အခန်း (၁) ဘုရင်သစ်နှင့် စစ်သားငယ်
ခမ်းနားကြော့ရှင်းလှသော ညီလာခံခန်းမဆောင်ကြီးအတွင်း၌ အရာရှိမှူးမတ်များမှာ ခါးညွတ်ကာ တန်းစီရပ်နေကြပြီး အဆင့်နိမ့်မှူးမတ်များကမူ ဒူးထောက်အရိုအသေပေးနေကြ၏။ သူတို့၏အထက် မြင့်မားသောနေရာတွင်တော့ ရွှေ၊ ကျောက်စိမ်းတို့ဖြင့် ထုဆစ်ခြယ်သထားသော ပလ္လင်တော်ကြီးတစ်ခုရှိနေလေသည်။ ထိုပလ္လင်သည်ကား တိုင်းပြည်တစ်ပြည်၏ အမြင့်ဆုံးသောအာဏာစက်နှင့် အနှိုင်းမဲ့ဘုန်းတန်ခိုးအာနုဘော်တို့ကို ကိုယ်စားပြုပေသည်။
ပလ္လင်တော်ဆီသို့ ဦးတည်၍ လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသည်။ သူမသည် အနက်နှင့်အနီ စပ်ယှက်ထားသော နဂါးရုပ်ပန်းထိုးဝတ်ရုံတော်ကို ဆင်မြန်းထားပြီး ခေါင်းထက်တွင် ရွှေနှင့်ကျောက်စိမ်းတို့ ကွပ်ထားသော ဖီးနစ်သရဖူကို ဆောင်းထား၏။ ခါးတွင်လည်း နဂါးနှစ်ကောင် ပုလဲလုံးကိုလုနေဟန် ဖန်တီးထားသည့် ခါးပတ်ကို ပတ်ထားကာ ခြေအစုံ၌ မင်္ဂလာရှိသော မိုးတိမ်အဆင်း ရွှေရောင်ပိုးချည်ဖိနပ်ကို စီးနင်းထားလေသည်။
သူမ၏ မျက်ဝန်းအစုံမှာ ဆောင်းလမင်းပမာ အေးစက်တည်ကြည်နေပြီး မျက်ခုံးတန်းလေးများကမူ နူးညံ့သိမ်မွေ့လှသည်။ ဖြူဖွေးဝင်းမွတ်နေသော မျက်နှာသွင်ပြင်နှင့်အတူ သူမ၏ကိုယ်မှ ခမ်းနားကြီးကျယ်သော အငွေ့အသက်များ ဖြာထွက်နေ၏။ ခြေလှမ်းတိုင်းက တည်ငြိမ်ကျက်သရေရှိလှပြီး အမူအရာတိုင်းတွင် ဖော်ပြ၍မရနိုင်လောက်အောင် မြင့်မြတ်သော ဂုဏ်သိက္ခာတို့ ကိန်းအောင်းနေပေသည်။
သူမ၏လက်ထဲတွင် ဓားရှည်တစ်လက်ကိုလည်း ဆုပ်ကိုင်ထားသေးသည်။ ဓားမှာ ဓားအိမ်ထဲ၌ ရှိနေသော်ငြား ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို လွှမ်းမိုးထုတ်ဖော်နေပြီး ဓားအိမ်အတွင်းမှ နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကိုပင် သဲ့သဲ့ကြားနေရသယောင် ရှိ၏။ ဤဓားသည် ဧကရာဇ်၏ဓားဖြစ်ကာ တိုင်းပြည်အုပ်စိုးသူ၏ အဆင့်အတန်းကို ကိုယ်စားပြုပေသည်။ ဤဓားကို ပိုင်ဆိုင်သူတိုင်းသည် တိုင်းပြည်၏ ဘုရင်အစစ်အမှန်ပင် ဖြစ်တော့သည်။
ယခု ထိုဓားကို ကိုင်ဆောင်ထားသူမှာ အခြားသူမဟုတ်၊ မကြာမီကမှ ချင်ပြည်နယ်၏ ထီးနန်းကို ဆက်ခံခဲ့သော အရှင်မ ယင်ယီရန်ပင် ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က မဟာယီမင်းဆက်ကြီးသည် ယခင်မင်းဆက်ဟောင်းကို ဖြုတ်ချကာ တစ်ကမ္ဘာလုံးကို စည်းလုံးသိမ်းသွင်းနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဧကရာဇ်သည် နယ်ပယ်အသီးသီးမှ ဘုရင်များကို လက်အောက်ခံအဖြစ် သတ်မှတ်ကာ နိုင်ငံတစ်ဝန်းတွင် လက်အောက်ခံပြည်နယ်များစွာကို တည်ထောင်ခဲ့၏။
သို့သော် နှစ်ပေါင်းရှစ်ရာ ကြာမြင့်လာပြီးနောက်တွင်တော့ မဟာယီမင်းဆက်၏ တော်ဝင်အာဏာစက်မှာ တဖြည်းဖြည်း ယိုယွင်းကျဆင်းလာခဲ့သည်။ အထူးသဖြင့် မဟာယီဧကရာဇ်ဖြစ်သော နတ်ဆိုးဧကရာဇ် နတ်ရွာစံသွားပြီးသည့်နောက်တွင်ကား ကမ္ဘာမြေတစ်ခုလုံး ကမောက်ကမဖြစ်သွားတော့သည်။
လက်အောက်ခံပြည်နယ်များအကြား အဆက်မပြတ် စစ်မက်ဖြစ်ပွားလာကြပြီး ပြည်နယ်အသီးသီးမှ အုပ်ချုပ်သူတိုင်းက အင်အားလွှမ်းမိုးမှုရရှိကာ ကမ္ဘာကြီးကို ပြန်လည်ပေါင်းစည်းအုပ်ချုပ်လိုစိတ်များ ပြင်းပြလာကြလေသည်။
ဤသို့သော အချိန်ကာလအတွင်း၌ အင်အားကြီးမားလှသည့် ပြည်နယ်ခုနစ်ခု ပေါ်ထွက်လာခဲ့ရာ ချင်ပြည်နယ်သည်လည်း ထိုအထဲမှ တစ်ခုအပါအဝင် ဖြစ်ပေသည်။ သို့ရာတွင် မကြာသေးမီက ချင်ပြည်နယ်၏ ယခင်အုပ်စိုးရှင်သည် ဝေပြည်နယ်နှင့် ဖြစ်ပွားသောစစ်ပွဲတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မကြာမီမှာပင် နတ်ရွာစံသွားခဲ့၏။ မကွယ်လွန်မီ ချန်ရစ်ခဲ့သော သေတမ်းစာအရ ထီးနန်းအရိုက်အရာကို သူ၏ သမီးအကြီးဆုံးဖြစ်သူ ယင်ယီရန်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့လေသည်။
