အခန်း (၉) - ထုတ်ဖော်၍မရသော ပတ်သက်မှု
"ဒါဆို စုရှောင်က ဘာဖြစ်လို့ လီတာ့ချောင်ရဲ့သားကို သဘောမကျရတာလဲ။ လူတွေအများကြီး လာကမ်းလှမ်းကြတာတောင် တစ်ယောက်ကိုမှ သဘောမကျဘူးဆိုတော့ အကြောင်းရင်းတစ်ခုခု ရှိမှာပေါ့။ စုရှောင်မှာ ချစ်သူရှိနေလို့လား" ဟု လော်ဖေးက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
ရွာသူကြီးက ခေါင်းခါပြပြီး "ဒါတော့ ကျွန်တော်လည်း မသေချာဘူးဗျ၊ ဒါပေမဲ့ စုရှောင်က ပုံမှန်ဆိုရင် ရွာကို တစ်ယောက်တည်းပဲ ပြန်လာတတ်တာ။ ဘယ်သူနဲ့ တွဲနေတယ်ဆိုတာမျိုးလည်း တစ်ခါမှ မကြားမိပါဘူး" ဟု ပြန်ဖြေသည်။
"ရွာသူကြီး... ရွာထဲမှာ စုရှောင်နဲ့ ရွယ်တူချင်းထဲက ရင်းနှီးတဲ့ သူငယ်ချင်းတွေကော ရှိလားဟင်" ဟု ယန်မေက ဆက်မေးသည်။
"ယောက်ျားလေးထဲမှာတော့ မရှိလောက်ဘူး၊ မိန်းကလေးထဲမှာဆိုရင်တော့ ဟွမ်ယန်နဲ့ လျူယုတို့က သူနဲ့ အခင်ဆုံးပဲ။ သူတို့ သုံးယောက်က ကျောင်းနေဖက်တွေဆိုတော့ တော်တော်လေး စိတ်တူကိုယ်တူ ရှိကြတယ်။ ဒါပေမဲ့ အခုတော့ ဟွမ်ယန်နဲ့ လျူယုတို့လည်း မြို့ပေါ်မှာ အလုပ်သွားလုပ်နေကြပြီ"
လော်ဖေးတို့အဖွဲ့သည် ရွာသူကြီးကို မေးမြန်းစုံစမ်းပြီးနောက် စုရှောင်၏အိမ်သို့ သွားရောက်ကြည့်ရှုခဲ့ကြသော်လည်း နာရီဝက်ခန့် ကြာသွားခဲ့သည်။ သို့သော် ထိုအချိန်တွင် စုရှောင်အိမ်၏ ရှေ့တံခါးမှာ ပိတ်ထားသဖြင့် လော်ဖေးတို့လည်း အတွင်းထဲသို့ ဝင်ရောက်စစ်ဆေးခွင့် မရခဲ့ပေ။ ထို့ကြောင့် စုရှောင်၏ အိမ်နီးနားချင်းများကိုသာ လိုက်လံမေးမြန်းခဲ့ကြသည်။ ရရှိသည့် သတင်းများမှာ ရွာသူကြီးပြောပြခဲ့သည်များနှင့် များစွာမခြားနားလှပေ။ အများဆုံး ပြောကြသည်မှာ စုလောင်ဟန်သည် လီတာ့ချောင်ပေးသည့် တင်တောင်းငွေ ယွမ်ငါးသိန်းကို ငြင်းပယ်လိုက်သည့်အကြောင်းပင် ဖြစ်သည်။ အချို့ကလည်း စုလောင်ဟန်သည် သမီးဖြစ်သူ၏ အလိုကို အစွန်းရောက်အောင် လိုက်လံဖြည့်ဆည်းပြီး ကောင်းမွန်သည့် အိမ်ထောင်ရေးအခွင့်အလမ်းကို ငြင်းပယ်ခဲ့သဖြင့် တကယ့်ကို လူအ တယောက်ဟု ထင်ကြေးပေးနေကြသည်။
