အခန်း (၆) - နောက်ထပ်လူသတ်မှုတစ်ခုနှင့် မှုခင်းဖြစ်ပွားရာနေရာရှိ အခြေအနေကို ထိန်းသိမ်းခြင်း
ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွားခဲ့ပြန်သည်။ ယနေ့နံနက် ၇ နာရီခွဲတွင် လော်ဖေးသည် ထုံးစံအတိုင်း အလုပ်ခွင်သို့ ရောက်ရှိလာသော်လည်း ရုံးခန်းတစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။ အလုပ်စဝင်ခါစ ရက်အနည်းငယ်က အသစ်ဝင်လာသည့် ကျောက်လဲ့သည် အစောကြီး ရောက်တတ်သော်လည်း အခြားသူများမှာ အလုပ်ချိန်ကွက်တိမှသာ ရောက်လာတတ်သည်ကို သတိပြုမိသွားပြီးနောက်တွင်မူ သူလည်းပဲ သူများနည်းတူ လိုက်လုပ်တော့သည်။ ရုံးခန်းသို့ ရောက်သည်နှင့် လော်ဖေးသည် အရင်ဆုံး ရေနွေးအိုးတည်လိုက်ပြီးနောက် "သက်သေခံဥပဒေ" စာအုပ်ကို ထုတ်ကာ မနေ့က ဖတ်လက်စနေရာမှ ဆက်လက်ဖတ်ရှုနေခဲ့သည်။ သူ စာဖတ်နေသည်မှာ သိပ်မကြာသေးမီမှာပင် အနှောင့်အယှက် ကြုံလိုက်ရသည်။
"တောက် တောက် တောက်" ဟူသော ကပျာကယာ လျှောက်လာသည့် ခြေသံများနှင့်အတူ စခန်းမှူး ကျိုးဝေမင်း ဝင်လာသည်။
"လော်ဖေး... ရုံးခန်းမှာ မင်းတစ်ယောက်တည်းပဲ ရှိတာလား" ကျိုးဝေမင်းက ဟိုဟိုဒီဒီ ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်ကဲ့ခင်ဗျ" လော်ဖေးက ခေါင်းငြိမ့်ပြလိုက်သည်။
"လန်ကော် ရပ်ကွက်၊ ဝူယီလမ်းဟောင်းဘက်မှာ လူသတ်မှုတစ်ခု ဖြစ်လို့၊ အခြေအနေ ထိန်းသိမ်းဖို့ ငါနဲ့လိုက်ခဲ့ဦး" လော်ဖေး၏ အဖြေကိုပင် မစောင့်ဘဲ ကျိုးဝေမင်းသည် အပြင်သို့ တန်းထွက်သွားတော့သည်။ လော်ဖေးလည်း သူ၏ရဲဦးထုပ်ကို အမြန်ကောက်ဆောင်းကာ နောက်မှ ပြေးလိုက်သွားရသည်။
"ရဲစခန်းကို ပြန်မလာနဲ့တော့၊ လန်ကော်ရပ်ကွက်၊ ဝူယီလမ်းဟောင်းဘက်ကို တန်းလာခဲ့၊ လူသတ်မှု ဖြစ်လို့" ကျိုးဝေမင်းသည် ဖုန်းပြောရင်း လျှောက်လာရာ လော်ဖေးလည်း ဘေးမှ ကပ်လိုက်ပါလာပြီး ခဏချင်းမှာပင် ကားပါကင်သို့ ရောက်ရှိသွားသည်။
"မင်းမှာ ကားလိုင်စင်ရှိလား၊ ကားမောင်းတတ်လား" ကျိုးဝေမင်းက ဖုန်းကို သိမ်းလိုက်ပြီး လော်ဖေးကို ကြည့်ကာ မေးသည်။
"ဟုတ်ကဲ့၊ မောင်းဖူးပါတယ်" လော်ဖေး ခေါင်းငြိမ့်လိုက်သည်။