ဤလောကတွင် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ထီးနန်းကို ဆက်ခံခွင့်ရှိပေသည်။ အမှန်ဆိုရလျှင် ယခုခေတ်ကာလသည် အမျိုးသမီးများက အမျိုးသားများထက် ပိုမိုတန်ခိုးသြဇာကြီးမားသော ခေတ်ဖြစ်ပြီး ကျန်ရှိနေသေးသော ပြည်နယ်ခြောက်ခုလုံးရှိ အုပ်စိုးသူအားလုံးမှာလည်း အမျိုးသမီးများချည်းသာ ဖြစ်ကြလေသည်။
"အရှင်မ... ကျေးဇူးပြုပြီး ထီးနန်းကို လက်ခံစံမြန်းတော်မူပါ။ ကျွန်တော်မျိုးကြီး အသက်ကို ပေးလှူပြီး သစ္စာစောင့်သိပါ့မယ်" ပလ္လင်တော်အောက်ခြေမှ ဆံပင်ဖြူဖြူ၊ ခါးကုန်းကုန်းနှင့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အမတ်အိုကြီးတစ်ဦးက ဦးစွာ ဦးတိုက်လျှောက်တင်လိုက်သည်။
"အရှင်မ ထီးနန်းဆက်ခံတော်မူပါ။ ကျွန်တော်မျိုးတို့အားလုံး အသက်ကိုစွန့်၍ အမှုထမ်းပါမည်ဟု သစ္စာဆိုပါတယ်။ အရှင်မ သက်တော်ရာကျော် ရှည်ပါစေ" ကျန်အမတ်များကလည်း တစ်ပြိုင်နက်တည်း သံပြိုင်ကြွေးကြော်လိုက်ကြလေသည်။
အမတ်များ၏ သစ္စာဆိုသံများအကြားတွင် ယင်ယီရန်က ပလ္လင်တော်ပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ဤအချိန်မှစ၍ ချင်ပြည်နယ်တစ်ခုလုံး၏ ကံကြမ္မာသည် ယင်ယီရန်၏ ပခုံးပေါ်သို့ ကျရောက်သွားပြီ ဖြစ်၏။ သူမ၏ နောက်ကျောဘက်တွင်လည်း အနက်ရောင်ငှက်ကြီးတစ်ကောင်၏ ဝိညာဉ်ပုံရိပ်ကြီး ပေါ်ထွက်လာသည်။ ထိုမှထွက်ပေါ်လာသော အားကောင်းလှသည့် ဖိအားကြောင့် ခန်းမအတွင်းရှိ လူတိုင်းမှာ အသက်ရှူရပင် ခက်ခဲသွားကြရသည်။
ယင်ယီရန်၏ အေးစက်စက် အကြည့်များက ခစားနေကြသော အရာရှိမှူးမတ်များအပေါ် ဖြတ်ပြေးသွားပြီးနောက် သူမက ဖြည်းညင်းသောလေသံဖြင့် "အမတ်တို့... မတ်တတ်ရပ်နိုင်ပြီ" ဟု မိန့်ဆိုလိုက်သည်။
ထိုအခါ အမတ်အားလုံး မတ်တတ်ရပ်လိုက်ကြပြီးနောက် အရှင်မနန်းတက်ပြီးပြီးချင်း ထုတ်ပြန်မည့် ပထမဆုံးအမိန့်တော်ကို ကြားနာရန် အသင့်စောင့်ဆိုင်းနေကြလေသည်။
ယင်ယီရန်က သူမ၏ ဓားကို မြှောက်လိုက်ကာ "ငါ နန်းတက်ပြီးပြီးချင်း ပထမဆုံးလုပ်မယ့်ကိစ္စက ဝေပြည်နယ်ကို ကလဲ့စားချေဖို့ပဲ" ဟု ဟစ်ကြွေးလိုက်သည်။
"ဝေပြည်နယ်က ငါတို့ရဲ့နယ်မြေတွေကို သိမ်းယူခဲ့ရုံသာမက ငါ့ရဲ့ခမည်းတော်ကိုပါ လုပ်ကြံခဲ့တယ်။ ဒါဟာ သွေးနဲ့ရင်းပြီး ဆပ်ရမယ့် ရန်ကြွေးပဲ။ ဒါကြောင့် ငါ့ရဲ့ ပထမဆုံးအမိန့်တော်က စစ်တပ်ကို အင်အားပြန်လည်စုစည်းပြီး ဝေပြည်နယ်နဲ့ စစ်ခင်းဖို့ ပြင်ဆင်ကြစေ"
ယင်ယီရန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပလ္လင်အောက်မှ အမတ်အိုကြီးတစ်ဦးက "အရှင်မ... မကြာသေးခင်ကမှ ကျွန်တော်မျိုးတို့ စစ်တပ်ဟာ အကြီးအကျယ် ရှုံးနိမ့်ထားခဲ့တာမို့ စစ်သည်တွေ စိတ်ဓာတ်ကျနေကြပါတယ်။ ပြီးတော့ ရိက္ခာနဲ့ လက်နက်တွေလည်း လုံလောက်မှု မရှိပါဘူး။ အခုချိန်မှာ အလျင်စလို စစ်ထွက်မယ်ဆိုရင် တိုင်းပြည်အတွက် ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်ပါတယ်" ဟု လျှောက်တင်လေသည်။
ထိုသို့ လျှောက်တင်သူကား အခြားသူမဟုတ်၊ မင်းဆက်သုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး ချင်ပြည်နယ်၏ ရှေးမျိုးနွယ်စုကြီးများကို ကိုယ်စားပြုသော ဝန်ကြီးချုပ် မုန့်ယွမ်ပင် ဖြစ်သည်။ မုန့်ယွမ်သည် ဩဇာတိက္ကမ ကြီးမားလှသူဖြစ်ရာ ရုံးတော်မှ အရာရှိအားလုံးလိုလိုက သူ၏ဦးဆောင်မှုကိုသာ နာခံကြသည်။
မုန့်ယွမ်စကားစလိုက်သည်နှင့် အခြားအမတ်များကလည်း "ဝန်ကြီးချုပ်ပြောတာ မှန်ကန်လှပါတယ် အရှင်မ... သေသေချာချာ ပြန်လည်စဉ်းစားတော်မူပါ" ဟု ဝိုင်းဝန်းထောက်ခံကြတော့သည်။
သူမ၏ ပထမဆုံးအမိန့်တော်ကို ဤသို့ ကန့်ကွက်ခံရလိမ့်မည်ဟု ယင်ယီရန် မျှော်လင့်မထားခဲ့ပေ။ သို့သော် သူမက ယခုမှ နန်းတက်ခါစဖြစ်၍ အာဏာမခိုင်မာသေးသဖြင့် ပြန်လည်ရင်ဆိုင်နိုင်စွမ်း မရှိသေးချေ။
ထို့ကြောင့် သူမ၏ ဒေါသကို မြိုသိပ်ထားလိုက်ပြီး "ဒီလိုဆိုမှတော့လည်း ဒီကိစ္စကို နောက်မှ ဆက်ဆွေးနွေးကြတာပေါ့၊ ကျန်တဲ့ တိုင်းရေးပြည်ရာ ကိစ္စတွေကို ပုံမှန်အတိုင်းပဲ ဆက်လက်လုပ်ဆောင်ကြ" ဟုသာ မိန့်လိုက်ရတော့သည်။
...
