ရှားပါးပြီး တန်ဖိုးကြီးမားသော လျှို့ဝှက်စွမ်းရည် ဆုလာဘ်များ
ထန်ရင်း၏ ရှင်းပြချက် ပြီးဆုံးသွားသောအခါတွင်မူ ကျန်းမုန်းသည်လည်း ဆက်လက်ဖုံးကွယ်မထားတော့ဘဲ သူနှင့် ထန်ရင်းတို့ ပူးပေါင်းကြံစည်ခဲ့ကြကြောင်း ဝန်ခံလိုက်တော့သည်။ ယခုဆိုလျှင် ဝမ်ဖူ လူသတ်မှုကြီး၏ ကွယ်ပျောက်နေသော အမှန်တရားတစ်ခုလုံးသည် လုံးဝဥဿုံ ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။ စစ်ဆေးမေးမြန်းမှု ပြီးဆုံးသွားပြီးနောက် လော်ဖေးသည် လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် ပထမအဖွဲ့ခွဲရုံးခန်းဆီသို့ ပြန်လာခဲ့သည်။ သူ၏ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်နှင့် တပြိုင်နက် စိတ်အာရုံကို မျိုးဗီဇပေါင်းစပ်ခြင်း စနစ်ထဲသို့ ချက်ချင်း ပို့လွှတ်လိုက်၏။
"တီ... စနစ်အရောင်းဆိုင်တွင် ရွှေဒင်္ဂါး ၁၀,၀၀၀ အသုံးပြုခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ အတွေ့အကြုံသစ် ကာလအပိုင်းအခြား ပြီးဆုံးသွားပါပြီ။ အိမ်ရှင်သည် အတွေ့အကြုံသစ် ကာလ၏ ဆုလာဘ်အဖြစ် ရှားပါးပြီး တန်ဖိုးကြီးမားသော လျှို့ဝှက်စွမ်းရည် 'ပြစ်မှုမြင်ကွင်းမျက်လုံး' ကို ရရှိပြီး ဖြစ်ကာ အိမ်ရှင်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီး ဖြစ်ပါသည်။"
"တီ... ဝမ်ဖူ လူသတ်မှုကို အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ရွှေဒင်္ဂါး ၄၀၀ ရရှိသဖြင့် အိမ်ရှင်အား ဂုဏ်ပြုပါသည်။ (မှတ်ချက်။ ။ အိမ်ရှင်သည် စနစ်အရောင်းဆိုင်တွင် ရွှေဒင်္ဂါး ၁၀,၀၀၀ အသုံးပြုခဲ့ပြီး ဖြစ်သဖြင့် နောင်ဖော်ထုတ်မည့် အမှုများတွင် အတွေ့အကြုံသစ် ကာလ၏ ငါးဆတိုး ရွှေဒင်္ဂါးခံစားခွင့်ကို ဆက်လက် ရရှိတော့မည် မဟုတ်ပါ)"
ထိုသတိပေးချက် နှစ်ခုကို ကြည့်ရင်း လော်ဖေး၏ မျက်နှာ အနည်းငယ် ပျက်သွားသည်။ 'ပြစ်မှုမြင်ကွင်းမျက်လုံး' ဆိုသည်မှာ ဘာလဲ၊ မည်သို့ စွမ်းဆောင်နိုင်သလဲ ဆိုသည်ကို လော်ဖေး လောလောဆယ် မသိသေးသော်လည်း နောင်တွင် ရွှေဒင်္ဂါးများ ရှာဖွေရသည်မှာ ယခင်ကထက် သိသိသာသာ ပိုမိုခက်ခဲသွားတော့မည်ကိုမူ ကောင်းကောင်း နားလည်လိုက်သဖြင့် လတ်တလောတွင် စိတ်အခြေအနေ သိပ်မကောင်းလှပေ။
စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် စနစ်က ရှားပါးတန်ဖိုးကြီးမားသော လျှို့ဝှက်စွမ်းရည်ဟု သတ်မှတ်ထားသည့် 'ပြစ်မှုမြင်ကွင်းမျက်လုံး' စွမ်းရည်အသစ်ကို လော်ဖေး စတင်စူးစမ်းတော့သည်။ သို့သော် အချိန်အတော်ကြာ စမ်းသပ်ကြည့်သည့်တိုင် သူ၏ မျက်လုံးများမှာ ထူးခြားမှု တစ်စုံတစ်ရာ ရှိမနေသကဲ့သို့ ခံစားရသည်။ စနစ်ကို မေးမြန်းကြည့်သော်လည်း မည်သည့် တုံ့ပြန်မှုမျှ ပြန်မရခဲ့ပေ။
