အခန်း (၁၀၃)။ ။ ပုံရိပ်ယောင် တစ်ထောင်။
ရှေ့ဆုံးက အနက်ရောင်ဝတ်စုံဝတ်လူဟာ လင်းရှုကို စဉ်းစားချိန်မပေးဘဲ သူ့ရဲ့ဓားနဲ့ ချက်ချင်း ပြေးဝင်တိုက်ခိုက်ပါတော့တယ်။
လင်းရှုက နှာခေါင်းရှုံ့လိုက်ပြီး ရှေ့ကို တစ်လှမ်းတိုးကာ လက်ထဲက သစ်သားသေတ္တာကြီးကို မြေပြင်ပေါ် ချလိုက်ပါတယ်။ ပြီးနောက် ဘာလက်နက်မှမပါဘဲ သူတို့ဆီကို ပြေးဝင်သွားပါတယ်။
လမ်းမကြီးက ကျယ်ဝန်းပေမဲ့ ဒီလိုညဉ့်နက်သန်းခေါင်မှာတော့ လမ်းသွားလမ်းလာတစ်ယောက်မှ မရှိဘဲ လမ်းဘေးမီးတိုင်တွေပဲ လင်းထိန်နေပါတယ်။
“သေချင်နေတာပဲ။” လင်းရှုက လက်ဗလာနဲ့ ပြေးဝင်လာတာကို မြင်တော့ အနက်ရောင်ဝတ်လူက လှောင်ပြုံးပြုံးလိုက်ပါတယ်။
သူက အဆင့် ၃ စစ်သည်တော်တစ်ယောက်ဖြစ်ပြီး အဆင့် ၁ စစ်သည်တော်လေးက သူ့ဆီကို လက်ဗလာနဲ့ ပြေးဝင်လာတာဟာ သေတွင်းထဲ သက်သက်ဆင်းတာပဲလို့ သူ ထင်နေတာပါ။
ဒါပေမဲ့ သူ လှောင်နေတုန်းမှာတင် လင်းရှုက သူ့ရှေ့ကို ရောက်နေပြီဆိုတာ သိလိုက်ရပါတယ်။
ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နေရတာလဲ။
အဲဒီလူရဲ့ အကြည့်တွေ ပြောင်းလဲသွားပြီး ဓားနဲ့ အားကုန်ခုတ်ချလိုက်တဲ့အချိန်မှာ လင်းရှုက သူ့ရဲ့နောက်ကျောဘက်ကို ရောက်နေပါပြီ။
မဖြစ်နိုင်တာ။
သူ ပြန်ခုခံဖို့ ပြင်လိုက်ပေမဲ့ လင်းရှုရဲ့ လက်သီးက သူ့ဆီကို ရောက်လာပါပြီ။
ဒီရက်ပိုင်း လေ့ကျင့်မှုတွေကြောင့် လင်းရှုဟာ မူလစွမ်းအားအပေါ် နားလည်မှုက အတော်လေး တိုးတက်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ရဲ့လက်သီးကို မူလစွမ်းအားတွေနဲ့ ပတ်ပတ်လည် ဖုံးအုပ်ထားသလို လက်အိတ်လည်း ဝတ်ထားတာကြောင့် သူ့လက်သီးဟာ သံမဏိထက်တောင် ပိုပြီး မာကျောနေပါတယ်။
လင်းရှု လက်သီးကို ဝှေ့ယမ်းလိုက်တဲ့အခါ လက်သီးဟာ နီရဲလာပြီး အနီရောင် စက်ဝိုင်းပုံ အလင်းတန်းတစ်ခုလို ဖြစ်သွားပါတယ်။
ဘုန်း––
ဒီလက်သီးက အဲဒီလူရဲ့ နောက်ကျောကို တည့်တည့်ထိမှန်သွားပါတယ်။ “ကျားသစ်ခွန်အား လက်သီး” ရဲ့ အားဖြည့်မှုနဲ့အတူ “ပေါက်ကွဲစေသော လက်သီး” ရဲ့ စွမ်းအားဟာ အဆပေါင်းများစွာ တိုးသွားပါတယ်။
အဲဒီလူရဲ့ ခန္ဓာကိုယ်ဟာ ချက်ချင်း လွင့်ထွက်သွားပြီး မြေပြင်ပေါ်မှာ အကြိမ်တော်တော်များများ လိမ့်သွားပြီးမှ အနိုင်နိုင် ပြန်ထိန်းလိုက်ရပါတယ်။