ညီလာခံ ပြီးဆုံးသွားသည့်တိုင် ယင်ယီရန်၏ ရင်ထဲတွင် ဒေါသမီးတို့ တောက်လောင်နေဆဲပင်။
"ဒီအဘိုးကြီးတွေ... ပါးစပ်ကသာ ငါ့ကို အရှင်မ အရှင်မနဲ့ ခေါ်နေကြတာ၊ တကယ်တမ်းကျတော့ ငါပြောသမျှကို အကုန်ဆန့်ကျင်နေကြတာပဲ။ ငါ့လက်ထဲ အာဏာအပြည့်အဝရလာတဲ့ တစ်နေ့ကျရင် ဒင်းတို့အားလုံးကို တစ်ယောက်ချင်းစီ ရှင်းပစ်မယ်"
"အရက်ယူခဲ့... ငါ သောက်ရမယ်" သူမ၏ ကိုယ်ပိုင်နန်းဆောင်ထဲသို့ ရောက်သောအခါ ယင်ယီရန်၏အမူအရာမှာ စောစောက ညီလာခံတွင် တွေ့ခဲ့ရသော တည်ကြည်လေးနက်သည့်အသွင်နှင့် လုံးဝကို ကွဲပြားသွားလေပြီ။ သူမက အင်္ကျီလက်ကိုပင့်တင်ကာ အရက်အိုး၏ အဆို့ကိုဆွဲဖွင့်လိုက်ပြီး ပြင်းရှသော အရက်များကို တကျိုက်တည်း မော့သောက်လိုက်လေသည်။
"အား... ကောင်းလိုက်တာ" အရက်တစ်ကျိုက်ကို မျိုချလိုက်ပြီးနောက် ယင်ယီရန်တစ်ယောက် သူမ နန်းတက်ပြီးနောက် လုပ်ဆောင်ရမည့် အစီအစဉ်များကို စတင်တွေးတောလေတော့သည်။
"လက်ရှိမှာ ချင်ပြည်နယ်က ဆင်းရဲမွဲတေပြီး အင်အားနည်းနေတယ်။ မြောက်ဘက်မှာက ရှုံးနူမျိုးနွယ်စုတွေရဲ့ ရန်ရှိသလို လုံရှီးဘက်မှာလည်း ရုံနဲ့ တီမျိုးနွယ်စုတွေက ငြိမ်ငြိမ်မနေကြဘူး။ အိမ်နီးချင်းပြည်နယ်တွေကလည်း ချင်ပြည်နယ်ရဲ့ နယ်မြေတွေကို သိမ်းပိုက်ချင်နေကြတယ်။ အထူးသဖြင့် ဝေပြည်နယ်က သူ့အင်အားကိုအားကိုးပြီး နှစ်တိုင်းလိုလို စစ်လာတိုက်နေတာ။ ငါလို ဘုရင်သစ်သာ သေချာမအုပ်ချုပ်နိုင်ရင် ချင်ပြည်နယ်က ငါ့လက်ထက်မှာတင် ပျက်စီးသွားလိမ့်မယ်"
"မဖြစ်ဘူး... မဖြစ်ဘူး... ထွက်ပေါက်တစ်ခုခုတော့ ရှာမှရမယ်" ယင်ယီရန်က အရက်ကို ဆက်သောက်ရင်း တွေးနေသည်။ သို့သော် အချိန်အတော်ကြာအောင် စဉ်းစားနေသော်လည်း မည်သည့်အကြံဉာဏ်မှ ထွက်မလာခဲ့ပေ။ ချင်ပြည်နယ်တွင် ငွေမရှိ၊ ရိက္ခာမရှိ၊ စစ်တပ်မရှိနှင့် ဘာဆိုဘာမျှကို မရှိတော့ပေ။ အခြားပြည်နယ်ခြောက်ခုနှင့် ယှဉ်ပြိုင်အာဏာလုရန် မဆိုထားနှင့်၊ လက်ရှိအင်အားကို ထိန်းသိမ်းထားရန်ပင် ခဲယဉ်းလှသော အခြေအနေဖြစ်နေ၏။
"ငါ ဘယ်လိုလုပ်ရမလဲ... ဘာဆက်လုပ်ရမလဲ" ယင်ယီရန်က ခေါင်းကို ကုတ်ရင်း စိတ်ရှုပ်ထွေးစွာ ညည်းတွားလိုက်သည်။ ထိုစဉ် သူမ၏ စိတ်ထဲတွင် အသံတစ်သံ ပဲ့တင်ထပ်လာလေသည်။
"ဧကရာဇ် သရုပ်ဖော်စနစ် ကို ယခု အသုံးပြုနိုင်ပါပြီ၊ ကစားသူများအနေဖြင့် ဘဝသရုပ်ဖော်ဂိမ်း ကဲ့သို့ ရွေးချယ်ကစားနိုင်ပါသည်"
"ဘယ်က နတ်ဆိုး လာပြောနေတာလဲ" ဤလောကတွင် နတ်ဆိုးများ တည်ရှိနေသောကြောင့် ယင်ယီရန်၏ ပထမဆုံးတုံ့ပြန်မှုမှာ သူမကို နတ်ဆိုးတစ်ကောင် ဝင်ရောက်တိုက်ခိုက်နေသည်ဟု ထင်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် သူမ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ သေချာစွာ စစ်ဆေးကြည့်သောအခါ မည်သည့်နတ်ဆိုးကိုမျှ မတွေ့ရပေ။ ထို့အပြင် တိုင်းပြည်တစ်ပြည်၏ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သူမကို တိုင်းပြည်၏ ကံကြမ္မာက အကာအကွယ်ပေးထားရာ သာမန်နတ်ဆိုးများ သူမအနားသို့ ချဉ်းကပ်၍မရနိုင်ချေ။
"ဧကရာဇ် သရုပ်ဖော်စနစ်မှ အချက်အလက်များ ပို့လွှတ်နေပါသည်" သူမ၏ စိတ်ထဲမှ ထိုအသံ ထပ်မံထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် သတင်းအချက်အလက်များစွာ ယင်ယီရန်၏ သိစိတ်ပင်လယ်အတွင်းသို့ စီးဝင်လာတော့သည်။
