အခန်း (၇) - စီးကရက်နံ့နှင့် ပြန်လည်အလုပ်လုပ်လာသော နှာခေါင်းအာရုံ
လော်ဖေးက ခေါင်းငြိမ့်ပြလိုက်ပြီး "ဆရာရယ်... ကျွန်တော်က ဒီလိုကိစ္စမျိုးကို ပေါ့ပေါ့ဆဆ ပြောပါ့မလား" ဟု ပြန်ဖြေလိုက်သည်။ ကျန်းဟိုင်ယန်က လော်ဖေးကို တစ်ချက်ကြည့်၊ ဝရံတာပေါ်က လူတွေကို တစ်ချက်ကြည့်ပြီးနောက် "ငါနဲ့ လိုက်ခဲ့" ဟု ဆိုကာ ဝရံတာရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။
"အဖွဲ့မှူးကျောက်... အခန်းတစ်ခန်းလုံးကို အသေးစိတ် စစ်ဆေးပြီးပါပြီ၊ ဘာမှ ထူးထူးခြားခြား မတွေ့ရပါဘူး။ သေဆုံးသူရဲ့ အမှတ်အသားတွေကလွဲရင် ဒီအခန်းထဲမှာ ဒုတိယလူတစ်ယောက် ရှိနေခဲ့တဲ့ သက်သေအထောက်အထား လုံးဝမရှိပါဘူး" ဟု ဆံပင်မြင်းမြီးကျစ်ထားသည့် အေးစက်စက်နိုင်လှသော အမျိုးသမီးစုံထောက်က ကျောက်တုန်းလိုင်ကို အစီရင်ခံနေသည်။ သူမ၏ လှပသော မျက်ခုံးတန်းလေးများမှာ အနည်းငယ် စုကြုံ့နေ၏။
ထိုစကားကို ကြားရသောအခါ ကျောက်တုန်းလိုင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် ပြတ်သားစွာ ပြောလိုက်သည်။ "တကယ်လို့ ဒါဟာ လူသတ်မှုသာ မှန်ခဲ့ရင် သဲလွန်စဆိုတာ အနည်းနဲ့အများတော့ ရှိစမြဲပဲ။ ဘယ်လောက်ပဲ ပြည့်စုံတဲ့ ရာဇဝတ်မှုဖြစ်ပါစေ၊ လက်စလက်နတော့ ကျန်ခဲ့မှာပဲ... ဆက်ရှာကြ"
"အဖွဲ့မှူးကျိုး... လော်ဖေး တစ်ခုခု ရှာတွေ့ထားတယ်ဗျ"
ကျန်းဟိုင်ယန်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသဖြင့် လူတိုင်း၏ အကြည့်များက သူနှင့် လော်ဖေးထံသို့ ရောက်ရှိသွားကြသည်။ အဖွဲ့မှူးကျိုး၊ အဖွဲ့မှူးကျောက်နှင့် စုံထောက်အဖွဲ့ဝင်များအားလုံး သူတို့နှစ်ဦးထံ အာရုံစိုက်လိုက်ကြ၏။
"လော်ဖေး... မင်း ဘာများ တွေ့ထားလို့လဲ" ဟု ကျိုးဝေမင်က စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
မိမိ၏ ပင်ကိုယ်အသိစိတ်အပေါ် ယုံကြည်မှုကြောင့်လားမသိ၊ လူတိုင်း၏ စူးစိုက်ကြည့်ခြင်းကို ခံနေရသော်လည်း လော်ဖေးမှာ စိုးရိမ်တုန်လှုပ်ခြင်း မရှိပေ။
"အဖွဲ့မှူးကျိုး၊ အဖွဲ့မှူးကျောက်... အခန်းထဲမှာ စီးကရက်နံ့ သင်းသင်းလေးကို ကျွန်တော် ရနေပါတယ်။ သေဆုံးသူဆီမှာ ဆေးလိပ်နံ့ မရသလို သူကလည်း ဆေးလိပ်သောက်မယ့်သူမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ဒီဆေးလိပ်နံ့ဟာ လူသတ်သမား အခန်းထဲမှာ ဆေးလိပ်သောက်ရင်း ချန်ထားခဲ့တဲ့ အနံ့လို့ ကျွန်တော် သံသယရှိပါတယ်" ဟု လော်ဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