'ပြစ်မှုမြင်ကွင်းမျက်လုံး... ပြစ်မှုမြင်ကွင်းမျက်လုံး... ဒါက တကယ်တော့ ဘာအတွက် သုံးတာလဲ။'
လော်ဖေးသည် စားပွဲခုံတွင် ထိုင်ရင်း ငြိမ်သက်စွာ တွေးတောနေစဉ် စိတ်ထဲသို့ အတွေးတစ်ခု ဖြတ်ခနဲ ဝင်လာသည်။ ပြစ်မှုမြင်ကွင်းမျက်လုံး ဆိုသည့် နာမည်အတိုင်းပင် ၎င်းသည် မကောင်းမှု ဒုစရိုက်များကို မြင်ရသည့်အခါမှသာ တုံ့ပြန်မှု ရှိနိုင်ပေလိမ့်မည်။ တွေးလေလေ ထိုအတွေးမှာ ပို၍ ဖြစ်နိုင်ခြေရှိလေလေဟု လော်ဖေး ခံစားရလေသည်။
သူ၏ အတွေးကို လက်တွေ့စမ်းသပ်ရန်အတွက် လော်ဖေးသည် ဆက်မထိုင်နေနိုင်တော့ဘဲ ချုပ်နှောင်ရေးစခန်းဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။ ချုပ်နှောင်ရေးစခန်းတွင် မကြာသေးမီကမှ ဖမ်းဆီးခံထားရသည့် ကျန်းမုန်းနှင့် ထန်ရင်း အပါအဝင် ပြစ်မှုကျူးလွန်ထားသူ အများအပြားကို ထိန်းရှိမ်းထားသည်။
ပထမဆုံး အခန်းထဲတွင် ဒေါင့်တစ်နေရာ၌ ငြိမ်သက်စွာ ထိုင်နေသော ထန်ရင်းကို လော်ဖေး မြင်လိုက်ရသည်။ ထန်ရင်းကို ပထမဆုံး လှမ်းကြည့်လိုက်ရုံမျှဖြင့် လော်ဖေး၏ ခြေလှမ်းများ တန့်သွားခဲ့ရ၏။ 'ပြစ်မှုမြင်ကွင်းမျက်လုံး' ဆိုသည်မှာ မည်သည့်အရာလဲ ဆိုသည်ကို သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
လော်ဖေး၏ မျက်လုံးထဲတွင်မူ ထန်ရင်း၏ ဦးခေါင်းထက်၌ အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေပြီး ထိုမြူခိုးများ၏ အလယ်ဗဟိုတွင် လူသားပုံသဏ္ဌာန် တစ်ခု ရှိနေသည်။ ၎င်းသည် ကလေးငယ်တစ်ဦးနှင့် တူပြီး အိပ်ပျော်နေပုံ ရသည်။
ထို့နောက် လော်ဖေးသည် ကျန်းမုန်းကို ထိန်းသိမ်းထားသည့် ဒုတိယမြောက် အခန်းဆီသို့ လျှောက်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကျန်းမုန်း၏ ခေါင်းပေါ်တွင်လည်း အလားတူ အနက်ရောင် မြူခိုးများကို သတိပြုမိလိုက်ပြီး အလယ်ဗဟိုမှ ပုံသဏ္ဌာန်မှာ ထန်ရင်း၏ ခေါင်းပေါ်ကထက် ပိုမိုကြီးမားကာ ပို၍ပင် ပီပြင်ထင်ရှားနေသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင် လော်ဖေးသည် 'ပြစ်မှုမြင်ကွင်းမျက်လုံး' ၏ စွမ်းဆောင်ရည်ကို အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။ လွယ်လွယ်ပြောရလျှင် မည်သည့် ပြစ်မှုကျူးလွန်သူမဆို ဦးခေါင်းထက်တွင် အနက်ရောင်မြူခိုးများ ရှိနေမည်ဖြစ်ပြီး ကျူးလွန်သည့် ပြစ်မှု ပိုမိုကြီးလေးလေလေ မြူခိုးများ ပိုမိုသိပ်သည်းကာ ပုံသဏ္ဌာန်တစ်ခုအဖြစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာလေလေ ဖြစ်ပြီး ၎င်းကို ပြစ်မှုမြင်ကွင်းမျက်လုံးဖြင့် မြင်တွေ့နိုင်ခြင်း ဖြစ်သည်။