စကားအပိုမဆိုတော့ဘဲ ကျိုးဝေမင်းက ကားသော့ကို လော်ဖေးထံ လှမ်းပစ်ပေးကာ ဘေးခုံသို့ တက်ထိုင်လိုက်သည်။ ရဲစခန်းမှ ဝူယီလမ်းဟောင်းသို့ သုံးကီလိုမီတာပင် မပြည့်သဖြင့် ခုနစ်မိနစ်၊ ရှစ်မိနစ်ခန့်အတွင်းမှာပင် ရောက်ရှိသွားသည်။ လမ်းတစ်လျှောက်လုံးတွင်လည်း ကျိုးဝေမင်းက ဖုန်းတရစပ် ပြောနေခဲ့သည်။ လော်ဖေး လန်ကော်ရပ်ကွက်ထဲသို့ ကားမောင်းဝင်လိုက်သည့်အခါ လူနေအိမ်ရာဝင်းအတွင်းရှိ မြက်ခင်းပြင်ဘေးတွင် လူအုပ်ကြီး ဝိုင်းအုံနေသည်ကို လှမ်းမြင်လိုက်ရရာ ထိုနေရာမှာ ခင်းဖြစ်ပွားရာနေရာဖြစ်ကြောင်း သိသာလှသည်။
"ဖယ်ပေးကြပါဦး၊ ဖယ်ပေးကြပါဦး၊ ကျွန်တော်တို့ ရဲစခန်းကပါ" လော်ဖေးနှင့် ကျိုးဝေမင်းတို့ ဆင်းလာသည့်အခါ ကျိုးဝေမင်းက အော်ပြောလိုက်သည်။ ရဲများရောက်လာသည်ကို မြင်သည်နှင့် လူအုပ်ကြီးမှာ အလိုလို လမ်းဖယ်ပေးကြသည်။
လော်ဖေးနှင့် ကျိုးဝေမင်းတို့ အနားသို့ ရောက်သွားသည့်အခါမှ ခင်းဖြစ်ပွားရာနေရာ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။ စိမ်းစိုနေသော မြက်ခင်းပြင်ပေါ်တွင် မီးခိုးရောင် အိပ်ယာဝင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦး လဲလျောင်းနေသည်။ သူမသည် အတော်လေး ငယ်ရွယ်ပုံရပြီး ချစ်စရာကောင်းသော မျက်နှာလေးနှင့် ဖြူဝင်းသော အသားအရေကို ပိုင်ဆိုင်ထားသည်။ သက်ရှိထင်ရှားရှိစဉ်က သူမသည် အလွန်လှပသော မိန်းကလေးတစ်ဦး ဖြစ်ပေလိမ့်မည်၊ သို့သော် ယခုမူ သူမသည် မျက်လုံးများကို ထာဝရ ပိတ်သွားခဲ့ချေပြီ။
'ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား၊ ဒါမှမဟုတ် အသတ်ခံရတာလား။ ဘယ်အချိန်မှာ သေဆုံးခဲ့တာလဲ' ရုပ်အလောင်းကို မြင်လိုက်ရသည့်အခါ ဤအတွေးများက လော်ဖေး၏ ခေါင်းထဲသို့ ပထမဆုံး ဝင်ရောက်လာသည်။ သို့သော်... ထို့နောက်တွင်မူ မည်သည့်အတွေးမျှ ထပ်မထွက်လာတော့ချေ။ သူသည် ဝတ္ထုထဲတွင် အမှုများကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မည်၊ သို့သော် လက်တွေ့ဘဝတွင်မူ မတူညီချေ။ ခန္ဓာကိုယ် တောင့်တင်းမှု နှင့် သေဆုံးပြီးနောက် သွေးပျံ့နှံ့မှုတို့ကို ကြည့်ပြီး သေဆုံးချိန်ကို ခန့်မှန်းရမည်ကို သူသိသော်လည်း လက်တွေ့တွင် မည်သို့လုပ်ရမည်ကိုမူ ကောင်းစွာ နားမလည်ချေ။
"လော်ဖေး... အရင်ဆုံး ရဲတားကြိုး အမြန်တားလိုက်၊ ခင်းဖြစ်ပွားရာနေရာကို ဘယ်သူမှ မဖျက်ဆီးစေနဲ့။ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ အခုပဲ ရောက်လာတော့မယ်" ကျိုးဝေမင်းက ဘေးမှနေ၍ ညွှန်ကြားလိုက်သည်။ လော်ဖေးသည် ရဲတားကြိုးတားကာ အခြေအနေကို ထိန်းသိမ်းရင်း မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ကို စောင့်ဆိုင်းနေခဲ့သည်။
