အခန်း (၁) - အနာဂတ်ဆီသို့ ကူးပြောင်းခြင်း
လင်းရှု ဟာ ဘွဲ့ရပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေထဲက တစ်ယောက်ပါ။
အဲဒီနေ့က သူ့ရဲ့စိတ်အခြေအနေက တော်တော်လေးကို မကောင်းနေတာကြောင့် League of Heroes ဂိမ်းကို ဆော့ရင်းနဲ့ တစ်ဖက်အသင်းကို အပီအပြင် အနိုင်ကျင့် နှိပ်ကွပ်နေခဲ့ပါတယ်။ ဒါပေမဲ့ ဂိမ်းကနေ ထွက်လိုက်တဲ့အချိန်မှာတော့ ဝင်းဒိုး စာတန်းလေးတစ်ခု ပေါ်လာခဲ့ပါတယ် -
[မင်းရဲ့ လက်တွေ့ဘဝကို ငြီးငွေ့နေပြီလား? တကယ်ပဲ အသက်ရှင်သန်ချင်လား?]
လင်းရှုကတော့ အနည်းငယ် ဆွံ့အသွားမိတယ်။ ဒီလိုဂိမ်းတွေက လူတွေစိတ်ဝင်စားလာအောင် အမြဲတမ်း ဒီလိုကြော်ငြာမျိုးတွေနဲ့ပဲ ဆွဲဆောင်လေ့ရှိတာကိုး။
"ဒီ Pop-up ကို ဖန်တီးတဲ့လူကတော့ ဝတ္ထုတွေ အဖတ်များသွားပုံပဲ" လို့ သူ တွေးလိုက်မိပါတယ်။
လင်းရှို့က အဲဒီ ဝင်းဒိုးစာတန်းလေးကို ပိတ်ပစ်ဖို့ လုပ်လိုက်တဲ့အချိန်မှာမှ ပိတ်ရမယ့် ခလုတ် ဖြစ်ဖြစ်၊ ငြင်းပယ်ရမယ့် ခလုတ် (Cancel) ဖြစ်ဖြစ် ဘာမှမရှိတာကို သတိထားမိသွားပါတယ်။ 'Yes' ဆိုတဲ့ ခလုတ်တစ်ခုတည်းသာ ရှိနေတာပါ။
လင်းရှုက မျက်မှောင်ကြုတ်လိုက်မိပေမဲ့ သူ့ရဲ့ပင်ကိုယ်အသိစိတ်နဲ့တင် 'Yes' ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်မိပါတယ်။ အဲဒီအချိန်မှာတင် ကွန်ပျူတာမျက်နှာပြင်က ဝင်းခနဲ လက်သွားခဲ့ပါတော့တယ်။
ဗိုင်းရပ်စ် (Virus) ကိုက်သွားတာလား?!
လင်းရှို့ ကြောင်အသွားပါတယ်။ သူ တစ်ခုခုလုပ်ဖို့ ကြိုးစားလိုက်စဉ်မှာပဲ "ဘုန်း" ဆိုတဲ့ အသံနဲ့အတူ သူ့ရဲ့ကွန်ပျူတာဟာ ရုတ်တရက် ပေါက်ကွဲသွားပါတော့တယ်။
အချိန်မည်မျှ ကြာသွားသည်မသိ... လင်းရှို့ ပြန်နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပုံရပါတယ်။
"ဒါ... ဒါ ဘယ်နေရာလဲ..."
သူ့ခေါင်းကို ကိုင်ရင်း ထထိုင်လိုက်ပါတယ်။ လင်းရှို့ ခေါင်းကို ခါယမ်းလိုက်တဲ့အခါမှာတော့ ဝေဝါးနေတဲ့ အမြင်အာရုံတွေက ရုတ်တရက် ကြည်လင်သွားပါတယ်။
ဒီနေရာက တက္ကသိုလ်က လေးယောက်အိပ် အဆောင်ခန်းလေးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက အဆင့်မြင့်နည်းပညာ ပစ္စည်းတွေ တပ်ဆင်ထားသလိုမျိုး ဖြစ်နေပြီး သူ့ရှေ့က နံရံပေါ်မှာတော့ အလွန်ကြီးမားတဲ့ စကရင် (Screen) ကြီးတစ်ခု ရှိနေပါတယ်။
အဲဒီအချိန်မှာပဲ သူ့ရဲ့ဦးနှောက်ထဲကို မှတ်ဉာဏ်အပိုင်းအစတွေ အများကြီး ရောက်ရှိလာသလို ခံစားလိုက်ရပါတယ်။
"ငါ... အချိန်ခရီးသွား ခဲ့တာလား...?"
