အခန်း (၅) - ဂေါ်ရီလာခွန်အားဗီဇကို ပေါင်းစပ်ခြင်း၊ အင်အားများ တဟုန်ထိုးတိုးတက်လာခြင်း
ဤအသံသည် လော်ဖေးအတွက်တော့ နတ်သံသကဲ့သို့ပင် သာယာလွန်းလှသည်။ "ရွှေဒင်္ဂါး ၂၀၀၀ တောင်လား... မိုက်လိုက်တာ" လော်ဖေး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထိုင်းသား ပေါ်လာသည်။ ရွှေဒင်္ဂါး ၂၀၀၀ ဆိုသည်မှာ လော်ဖေးအတွက် အလွန်ကောင်းမွန်သော ဗီဇ တစ်ခု ဝယ်ယူရန် လုံလောက်သော ပမာဏဖြစ်သည်။ သူသည် ဗီဇဈေးကွက် ထဲသို့ ဝင်ရန် မအောင့်နိုင်အောင် ဖြစ်နေမိသည်။
"အာဖရိက ဟိုင်းအီးနားရဲ့ ဇွဲနပဲ ဗီဇကလည်း ကောင်းသားပဲ၊ မျောက်ရဲ့ ဖျတ်လတ်မှု ဗီဇကလည်း မဆိုးဘူး၊ လင်းယုန်ရဲ့ မျက်စိအမြင်အာရုံ ဗီဇကဆိုရင် လင်းယုန်တွေဟာ ၁၀ ကီလိုမီတာ အကွာအဝေးက ယုန်တွေကိုတောင် မြင်နိုင်တယ်လို့ ပြောကြတယ်၊ ဒီဗီဇကလည်း တကယ်ကို လိုချင်စရာပဲ၊ နောက်ပြီး မြွေဟောက်ရဲ့ အပူလှိုင်းအာရုံခံနိုင်စွမ်း..."
ဗီဇဈေးကွက်ထဲရှိ စူးရှတောက်ပနေသော ဗီဇအမျိုးမျိုးကို ကြည့်ရင်း လော်ဖေး တကယ်ကို စိတ်လှုပ်ရှားမိသည်။ သို့သော် ကံမကောင်းစွာဖြင့် သူ၌ ရွှေဒင်္ဂါး ၂၀၀၀ သာ ရှိသဖြင့် ဗီဇတစ်ခုသာ ဝယ်ယူနိုင်မည် ဖြစ်သည်။ အမှန်တကယ်တော့ လော်ဖေး၏ စိတ်ထဲတွင် မည်သည့်ဗီဇကို ပေါင်းစပ်မည်ဆိုသည်မှာ ဆုံးဖြတ်ပြီးသားပင် ဖြစ်သည်။
"ဂေါ်ရီလာရဲ့ ခွန်အားဗီဇကို ဝယ်မယ်" လော်ဖေးက ခွန်အားဗီဇကို ရွေးချယ်လိုက်သည်။ ဒီနေ့ မွန်းတည့်ချိန်က ဖြစ်ရပ်သည် ခွန်အားရှိရန် မည်မျှအရေးကြီးကြောင်း လော်ဖေးကို နားလည်စေခဲ့သည်။ မူလက ပုရွက်ဆိတ်၏ ခွန်အားဗီဇကို ဝယ်ချင်သော်လည်း ဈေးကြီးလွန်းသဖြင့် ဂေါ်ရီလာ၏ ခွန်အားဗီဇနှင့်သာ ကျေနပ်လိုက်ရခြင်း ဖြစ်သည်။ ဂေါ်ရီလာ၏ ခွန်အားမှာလည်း လူသိများပြီးသားဖြစ်ရာ သူ့ကို စိတ်ပျက်စေမည်မဟုတ်ဟု သူယူဆသည်။
"ဂေါ်ရီလာ ခွန်အားဗီဇ ဝယ်ယူမှု အောင်မြင်ပါသည်။ အိမ်ရှင်အနေဖြင့် ယခုချက်ချင်း ပေါင်းစပ်ရန် အကြံပြုအပ်ပါသည်"
"ပေါင်းစပ်မယ်"