ယင်ယီရန် ချက်ချင်းပင် နားလည်သွားသည်မှာ ဤအရာသည် မှော်ဆန်လှသော သရုပ်ဖော်မှုဂိမ်းတစ်ခုပင်။ ဂိမ်းသည် သူမ၏ကမ္ဘာကို အတိအကျ ပုံတူကူးထားပြီး သူမအနေဖြင့် ဂိမ်းထဲတွင် ကမ္ဘာကြီးကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် လုပ်ဆောင်ကာ ဧကရီတစ်ပါးဖြစ်လာစေရန် ကြီးမြတ်သော လုပ်ရပ်များကို လုပ်ဆောင်ရမည် ဖြစ်သည်။
သရုပ်ဖော်မှုတိုင်းအတွက် သူမသည် သက်ဆိုင်ရာ ဆုလာဘ်များနှင့် မှတ်ဉာဏ်များကို ရရှိမည်ဖြစ်သည်။ သရုပ်ဖော်မှု ရမှတ်များလေလေ၊ ရရှိမည့် ဆုလာဘ်များက ပို၍ ကြီးမားလေလေပင် ဖြစ်၏။
"ဒါ ခမည်းတော်က ကောင်းကင်ဘုံကနေ ငါ့ကို စောင့်ရှောက်နေတာများလား" ယင်ယီရန် အလွန်တရာ ဝမ်းသာသွားသည်။ "ဒီလိုသာဆိုရင် ငါ အခုချက်ချင်း သရုပ်ဖော်မှုကို စတင်လိုက်မယ်။ ငါ့ရဲ့ အရည်အချင်းတွေနဲ့ဆိုရင် ချင်ပြည်နယ်ကို အင်အားကြီးလာအောင် လုပ်နိုင်ပြီး တစ်ကမ္ဘာလုံးကို သေချာပေါက် သိမ်းသွင်းနိုင်မှာပဲ"
ထိုသို့တွေးရင်း ယင်ယီရန်သည် "ဧကရာဇ် သရုပ်ဖော်ခြင်း" ကို စတင်လိုက်လေတော့သည်။ နောက်တစ်စက္ကန့်တွင် သူမ၏ မျက်စိရှေ့၌ စာသားများ ပေါ်လာလေသည်။
[မဟာယီမင်းဆက်၏ (၈၀၁) နှစ်မြောက်တွင် သင်သည် ချင်ဘုရင်၏ သမီးအကြီးဆုံးအနေဖြင့် ချင်ပြည်နယ်၏ အုပ်ချုပ်သူအဖြစ် ထီးနန်းဆက်ခံခဲ့သည်။]
[ယခုအချိန်တွင် ချင်ပြည်နယ်သည် ဝေပြည်နယ်ကို မကြာသေးမီကမှ စစ်ရှုံးထားခဲ့ပြီး သင်သည်လည်း ထီးနန်းကို ယခုမှ ဆက်ခံခါစဖြစ်ရာ အရာရာတိုင်းကို အစကနေ ပြန်လည်တည်ဆောက်ရန် လိုအပ်နေသည်။]
[ကျန်းပေချန် အမည်ရှိ လူငယ်တစ်ဦးသည် သင့်ထံလာရောက်ကာ သင့်လက်အောက်ခံဝန်ကြီးတစ်ဦးအဖြစ် အမှုထမ်းလိုကြောင်း လျှောက်ထားလာသည်။]
[ရွေးချယ်ရန် ၁ - သူ့ကို လက်ခံပြီး အရေးကြီးသော တာဝန်များကို ပေးအပ်ပါ။]
[ရွေးချယ်ရန် ၂ - သူ့ကို နှင်ထုတ်ပါ။]
[ရွေးချယ်ရန် ၃ - လက်ခံတွေ့ဆုံရန် ငြင်းဆိုပြီး မသိချင်ယောင်ဆောင်နေလိုက်ပါ။]
ထို့နောက် ယင်ယီရန်၏ မျက်စိရှေ့တွင် အဖြူရောင်ဇာတ်ကောင်ကတ်တစ်ခု ပေါ်လာသည်။
[သာမန်အရပ်သား - ကျန်းပေချန်] [အသက် - ၂၂ နှစ်] [ကျင့်ကြံမှုအဆင့် - မရှိ] [ရဲစွမ်းသတ္တိ - ၉] [ဂုဏ်သတင်း - ၀] [သစ္စာစောင့်သိမှု - ၈၀]
ကတ်ပေါ်တွင် အခြားသော အချက်အလက်များစွာ ရှိနေသေးသော်လည်း ယင်ယီရန်က တစ်ချက်မျှသာကြည့်ပြီး စိတ်မဝင်စားတော့ချေ။ အချက်အလက်အများစုမှာ သာမန်အဆင့်သာရှိပြီး ကတ်၏အရောင်ကို ကြည့်ခြင်းအားဖြင့် ဤအရာသည် သာမန်ကတ်တစ်ခုသာဖြစ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
ဤ သရုပ်ဖော်မှုအတွင်း၌ ဘုရင်မတစ်ပါးအနေဖြင့် သူမသည် အရည်အချင်းရှိသူများကို စုဆောင်းနိုင်ပေသည်။ ဇာတ်ကောင်တစ်ယောက်ချင်းစီတိုင်းတွင် မွေးရာပါအရည်အသွေးများ၊ ကျွမ်းကျင်မှုများနှင့် သစ္စာစောင့်သိမှု စသည့် မတူညီသော အချက်အလက်များ ရှိကြသည်။
ယေဘုယျအားဖြင့် ကတ်အဆင့်များကို အဖြူ (သာမန်)၊ အပြာ (အဆင့်မြင့်)၊ ခရမ်း (ရှားပါး)၊ လိမ္မော် (ဒဏ္ဍာရီလာ)၊ အနီ (အလွန်ရှားပါး) စသည်ဖြင့် ခွဲခြားထားပြီး ၎င်းကို ကတ်၏ဘောင်တွင် ဖော်ပြထားမည် ဖြစ်သည်။ မူလကတ်များကို မူလဇာတ်ကောင်ပုံစံ ဟုလည်း ခေါ်ကြသည်။ ဂိမ်းထဲတွင် မူလဇာတ်ကောင်ပုံစံအပြင် အခြားသော ဇာတ်ကောင်ပုံစံများသည် အချက်အလက်များကို ပိုမိုတိုးပွားလာစေနိုင်သည်။