ခေါင်းထဲကို ရောက်လာတဲ့ အချက်အလက်တွေကြောင့် လင်းရှို့တစ်ယောက် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားပါတယ်။
မှန်ပါတယ်။ သူ တကယ်ပဲ အချိန်ခရီးသွားခဲ့ပြီး အနာဂတ်ကမ္ဘာဆီကို ရောက်ရှိလာခဲ့တာပါ!
ခုနှစ်ကတော့ ၂၆၆၆ ခုနှစ်။ ဂြိုဟ်ပြင်ပသက်ရှိတွေရဲ့ ရုတ်တရက် ကျူးကျော်ဝင်ရောက်မှုဟာ ကြိုတင်ပြင်ဆင်မှုမရှိတဲ့ ကမ္ဘာမြေပေါ်က လူသားတွေအတွက် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။
နှစ်ပေါင်းရာချီကြာအောင် စစ်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ ကမ္ဘာပေါ်က နိုင်ငံတွေဟာ ဖက်ဒရယ်အဖွဲ့အစည်း တွေအဖြစ် ပေါင်းစည်းခဲ့ကြပြီး နျူကလီးယားလက်နက်တွေကို အသုံးပြုကာ အဲဒီ ဂြိုဟ်သားတွေကို နောက်ဆုံးမှာတော့ အမြစ်ပြတ် တိုက်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဂြိုဟ်ပြင်ပသက်ရှိတွေ သယ်ဆောင်လာတဲ့ ကုဒ်အမည် "X" လို့ခေါ်တဲ့ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးကို ဝါးမြိုသွားခဲ့ပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူတွေဟာ ဇွန်ဘီ တွေ ဖြစ်ကုန်ကြပြီး၊ တိရစ္ဆာန်တွေကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တဝါဆန်း ကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်။
ဒါပေမဲ့ ဇွန်ဘီအဖြစ် ပြောင်းမသွားတဲ့ လူအနည်းငယ်လည်း ရှိပါသေးတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ ဆင့်ကဲပြောင်းလဲလာပြီး ပိုမိုသန်မာ၊ ပိုမိုမြန်ဆန်လာခဲ့ကြပါတယ်။
အဲဒီလို ထူးခြားတဲ့ လူအုပ်စုကိုတော့ "စစ်သည်တော်များ" လို့ ခေါ်ဆိုကြပါတယ်။
နှစ်ပေါင်း ၃၀ ကြာဖြတ်သန်းပြီးတဲ့နောက်မှာတော့ ကမ္ဘာမြေဟာ စစ်သည်တော်တွေ ကြီးစိုးတဲ့ ကမ္ဘာတစ်ခု ဖြစ်လာခဲ့ပါပြီ။
တခြားဂြိုဟ်တွေကရတဲ့ ထူးခြားတဲ့ သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေကို ကိုင်ဆောင်ထားတဲ့ အစွမ်းထက် စစ်သည်တော်တွေဟာ ဒုံးကျည်နဲ့တောင် သတ်လို့မရတဲ့ ဧရာမ သန္ဓေပြောင်း သတ္တဝါကြီးတွေကို သတ်ဖြတ်နိုင်စွမ်း ရှိကြပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့ လင်းရှုတစ်ယောက် ငိုချင်ရက် လက်တို့ ဖြစ်နေရပါတယ်။
သူ ဝင်စားလိုက်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဟာ ကျောင်းမှာ စာပေပညာရပ်ပိုင်းမှာ ထိပ်တန်းက ဖြစ်ပေမဲ့ စိတ်မကောင်းစရာက ခွန်အားနဲ့ ပါရမီပိုင်းမှာတော့ အလွန်အမင်း အားနည်းလွန်းပြီး သာမန်လူတွေလောက်တောင် အစွမ်းမရှိတာပါပဲ။
ဒါ့အပြင် သူ့ရဲ့ မိဘတွေကလည်း ကွယ်လွန်သွားခဲ့ကြပြီဖြစ်လို့ မိဘတွေဆီကရတဲ့ အမွေအနှစ်သာ မရှိရင် သူ ဒီကျောင်းမှာ ပညာသင်ကြားနိုင်မှာ မဟုတ်ပါဘူး။
"ဒီလောက် ချောတဲ့မျက်နှာလေးကို နှမြောစရာပဲ၊ တကယ်တော့ ဘာမှသုံးမရတဲ့ အမှိုက်ဖြစ်နေတာကိုး" လင်းရှု မှန်ရှေ့မှာ ရပ်ပြီး သူ့မျက်နှာကို ဆွဲညှစ်ရင်း ပြောလိုက်ပါတယ်။
ပိုပြီး အံ့သြဖို့ကောင်းတာက ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာမည်ကလည်း လင်းရှု ပဲ ဖြစ်နေတာပါပဲ။
တိုက်ဆိုင်လိုက်တာမှ လွန်ရော!