မိနစ်အနည်းငယ်ခန့်အကြာတွင် မှုခင်းအဖွဲ့ ရောက်လာသည်။ လူလေးဦးပါဝင်ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်မှာ စုံထောက် ကျောက်တုန်းလိုင် ဖြစ်ကြောင်း လော်ဖေး မှတ်မိသည်။ ဖော်ဖော်ရွေရွေရှိလှသော စခန်းမှူး ကျိုးဝေမင်းနှင့် ယှဉ်လျှင် ကျောက်တုန်းလိုင်၏ အရှိန်အဝါမှာ ပို၍ ပြင်းထန်ကာ တည်ကြည်အေးစက်သော မျက်နှာထားမှာ သူစိမ်းများကို အနားမကပ်ရဲအောင် သတိပေးနေသကဲ့သို့ ရှိသည်။ ကျန်ရှိသည့် သုံးဦးအနက် မျက်မှန်တပ်ထားသော ဆံပင်တိုနှင့် အမျိုးသမီးနှင့် ဆံပင်ကုတ်ကုတ်နှင့် အမျိုးသားကို ကုယိုကော် လူသတ်မှုတုန်းက လော်ဖေး မြင်ဖူးခဲ့သဖြင့် မှုခင်းအဖွဲ့ဝင်များ ဖြစ်ကြောင်း သိသည်။ တတိယမြောက်လူမှာမူ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားပြီး ဖြူဝင်းသောအသားအရေနှင့် အေးစက်သော အသွင်အပြင်ရှိသည့် အမျိုးသမီးဖြစ်ကာ လော်ဖေးအတွက် စိမ်းနေသည်။
"စခန်းမှူးကျိုး... အခြေအနေ ဘယ်လိုလဲ" ကျောက်တုန်းလိုင်က ရောက်ရောက်ချင်း မေးလိုက်သည်။
ကျိုးဝေမင်းက ခေါင်းခါပြကာ "ကျွန်တော်တို့လည်း ခုလေးတင် ရောက်တာပဲ။ ရဲတားကြိုး တားထားပေမဲ့ ဘာမှမသိရသေးဘူး" ဟု ပြန်ဖြေသည်။
ထိုစကားကို ကြားသောအခါ ကျောက်တုန်းလိုင်က ဘာမှထပ်မပြောတော့ဘဲ နောက်ကွယ်က စပ်စုကြည့်ရှုသူများဘက်သို့ လှည့်လိုက်သည်။
"ဘယ်သူ ရဲတိုင်တာလဲ"
"ကျွန်မပါ၊ ကျွန်မ ရဲတိုင်တာပါ။ ကျွန်မက ဒီအိမ်ရာဝင်းရဲ့ အိမ်ခြံမြေမန်နေဂျာပါ" နက်မှောင်သော မျက်မှန်ကိုင်း တပ်ထားသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက လက်ထောင်ပြသည်။
"ဒီကို လာခဲ့ပါ" ကျောက်တုန်းလိုင်က သူမကို လက်ဟန်ပြခေါ်လိုက်သည်။ ထိုအမျိုးသမီး အနားသို့ ရောက်လာသည့်အခါ ကျောက်တုန်းလိုင်က "ဒီမိန်းကလေးက ခင်ဗျားတို့ ရပ်ကွက်မှာ နေတာလား" ဟု မေးသည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ သူက စူးရှောင်ပါ၊ အခန်းနံပါတ် ၈၀၈ မှာ နေတာ။ ပိုးထည်စက်ရုံမှာ အလုပ်လုပ်တယ်" ဟု ထိုအမျိုးသမီးက အလျင်အမြန် ပြန်ဖြေသည်။