လော်ဖေးသည် ယခင်က ရွှေဒင်္ဂါးရှာရခက်ခဲသွားသည့်အတွက် စိတ်ပျက်ခဲ့ရသော်လည်း ယခုကဲ့သို့ အံ့မခန်းဖွယ်ကောင်းသော 'ပြစ်မှုမြင်ကွင်းမျက်လုံး' ၏ စွမ်းရည်ကို ရှာဖွေတွေ့ရှိလိုက်ရသည့် ရင်ခုန်စိတ်လှုပ်ရှားမှုက ထိုစိတ်ပျက်စရာများကို ဖုံးလွှမ်းသွားခဲ့သည်။ ရွှေဒင်္ဂါး ရှာရခက်ခဲခြင်းမှာ ဤစွမ်းရည်နှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။ ဤစွမ်းရည်ရှိနေသရွေ့ လော်ဖေးအတွက် ရှေ့လျှောက် အနာဂတ်မှာ ပိုမိုတောက်ပလာတော့မည် ဖြစ်သည်။
"လော်ဖေး... မင်းကတော့ ဒီတစ်ခါလည်း တကယ့်ကို မျက်နှာပွင့်စရာ အစွမ်းပြနိုင်ခဲ့တာပဲ။ ဝမ်ဖူအမှုရဲ့ နောက်ကွယ်မှာ ဒီလို ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ ရှိနေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး။ မင်းသာ မရှိရင် အဲဒီကွယ်ပျောက်နေတဲ့ အမှန်တရားဟာ ကျန်းမုန်းနဲ့အတူ ထောင်ထဲအထိ လိုက်သွားပြီး ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်တော့ဘူး" ဟု ဝမ်လဲ့က အပြင်မှ ရှမန်နှင့်အတူ ဝင်လာရင်း လော်ဖေးကို အထင်ကြီး လေးစားစွာဖြင့် ပြောလိုက်သည်။
ရှမန်က ဆက်လက်၍ "ငါကတော့ ဒီလ ဘယ်လောက် ဘောနပ်စ်ရမလဲ ဆိုတာပဲ စိတ်ဝင်စားတယ်။ ဒါက ငါ့ရဲ့ လစဉ် စားဝတ်နေရေး အသုံးစရိတ်ကို ထိခိုက်တာလေ။ ဝမ်လဲ့... မင်းလည်း တွေးကြည့်ဦး။ ဝမ်ဖူအမှုကို ဖော်ထုတ်နိုင်ခဲ့တာက ငါတို့အဖွဲ့ရဲ့ ကျေးဇူးကြောင့် မဟုတ်ဘူးလား။ အဲဒီတော့ ဘောနပ်စ်ထဲက အများဆုံး ဝေစုကို ငါတို့ ရသင့်တယ်မလား" ဟု ဆိုသည်။
ဝမ်လဲ့က ခေါင်းညိတ်ကာ "ဒါပေါ့... သေဆုံးသူနဲ့ သံသယရှိသူ နှစ်ယောက်လုံးရဲ့ သဲလွန်စကို လော်ဖေး ရှာတွေ့ခဲ့တာ။ သံသယရှိသူကိုလည်း ငါတို့အဖွဲ့ကပဲ ဇီကျန်းပြည်နယ်မှာ သွားဖမ်းခဲ့တာ။ ပြီးတော့ ထန်ရင်းရဲ့ နောက်ကွယ်က ကိစ္စတွေကိုလည်း လော်ဖေးကပဲ ဖော်ထုတ်ခဲ့တာဆိုတော့... ဒီအမှုရဲ့ ခရက်ဒစ်ကိုးဆယ်ရာခိုင်နှုန်းက ငါတို့အဖွဲ့ပိုင်တာပဲ။ အဲဒီ ကိုးဆယ်ရာခိုင်နှုန်းထဲက ငါးဆယ်ရာခိုင်နှုန်းက လော်ဖေးရဲ့ ခရက်ဒစ်၊ သုံးဆယ်ရာခိုင်နှုန်းက အဖွဲ့ခေါင်းဆောင်ရဲ့ ခရက်ဒစ်၊ ကျန်တဲ့ ဆယ်ရာခိုင်နှုန်းက မင်းရယ်၊ ကျုံးကျွင်းရယ်၊ ငါရယ် ခွဲယူကြရမှာ" ဟု ထောက်ခံလိုက်သည်။
"ငါ သိပါတယ်... ဒါပေမဲ့ ဒါတွေကို အခု လာပြောနေလို့ ဘာထူးမှာလဲ။ ငါ သိချင်တာက ဒီအမှုအတွက် ငါ ဘယ်လောက် ဘောနပ်စ်ရမလဲ ဆိုတာပဲ"
လော်ဖေးသည် ဘာမှတ်ချက်မျှ မပေးဘဲ သူတို့နှစ်ဦး စနောက်နေသည်ကို ပြုံးကြည့်နေခဲ့သည်။ သို့သော် သေချာဂရုစိုက်ကြည့်မည်ဆိုပါက လော်ဖေး၏ စိတ်အာရုံမှာ တစ်ခြားတစ်နေရာသို့ ရောက်ရှိနေသည်ကို သတိပြုမိပေလိမ့်မည်။