လော်ဖေး စကားအဆုံးတွင် စုံထောက်အဖွဲ့ဝင်အချို့ တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြသည်။
"ငါတော့ ဘာနံ့မှ မရပါလား၊ မင်းရော ရလား"
"ငါလည်း မရဘူး"
"မမယန်မေ... မမရော အနံ့ရလားဟင်" ဟု မျက်မှန်နှင့် ဆံပင်တိုတို မိန်းကလေးက ဘေးနားရှိ အေးစက်စက်နိုင်သော မိန်းကလေးကို တိုးတိုးလေး မေးလိုက်သည်။ ထိုမိန်းကလေးက မျက်မှန်ကုတ်ကာ ခေါင်းခါပြလိုက်၏။
ထိုအခါ လူတိုင်းက လော်ဖေးကို သံသယဖြင့် ကြည့်ကြတော့သည်။ လူအများကြီး အနံ့မရဘဲ လော်ဖေးတစ်ယောက်တည်းသာ ရနေခြင်းကြောင့် ဖြစ်သည်။
"မင်း သေချာလို့လား" ဟု ကျောက်တုန်းလိုင်က မေးလိုက်သည်။ သူ၏လေသံမှာ အယုံအကြည်မရှိသည့်ပုံစံထက် အံ့ဩနေသည့်ပုံစံ ပိုပေါက်နေသည်။ လော်ဖေးအနေဖြင့် လိမ်ပြောစရာ အကြောင်းမရှိဟု သူခံစားရသော်လည်း အခြားသူများ သတိမထားမိသည်ကို လော်ဖေးက သတိထားမိသည့်အတွက် သူ၏ အနံ့ခံအာရုံ ထက်မြက်မှုကို အံ့ဩနေမိခြင်းဖြစ်သည်။
လူတိုင်းက မယုံသလိုဖြစ်နေသည်ကို မြင်သောအခါ ကျန်းဟိုင်ယန်က ကြားဖြတ်၍ အမြန်ပြောပေးလိုက်သည်။ "အဖွဲ့မှူးကျောက်... လော်ဖေးက အနံ့ခံအာရုံ အရမ်းကောင်းတာဗျ။ ဟိုတစ်ခေါက် အမှုတုန်းက မှတ်မိသေးလား။ လော်ဖေးက ပုပ်စော်နံတာကို အရင်ဆုံး သိခဲ့လို့သာ လူသတ်မှုကို ဖော်ထုတ်နိုင်ပြီး ကုယူဂောာ်ကို ဖမ်းနိုင်ခဲ့တာ"
လော်ဖေးကလည်း ပြတ်ပြတ်သားသားပင် "အခန်းထဲမှာ စီးကရက်နံ့ ရှိနေတာ ကျွန်တော် သေချာပါတယ်" ဟု ထပ်လောင်းပြောလိုက်သည်။
"အခန်းထဲမှာ ဆေးလိပ်နံ့ ရှိနေရင်တောင် ဒါဟာ သေဆုံးသူကိုယ်တိုင် သောက်ထားတာလည်း ဖြစ်နိုင်တာပဲ။ သူက ပုံမှန်ဆေးလိပ်မသောက်တတ်ဘူးဆိုပေမယ့် တစ်ခါတလေ စိတ်ညစ်လို့ သောက်လိုက်တာမျိုး ဖြစ်နိုင်တာပဲလေ" ဟု စစ်သားကုတ် ဆံပင်ပုံစံနှင့် စုံထောက်က သံသယဖြင့် မှတ်ချက်ပေးသည်။
လော်ဖေး ဘာမှပြန်မပြောရသေးခင်မှာပင် အေးစက်စက်နိုင်သော မိန်းကလေးက ထိုစုံထောက်၏ စကားကို ပြန်လည်ချေပလိုက်သည်။ "တကယ်လို့ ဒီဆေးလိပ်နံ့က သေဆုံးသူဆီကသာ ဆိုရင် အခန်းထဲမှာ အနည်းဆုံးတော့ မီးခြစ်တို့၊ စီးကရက်အကြွင်းအကျန်တို့ ဒါမှမဟုတ် စီးကရက်တိုတို့ ရှိနေရမှာပေါ့"