ပြီးနောက် သူ့ပါးစပ်ထဲကနေ သွေးတစ်လုပ် ထွက်လာပါတယ်။
နာကျင်လိုက်တာ။ သူ့နောက်ကျောကနေ စူးစူးရှရှ နာကျင်မှုကို ခံစားနေရပါတယ်။
သူ့အရိုးတွေအားလုံး ကျိုးသွားသလိုပါပဲ။
တကယ်လို့ သူ့ကို ကာကွယ်ပေးထားတဲ့ ထူးခြားတဲ့ စွမ်းရည်သာ မရှိဘူးဆိုရင် သူ့နောက်ကျောဟာ လင်းရှုရဲ့ လက်ချက်နဲ့ ကျိုးသွားမှာ သေချာပါတယ်။
လင်းရှုရဲ့ တုံ့ပြန်မှု၊ အရှိန်နဲ့ စွမ်းအားတွေဟာ သာမန်စစ်သည်တော်တစ်ယောက်မှာ ရှိနိုင်တဲ့အရာတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ သူ ခံစားမိတာကတော့ လင်းရှုက သိပ်ပြီး မသန်မာဘူးဆိုတာပါပဲ။
တောက်။ သူက ဘယ်လိုမျိုး ဘီလူးသတ္တဝါလဲ။
“သတ်ပစ်ကြစမ်း။”
အဲဒီအချိန်မှာပဲ တခြားဘက်က စစ်သည်တော် အနည်းငယ်ဟာ လင်းရှုဆီကို ပြေးဝင်လာပြီး ဝိုင်းလိုက်ကြပါတယ်။ သူတို့အားလုံးက ဓားတွေကို တစ်ပြိုင်နက်တည်း ဝှေ့ယမ်းပြီး ခုတ်ချလိုက်ကြပါတယ်။
လင်းရှုက မရှောင်ဘဲ ဓားချက်တွေကို သူ့ခန္ဓာကိုယ်ပေါ် အထိခံလိုက်ပါတယ်။
ချွင်––
လင်းရှုက တိုက်ခိုက်ရေးဝတ်စုံ ဝတ်ထားတာကြောင့် ဓားတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ကို လုံးဝ မထိခိုက်နိုင်ပါဘူး။
လင်းရှုကတော့ အနည်းငယ် တုန်ခါသွားသလိုပဲ ခံစားရပါတယ်။
ဒီဝတ်စုံက တကယ်ကို ကောင်းတာပဲ။
သုံးလိုက်ရတဲ့ ပိုက်ဆံတွေက မနှမြောရတော့ဘူး။
အဲဒီလူဟာ မယုံကြည်နိုင်သလိုမျိုး ကြောင်အသွားပါတယ်။
ဒါပေမဲ့ လင်းရှုက သူ့ကို တုံ့ပြန်ဖို့ အချိန်မပေးပါဘူး။ နောက်တစ်စက္ကန့်မှာပဲ သူ့ရဲ့ ညာခြေထောက်နဲ့ အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ကန်ထုတ်လိုက်ရာ လူဟာ လေထဲကို လွင့်တက်သွားပါတယ်။
အဲဒီလူ အောက်ကို ပြန်အကျမှာ လင်းရှုက ညာလက်သီးနဲ့ လေထဲမှာတင် ပင့်ထိုးလိုက်ပါတယ်။
လင်းရှုက သူ့ကိုယ်ထဲက အင်အားအားလုံးကို သုံးလိုက်တာကြောင့် အရိုးကျိုးသံကြီးက အကျယ်ကြီး ထွက်ပေါ်လာပါတယ်။ ဒီအဆင့် ၂ စစ်သည်တော်ရဲ့ ခါးရိုးတွေဟာ အပိုင်းပိုင်းကွဲသွားပုံရပါတယ်။
သူ့ခန္ဓာကိုယ်က လေထဲကို ထပ်ပြီး လွင့်တက်သွားပြီး မြေပြင်ပေါ်ကို တုံးခနဲ ပြန်ကျလာပါတယ်။ သူဟာ မြေပြင်ပေါ်မှာ ပက်လက်လန်လျက် လုံးဝ မလှုပ်နိုင်တော့ပါဘူး။
ဒါ့အပြင် သူ့ရဲ့ မျက်စိ၊ နား၊ နှာ၊ ပါးစပ် (အပေါက် ၇ ပေါက်) ထဲကနေ သွေးတွေ အများကြီး ထွက်လာပါတယ်။