မွန်းလွဲ ၃ နာရီတွင် လော်ဖေးတို့အဖွဲ့သည် ဝိုနျူ့ရွာမှ ကားမောင်းထွက်လာခဲ့ကြသည်။
"ဦးလေးကျန်း... ကားနောက်ခန်းထဲမှာ ရေနဲ့ ပေါင်မုန့်တွေ ရှိတယ်၊ တစ်ခုခု စားမလားဟင်" ဟု ကားထဲတွင် ယန်မေက ကျန်းဟိုင်ယန်ကို အရင်မေးလိုက်သည်။
ကျန်းဟိုင်ယန်က ခေါင်းခါရင်း "နေပါစေကွယ်၊ ဦးလေးက ပေါင်မုန့်စားရတာ သိပ်အဆင်မပြေလို့။ ခရိုင်မြို့ထဲရောက်မှပဲ စားတော့မယ်။ မင်းတို့နှစ်ယောက် စားချင်ရင်တော့ စားကြပါ၊ ဦးလေးကို အားနာမနေနဲ့" ဟု ဆိုသည်။
"လော်ဖေး... မင်းကော စားမလား" ယန်မေက လော်ဖေးကို လှည့်မေးသည်။
"ကျွန်တော်လည်း မစားတော့ပါဘူး" လော်ဖေးကလည်း ခေါင်းခါလိုက်သည်။ နေ့လယ်စာ မစားရသေးသော်လည်း သူ သိပ်ပြီး ဆာလောင်မှုကို မခံစားရသေးပေ။ ထို့အပြင် သူသည်လည်း ပေါင်မုန့်ကို သိပ်မကြိုက်လှပေ။
ကျန်းဟိုင်ယန်ရော လော်ဖေးပါ မစားကြသဖြင့် ယန်မေသည် ခရိုင်မြို့သို့ တန်းတန်းမတ်မတ် ပြန်မောင်းရန် ပြင်လိုက်သည်။
"ယန်မေ... ကျွန်တော် ကားမောင်းပေးရမလား။ ခင်ဗျား တစ်ယောက်တည်း မောင်းနေတာ ကြာပြီဆိုတော့ ပင်ပန်းနေမှာပေါ့" ဟု လော်ဖေးက ကမ်းလှမ်းလိုက်သည်။ သူက ဘာရည်ရွယ်ချက်မှ မရှိဘဲ အမျိုးသားနှစ်ယောက်က အေးဆေးထိုင်လိုက်လာပြီး အမျိုးသမီးတစ်ယောက်တည်း ပင်ပင်ပန်းပန်း မောင်းနေသည်ကို မြင်ရသဖြင့် အားနာ၍ ယဉ်ယဉ်ကျေးကျေး မေးလိုက်ခြင်းသာ ဖြစ်သည်။ အမှန်တော့ သူက ခရီးစကတည်းက ပြောချင်နေသော်လည်း အခုမှ စတွေ့ဖူးခြင်းဖြစ်သည့်အပြင် ယန်မေက အေးစက်စက်နှင့် ဆက်ဆံရခက်မည့်ပုံစံ ဖြစ်နေသဖြင့် ဝေခွဲမရဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ယခု တစ်နေ့ကုန်နီးပါး အတူရှိခဲ့ပြီးနောက် အတော်လေး ရင်းနှီးသွားသကဲ့သို့ ယန်မေသည်လည်း အပြင်ပန်းမြင်ရသည်ထက် ပို၍ ပေါင်းသင်းရလွယ်သူ ဖြစ်ကြောင်း သိလိုက်ရသည်။