ကျောက်တုန်းလိုင်က လော်ဖေးကို အကဲခတ်သလို စူးစိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။ "အခန်းထဲမှာ စီးကရက်နံ့ ရှိနေတယ်ဆိုရင်တော့ ဒါဟာ လူသတ်သမား ချန်ထားခဲ့တာ ဖြစ်ဖို့ များတယ်"
"ကဲ... အခုရထားတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး စဉ်းစားကြည့်ရအောင်။ ပထမအချက်— အခင်းဖြစ်နေရာမှာ အလောင်း ပြုတ်ကျနေတဲ့ အနေအထားနဲ့ လော်ဖေး ပြောပြတဲ့ ဆေးလိပ်နံ့တို့အရ ဒီအမှုကို လူသတ်မှုလို့ ယာယီသတ်မှတ်လို့ရတယ်။"
"ဒုတိယအချက်— သေဆုံးသူဟာ သတိမေ့နေချိန် ဒါမှမဟုတ် သေဆုံးပြီးခါစမှာ ဝရံတာပေါ်ကနေ အပစ်ချခံလိုက်ရတာ။ ဝရံတာရဲ့ အမြင့်၊ သေဆုံးသူရဲ့ ကိုယ်အလေးချိန်၊ အခန်းထဲက ဆေးလိပ်နံ့နဲ့ အလောင်းပြုတ်ကျတဲ့ အကွာအဝေးတို့ကို ကြည့်ရင် တစ်ခုတော့ သေချာတယ်... လူသတ်သမားဟာ အနည်းဆုံး အရပ် ၅ ပေ ၉ လက်မ (၁.၇၅ မီတာ) ဝန်းကျင်ရှိတဲ့ သန်မာတဲ့ အမျိုးသားတစ်ယောက်ပဲ ဖြစ်ရမယ်။"
"တတိယအချက်— သေဆုံးချိန်က မနက် ၆ နာရီဝန်းကျင်ဆိုတော့ လူသတ်သမားဟာ ၆ နာရီနောက်ပိုင်းမှ အခင်းဖြစ်နေရာက ထွက်သွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ သူ အခန်းထဲကို ဘယ်အချိန်မှာ ဝင်ခဲ့တာလဲ။ ဘယ်လို ဝင်ခဲ့တာလဲ။ ဘယ်လို ပြန်ထွက်သွားတာလဲ။ သေဆုံးသူနဲ့ သူနဲ့က ဘာတော်စပ်တာလဲ။ နောက်ပြီး လူသတ်သမားဟာ ဒီတိုက်တန်းမှာ နေတဲ့သူလား ဒါမှမဟုတ် ပြင်ပလူလားဆိုတာကိုလည်း ငါတို့ စုံစမ်းဖို့ လိုတယ်။"
"နောက်ဆုံးအချက်နဲ့ အရေးကြီးဆုံးအချက်ကတော့ လူသတ်သမားရဲ့ ရည်ရွယ်ချက်ပဲ။ ဘာဖြစ်လို့ သူက သေဆုံးသူကို သတ်ချင်ရတာလဲ" ဤနေရာတွင် ကျောက်တုန်းလိုင်က လူတိုင်းကို အကဲခတ်သလို ကြည့်လိုက်သည်။
"အခန်းထဲမှာ ပစ္စည်းပစ္စယတွေ မွှေနှောက်ထားတဲ့ အမှတ်အသား မရှိဘူး။ ပိုက်ဆံအိတ်၊ ငွေသားနဲ့ ဗီဒိုထဲက လက်ဝတ်ရတနာတွေလည်း အကုန်ရှိနေသေးတယ်။ ဒါကြောင့် လုယက်မှုဆိုတာကိုတော့ ပယ်ဖျက်လို့ရတယ်" ဟု စစ်သားကုတ်ဆံပင်နှင့် စုံထောက်က ချက်ချင်း ဝင်ပြောသည်။
"အချစ်ရေးကြောင့် ဖြစ်နိုင်ခြေလည်း နည်းပါတယ်။ အခန်းက အရမ်းသပ်ရပ်နေပြီး အမျိုးသားသုံး ပစ္စည်းဆိုလို့ ဘာမှမရှိဘူး။ ဒါကိုကြည့်ရင် သေဆုံးသူက တစ်ယောက်တည်း နေတာဖြစ်လို့ အချစ်ရေးကိစ္စကြောင့် လူသတ်တာမျိုး မဖြစ်နိုင်ပါဘူး" ဟု မျက်မှန်နှင့် စုံထောက်မလေးက ဖြည့်စွက်ပြောသည်။
"ရန်ငြိုးကြောင့်လည်း မဖြစ်နိုင်လောက်ဘူး..."