ညနေ ငါးနာရီတွင် လော်ဖေးသည် အချိန်မှန် အိမ်သို့ ပြန်လာခဲ့သည်။ ဝူယန့်သည် ဟင်းလျာအပြည့်ဖြင့် ထမင်းဝိုင်းကို ပြင်ဆင်ထားပြီး လော်ဖေးတစ်ယောက် ဝမ်ဖူအမှုဖြင့် အလုပ်ရှုပ်နေ၍ အိမ်မှာ ထမင်းကောင်းကောင်းမစားရသည်မှာ ကြာပြီဖြစ်သောကြောင့် ကောင်းကောင်းမွန်မွန် ကျွေးမွေးချင်၍ ဖြစ်သည်ဟု ဆိုသည်။
"မင်း တလောကလုံး အလုပ်တွေ အရမ်းရှုပ်နေပြီး ပိန်သွားလိုက်တာ" ဝူယန့်က လော်ဖေး ထမင်းစားနေသည်ကို ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
"ရှောင်ရှောင်... နင့်အစ်ကို ပိန်သွားလား ကြည့်စမ်း" လော်ဖေးက ကျန်းရှောင်ရှောင်ကို လှမ်းမေးလိုက်သည်။
ကျန်းရှောင်ရှောင်က ခေါင်းခါပြကာ "မပိန်ပါဘူး" ဟု ဖြေသည်။
"တွေ့လား အမေ!" လော်ဖေးက ရယ်မောရင်း ပြောလိုက်သည်။
ဝူယန့်က ကျန်းရှောင်ရှောင်ကို မျက်စောင်းတစ်ချက်ထိုးကာ စိတ်ဆိုးတိတ်တိတ်ဖြင့် "ရှောင်ရှောင်က ဘာသိလို့လဲ။ မင်းက အလုပ်တွေ အပင်ပန်းခံ လုပ်နေရတာပဲ၊ မပိန်ဘဲ နေမလား။ လူပင်ပန်းမခံရအောင် များများစားစမ်းပါ" ဟု ပြောရှာသည်။
လော်ဖေးက ခေါင်းညိတ်လိုက်ပြီး "စိတ်မပူပါနဲ့ အမေ။ တလောကပဲ အမှုကိစ္စတွေနဲ့ အထူးတလည် ရှုပ်နေခဲ့လို့ပါ၊ နောက်ဆိုရင် ဒီလောက်အထိ မဖြစ်တော့ပါဘူး" ဟု နှစ်သိမ့်လိုက်သည်။
နောက်တစ်နေ့ နံနက်တွင် ပထမအဖွဲ့ခွဲရုံးခန်းသို့ ရန်စုက ပထမဆုံး စောစောစီးစီး ရောက်ရှိနေပြီးနောက်တွင် လော်ဖေး ရောက်ရှိလာသည်။ ရှစ်နာရီတွင် ကျောက်တုန်းလိုင်က အမှုနှင့်ပတ်သက်၍ သုံးသပ်ချက် အစည်းအဝေးပြုလုပ်ရန် လူတိုင်းကို အစည်းအဝေးခန်းမသို့ ခေါ်ယူလိုက်သည်။ အဖွဲ့တိုင်းက အသီးသီးတင်ပြ၍ အမှုမှ ရရှိခဲ့သည့် အတွေ့အကြုံများနှင့် သုံးသပ်ချက်များကို ပြောကြားကြရမည် ဖြစ်သည်။
ရှစ်နာရီတွင် ဝမ်ဖူ လူသတ်မှုဆိုင်ရာ သုံးသပ်ချက် အစည်းအဝေးကို စတင်လိုက်သည်။ ကျောက်တုန်းလိုင်က ပထမဆုံး စတင်ပြောကြားသည်။
"ကျွန်တော် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရင်ဆုံး စကားပြောပါရစေ။ ဝမ်ဖူလူသတ်မှုမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်တိုင်းကျစရာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့အဖွဲ့ဝင် အများအပြားဟာ ထူးချွန်ထက်မြက်ကြလို့သာ အခုလို အမှုကို အချိန်တိုအတွင်း မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။"