"ရပါတယ်... သိပ်လည်း မဝေးတော့ဘူးပဲဟာ" သူမက ထိုသို့ပြောလာသဖြင့် လော်ဖေးလည်း ထပ်မတိုက်တွန်းတော့ဘဲ ယဉ်ကျေးပျူငှာမှုအဖြစ်သာ ထားလိုက်တော့သည်။
ကားပေါ်ရောက်သည်နှင့် လော်ဖေးက မအောင့်နိုင်ဘဲ မေးလိုက်သည်။ "ဆရာ... ယန်မေ... ရွာသူကြီးနဲ့ ရွာသားတွေ စကားပြောနေတုန်းက ထူးဆန်းတာတစ်ခုခု သတိထားမိကြလား"
"မင်းက ငါ့ကို လျှို့ဝှက်ချက်တွေ လုပ်နေတာလား။ မြန်မြန်ပြောစမ်းပါ" ဟု ကျန်းဟိုင်ယန်က ပြုံးလျက် ပြန်ပြောသည်။
လော်ဖေးက တဟားဟားရယ်ကာ "ကျွန်တော် မှတ်မိသလောက်ဆိုရင် အခင်းဖြစ်တဲ့ အခန်းထဲမှာ စုရှောင်သုံးနေတာက ပြီးခဲ့တဲ့နှစ်ကမှ ထွက်ထားတဲ့ Apple ဖုန်းအသစ်ဗျ။ ဈေးနှုန်းက အနည်းဆုံး ခုနစ်ထောင်၊ ရှစ်ထောင်လောက် ရှိတယ်။ နောက်ပြီး သူ့အခန်းထဲမှာ ရွှေထည်ပစ္စည်း နှစ်ခုလည်း ရှိသေးတယ်၊ အဲဒါတွေကလည်း စုစုပေါင်းဆိုရင် ယွမ်တစ်သောင်းကျော် တန်ဖိုးရှိတယ်"
"အဲဒီတုန်းကတော့ ကျွန်တော် သိပ်မစဉ်းစားမိဘူး။ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်၊ မိသားစုဝန်ထုတ်ဝန်ပိုးလည်း မရှိဘူးဆိုတော့ ကိုယ့်ဘာကိုယ် အဲဒီလို ပစ္စည်းတွေ ဝယ်တာက သိပ်တော့ မဆန်းဘူးပေါ့။ ဒါပေမဲ့ ခုနက ကြားလိုက်တာက စုရှောင်ရဲ့ တစ်လလစာက ယွမ်သုံးထောင်ကျော်ပဲ ရှိပြီး မိဘတွေကို တစ်ထောင်ငါးရာ ပြန်ပေးရတယ်တဲ့။ မြို့ပေါ်က သူ့ရဲ့ နေထိုင်စရိတ်၊ အိမ်လစာ၊ မီးဖိုချောင်စရိတ်၊ ရေခွန်မီးခွန်နဲ့ အဝတ်အစား၊ ဖိနပ်ဖိုးတွေပါ တွက်လိုက်ရင် တစ်လကို အနည်းဆုံး တစ်ထောင်တော့ ကုန်မှာပဲ။ ဒီလိုတွက်ကြည့်ရင် သူက တစ်လကို ယွမ်ရာဂဏန်းလောက်ပဲ စုနိုင်မှာလေ။ အလုပ်လုပ်ခဲ့တဲ့ နှစ်နှစ်ကျော်ကာလအတွင်းမှာ သူစုမိနိုင်တာက ယွမ်တစ်သောင်းကျော်ပဲ ရှိမယ်။ ဒါဆိုရင် ဈေးကြီးတဲ့ဖုန်းတွေနဲ့ ရွှေထည်တွေကို ဝယ်ဖို့ ပိုက်ဆံက ဘယ်က ရတာလဲ"