လူတိုင်းက လူသတ်သမား၏ ရည်ရွယ်ချက်အပေါ် အသီးသီး သုံးသပ်ချက်ပေးရင်း ငြင်းခုံနေကြသည်။ ထိုအချိန်တွင် လော်ဖေးလည်း လူသတ်သမား၏ ရည်ရွယ်ချက်ကို စဉ်းစားနေမိသည်။ အသည်းယားစရာ စုံထောက်ဝတ္ထုတွေ ရေးတဲ့ စာရေးဆရာတစ်ယောက် ဖြစ်သည့်အတွက် သူ့မှာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ရှိပြီးသားဖြစ်သည်။
လူတိုင်း စကားပြောပြီးသွားသောအခါ ကျောက်တုန်းလိုင်က ရုတ်တရက် လော်ဖေးကို ကြည့်ပြီး မေးလိုက်သည်။ "လော်ဖေး... မင်းကော ဘယ်လိုထင်လဲ။ လူသတ်သမားရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ"
ကုယူဂော် လူသတ်မှုနှင့် အခု ဆေးလိပ်နံ့ကို သတိထားမိခြင်းတို့ကြောင့် ကျောက်တုန်းလိုင်သည် ဤစုံထောက်လေးကို အထင်ကြီးသွားမိသဖြင့် ရုတ်တရက် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ လော်ဖေးသည် အနံ့ခံအာရုံအပြင် အခြားကဏ္ဍတွေမှာရော ဘယ်လောက်အစွမ်းထက်မလဲဆိုသည်ကို သူ စမ်းသပ်လိုနေသည်။
လော်ဖေးမှာ ကျောက်တုန်းလိုင် မိမိကို လှည့်မေးလိမ့်မည်ဟု မထင်ထားသဖြင့် အတော်လေး အံ့အားသင့်သွားသည်။ မေးလာသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း သူ စဉ်းစားနေခဲ့သော်လည်း အမှန်အတိုင်းပြောရလျှင် လက်ရှိရရှိထားသည့် အချက်အလက် အကန့်အသတ်များဖြင့် လူသတ်သမား၏ ရည်ရွယ်ချက်ကို အတိအကျ ကောက်ချက်ချရန် ခက်ခဲနေဆဲ ဖြစ်သည်။
"လူသတ်သမားရဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော် မသိဘူး၊ ဒါပေမဲ့ လူသတ်သမားနဲ့ သေဆုံးသူဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်သူတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု လော်ဖေးက ပြန်ဖြေလိုက်သည်။
"မင်းရဲ့ ကျိုးကြောင်းပြချက်ကို ပြောပြပါဦး" ဟု ကျောက်တုန်းလိုင်က စိတ်ဝင်တစား မေးသည်။
"ဟုတ်ကဲ့... ကျွန်တော် လေ့လာမိသလောက်ဆိုရင် ဒီအခန်းထဲကို ဝင်ဖို့ တစ်ခုတည်းသောနည်းလမ်းက တံခါးကနေ ဝင်ဖို့ပဲ ရှိပါတယ်။ တံခါးကလည်း အတွင်းကနေ ဂျပ်ထိုးထားမှသာ ပိတ်လို့ရတဲ့ အမျိုးအစားဖြစ်နေတာ သတိထားမိတယ်။ တစ်ခါ ဂျပ်ထိုးပြီးသွားရင် အပြင်ကနေ ဘယ်လိုမှ ဖွင့်လို့မရတော့ဘူး။ အတွင်းကလူက ကိုယ်တိုင် လိုလိုလားလား ဖွင့်ပေးမှပဲ အပြင်လူက ဝင်လို့ရမှာပါ"