"ခင်ဗျားတို့ ရပ်ကွက်မှာ စောင့်ကြည့်ကင်မရာ (CCTV) မရှိဘူးလား" ကျောက်တုန်းလိုင်က ပတ်ပတ်လည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ထိုစကားကြောင့် အိမ်ခြံမြေမန်နေဂျာ အမျိုးသမီးမှာ မျက်နှာပျက်သွားပြီး "ဒါက အိမ်ရာဟောင်းဆိုတော့ ဘယ်အဆောက်အအုံမှာမှ စောင့်ကြည့်ကင်မရာ မတပ်ထားဘူးရှင့်" ဟု ဖြေသည်။ ကျောက်တုန်းလိုင်မှာမူ ဤအဖြေကို ကြိုတင်တွေးဆထားပြီးသား ဖြစ်သည်။ ဤရပ်ကွက်တင်မက နင်ကျန်းရှိ ရပ်ကွက်တော်တော်များများတွင် စောင့်ကြည့်ကင်မရာ စနစ်များ မရှိကြချေ။ သူသည် ကင်မရာကိစ္စကို ထပ်မပြောတော့ဘဲ ဆက်မေးလိုက်သည်။ "ရုပ်အလောင်းကို ဘယ်သူ အရင်ဆုံး တွေ့တာလဲ"
"ကျွန်မတို့ ရပ်ကွက်က သန့်ရှင်းရေးသမား ကျောက်ရှောင်ဟွေးပါ၊ ဒီမနက် မြက်ခင်းပြင်က အမှိုက်တွေ လိုက်သိမ်းရင်းနဲ့ တွေ့လို့ ကျွန်မကို လာပြောတာ၊ အဲဒါနဲ့ ကျွန်မလည်း ချက်ချင်း ရဲတိုင်လိုက်တာပဲ"
ကျောက်တုန်းလိုင်သည် ကျောက်ရှောင်ဟွေးကို ခေါ်ယူကာ အသေးစိတ် မေးမြန်းကြည့်ရာ အိမ်ခြံမြေမန်နေဂျာ ပြောကြားချက်နှင့် ကိုက်ညီနေသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် ကျောက်တုန်းလိုင်သည် စူးရှောင်နှင့် ပတ်သက်သည့် အခြေခံအချက်အလက်များကို သိရှိသွားသည်။ ထိုစဉ်မှာပင် ရုပ်အလောင်းကို စစ်ဆေးနေသည့် ဆံပင်မြင်းမြီးစည်းနှင့် အေးစက်သော အသွင်ရှိသည့် အမျိုးသမီးစုံထောက်သည် လက်အိတ်ကို ချွတ်ကာ လျှောက်လာသည်။
"စုံထောက်ကျောက်... သေဆုံးပြီးနောက် သွေးပျံ့နှံ့မှုနဲ့ ခန္ဓာကိုယ် တောင့်တင်းမှုကို ကြည့်ရရင် သေဆုံးချိန်က မနက် ၆ နာရီ ဝန်းကျင်လောက် ဖြစ်မယ်။ သေဆုံးသူရဲ့ လက်တွေနဲ့ ဒူးဆစ်တွေမှာ ကြေမွသွားတဲ့ အရိုးကျိုးဒဏ်ရာတွေ မရှိပေမဲ့ ခါးရိုးဆစ်တွေ ကျိုးနေပြီး ဦးခေါင်းနောက်စေ့မှာ ပြင်းထန်တဲ့ ဒဏ်ရာတစ်ခု ရှိနေတယ်။ ဒါကိုကြည့်ရင် သေဆုံးသူဟာ ဘာခုခံမှုမှ မရှိဘဲ ပက်လက်အနေအထားနဲ့ မြေပြင်ပေါ်ကို ကျခဲ့တာ ဖြစ်ရမယ်။ ဆိုလိုတာက သူ ပြုတ်မကျခင်မှာ သတိမေ့နေတာ ဒါမှမဟုတ် သေဆုံးနေတာမျိုး ဖြစ်နိုင်တယ်။ ပြုတ်ကျလို့ သေတာလား၊ မကျခင်ကတည်းက သေနေတာလား ဆိုတာကိုတော့ မှုခင်းဆရာဝန်ရဲ့ အစီရင်ခံစာ ထွက်လာမှပဲ အတည်ပြုနိုင်မယ်"
အမျိုးသမီးစုံထောက်၏ ပညာရပ်ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ရင်း လော်ဖေးသည် မိမိကိုယ်ကိုယ် အတွေ့အကြုံမရှိသည့် အလုပ်သင်တစ်ဦးအဖြစ် ထပ်မံခံစားလိုက်ရပြန်သည်။ သူလည်း ရုပ်အလောင်းကို ကြည့်ခဲ့သော်လည်း ဘာမှသတိမထားမိခဲ့ပေ၊ သူမကမူ ရုပ်အလောင်းကို ကြည့်ရုံမျှဖြင့် သတင်းအချက်အလက်များစွာကို ရရှိသွားခဲ့သည်။ ၎င်းမှာ သူနှင့် အလှမ်းဝေးလှသော တကယ့် ကျွမ်းကျင်မှုပင် ဖြစ်သည်။