"ဒီမှာ ပိုးဟပ်တွေတောင် ရှိတာပဲ" မှန်ရှေ့မှာ ခဏလောက် ရပ်နေပြီးတဲ့နောက် လင်းရှို့တစ်ယောက် လက်ရှိအခြေအနေကို လက်ခံဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။
သူ့ခြေထောက်နားမှာ မည်းမည်းအရာတစ်ခုကို ရုတ်တရက် မြင်လိုက်ရလို့ သေချာကြည့်လိုက်တဲ့အခါမှာတော့ ဧရာမ ပိုးဟပ်ကြီးတစ်ကောင် ဖြစ်နေပါတယ်။ သူ အရင်က မြင်ဖူးသမျှ ပိုးဟပ်တွေထက် အများကြီး ပိုကြီးနေတာပါ။
လင်းရှို့က သူ့ရဲ့ပင်ကိုယ်အသိစိတ်နဲ့တင် အဲဒီပိုးဟပ်ကို တက်နင်းလိုက်ရာ ချက်ချင်းပဲ ပြားချပ်သွားပါတော့တယ်။
"ဒင်! သန္ဓေပြောင်း ပိုးဟပ်တစ်ကောင်ကို သတ်ဖြတ်ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အတွေ့အကြုံ ၁ မှတ် ရရှိပါတယ်!"
"အဆင့်တက်သွားခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အခုဆိုရင် သင်ဟာ အဆင့် (၁) ကို ရောက်ရှိသွားပြီဖြစ်ပြီး အပိုမှတ် ၁ မှတ် ရရှိပါတယ်!"
"ဘာ... ဘာကြီးလဲ?! ဘယ်သူ စကားပြောနေတာလဲ?" လင်းရှု ကြောင်အသွားပါတယ်။ သူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပေမဲ့ ဘယ်သူမှ ရှိမနေပါဘူး။
'နေပါဦး... ဒီအသံက ငါ့ခေါင်းထဲက ထွက်လာတာနဲ့ တူတယ်!'
အဲဒီအချိန်မှာပဲ လင်းရှို့ရဲ့ ရှေ့က မြင်ကွင်းတွေအားလုံး မှောင်အတိကျသွားပြီး သူ့ရဲ့စိတ်အာရုံထဲ ရောက်သွားသလို ခံစားလိုက်ရပါတယ်။ ရုတ်တရက်ဆိုသလို သူ့ရှေ့မှာ စာတန်းကွက်လေးတစ်ခု ပေါ်လာပါတယ် -
ပိုင်ရှင် : လင်းရှု
အဆင့် : အဆင့် ၁
အတွေ့အကြုံ : ၀ (နောက်တစ်ဆင့်တက်ရန် ၁၀၀ လိုအပ်သည်)
ခွန်အား : ၃၅
ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၃၃
အလျင် : ၃၂
(မှတ်ချက် - သာမန်လူတစ်ယောက်၏ ပျမ်းမျှအဆင့်မှာ တစ်ခုချင်းစီအတွက် အနည်းဆုံး ၃၈ ရှိရမည်)
စွမ်းရည် : ခွဲခြမ်းစိတ်ဖြာနိုင်သောမျက်လုံး
ဒေါသတန်ဖိုး : ၀/၁၀၀
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား: ၂၅၀
"စ... စနစ်လား?!" လင်းရှု ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ အားရပါးရ အော်ရယ်လိုက်ပါတော့တယ်။ သူလို အချိန်ခရီးသွားပြီး ကူးပြောင်းလာသူတစ်ယောက်အတွက် မျက်နှာသာပေးမှုတွေ ရှိနေသေးပုံပါပဲ။ မဟုတ်ရင်တော့ ဒီလိုကမ္ဘာမျိုးမှာ သူ ဘယ်လိုမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလေ။
ဒါပေမဲ့ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအားက ဘာလို့ ၂၅၀ ပဲ ရှိနေရတာလဲ!