"ရုပ်ရည်ကတော့ ကြည့်ကောင်းသားပဲ၊ ဒါပေမဲ့ ကတ်အဆင့်က နိမ့်လွန်းနေတာ နှမြောစရာပဲ။ လက်အောက်ခံဝန်ကြီးတွေနဲ့ အကြံပေးတွေကို လေ့ကျင့်ရတာက အရင်းအမြစ်တွေ အများကြီး ကုန်ကျတယ်။ ဒါကြောင့် အဖြူရောင်ကတ်တစ်ခုကို လေ့ကျင့်ဖို့က နည်းနည်းတော့ ဖြုန်းတီးရာကျတယ်" ယင်ယီရန်က ကတ်ပေါ်ရှိ ဇာတ်ကောင်သရုပ်ဖော်ပုံကို ကြည့်ကာ တတိယရွေးချယ်မှုကိုသာ ရွေးချယ်လိုက်လေသည်။
[သင်သည် ကျန်းပေချန်အား ပြန်လည်နှင်ထုတ်လိုက်သည်။]
သရုပ်ဖော်မှုမှာ ဆက်လက်လည်ပတ်နေဆဲ ဖြစ်သည်။
[ချင်ပြည်နယ်ကို အင်အားပြန်လည်တောင့်တင်းလာစေရန်အတွက် တော်ဝင်အမိန့်တစ်ခု ထုတ်ပြန်ရန် သင် ဆုံးဖြတ်လိုက်သည်။]
[ရွေးချယ်ရန် ၁ - စစ်တပ်ကို ပြန်လည်ဖွဲ့စည်းပြီး တိုင်းပြည်၏ ကံကြမ္မာကို လောင်းကြေးထပ်ကာ ရန်ကြွေးကိုဆပ်ရန် ဝေပြည်နယ်အပေါ် စစ်ကြေညာတိုက်ခိုက်ပါ။]
[ရွေးချယ်ရန် ၂ - နိုင်ငံရေးကိစ္စရပ်များကို မုန့်ယွမ်နှင့် အခြားသော ရှေးမျိုးနွယ်စုကြီးများမှ အရာရှိများထံ လွှဲအပ်ပြီး အေးအေးလူလူ ဘုရင်မတစ်ပါးအဖြစ် နေထိုင်ပါ။]
[ရွေးချယ်ရန် ၃ - ခေတ္တသည်းခံနေထိုင်ပြီး ရှေးမျိုးနွယ်စုကြီးများကို ပြန်လည်ခုခံနိုင်ရန် ယုံကြည်ရသော လူယုံများကို တိတ်တဆိတ် ထောက်ပံ့ပေးပါ။ တစ်ချိန်တည်းမှာပင် အခွန်အခများကို လျှော့ချကာ စိုက်ပျိုးရေးကို အားပေးပြီး ပြည်သူများကို အနားယူခွင့်ပေးပါ။]
ထိုရွေးချယ်စရာများကို မြင်သည်နှင့် ယင်ယီရန်သည် အရက်တစ်ခွက်ကို ထပ်မော့လိုက်ကာ ဟစ်အော်လိုက်သည်။
"ငါတို့ ချင်ပြည်နယ်သားတွေက ဘယ်တုန်းကများ ကြောက်တတ်လို့လဲ။ အရင်တစ်ခေါက် ဝေပြည်နယ်ကို တိုက်တုန်းက ခမည်းတော်က ငါ့ကို ခေါ်မသွားခဲ့လို့သာပေါ့... မဟုတ်ရင် စစ်မြေပြင်ကို ငါကိုယ်တိုင်သွားပြီး ဝေစစ်တပ်ကို ချေမှုန်းပစ်ခဲ့မှာပဲ။ သူတို့ ဝေမြို့တော်အထိ တက်သွားပြီး အဲ့ဒီ ရင်သားပဲကြီးပြီး ဦးနှောက်မရှိတဲ့ ဝေဘုရင်မကို ငါ့ရဲ့ကျွန်အဖြစ် ဖမ်းခေါ်လာခဲ့မှာ"
"တကယ်လို့ လောင်းကြေးထပ်ပြီး အနိုင်ရခဲ့ရင် ကလဲ့စားချေနိုင်ရုံတင်မကဘူး၊ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကိုလည်း ပြန်ရနိုင်သလို ငါ့ရဲ့ ဂုဏ်သတင်းကိုလည်း အခိုင်အမာ တည်ဆောက်နိုင်မှာပဲ"
[အမတ်များက အကြိမ်ကြိမ် တားမြစ်နေသည့်တိုင်အောင် သင်က ဝေပြည်နယ်ကို တိုက်ခိုက်ရန် စစ်တပ်စေလွှတ်ဖို့ တဇွတ်ထိုး ဆုံးဖြတ်ခဲ့သောကြောင့် သူတို့မှာလည်း မတတ်သာဘဲ ပူးပေါင်းပါဝင်ခဲ့ရသည်။]
[လအနည်းငယ် ကြာပြီးနောက်...]
[ချင်စစ်တပ်တွင် လက်နက်နှင့် ရိက္ခာများ ပြတ်လပ်နေသလို စစ်သားအများစုမှာလည်း အိုမင်းမစွမ်းဖြစ်ကာ၊ ရောဂါဘယထူပြောပြီး အင်အားချည့်နဲ့နေကြသောကြောင့် သင်သည် စစ်မြေပြင်တွင် အကြီးအကျယ် ရှုံးနိမ့်သွားခဲ့သည်။ ဝေစစ်တပ်က သင့်ကို ဝိုင်းရံထားလိုက်ရာ လူတိုင်းက ကိုယ့်အသက်ဘေးအတွက် ထွက်ပြေးကြတော့သည်။
ထိုအချိန်တွင် ကျန်းပေချန် အမည်ရှိ အဆင့်နိမ့်စစ်သားငယ်လေးတစ်ဦးက မိမိအသက်အန္တရာယ်ကို ပဓာနမထားဘဲ သင့်ကို ကာကွယ်ရန် အသက်စွန့် တိုက်ခိုက်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် ရန်သူအင်အား များပြားလွန်းသဖြင့် သူသည် သင့်မျက်စိရှေ့၌ပင် ကျဆုံးသွားခဲ့ရသည်။
ရန်သူ၏ စော်ကားမှုကို မခံလိုသောကြောင့် သင်သည်လည်း ကိုယ့်ဓားကိုဆွဲထုတ်ကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။ ထို့နောက် ဝေစစ်တပ်က အောင်ပွဲကို ဆက်လက်ချီတက်ကာ ချင်ပြည်နယ်ကို အပြီးတိုင် ဖျက်ဆီးလိုက်တော့သည်။]
[ဤသရုပ်ဖော်မှု ပြီးဆုံးသွားပါပြီ။]