"သေဆုံးသူ အသတ်ခံရတာက မနက် ၆ နာရီဝန်းကျင်ဆိုတော့ အဲဒီအချိန်မှာ တံခါးက သေချာပေါက် ပိတ်ထားမှာပဲ။ တကယ်လို့ လူစိမ်းတစ်ယောက်က အဲဒီအချိန်မှာ လူသတ်ဖို့ ဝင်လာမယ်ဆိုရင် ဝင်ခွင့်ရဖို့တောင် မလွယ်ဘူး၊ လူသတ်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"
"တကယ်လို့ လူသတ်သမားက နေ့ခင်းဘက်မှာ အခန်းထဲကို ဝင်လာခဲ့တယ်ဆိုရင် ဒါဟာ ကြိုတင်စီစဉ်ထားတဲ့ လူသတ်မှုပဲ ဖြစ်ရမယ်။ အဲဒါဆိုရင်လည်း လူတွေ အိပ်ရာနိုးပြီး အလုပ်သွားဖို့ ပြင်ဆင်နေကြတဲ့၊ အလင်းရောင်လည်း ရနေပြီဖြစ်တဲ့ မနက် ၆ နာရီအထိ သူ စောင့်နေမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူမိဖို့ အခွင့်အလမ်း ပိုများလို့ပဲ။ လူသတ်သမားက အဲဒီလောက်အထိတော့ တုံးမှာ မဟုတ်ပါဘူး" ဟု လော်ဖေးက ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ လူစိမ်းဖြစ်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပဲ။ အသိအကျွမ်း တစ်ယောက်ယောက်ရဲ့ လက်ချက် ဖြစ်ဖို့များတယ်" ဟု ကျိုးဝေမင်က ခေါင်းညိတ်ထောက်ခံသည်။
"လော်ဖေး ပြောတာ မှန်တယ်။ လူသတ်သမားက လူစိမ်းဆိုရင် ကျိုးကြောင်းဆင်ခြင်မှုအရ ယုတ္တိမရှိဘူး၊ ဒါကြောင့် ကျွန်တော်လည်း အသိအကျွမ်းတစ်ယောက်ယောက်ရဲ့ လက်ချက်လို့ပဲ ယူဆပါတယ်။ နောက်ပြီး တစ်ခု ထပ်ဖြည့်ပြောချင်တာက ဒါဟာ ကြိုတင်ကြံစည်ထားတဲ့ လူသတ်မှု မဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ လော်ဖေး ခုနက ပြောသလိုပဲ မနက် ၆ နာရီမှာ လူသတ်တယ်ဆိုတာ ရာဇဝတ်မှုကျူးလွန်ဖို့အတွက် အလွန် ကျိုးကြောင်းမဆီလျော်တဲ့ အချိန်ပဲ။ အဲဒီအချိန်ဆို အလင်းရောင်လည်း ရနေပြီ၊ ရပ်ကွက်ထဲမှာ အလုပ်သွားမယ့်သူတွေတင်မကဘူး၊ လူကြီးတွေတောင် ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အစောကြီး နိုးနေကြပြီလေ။ ဒါကြောင့် အခင်းဖြစ်တဲ့ အချိန်ကို ကြည့်ရင် ဒါဟာ ရုတ်တရက် စိတ်လိုက်မာန်ပါ ကျူးလွန်မိတဲ့ လူသတ်မှု လို့ပဲ ကျွန်တော် ထင်တယ်" ဟု ကျောက်တုန်းလိုင်က မှတ်ချက်ချလိုက်လေသည်။