နောက်တစ်စက္ကန့်တွင် လော်ဖေးသည် မိမိကိုယ်ကိုယ် နွေးထွေးသော လျှပ်စစ်စီးကြောင်းတစ်ခုက လွှမ်းခြုံသွားသကဲ့သို့ ခံစားလိုက်ရပြီး အလွန်ပင် နေလို့ကောင်းလှသည်။ ပေါင်းစပ်မှု ပြီးဆုံးသွားသောအခါ လော်ဖေးသည် မူလက ပင်ပန်းနေသော သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်လုမတတ် ခွန်အားများ ပြည့်လျှံလာသည်ကို ခံစားလိုက်ရသည်။ ယခုအချိန်တွင် လော်ဖေးသည် ဆရာကြီး ရိမန် (Ip Man) ကဲ့သို့ပင် လူဆယ်ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ပြီး တစ်ချက်ထိုးရုံနှင့် လဲနိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေပြီဖြစ်သည်။
သူ၏ အင်္ကျီကို မတင်ကြည့်လိုက်သောအခါ မူလက ပိန်လှီသော ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး လှပကျစ်လျစ်သော စာကြောင်းပါ ဝမ်းဗိုက်ကြွက်သားများ အဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ခွန်အားဗီဇနှင့် ပေါင်းစပ်ပြီးစဖြစ်၍ လော်ဖေးမှာ သူ၏ ခွန်အားကို စမ်းသပ်ရန် မအောင့်နိုင် ဖြစ်နေသည်။ ဘေးနားရှိ ကျောက်တုံးကြီးတစ်တုံးကို မြင်သောအခါ အရင်ကဆိုလျှင် သူ မည်သို့မျှ မနိုင်နိုင်သော်လည်း ယခုမူ မတင်နိုင်လိမ့်မည်ဟု ခံစားနေရသည်။ လော်ဖေးသည် ကျောက်တုံးကို လက်နှစ်ဖက်ဖြင့် ပွေ့ကာ အသက်ကို ပြင်းပြင်းရှူပြီး အားကုန် မတင်လိုက်သည်။
ထိုအခါ လော်ဖေး ကြောင်သွားရသည်။ ကျောက်တုံးကြီးကို အားသိပ်မစိုက်လိုက်ရဘဲ အလွယ်တကူ မတင်လိုက်နိုင်ခြင်းကြောင့် ဖြစ်သည်။ ထို့နောက်တွင် လော်ဖေးသည် သူ၏ ခွန်အားကို စမ်းသပ်ရန် ကျောက်တုံးများကို လိုက်ရှာတော့သည်။ ကျောက်တုံးကြီးများကို အလွယ်တကူ မတင်နိုင်သည်ကို ကြည့်ရင်း လော်ဖေးမှာ အံ့ဩဝမ်းသာဖြစ်ကာ ပျော်ရွှင်နေမိသည်။
နောက်ဆုံးတွင် လော်ဖေးသည် သူ၏ခွန်အားမှာ အမှန်တကယ်ပင် ကြီးမားသွားပြီဖြစ်ကြောင်း၊ အနည်းဆုံးတော့ သန်မာသော အားကစားသမားတစ်ဦးနှင့် တူညီသွားပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့ပြင် ခွန်အားတိုးလာခြင်းကြောင့် သူ၏ အမြန်နှုန်းနှင့် တုံ့ပြန်မှု စွမ်းရည်များပါ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့ရသဖြင့် လော်ဖေးမှာ ဤရလဒ်အပေါ် အတိုင်းထက်အလွန် ကျေနပ်မိသည်။
ည ၈ နာရီခွဲခန့် မှောင်စပျိုးချိန်ရောက်မှ လော်ဖေး အိမ်သို့ ပြန်လာခဲ့သည်။ နောက်တစ်နေ့ မနက် ၆ နာရီခွဲ မတိုင်မီမှာပင် လော််ဖေး၏ မိခင်မှာ သူ၏အတွက် မနက်စာ ပြင်ဆင်ရန် ထလာခဲ့သည်။ လော်ဖေးက မနက်စာ မပြင်ရန်နှင့် အပြင်တွင်သာ စားမည်ဖြစ်ကြောင်း ပြောသော်လည်း