[သရုပ်ဖော်မှု အကဲဖြတ်ချက် - လုံးဝကျရှုံးခြင်း။ အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သင်သည် ကိုယ့်ပြည်သူတွေအပေါ် ကရုဏာမထားဘဲ၊ ရုံးတော်အရာရှိများကိုလည်း စည်းရုံးနိုင်စွမ်းမရှိပေ။ စိတ်လိုက်မာန်ပါ ပြုမူပြီး စစ်ရေးကိစ္စများကို မဆင်မခြင် စတင်ခဲ့သောကြောင့် သင့်ကိုယ်တိုင် သေဆုံးရရုံသာမက တိုင်းပြည်ကိုပါ ပျက်သုဉ်းစေခဲ့သည်။ သင်သည် တကယ်ကို အရည်အချင်းမရှိသော အုပ်ချုပ်သူတစ်ဦးပင် ဖြစ်သည်။]
[သရုပ်ဖော်မှု ဆုလာဘ် - သရုပ်ဖော်မှု မှတ်ဉာဏ်။]
မှတ်ဉာဏ်တစ်ခုက ယင်ယီရန်၏ စိတ်အာရုံထဲသို့ လွှမ်းမိုးဝင်ရောက်လာသည်။
မှတ်ဉာဏ်ထဲတွင် အမတ်များ၏ ကန့်ကွက်မှုကို လျစ်လျူရှုကာ စစ်တိုက်ရန် တဇွတ်ထိုး ဆုံးဖြတ်ခဲ့ပြီးနောက် စစ်မြေပြင်တွင် အသက်ဆုံးရှုံးသွားခဲ့ရသည့် သူမကိုယ်သူမ ပြန်မြင်နေရ၏။ ဤမှတ်ဉာဏ်များတွင် အဓိကကျသော ဇာတ်ဝင်ခန်းအချို့သာ ပါဝင်ပြီး နေ့စဉ်ကြုံတွေ့ရသော သာမန်မှတ်ဉာဏ်လေးများကိုတော့ ပို့လွှတ်ခြင်း မရှိပေ။
ထိုမှတ်ဉာဏ်ထဲတွင် သူမကို ကာကွယ်ပေးရန် သေလုမျောပါး အစွမ်းကုန်တိုက်ခိုက်ပေးခဲ့သော အလွန်သတ္တိရှိသည့် စစ်သားလေးတစ်ဦးလည်း ပါဝင်နေသည်။ သို့သော် ကံဆိုးစွာပင် အရာအားလုံးက အချည်းနှီး ဖြစ်သွားခဲ့ရ၏။
"ဘုရားရေ... ငါတို့... ငါတို့ ဒီလိုပဲ ရှုံးနိမ့်သွားခဲ့တာလား" ယင်ယီရန်မှာ ကြက်သေသေကာ ရပ်နေမိတော့သည်။ "ငါတို့ မနိုင်ခဲ့ဘူး... ဝေစစ်တပ်ကို ငါတို့ လုံးဝမယှဉ်နိုင်ခဲ့ဘူး။ ငါ့ရဲ့ချင်ပြည်နယ်က တကယ်ပဲ အဲဒီလောက်တောင် အင်အားနည်းနေခဲ့တာလား"
ထိုမှတ်ဉာဏ်များကို ရရှိပြီးနောက်တွင်တော့ ယင်ယီရန်သည် သူမ၏ ဝိညာဉ်အာရုံ အနည်းငယ် ပိုမိုခိုင်မာလာသည်ကို ခံစားလိုက်ရသည်။ သို့သော် ရမှတ်နိမ့်လွန်းသောကြောင့် ရရှိလိုက်သည့် အကျိုးကျေးဇူးကလည်း အကန့်အသတ်နှင့်သာ ဖြစ်လေသည်။
ဤကမ္ဘာလောကကြီးတွင် နတ်ဆိုးများသာ နေထိုင်ကြသည်မဟုတ်၊ လူသားများလည်း မှီတင်းနေထိုင်ကြပေသည်။ ချီစွမ်းအင်ကို သန့်စင်ပြီး ဆေးလုံးများ ဖော်စပ်သည့် အဂ္ဂိရတ်ပညာရှင်များ၏ ကျင့်ကြံခြင်းအပြင် လူသားများသည် ရှေးဟောင်းတရုတ်ပြည်မှ ပညာရပ်ဂိုဏ်းအသီးသီး၏ သွန်သင်ချက်များကိုပါ ကျင့်ကြံနိုင်ကြလေသည်။
ဥပမာအားဖြင့် စစ်ဗျူဟာပညာရှင်များဆိုလျှင် စစ်ရေးနည်းဗျူဟာများကို ကျင့်ကြံကြပြီး စစ်ရေးစစ်ရာ ခင်းကျင်းမှုများကို အသုံးပြုကာ ရန်သူသန်းပေါင်းများစွာကို သုတ်သင်နိုင်စွမ်း ရှိကြသည်။
ဥပဒေပညာရှင်များကမူ ၎င်းတို့၏ ဥပဒေသများကို ကျင့်ကြံကြကာ ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းဖြင့် တိုင်းပြည်ကို ကြွယ်ဝချမ်းသာစေပြီး စစ်တပ်ကို အင်အားတောင့်တင်းစေကြသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့ကိုယ်တိုင်လည်း ကောင်းကင်နှင့်မြေကြီးထံမှ တုံ့ပြန်စွမ်းအင်များ ရရှိကာ သူတို့၏ ကျင့်ကြံမှုအဆင့်မှာလည်း သိသိသာသာ တိုးတက်လာတတ်ပေသည်။ ထို့အပြင် ယင်ယန်၊ ကွန်ဖြူးရှပ်နှင့် မိုအစ် စသည့် အတွေးအခေါ်ဂိုဏ်းများလည်း ရှိသေး၏။
ဧကရာဇ်များကမူ ဧကရာဇ်ကျင့်စဉ်လမ်းစဉ်ကို ကျင့်ကြံကြရသည်။ တိုင်းပြည်အင်အား ကြီးမားလေလေ၊ သူတို့၏ ကိုယ်ပိုင်စွမ်းအားကလည်း ပိုမိုကြီးမားလာလေလေပင်။ လက်ရှိတွင် ချင်ပြည်နယ်မှာ အင်အားနည်းပါးနေသောကြောင့် ပြည်နယ်ခုနစ်ခုအနက် ယင်ယီရန်၏ စွမ်းအားမှာလည်း နှိုင်းယှဉ်ကြည့်လျှင် အလွန်အားနည်းနေခဲ့လေသည်။
...