ကျောက်တုန်းလိုင်က ခေါင်းငြိမ့်ပြကာ "မင်းတို့ သတိမထားမိနိုင်တဲ့ နောက်ထပ် အချက်တစ်ခု ရှိသေးတယ်၊ အဲဒါက သေဆုံးသူ လဲကျနေတဲ့ အနေအထားပဲ" ဟု ပြောလိုက်သည်။
ထိုစကားကြောင့် လော်ဖေးသည် ရုပ်အလောင်းကို ချက်ချင်း လှမ်းကြည့်လိုက်သည်။ အမှန်ပင်၊ အဆောက်အအုံပေါ်မှ တွန်းချခံရခြင်းနှင့် မိမိဘာသာ ခုန်ချခြင်းတို့မှာ မြေပြင်ပေါ် လဲကျသည့် အနေအထား မတူညီကြချေ။ တွန်းချခံရပါက အဆောက်အအုံနှင့် ပို၍ဝေးသော နေရာသို့ ရောက်သွားတတ်သည်။ ဤအချက်ကို လော်ဖေး နားလည်သွားသော်လည်း... ယခုမူ လဲကျနေသည့် အနေအထားမှာ နီးသလား ဝေးသလားဆိုသည်ကို သူ သေချာ မခွဲခြားနိုင်ပေ။
"သေဆုံးသူ လဲကျနေတဲ့နေရာက အဆောက်အအုံနဲ့ အရမ်းဝေးနေတယ်။ သူဟာ ရှစ်ထပ် ဝရန်တာကနေ ပြုတ်ကျတာ ဖြစ်ရမယ်။ အကယ်၍ သူဟာ သူ့ဘာသာ ခုန်ချတာ ဒါမှမဟုတ် မတော်တဆ ပြုတ်ကျတာဆိုရင် ရုပ်အလောင်းက ဝရန်တာနဲ့ တစ်မီတာအတွင်းမှာပဲ ရှိရမယ်။ ဒါပေမဲ့ အခုက တစ်မီတာထက် အတော်လေး ဝေးနေတော့ တစ်ယောက်ယောက်က သူ့ကို ပစ်ချလိုက်တာ ဖြစ်နိုင်ခြေ ပိုများတယ်" ဟု ဆံပင်မြင်းမြီးစည်းနှင့် အမျိုးသမီးစုံထောက်က ရှင်းပြသည်။
ဒါကမှ တကယ့် ကျွမ်းကျင်မှုပဲ... လော်ဖေးသည် မိမိ၏ မှုခင်းစုံစမ်းစစ်ဆေးရေး ဗဟုသုတ နည်းပါးမှုကြောင့် စိတ်ပျက်မိသွားသည်။ သူသည် သည်းထိပ်ရင်ဖို ဝတ္ထုများ ရေးရန်အတွက် ရံဖန်ရံခါမှသာ အပေါ်ယံ အချက်အလက်များကို ရှာဖွေဖတ်ရှုခဲ့ခြင်း ဖြစ်သည်။ လော်ဖေးသည် စိတ်ကို ဒုန်းဒုန်းချလိုက်သည်၊ ပြန်ရောက်သည်နှင့် မှုခင်းစုံစမ်းစစ်ဆေးရေး ပညာရပ်များကို သေချာလေ့လာရမည်၊ နားမလည်သော ငတုံးတစ်ယောက်အဖြစ် ဆက်မနေလိုတော့ပေ။ လော်ဖေး ထုတ်မပြောသော်လည်း "ရွှေလက်ချောင်း" ကို ရရှိကတည်းက သူသည် သာမန်ရဲအရာရှိလေးတစ်ယောက် အဖြစ်နှင့်ပင် ဘဝကို အဆုံးသတ်ရန် စိတ်မကူးခဲ့ပေ။ ရှေ့သို့ တက်လှမ်းနိုင်ရန်အတွက် စနစ်၏ အကူအညီအပြင် မိမိကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုမှာလည်း မရှိမဖြစ် လိုအပ်သည်ကို သူသိသည်။
လော်ဖေး စာဖတ်ရန် ဆုံးဖြတ်နေစဉ်မှာပင် သူ၏ဆရာ ကျန်းဟိုင်ယန်၊ လျိုဟိုင်ချွမ်နှင့် အလုပ်သင် ကျောက်လဲ့တို့ ရောက်ရှိလာကြသည်။ ခေတ္တအကြာတွင် ကျောက်တုန်းလိုင်သည် တစ်ဦးကို ဓာတ်ပုံရိုက်ရန်နှင့် သက်သေစုဆောင်းရန် ချန်ထားခဲ့ပြီး ကျန်ရှိသူများကို အခန်း ၈၀၈ သို့ ခေါ်ဆောင်သွားသည်။ လော်ဖေးသည် သူ၏ဆရာ ကျန်းဟိုင်ယန်နောက်မှ လိုက်ပါသွားခဲ့ပြီး ကျောက်လဲ့နှင့် သူ၏ဆရာ လျိုဟိုင်ချွမ်တို့မှာမူ ခင်းဖြစ်ပွားရာနေရာတွင် အခြေအနေ ထိန်းသိမ်းရန် ကျန်ရစ်ခဲ့သည်။