လင်းရှု က အဆင့်တက်သွားတာနဲ့ ရရှိလာတဲ့ အပိုမှတ်ကို ဘာမှမစဉ်းစားဘဲ ခွန်အား ထဲကိုပဲ တန်းထည့်လိုက်ပါတယ်။
အဲဒီနောက်မှာတော့ လင်းရှို့ဟာ သူ့ရဲ့လက်မောင်းတွေထဲမှာ ခွန်အားတွေ အနည်းငယ်တိုးလာသလို ခံစားလိုက်ရပေမဲ့ ဒါက ထူးထူးခြားခြား ပြောင်းလဲသွားတာမျိုးတော့ မဟုတ်သေးပါဘူး။
သူ့အနေနဲ့ ပိုးဟပ်တချို့ကို ထပ်သတ်ဖို့ လိုအပ်နေပုံရပါတယ်။ ဒါပေမဲ့ ဒီအဆောင်ခန်းထဲမှာ ပိုးဟပ်တွေ ထပ်ရှိနေဦးမလား?
ရုတ်တရက်ဆိုသလို "ဘုန်း" ဆိုတဲ့ အသံကြီးနဲ့အတူ အခန်းတံခါးဟာ အကန်ခံလိုက်ရပြီး ပွင့်ထွက်သွားပါတယ်။
လူငယ်တချို့ဟာ တံခါးဝမှာ ရယ်မောရင်း ရပ်နေကြပါတယ်။
အရှေ့ဆုံးမှာ ရပ်နေတာကတော့ အရပ်ရှည်ရှည် ဗလကောင်းကောင်းနဲ့ မာချန် ဆိုသူဖြစ်ပြီး သူ့နောက်မှာတော့ ကျန်းတုန်း နဲ့ ချန်လီ တို့ ရှိနေပါတယ်။
သူတို့က ဒီအဆောင်မှာပဲ အတူနေကြတဲ့ "အဆောင်ဖော်" တွေဆိုပေမဲ့ တကယ်တမ်းတော့ အရင်က လင်းရှုဟာ သူတို့ရဲ့ အမြဲတမ်း အနိုင်ကျင့်ခြင်းကို ခံခဲ့ရသူပါ။ ကြမ်းပြင်သန့်ရှင်းရေးလုပ်တာ၊ အဝတ်လျှော်ပေးတာကအစ အကုန်လုပ်ပေးရပါတယ်။ သူတို့ စိတ်မကြည်တဲ့အချိန်တိုင်းမှာလည်း လင်းရှို့ကို လူသားသဲအိတ် တစ်ခုလို သဘောထားပြီး အနိုင်ကျင့် ကန်ကျောက်လေ့ ရှိကြပါတယ်။
"မြန်မြန်လုပ်စမ်း လင်းရှု၊ ငါ့ဖိနပ်မှာ ပေနေတဲ့ ရွှံ့တွေကို သန့်ရှင်းရေးလုပ်ပေးစမ်း" မာချန်က အခန်းထဲဝင်လာပြီး ရေသောက်ရင်း လင်းရှို့ကို ခိုင်းလိုက်ပါတယ်။
"ဘာလဲ... မင်းမလာဘူးဆိုရင် မင်းအဖေ (ငါ) က မင်းခေါင်းကို အိမ်သာခွက်ထဲ နှစ်ပစ်မှာနော်!" လင်းရှုက မလှုပ်မယှက်ရပ်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေတာကို မြင်တော့ မာချန်က ခြိမ်းခြောက်လိုက်ပါတယ်။
"ထွက်သွားစမ်း!" လင်းရှုဟာ အရင်ကလို အားနည်းတဲ့သူ မဟုတ်တော့ပါဘူး။ မာချန်နဲ့ တခြားသူတွေကို ကြည့်ရင်း သူ့ရင်ထဲမှာ ဒေါသတရားတွေ တောက်လောင်လာပြီး အော်ဟစ်လိုက်ပါတယ်။
လင်းရှုရဲ့ အော်သံကို ကြားလိုက်ရတဲ့အခါ မာချန်နဲ့ တခြားသူတွေဟာ ကြောင်အသွားကြပါတယ်။ လင်းရှုက သူတို့ခိုင်းသမျှကို အမြဲတမ်း အမိန့်နာခံခဲ့တာလေ။ အခုလို ပြန်ဆဲလိမ့်မယ်လို့ သူတို့ လုံးဝ မထင်ထားခဲ့ကြပါဘူး။
"သေချင်နေတာပဲ!" မာချန်က ရှေ့ကို ပြေးထွက်လာပြီး လင်းရှုရဲ့ ဗိုက်ကို တန်းကန်လိုက်ပါတယ်။
သူ့ရဲ့လှုပ်ရှားမှုက အလွန်မြန်ဆန်တာကြောင့် လင်းရှုခမျာ ရှောင်ဖို့တောင် အချိန်မရလိုက်ပါဘူး။ "ဘုန်း" ဆိုတဲ့ အသံနဲ့အတူ လင်းရှုဟာ နောက်က နံရံကို ဆောင့်ပြီး လွင့်ထွက်သွားပါတယ်။
ရင်ဘတ်ထဲမှာ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပါတယ်။
"ခွဲခြမ်းစိတ်ဖြာနိုင်သောမျက်လုံး ကို စတင်အသုံးပြုနေပြီ..."