အပြင်စာများမှာ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း၊ ကိုယ်တိုင်ချက်ကျွေးရမှ စိတ်အေးရကြောင်း သူမက ဆိုသည်။ သို့သော် အမှန်တကယ်မှာ အပြင်စာအတွက် ငွေမကုန်ချင်သောကြောင့် ဖြစ်သည်ကို လော်ဖေး သိနေသည်။ ကျောင်းမုန့်ဈေးတန်းတွင် ထမင်းချက်လုပ်သော မုဆိုးမတစ်ဦးအနေဖြင့် တစ်လလျှင် လစာ ၃၀၀၀ ခန့်နှင့် သားသမီး သုံးယောက်ကို ထောက်ပံ့နေရခြင်းမှာ မည်မျှ ဖိအားများမည်ကို ခန့်မှန်းကြည့်နိုင်ပေရာ ရနိုင်သမျှ ချွေတာသည့် အလေ့အကျင့်မှာ သူမတွင် စွဲမြဲနေခြင်း ဖြစ်သည်။
မနက်စာ စားပြီးနောက် လော်ဖေး အလုပ်သွားခဲ့သည်။ ၇ နာရီခွဲတွင် လော်ဖေး ရဲစခန်းသို့ ရောက်ရှိလာသည်။ အားလုံးက အလုပ်ချိန်မှသာ ကွက်တိ ရောက်တတ်ကြသဖြင့် ရုံးခန်းထဲတွင် လူ သိပ်မရှိသေးပေ။ သို့သော် ယခုနှစ်တွင် စတင်ဝင်ရောက်လာသည့် အလုပ်သင်ရဲ သုံးဦးစလုံးမှာ ရောက်နေကြပြီ ဖြစ်သည်။ ဝူဝေ၊ ကျောက်လဲ့နှင့် ကျန်းရှောင်ရှောင် တို့မှာ ရဲသင်တန်းကျောင်းဆင်းများ ဖြစ်ကြပြီး လုံခြုံရေး ပူးပေါင်းစာမေးပွဲမှတစ်ဆင့် ရွေးချယ်ခံထားရသူများ ဖြစ်ကာ လော်ဖေးတစ်ယောက်သာ နိုင်ငံ့ဝန်ထမ်း အထွေထွေစာမေးပွဲမှတစ်ဆင့် ရောက်လာသူဖြစ်သည်။
လော်ဖေး ဝင်လာသည်ကို မြင်သောအခါ ဝူဝေက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ "လော်ဖေး... မင်းကတော့ တကယ့်ကို လူစွမ်းကောင်းပဲကွာ၊ အလုပ်စဝင်တာနဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်ပြီး တရားခံကိုပါ ဖမ်းနိုင်တယ်ဆိုတော့ အခုဆို မင်းက နာမည်ကြီးနေပြီ"
"ကံကောင်းလို့ပါဗျာ" လော်ဖေးက ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ လော်ဖေးမှာ နှိမ့်ချနေခြင်း မဟုတ်ဘဲ ဤတစ်ကြိမ် အမှုဖော်ထုတ်နိုင်ခြင်းမှာ ကံအပေါ်၌ များစွာ မူတည်နေခြင်းကြောင့် ဖြစ်သည်။
ကျန်းရှောင်ရှောင်ကလည်း အနားသို့ ရောက်လာပြီး မနာလိုဟန်ဖြင့် "မင်းရဲ့ ကံက တကယ်ကို ကောင်းလွန်းတယ်၊ ငါတောင် မနာလိုဖြစ်မိတယ်၊ လူသတ်မှုဆိုတော့ ငါတို့ ရဲစခန်းက ဘယ်လို ဆုချမလဲတောင် မသိဘူး" ဟု ဆိုသည်။