"ဒီလို ပြည်နယ်ကျော် လူသတ်မှုမျိုးတွေက သိပ်ပြီး မကြုံရတတ်တာမို့ သေဆုံးသူရဲ့ အထောက်အထားကို စုံစမ်းတဲ့အခါမှာ ဒေသတွင်း ပျောက်ဆုံးနေသူတွေကိုပဲ အာရုံစိုက် စုံစမ်းခဲ့မိပြီး ပြင်ပကလာသူတွေကို သေချာ မစစ်ဆေးခဲ့မိတာကြောင့် သေဆုံးသူက ဘယ်သူလဲဆိုတာကို အစောပိုင်းမှာ အလျင်အမြန် မဖော်ထုတ်နိုင်ခဲ့ဘဲ နှောင့်နှေးခဲ့ရပါတယ်။ ဒါဟာ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်ဘက်က စဉ်းစားတွေးခေါ်မှု မပြည့်စုံခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။"
"တစ်ဖက်က ကြည့်ရင်တော့ လော်ဖေးဟာ ဒီအချက်မှာ တကယ့်ကို ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူဟာ ကိုယ်ပိုင်ဦးဆောင်မှုစွမ်းရည်ကို အပြည့်အဝ အသုံးချပြီး အသေးစိတ် စဉ်းစားတွေးခေါ်ခဲ့သလို၊ ပင်ပန်းဆင်းရဲဒုက္ခတွေကို မမှုဘဲ မမောမပန်း စုံစမ်းစစ်ဆေးခဲ့ပါတယ်။ သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့်ပဲ သေဆုံးသူနဲ့ သံသယရှိသူ နှစ်ဦးစလုံးရဲ့ အထောက်အထားတွေကို ရှာဖွေနိုင်ခဲ့ပြီး ကျန်းမုန်းကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။"
"ဒါ့အပြင် အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျန်းမုန်းက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံလိုက်တာနဲ့တင် ကျွန်တော် စိတ်အေးသွားခဲ့ပြီး၊ သူ့ရဲ့ထွက်ဆိုချက်ထဲက ထင်ရှားတဲ့ ဟာကွက်တွေကို သေချာ စိစစ်ဆန်းစစ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒီအမှုထဲမှာ ပုန်းကွယ်နေတဲ့ တခြားသံသယရှိသူတစ်ယောက်ကို လွတ်သွားလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါဟာလည်း ကျွန်တော့်ရဲ့ အမှားပဲ ဖြစ်ပါတယ်" ဟု ကျောက်တုန်းလိုင်က ပွင့်လင်းရိုးသားစွာ ပြောကြားသွားသည်။
ထို့နောက် ကျောက်တုန်းလိုင်က ဆက်လက်၍ "ဒီကိစ္စမှာလည်း လော်ဖေးက ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ပြန်ပါတယ်။ ဒါဟာ ကျွန်တော် လော်ဖေးကို ဒုတိယအကြိမ်မြောက် ချီးကျူးရခြင်းပဲ ဖြစ်ပါတယ်။ သူဟာ ရဲစခန်းကနေ ကျွန်တော်တို့ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ ပြောင်းရွှေ့လာတာ မကြာသေးတဲ့အတွက် ဒီမှာ ရှိနေတဲ့သက်တမ်းက သိပ်မရှည်သေးပါဘူး။ ဒါပေမဲ့ ဒီအမှုမှာ သူပြသခဲ့တဲ့ အလုပ်လုပ်နိုင်စွမ်းနဲ့ စိတ်ဓာတ်ကတော့ ခင်ဗျားတို့အားလုံး သာမက ကျွန်တော်ကိုယ်တိုင်ပါ အတုယူသင်ယူရမယ့် စံနမူနာကောင်းတစ်ခု ဖြစ်ပါတယ်" ဟု ပြောကြားလိုက်သည်။
အစည်းအဝေးတွင် ထိုင်နေသော လော်ဖေးသည် ကျောက်တုန်းလိုင်၏ ချီးကျူးစကားများနှင့် လုပ်ဖော်ကိုင်ဖက်များက သူ့အား ဝိုင်းကြည့်နေကြသော အကြည့်များကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားမိတော့သည်