ဇာတ်ကောင်: မာချန်
အဆင့်: အဆင့်နိမ့် စစ်သည်တော်
ခွန်အား : ၅၅
ခန္ဓာကိုယ်ကြံ့ခိုင်မှု : ၄၅
အလျင် : ၄၇
စုစုပေါင်း တိုက်ခိုက်ရေးစွမ်းအား: ၄၈၀
အဲဒီအချိန်မှာပဲ သူ့ရဲ့ခေါင်းထဲကနေ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာပါတယ်။
လင်းရှုက နာကျင်နေတဲ့ သူ့ဗိုက်ကို ဖိထားရင်း ခုနက မြင်လိုက်ရတဲ့ စွမ်းရည် အကြောင်းကို ရုတ်တရက် သတိရသွားပါတယ်။
ဒါဟာ ဒီလူတွေရဲ့ စွမ်းရည်တွေကို ခွဲခြမ်းစိတ်ဖြာပေးတဲ့ စွမ်းရည်ဖြစ်ရမယ်။
"တောက်... ဒီမာချန်ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ငါ့ထက် ၂၀၀ ကျော်တောင် ပိုများနေတာပဲ!" လင်းရှုအနေနဲ့ သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
"မင်းက ငါ့ကို ပြန်ဆဲရဲတယ်ပေါ့လေ?" မာချန်က လျှောက်လာပြီး လင်းရှုကို ဆက်တိုက် ကန်ကျောက်နေပါတယ်။
"ဟက်... အရှက်မရှိတဲ့ကောင်" ကျန်းတုန်းနဲ့ ချန်လီတို့ကလည်း လျှောက်လာပြီး ကြမ်းပြင်ပေါ်မှာ လဲနေတဲ့ လင်းရှုကို ဝိုင်းပြီး ထိုးကြိတ်ကန်ကျောက်ကြပါတော့တယ်။
သူတို့တွေဟာ ဒီအကယ်ဒမီကျောင်းမှာ အဆင့်အနိမ့်ဆုံး စစ်သည်တော်တွေ ဖြစ်ကြပြီး၊ သူတို့ကိုယ်သူတို့ အသုံးဝင်တယ်လို့ ခံစားရအောင် လင်းရှုကိုပဲ အနိုင်ကျင့်နိုင်ကြတာပါ။
လင်းရှုက သူ့ခေါင်းကို အုပ်ထားရင်း ပြန်ထလိုက်ပါတယ်၊ သူ့ရဲ့ လက်သီးတွေကလည်း ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပါတယ်။
သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ ပြင်းထန်တဲ့ အငြိုးအတေး အရိပ်အယောင်တွေ ဝင်းလက်နေပါတယ်။
'သန်မာရမယ်... ငါ ပိုပြီး သန်မာလာမှဖြစ်မယ်!'
ဒီအတောအတွင်းမှာပဲ သူ့ခေါင်းထဲက 'ဒေါသတန်ဖိုး' (အိုင်ကွန်ပေါ်က ကိန်းဂဏန်းတွေဟာ တရိပ်ရိပ် တိုးလာနေပါတယ်။
အခုဆိုရင် ၁၀၀ ရာခိုင်နှုန်း ပြည့်တော့မှာပါ!