သူတို့ဘေးရှိ ကျောက်လဲ့မှာမူ အနားသို့ လာရောက်စကားမပြောဘဲ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။ အရင်က လော်ဖေးနှင့် ရင်ဆိုင်ရလျှင် ကျောက်လဲ့မှာ မိမိကိုယ်ကိုယ် အသာစီးရနေသည်ဟု ခံစားရလေ့ရှိသည်။ အကြောင်းမှာ သူက စနစ်တကျ သင်တန်းဆင်းထားသည့် ပညာရှင်ဖြစ်ပြီး လော်ဖေးမှာ အပြင်လူတစ်ယောက်သာ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ယခုမူ လော်ဖေးက ကျန်းဟိုင်ယန်နှင့်အတူ လူသတ်မှုကို ဖော်ထုတ်နိုင်ပြီး နာမည်ကြီးသွားသည့်အတွက် သူ၏ စိတ်ထဲတွင် မမျှမတ ဖြစ်သကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။
၈ နာရီခန့်တွင် လူစုံသွားပြီ ဖြစ်သည်။ ရယ်စရာကောင်းသည်မှာ ရုံးခန်းထဲသို့ ရောက်လာသူတိုင်းက လော်ဖေးကို မြင်သည်နှင့် ချီးကျူးစကားများ၊ အားပေးစကားများ လာပြောကြခြင်းပင်။ ၈ နာရီခွဲတွင် စခန်းမှူး ကျိုးဝေမင်းက လော်ဖေးကို သူ၏ရုံးခန်းသို့ ခေါ်လိုက်သည်။
လော်ဖေး ရုံးခန်းထဲသို့ ဝင်လိုက်သောအခါ ဆရာဖြစ်သူ ကျန်းဟိုင်ယန်လည်း ထိုနေရာတွင် ရှိနေသည်ကို တွေ့ရသည်။ လော်ဖေး ဝင်လာသည်နှင့် ကျိုးဝေမင်းက သူ့ကို ချီးကျူးစကားများ တရစပ် ပြောကြားခဲ့ပြီး ကျန်းဟိုင်ယန်၏ အတွေ့အကြုံ ရင့်ကျက်မှုကိုလည်း ချီးကျူးကာ လော်ဖေးအနေဖြင့် ကျန်းဟိုင်ယန်ထံတွင် စိတ်အေးလက်အေးနှင့် စနစ်တကျ သင်ယူရန်နှင့် သူ့အပေါ် များစွာ မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ကျိုးဝေမင်းမှာ လော်ဖေးနှင့် ကျန်းဟိုင်ယန်တို့ လူသတ်မှု ဖော်ထုတ်နိုင်ခဲ့ခြင်းအပေါ် များစွာ ကျေနပ်နေသည်မှာ ထင်ရှားလှသည်။
သို့သော် လော်ဖေးကို ခေါ်လိုက်ခြင်းမှာ အားပေးရုံသက်သက် မဟုတ်ပေ။ လော်ဖေးကို အလုပ်တစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ မနေ့က လူသတ်မှုနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ရေးခိုင်းခြင်းပင် ဖြစ်သည်။
စခန်းမှူးရုံးခန်းမှ ထွက်လာပြီးနောက် လော်ဖေးသည် အစီရင်ခံစာ ရေးရန် ပြင်စဉ်မှာပင် လူသတ်မှုကြောင့် သူနှင့် သူ၏ဆရာမှာ အစ်မကျန်းလန်၏ ကြောင်ကို ရှာမပေးရသေးသည်ကို ရုတ်တရက် သတိရသွားသည်။ လော်ဖေးက ကျန်းဟိုင်ယန်ကို ကြောင်အကြောင်း မေးရန် ပြင်နေစဉ်မှာပင် ကျန်းဟိုင်ယန်က အနားသို့ ရောက်လာပြီး အစ်မကျန်းလန်၏ ကြောင်ကို ပြန်တွေ့ပြီဖြစ်ကြောင်းနှင့် ကြောင်မှာ အိမ်သို့ သူ့အလိုလို ပြန်ရောက်နေပြီဖြစ်ကြောင်း အစ်မကျန်းလန်က ဖုန်းဆက်လာသည်ဟု ပြောပြသည်။