"ဖုန်းကို အရစ်ကျနဲ့ ဝယ်ထားတာမျိုး ဖြစ်နိုင်မလား။ အခုခေတ် မိန်းကလေးတွေက Apple ဖုန်းရဖို့ဆိုရင် ဘာမဆို လုပ်ကြတာပဲ။ ဟိုဘက်က အထက်တန်းကျောင်းက မိန်းကလေးနှစ်ယောက်တောင် iPhone ရဖို့အတွက် သူတို့ခန္ဓာကိုယ်ကို ရင်းခဲ့ကြတယ် မဟုတ်လား" ဟု ကျန်းဟိုင်ယန်က မေးသည်။
"အဲဒါတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်တယ် ဆရာ။ စဉ်းစားကြည့်ပါဦး... စုရှောင်ကသာ သူ့ဘာသာ ဝယ်တာဆိုရင် ဘာဖြစ်လို့ ယွမ်သောင်းချီတန်တဲ့ ရွှေထည်တွေကို အရင်ဝယ်ပြီးမှ ဖုန်းကို အရစ်ကျနဲ့ ဝယ်ရမှာလဲ။ နောက်ပြီး တစ်နှစ်အရစ်ကျနဲ့ဆိုရင်တောင် တစ်လကို ခုနစ်ရာ၊ ရှစ်ရာလောက် ပြန်ဆပ်ရမှာလေ။ စုရှောင်ရဲ့ လစဉ်ပိုလျှံတဲ့ ငွေလေးနဲ့တော့ ဒါကို မတတ်နိုင်ပါဘူး" ဟု လော်ဖေးက ပြန်ချေပသည်။
"လော်ဖေးပြောတာကို ကျွန်မ ထောက်ခံတယ်။ အရင်က ဒါကို မစဉ်းစားမိပေမယ့် လော်ဖေး ခုလိုပြောလိုက်မှ ဖုန်းနဲ့ ရွှေထည်ကိစ္စက တကယ်ကို သံသယဖြစ်စရာပဲ။ စုရှောင်ရဲ့ အေးဆေးလိမ္မာတဲ့ စရိုက်အရဆိုရင် ယွမ်သောင်းချီတန်တဲ့ ရွှေထည်တွေနဲ့ ထောင်ချီတန်တဲ့ ဖုန်းတွေကို ဝယ်လိမ့်မယ်ဆိုတာ ယုတ္တိမရှိဘူး" ဟု ရှေ့ခန်းမှ ယန်မေကလည်း လော်ဖေး၏ စကားကို သဘောတူညီခဲ့သည်။
"ဒါဆိုရင် အဲဒီဖုန်းနဲ့ ရွှေထည်တွေကို တစ်ယောက်ယောက်က စုရှောင်ကို ဝယ်ပေးထားတာလား။ စုရှောင်က တစ်ယောက်ယောက်ရဲ့ ထောက်ပံ့မှုကို ယူထားတာလား (တိတ်တဆိတ် ပတ်သက်နေတာလား)" ဟု ကျန်းဟိုင်ယန်က မျက်မှောင်ကုတ်ကာ မေးလိုက်သည်။
လော်ဖေးက ခေါင်းညိတ်ပြပြီး "စုရှောင်မှာ သေချာပေါက် ချစ်သူရှိနေပြီး အဲဒီလူက ငွေကြေးချမ်းသာတဲ့သူ ဖြစ်ပုံရတယ်။ သူတို့ရဲ့ ပတ်သက်မှုကို လျှို့ဝှက်ထားတာကတော့ သေချာတယ်၊ မဟုတ်ရင် စုရှောင်က ဒါကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး"
"တကယ်လို့ အဲဒီလိုသာဆိုရင် သူတို့က အတော်လေး လျှို့ဝှက်နိုင်ခဲ့တာပဲ။ ဒီနေ့ စုရှောင်ရဲ့ အခန်းထဲမှာ ဘာအစအနမှ မတွေ့ခဲ့ရဘူးလေ"
.....
