် ရှိုက်လိုက်ပြီး မီးခိုးတွေ မှုတ်ထုတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်ပါတော့တယ်။