“ဒေါင်~~~ အဆင့် ၂ စစ်သည်တော်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ အမှတ် ၁၅၀၀၀၀ ရရှိပါတယ်။”
လင်းရှုဟာ သူ့လက်တွေကို မနားတမ်း လှုပ်ရှားလိုက်ပြီး ဘယ်ညာကို လှမ်းဖမ်းလိုက်ရာ သူ့ကို ဓားနဲ့ခုတ်ဖို့ ပြင်နေတဲ့ စစ်သည်တော် နှစ်ယောက်ကို တိတိကျကျ ဖမ်းမိသွားပါတယ်။
အဲဒီစစ်သည်တော် နှစ်ယောက်ဟာ ထိတ်လန့်တုန်လှုပ်သွားပြီး ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ နောက်ကျသွားပါပြီ။
လင်းရှုက သူတို့ရဲ့ လက်ကောက်ဝတ်တွေကို ဖမ်းဆုပ်လိုက်ပြီး “မီးတောက်လက်သည်း” စွမ်းရည်ကို သုံးလိုက်ပါတယ်။
ရှူး––
သူ့ရဲ့ လက်ချောင်းထိပ်တွေကနေ မီးပွားတွေ ထွက်ပေါ်လာပြီး အဲဒီလူတွေရဲ့ လက်မောင်းတွေဟာ လင်းရှုရဲ့ မီးတောက်လက်သည်းတွေကြောင့် လက်ကောက်ဝတ်ကနေ ချက်ချင်းဆိုသလို ပြတ်ထွက်သွားပါတယ်။
အသားကင်နံ့လိုမျိုး အနံ့တစ်ခုလည်း ထွက်ပေါ်လာပါတယ်။
“အား။”
ပြင်းထန်တဲ့ နာကျင်မှုကြောင့် သူတို့ဟာ မရပ်မနား အော်ဟစ်နေကြပါတယ်။
လင်းရှုက ဘာညှာတာမှုမှ မရှိဘဲ ဆက်ပြီး တိုက်ခိုက်ကာ သူတို့ကို အပြတ်အသတ် နှိမ်နင်းလိုက်ပါတယ်။
သူဟာ “ဆင့်ကဲကန်ချက်” ကို သုံးပြီး သူတို့ကို ကန်ထုတ်လိုက်ရာ ကြိုးပြတ်သွားတဲ့ စွန်တစ်ကောင်လို လွင့်ထွက်သွားပြီး ဘေးက မြောင်းထဲကို ပြုတ်ကျသွားပါတော့တယ်။
သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အားနဲ့ ပြုတ်ကျသွားတာပါ။
“ဒေါင်~~ အဆင့် ၂ စစ်သည်တော်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ အမှတ် ၁၅၀၀၀၀ ရရှိပါတယ်။”
“ဒေါင်~~ အဆင့် ၂ စစ်သည်တော်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ အမှတ် ၁၅၀၀၀၀ ရရှိပါတယ်။”
အသိပေးချက် နှစ်ခု ဆက်တိုက် ထွက်ပေါ်လာပေမဲ့ သူတို့က အဆင့် ၂ စစ်သည်တော်တွေပဲမို့ လင်းရှု သိပ်ပြီး ဂရုမစိုက်ပါဘူး။
အဆင့် ၂ စစ်သည်တော် နှစ်ယောက်ကို အခုတင် သတ်လိုက်တဲ့ လင်းရှုရဲ့ ကြောက်မက်ဖွယ် အစွမ်းကြောင့် ကျန်နေတဲ့ အဆင့် ၂ စစ်သည်တော် နှစ်ယောက်ဟာ ရှေ့ကို တိုးမလာရဲတော့ပါဘူး။
သူတို့ရဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နေပါတယ်။ ဘာပဲဖြစ်ဖြစ် လင်းရှု အခုပြလိုက်တဲ့ အစွမ်းက တကယ့်ကို ထိတ်လန့်စရာကောင်းပြီး အဆင့် ၁ စစ်သည်တော်နဲ့ လုံးဝ မတူလို့ပါပဲ။