"ကျွတ်စ်... ဘယ်လိုလုပ် ဒီလိုရှုံးသွားရတာလဲ" ရုပ်ရည်ချောမောသော လူငယ်လေးတစ်ဦးသည် သူ၏ ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်ရင်း အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
သူ၏အမည်ကား ကျန်းပေချန် ဖြစ်၏။ သူသည် သာမန်ရုံးဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်ယောက်တည်း နေထိုင်သူလည်း ဖြစ်သည်။
အားလပ်ချိန်များတွင် ကျန်းပေချန်သည် ဂိမ်းကစားရသည်ကို နှစ်သက်လေ့ရှိသည်။ မကြာသေးမီကမှ သူသည် "စစ်ပွဲများဖြင့် ရှုပ်ထွေးနေသော ခေတ်၏ ဧကရီ" အမည်ရှိ သရုပ်ဖော်ဂိမ်းတစ်ခုကို ရှာတွေ့ထားခဲ့သည်။
ဤဂိမ်းသည် အဆင့်မြင့် ကိုယ်ခံပညာရပ်များ လွှမ်းမိုးသည့် ကမ္ဘာတစ်ခုဖြစ်ပြီး ဂိမ်းထဲတွင် အဓိကနိုင်ငံ ခုနစ်နိုင်ငံ ရှိသည်။ ထိုနိုင်ငံခုနစ်ခုသည် အချင်းချင်း အမြဲတမ်း စစ်မက်ဖြစ်ပွားနေကြသည့်အပြင် ပြင်ပလူသားမျိုးနွယ်များနှင့် နတ်ဆိုးများ၏ ကျူးကျော်မှုကိုလည်း ကာကွယ်နေကြရသည်။ ကစားသူများအနေဖြင့် ထိုနိုင်ငံများထဲမှ တစ်ခု၏ ဘုရင်မကို ကူညီပြီး ကျန်နိုင်ငံခြောက်ခုကို သိမ်းသွင်းကာ ဧကရီတစ်ပါးဖြစ်လာစေရန် လုပ်ဆောင်ပေးရမည် ဖြစ်သည်။
သရုပ်ဖော်ဂိမ်းတစ်ခုဖြစ်သည့်အားလျော်စွာ နိုင်ငံအသီးသီးမှ ဘုရင်မတိုင်းတွင် ကိုယ်ပိုင်ထူးခြားသည့် ဝိသေသလက္ခဏာများ ရှိကြပြီး သူတို့၏ အလှအပမှာမူ ပြောစရာပင် မလိုတော့ချေ။ ဇာတ်ကောင်သရုပ်ဖော်ပုံများကို ကြည့်လိုက်ရုံဖြင့် ရင်ခုန်သွားစေလောက်သည်အထိ လှပကြပေသည်။ မတူညီသော ဇာတ်သိမ်းများကို ဖွင့်နိုင်ပါက မတူညီသော အောင်မြင်မှုမှတ်တမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး အမျိုးသမီးဇာတ်ကောင်များအတွက် မတူညီသော ဇာတ်ကောင်ပုံစံများကိုပါ ဆုလာဘ်အဖြစ် ရရှိနိုင်မည်ဖြစ်သည်။
ဂိမ်း၏ထိန်းချုပ်မှုများကို အမြန်လေ့လာရင်း ရင်းနှီးသွားပြီးနောက်တွင်တော့ ကျန်းပေချန်သည် သူ၏ ပထမဆုံးဂိမ်းကို စတင်လိုက်လေသည်။
ဂိမ်းစစချင်း သူဦးဆုံးရွေးချယ်ခဲ့သည့် ဇာတ်ကောင်မှာ ချင်ဘုရင်မပင် ဖြစ်သည်။ ချင်ဘုရင်မကို သူ ရွေးချယ်ရသည့် အကြောင်းရင်းမှာ အခြားကြောင့်မဟုတ်၊ သူမ၏ မူလဇာတ်ကောင်ပုံစံမှာ အမိုက်ဆုံးဖြစ်နေသောကြောင့်ပင်။
အချိုးအစားကျနလှသော ခြေတံရှည်များ၊ အနက်နှင့်အနီစပ်ထားသော နဂါးဝတ်ရုံ၊ ဩဇာလွှမ်းမိုးမှုရှိသော အကြည့်များ၊ အေးစက်တည်ကြည်သော အမူအရာများနှင့် ဖန်သားပြင်ကိုပင် လျှာဖြင့်လျက်ချင်စိတ်ပေါက်သွားစေလောက်အောင် အလွန်လှပသော မျက်နှာသွင်ပြင်တို့က သူမကို တကယ့်ဘုရင်မအစစ်အမှန်တစ်ပါးအဖြစ် ပေါ်လွင်စေပေသည်။
သို့သော် ချင်ဘုရင်မကို ရွေးချယ်ပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း ကျန်းပေချန် သတိထားမိလိုက်သည်။ နိုင်ငံအသီးသီး၏ အစပိုင်းအခြေအနေများက ကွဲပြားကြသည်။ ပြည်နယ်ခုနစ်ခုအနက် ချင်ပြည်နယ်မှာ အတော်လေး အင်အားနည်းပါးနေပြီး မကြာသေးမီကမှ စစ်ရှုံးထားသောကြောင့် ပြိုလဲလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရ၏။
ထို့ကြောင့် ကျန်းပေချန်က ချင်ဘုရင်မ၏လက်အောက်သို့ ဝင်ရောက်နိုင်ရန် ဦးစွာ နည်းလမ်းရှာမည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့နောက်မှ အိမ်နီးချင်းနိုင်ငံများနှင့် မဟာမိတ်ဖွဲ့ရန် အကြံပေးမည်၊ တိတ်တဆိတ် အင်အားတည်ဆောက်မည်၊ ပြီးလျှင် အခွင့်အရေးရှာ၍ ပတ်ဝန်းကျင်နိုင်ငံများကို တစ်ခုပြီးတစ်ခု သိမ်းသွင်းမည်... အစရှိသဖြင့် သူ၏အစီအစဉ်က ပြီးပြည့်စုံနေခဲ့သည်။
သို့သော် အစပိုင်း ခြေလှမ်းမှာတင် သူ ကျရှုံးသွားခဲ့ရ၏။ ကျန်းပေချန်သည် ချင်ဘုရင်မထံတွင် ခိုလှုံရန် ချင်မြို့တော်သို့ ရောက်ရောက်ချင်းမှာပင် ချက်ချင်း အနှင်ထုတ်ခံလိုက်ရလေသည်။
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ကျန်းပေချန်သည် အမတ်တစ်ဦးဦးထံတွင် အရင်ဆုံး ခိုလှုံရန် တွေးလိုက်သည်။ ထိုမှတစ်ဆင့် ချင်ဘုရင်မထံ မိတ်ဆက်ပေးခံရစေရန် ကြိုးပမ်းမည်ဟု စိတ်ကူးလိုက်၏။