အခန်း ၈၀၈
"ခင်းဖြစ်ပွားရာနေရာ မပျက်စီးအောင် အခန်းထဲက ဘာကိုမှ မထိကြနဲ့ဦး" ဝင်ဝင်ချင်းမှာပင် ကျောက်တုန်းလိုင်က အားလုံးကို သတိပေးလိုက်သည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် လော်ဖေးသည် အားနည်းသော ဆေးလိပ်နံ့ကို ရလိုက်သဖြင့် အခန်းပတ်ပတ်လည်တွင် ဆေးလိပ်ပြာခွက် သို့မဟုတ် ဆေးလိပ်တိုများ ရှိ၊ မရှိ လိုက်ရှာကြည့်သော်လည်း နာရီဝက်ခန့်ကြာသည့်တိုင် ဘာမျှ ရှာမတွေ့ခဲ့ပေ။ ထို့ပြင် အပြင်ဘက်တွင်လည်း သေဆုံးသူ၏ ခန္ဓာကိုယ်မှ ဆေးလိပ်နံ့ မရခဲ့သဖြင့် သူမသည် ဆေးလိပ်သောက်သူ မဟုတ်နိုင်ပေ။ ဆိုလိုသည်မှာ အခန်းထဲက ဆေးလိပ်နံ့သည် တရားခံ ချန်ထားခဲ့ခြင်း ဖြစ်နိုင်သည်။ အားလုံးက အခန်းထဲတွင် သဲလွန်စများ ရှာဖွေရန် အလုပ်ရှုပ်နေကြသော်လည်း လော်ဖေးတစ်ယောက်တည်းသာ ထိုဆေးလိပ်နံ့ ခပ်ပါးပါးကို ရနေပုံရသည်။ လော်ဖေး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဧည့်ခန်းထဲတွင် စခန်းမှူးကျိုး၊ စုံထောက်ကျောက်နှင့် စုံထောက်များသည် တစ်ခုခုကို ဆွေးနွေးနေကြသည်။ လော်ဖေးလည်း ဝင်ရောက်ဆွေးနွေးချင်သော်လည်း အလုပ်သင်ရဲတစ်ဦးအနေဖြင့် သူသည် ထိုသို့လုပ်ရန် အရည်အချင်း မပြည့်မီသေးပေ။ သူသည် ခဏမျှ စဉ်းစားပြီးနောက် သူ၏ဆရာ ကျန်းဟိုင်ယန် အနားသို့ ကပ်သွားလိုက်သည်။
"ဆရာ... အခန်းထဲမှာ ဆေးလိပ်နံ့ ရနေတယ်"
လော်ဖေးက သူတွေ့ရှိချက်ကို ကျန်းဟိုင်ယန်အား ပြောပြလိုက်သည်။ သူ၏ အနံ့ခံအာရုံ ထူးကဲမှုကို ဖုံးကွယ်ထားရန် သူ မစဉ်းစားတော့ပေ။ တက်လမ်းရှိရန်အတွက် အခွင့်အရေးကို ဆုပ်ကိုင်ပြီး မိမိ၏ အရည်အချင်းကို ထုတ်ပြရန် လိုအပ်သည်။ ထိုသို့လုပ်မှသာ အခြားသူများက သူ့ကို သတိပြုမိကြမည်ဖြစ်ပြီး လမ်းစများ ပွင့်လာပေလိမ့်မည်။
ကျန်းဟိုင်ယန်သည် အခန်းထဲက လေကို ပြင်းပြင်းရှူကြည့်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။ "တကယ်လား" သူကိုယ်တိုင် ဘာအနံ့မျှ မရသော်လည်း လော်ဖေးတွင် ထူးကဲသော အနံ့ခံအာရုံရှိသည်ကိုမူ သူသိသည်။ ပြီးခဲ့သည့် လူသတ်မှုမှာလည်း လော်ဖေးက ပုပ်စော်ကို အရင်ရခဲ့ခြင်းကြောင့် ဖော်ထုတ်နိုင်ခဲ့ခြင်း မဟုတ်ပါလား။