နောက်ပိုင်းရက်များတွင် ရဲစခန်း၌ အလုပ် သိပ်မများလှပေ။ လော်ဖေးသည် ကျန်းဟိုင်ယန်နှင့်အတူ အပြင်သို့ တစ်ခေါက် ထွက်ခဲ့ရသေးသည်။ ၎င်းမှာ ဟင်းသီးဟင်းရွက် ရောင်းသည့် အဘွားကြီးနှစ်ဦး ဆိုင်နေရာကိစ္စနှင့် ပတ်သက်၍ ရန်ဖြစ်ကြခြင်းဖြစ်ရာ လော်ဖေးမှာ ကျန်းဟိုင်ယန်နောက်မှ လိုက်၍ ဖျန်ဖြေပေးခဲ့ရသည်။ လော်ဖေးသည် အစီရင်ခံစာကို အချိန်လုကာ အပြီးရေးပြီး ဆရာဖြစ်သူ ကျန်းဟိုင်ယန်ကို အရင်ပြကာ အဆင်ပြေပြီဆိုမှ တင်ပြလိုက်သည်။
အားလပ်ချိန်များတွင် လော်ဖေးမှာ ကျန်းဟိုင်ယန်ထံမှ ငှားထားသော ရဲလုပ်ငန်းဆိုင်ရာ စာအုပ်များကိုသာ အဖတ်များသည်။ နိုင်ငံ့ဝန်ထမ်း စာမေးပွဲ အောင်မြင်ခဲ့သော်လည်း အတွေ့အကြုံနည်းသော ရဲအရာရှိတစ်ဦးအနေဖြင့် ပညာရပ်ဆိုင်ရာ ဗဟုသုတများစွာ လိုအပ်နေသေးသည်ကို သူကောင်းစွာ သိရှိထားသည်။
လော်ဖေးကို စိတ်ပျက်စေသည်မှာ သင်ယူစရာများစွာ ရှိနေသော်လည်း သူ၏ မှတ်သားနိုင်စွမ်းမှာ သိပ်မကောင်းလှခြင်း ဖြစ်သည်။ ရက်အတော်ကြာသည်အထိ "စီမံခန့်ခွဲမှုဆိုင်ရာ ပြစ်ဒဏ်ပေးခြင်း ဥပဒေ" ကိုပင် မနည်းဖတ်နေရပြီး အများစုကိုလည်း မမှတ်မိသေးချေ။ ထိုအချိန်တွင် လော်ဖေးသည် စနစ်အတွင်းရှိ ဗီဇပေါင်းစပ်မှု ပြခန်းမှ "မှတ်ဉာဏ်ဗီဇ" များကို ထပ်မံ မျှော်လင့်မိပြန်သည်။ အကယ်၍ မှတ်ဉာဏ်ဗီဇကိုသာ ပေါင်းစပ်နိုင်လျှင် သူ၏ သင်ယူနိုင်စွမ်းမှာ အဆပေါင်းများစွာ မြန်ဆန်လာမည်ဟု သူယုံကြည်နေသည်။
လော်ဖေး စာဖတ်နေသည့် ရက်များအတွင်းမှာပင် မှုခင်းအဖွဲ့သည် ကုယိုကော်၏ လူသတ်မှုကို အပြီးသတ် ဖော်ထုတ်နိုင်ခဲ့သည်။ တရားခံ ကုယိုကော်ကို တရားစွဲဆိုရန် လွှဲပြောင်းပေးခဲ့ပြီး ကုယိုကော် သတ်လိုက်သည့် အမျိုးသား၏ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း စုံစမ်းတွေ့ရှိခဲ့သည်။ ထိုသူမှာ စုန့်ရှင်းအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဝမ်ဟယ် ဖြစ်သည်။ မှုခင်းအဖွဲ့သည် စုန့်ရှင်းအလယ်တန်းကျောင်းသို့ သွားရောက် စုံစမ်းစစ်ဆေးရာတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ ပြောကြားချက်အရ ကျောင်းအုပ်ကြီး ဝမ်ဟယ်နှင့် ဒုကျောက်တို့ တွဲနေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ၎င်းမှာ စုန့်ရှင်းအလယ်တန်းကျောင်းတွင် လျှို့ဝှက်ချက် မဟုတ်ဘဲ အားလုံးနီးပါး သိထားကြသည့် ကိစ္စဖြစ်ကြောင်း သိရှိခဲ့ရလေသည်။