မဖြစ်နိုင်တာ။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ။ ငါတို့ရထားတဲ့ သတင်းတွေ မှားနေတာလား။
နောက်ဘက်က အဆင့် ၃ စစ်သည်တော်ရဲ့ မျက်လုံးထဲမှာတော့ လင်းရှုကို ကြည့်ရင်း လူသတ်ချင်တဲ့ အငွေ့အသက်တွေ ပြည့်နေပါတယ်။
ဒီလူကို အသက်ရှင်လျက် လွှတ်ထားလို့ မဖြစ်ဘူး၊ မဟုတ်ရင် သွေးစုပ်ဖုတ်ကောင် အဖွဲ့အစည်းအတွက် နောင်တစ်ချိန်မှာ အန္တရာယ် ပိုများလာလိမ့်မယ်။
အဲဒီလို တွေးပြီးနောက် သူဟာ အသက်ကို ပြင်းပြင်းရှူကာ သူ့ရဲ့ဓားကို ဆွဲပြီး လင်းရှုဆီကို ပြေးဝင်လာပါတော့တယ်။
ကိုယ်ဖျောက်စွမ်းရည် – “တောက်ပခြင်း”။
လင်းရှုက သူ့ဘေးက အဆင့် ၂ စစ်သည်တော် နှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ နောက်ကနေ ပြေးလာတဲ့ အဆင့် ၃ စစ်သည်တော်ကိုပဲ အာရုံစိုက်ထားလိုက်ပါတယ်။
ဒီအဆင့် ၃ စစ်သည်တော်ဟာ အင်မတန် မြန်ပြီး ခဏလေးအတွင်းမှာပဲ လင်းရှုရဲ့ ရှေ့ကို ရောက်လာပါတယ်။
လင်းရှုက မျက်လုံးတွေကို စုလိုက်ပြီး တွေဝေမနေဘဲ လက်သီးနဲ့ လှမ်းထိုးလိုက်ပါတယ်။
ဒါပေမဲ့ သူ့လက်သီးက အဲဒီလူရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတဲ့အခါ ပိုက်ကွန်တစ်ခုကို ထိုးလိုက်ရသလိုမျိုး ဘာမှမရှိတဲ့ လေဟာနယ်ကိုပဲ ထိသွားပါတယ်။
“ရွှေအဆင့် စွမ်းရည် – ‘ပုံရိပ်ယောင် တစ်ထောင်’ ။” လင်းရှု ရုတ်တရက် နောက်လှည့်ကြည့်လိုက်တဲ့အခါ အဲဒီအဆင့် ၃ စစ်သည်တော်ဟာ သူ့ရဲ့ နောက်ကျောဘက်ကို ခုန်ကူးသွားတာကို တွေ့လိုက်ရပါတယ်။
သူဟာ သူ့ရဲ့ ရွှေရောင်ဓားကို တင်းတင်းဆုပ်ကိုင်ပြီး ဟိန်းဟောက်လိုက်ပါတယ်။
ရွှေအဆင့် စွမ်းရည် ဟုတ်လား။
အဲဒီအချိန်မှာ လင်းရှုက အဲဒီလူကို စိုက်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ စိတ်တွေ တုန်လှုပ်သွားပြီး ရှေ့က မြင်ကွင်းတွေဟာ ပြောင်းလဲသွားသလို ခံစားလိုက်ရပါတယ်။
အဲဒီ အနက်ရောင်ဝတ်လူက ဆယ်ယောက်လောက် ဖြစ်သွားပြီး သူ့ကို ဝိုင်းထားကာ ဓားတွေနဲ့ ဝိုင်းခုတ်နေသလိုမျိုး မြင်နေရပါတယ်။
ပုံရိပ်တစ်ခုချင်းစီက တကယ့်လူလိုပဲ ထင်ယောင်ထင်မှား ဖြစ်စေပြီး ဘယ်ဟာက အစစ်လဲဆိုတာကို ခွဲခြားဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။