ညနေ ၅ နာရီတွင် လော်ဖေးတို့အဖွဲ့ ခရိုင်မြို့သို့ ပြန်ရောက်လာကြသည်။ သူတို့ရဲ့ ဒီနေ့တာဝန်က ယန်မေကို ဝိုနျူ့ရွာအထိ လိုက်ပါကူညီဖို့ဖြစ်သဖြင့် ကျန်းဟိုင်ယန်က သူနဲ့ လော်ဖေးကို ရဲစခန်းအဝင်ဝမှာပဲ ချထားပေးဖို့ ပြောလိုက်သည်။ တာဝန်ပြီးဆုံးသွားပြီဖြစ်သဖြင့် ယန်မေ တစ်ယောက်တည်း သွားရောက် အစီရင်ခံရုံသာ ရှိတော့ပြီး သူတို့အနေဖြင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့အထိ လိုက်သွားရန် မလိုတော့ပေ။ အမှန်တော့ လော်ဖေးသည် အဖွဲ့မှူးကျောက်တုန်းလိုင်ကို အထင်ကြီးခံရစေရန်အတွက် ယန်မေနှင့်အတူ လိုက်သွားချင်နေသည်။ အဘယ်ကြောင့်ဆိုသော် နောင်တွင် ထိုအဖွဲ့၌ အလုပ်လုပ်လိုသောကြောင့်ပင်။ သို့သော် ဆရာဖြစ်သူ ကျန်းဟိုင်ယန်က ပြောလိုက်ပြီဖြစ်သဖြင့် လော်ဖေးက ဘာမှ ထပ်မပြောတော့ပေ။
ယန်မေက လော်ဖေးနှင့် ကျန်းဟိုင်ယန်တို့ကို ရဲစခန်းတွင် ချထားပေးခဲ့ပြီး ထွက်ခွာသွားသည်။ လော်ဖေးနှင့် ကျန်းဟိုင်ယန်တို့ ရုံးခန်းထဲသို့ ဝင်လာချိန်တွင် လုပ်ဖော်ကိုင်ဖက်များသည် ပစ္စည်းများသိမ်းဆည်းကာ အဝတ်အစားလဲပြီး အလုပ်ဆင်းရန် ပြင်ဆင်နေကြပြီဖြစ်သည်။
"ဟေး... ဟိုင်ယန်၊ မင်းနဲ့ မင်းရဲ့ တပည့်ကျော်တို့ စုံစမ်းရေးက ပြန်လာကြပြီလား။ ဘယ်လိုလဲ... သဲလွန်စတွေ ဘာတွေ ရခဲ့လား" လျူဟိုင်ချွမ်က လော်ဖေးနှင့် ကျန်းဟိုင်ယန်ကို မြင်သည်နှင့် ပြုံးစိစိဖြင့် မေးလိုက်သည်။
ကျန်းဟိုင်ယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် "ရတာပေါ့ဗျာ၊ တကယ့်ကို အရေးကြီးတဲ့ သဲလွန်စတွေ ရခဲ့တာ။ ခင်ဗျားတို့ မနာလိုဖြစ်ဖို့သာ ပြင်ထားကြတော့" ဟု ပြန်ဖြေသည်။
"တကယ်ကြီးလား" ကျန်းဟိုင်ယန်နှင့် ရင်းနှီးသည့် ကျန်းတာ့က အနားသို့ လျှောက်လာပြီး လော်ဖေးကို ကြည့်ကာ "လော်ဖေး... မင်းဆရာ ပြောတာကို ငါကတော့ မယုံပါဘူး။ မင်းပဲ ပြောပြစမ်းပါဦး၊ စုံစမ်းရေးမှာ တကယ်ပဲ တစ်ခုခု ထူးထူးခြားခြား တွေ့ခဲ့တာလား"
"ကဲပါ... တော်ကြပါတော့၊ ငါနဲ့ လော်ဖေးက အဖွဲ့မှူးကျိုးဆီကို အရင် အစီရင်ခံရဦးမယ်။ နောက်မှပဲ အေးအေးဆေးဆေး ပြောပြတော့မယ်။ လော်ဖေး... လာ၊ ကျိုးဝေမင်ဆီ သွားရအောင်" ဟု ဆိုကာ ကျန်းဟိုင်ယန်က ကျန်းတာ့၏ စကားကို ဖြတ်ပြောပြီး လော်ဖေးကို ခေါ်ကာ ကျိုးဝေမင်ထံသို့ ထွက်လာခဲ့လေသည်။