သို့သော် သူ၏အစီအစဉ်ကို အကောင်အထည်မဖော်နိုင်ခင်မှာပင် [ချင်ဘုရင် စစ်သားစုဆောင်းခြင်း] ဆိုသည့် ဖြစ်ရပ်တစ်ခုနှင့် ကြုံလိုက်ရလေသည်။ လမ်းပေါ်တွင် လမ်းလျှောက်နေရင်း သူသည် အတင်းအဓမ္မ စစ်သားစုဆောင်းခံရကာ စစ်တိုက်ရန် ဆွဲခေါ်သွားခြင်း ခံလိုက်ရတော့သည်။
စစ်မြေပြင်သို့ ရောက်သောအခါ ကျန်းပေချန်မှာ မျှော်လင့်ချက်များ ကင်းမဲ့သွားတော့သည်။ သူ၏အနီးနားရှိ ချင်စစ်သားများအားလုံးမှာ အိုမင်းမစွမ်း၊ နာမကျန်းဖြစ်နေသူများနှင့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများသာ ဖြစ်နေကြ၏။ အချက်အလက်ပြဘုတ်တွင် ကြည့်လိုက်သောအခါ မည်သူတစ်ဦးတစ်ယောက်မှ ပထမအဆင့် ကျင့်ကြံမှုအဆင့်ကိုပင် မရောက်ကြသေးကြောင်း တွေ့လိုက်ရသည်။
ဂိမ်းကမ္ဘာထဲတွင် ကျင့်ကြံမှုအဆင့်များကို အဆင့်ကိုးဆင့်ခွဲခြားထားပြီး တစ်ဆင့်ချင်းစီကိုလည်း အနိမ့်၊ အလယ်၊ အမြင့်နှင့် အထွတ်အထိပ်ဟူ၍ ထပ်မံခွဲခြားထားသေးသည်။ သာမန်စစ်သားများမှာ အနည်းဆုံး ပထမအဆင့်တွင်ရှိကြပြီး၊ အထူးစစ်သားများမှာ တတိယအဆင့်တွင် ရှိကြသည်။ တတိယအဆင့်အထက်ရှိသူများမှာမူ စစ်သူကြီးများနှင့် တပ်မှူးများ ဖြစ်ကြလေသည်။
"ဟိုဘက်က ဝေခြေလျင်တပ်တွေအားလုံးက တတိယအဆင့် အထူးစစ်သားတွေချည်းပဲ။ ငါတို့ဘက်ကကျတော့ လုံးဝကို အားနည်းလွန်းနေတာ၊ ဒီစစ်ပွဲကို ဘယ်လိုလုပ် နိုင်မှာလဲ" ဂိမ်း၏ အစပိုင်းက အခြေအနေမကောင်းကြောင်းနှင့် သူတို့သေချာပေါက် ရှုံးလိမ့်မည်ဟု ကျန်းပေချန် ကြိုတင် ခံစားမိလိုက်သည်။
"ထားလိုက်ပါတော့... ရှုံးရင်လည်း ရှုံးပါစေ၊ အနည်းဆုံးတော့ ချင်ဘုရင်မရဲ့ရုပ်သွင်ကို ဘယ်လိုနေလဲဆိုတာ မြင်ဖူးအောင် သွားကြည့်ဦးမှ" စစ်ပွဲ၏ ကစဉ့်ကလျားဖြစ်နေမှုကို အခွင့်ကောင်းယူကာ ကျန်းပေချန်သည် ချင်ဘုရင်မကို လိုက်ရှာလေတော့သည်။
မျှော်လင့်မထားစွာပင် မြင်ကွင်းထဲရှိ ချင်ဘုရင်မမှာ ဇာတ်ကောင်သရုပ်ဖော်ပုံထက်ပင် ပိုမိုလှပပြီး ရဲရင့်ကြော့ရှင်းသော အသွင်အပြင်ရှိနေလေသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူမသည် သတ္တိသာရှိပြီး ဗျူဟာမရှိသည့်အပြင် ရန်သူ၏ ခြုံခိုတိုက်ခိုက်မှုထဲသို့ ကျဆင်းသွားကာ ရန်သူ့စစ်တပ်၏ ဝိုင်းရံမှုကို ခံလိုက်ရခြင်းပင် ဖြစ်သည်။
"ချင်ဘုရင်မကိုသာ ကယ်နိုင်မယ်ဆိုရင် အခြေအနေကို ပြောင်းလဲပစ်နိုင်မယ့် အခွင့်အရေး ရှိနိုင်သေးတယ်" ကျန်းပေချန်သည် သူ၏ နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ကာ ချင်ဘုရင်မကို ကယ်တင်ရန် ကြိုးစားလိုက်သည်။
သို့ရာတွင် သူ၏အချက်အလက်များက နိမ့်ကျလွန်းနေခဲ့သည်။ သူသည် ပထမအဆင့်တွင်ရှိသော အဆင့်နိမ့်စစ်သားတစ်ယောက်ပင် မဟုတ်ခဲ့ရာ ရန်သူက သာမန်ကျွမ်းကျင်မှုတစ်ခု သုံးလိုက်ရုံဖြင့် သူ့ကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
နောက်ဆုံးတွင်တော့ ကျန်းပေချန်တစ်ယောက် ချင်ဘုရင်မ၏ ရှေ့မှောက်၌ပင် လဲကျသွားခဲ့ရသည်။ ဤဂိမ်းကား ရှုံးနိမ့်သွားလေပြီ။
[သရုပ်ဖော်မှု အကဲဖြတ်ချက် - ကျရှုံးခြင်းအတွေ့အကြုံ။ ခရီးမိုင်ထောင်ချီရှည်လျားသည့်တိုင် ခြေတစ်လှမ်းမှ စတင်ရစမြဲပင်။ နာမည်ကျော်ဝန်ကြီးတစ်ပါး ဖြစ်လာရန်အတွက် ဦးစွာ ဗဟုသုတနှင့် ဂုဏ်သတင်းကို စုဆောင်းပါ။]
[သရုပ်ဖော်မှု ဆုလာဘ် - ရဲစွမ်းသတ္တိ ၁၀ မှတ် တိုးလာသည်။]
အကြောင်းရင်းကို ရေရေရာရာမသိရသော်လည်း ကျန်းပေချန်တစ်ယောက် သူ၏ခန္ဓာကိုယ် ပိုမိုသန်စွမ်းလာသည်ဟု ခံစားလိုက်ရပြီး စစ်မြေပြင်တွင် တိုက်ခိုက်နေသည့် မြင်ကွင်းများက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသယောင် ရှိနေသည်။
"ဘာတွေဖြစ်နေတာလဲ၊ ငါ အိပ်ရေးတွေ အရမ်းပျက်ထားလို့ စိတ်ချောက်ချားနေတာများလား" ကျန်းပေချန်က သူ၏ နားထင်ကို ပွတ်ရင်း ရေရွတ်လိုက်သည်။
ထို့နောက် သူက ဂိမ်းကို ကြည့်လိုက်ရာ အသစ်ပြန်လည်စတင်နိုင်ပြီဖြစ်ကြောင်း ပြသနေသည်။
"အိပ်မလား၊ ဆက်ကစားမလား" ကျန်းပေချန်သည် စက္ကန့်အနည်းငယ်မျှ တွေဝေသွားပြီးနောက် အံကြိတ်လိုက်ကာ "မရဘူး... ငါ ဘယ်လိုမှ မကျေနပ်ဖူး။ တစ်ပွဲလုံးကစားထားတာကို ဧကရီတစ်ပါးဖြစ်အောင် မလုပ်ပေးနိုင်တဲ့အပြင် ချင်ဘုရင်မရဲ့လက်လေးကိုတောင် မကိုင်လိုက်ရဘူး။ တကယ့်ကို အကြီးအကျယ် ကျရှုံးတာပဲ... ထပ်စမ်းကြည့်ဦးမှပါ" ဟု ဆုံးဖြတ်လိုက်လေတော့သည်။