ကွယ်ပျောက်နေသော အမှန်တရား
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရန်စုနှင့် လော်ဖေးတို့သည် ကားဖြင့် ဇီကျန်းပြည်နယ်၊ အန်းရှင်းခရိုင်၊ တူတူမြို့နယ်သို့ ခရီးထွက်ခဲ့ကြသည်။ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် သူတို့နှစ်ဦး တူတူမြို့နယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားကြ၏။ ထန်ယင်းသည် မြို့နယ်ထဲ၌ မာဂျောင်ဝိုင်းတစ်ခု ဖွင့်ထားကြောင်း စုံစမ်းသိရှိရသဖြင့် ရောက်လျှင်ရောက်ချင်း ထိုမာဂျောင်ဝိုင်းဆီသို့ တန်းဦးတည်ခဲ့ကြသည်။ သို့သော် လတ်တလောတွင် မာဂျောင်ဝိုင်းကို ပိတ်ထားပြီး ဘေးကပ်လျက်တွင် စားသောက်ဆိုင်တစ်ဆိုင် ရှိနေသည်။ လော်ဖေးနှင့် ရန်စုတို့သည် ရဲအရာရှိကတ်ပြားများကို ထုတ်ပြကာ စုံစမ်းမေးမြန်းရန် ဆိုင်နားသို့ တိုးကပ်သွားလိုက်ကြသည်။
ထိုစားသောက်ဆိုင်ပိုင်ရှင်မှာ လင်မယားနှစ်ဦးဖြစ်ပြီး ယောက်ျားဖြစ်သူက ပုပုညှက်ညှက်ကလေးဖြစ်ကာ မိန်းမဖြစ်သူမှာမူ အရပ်ရှည်ရှည် ဝဝဖိုင့်ဖိုင့်ကြီး ဖြစ်သည်။
"ဆိုင်ရှင်... ဘေးအိမ်က မာဂျောင်ဝိုင်းပိုင်ရှင်ကို သိလားဗျ" ဟု ရန်စုက မေးလိုက်သည်။
"သိတာပေါ့... အဲဒီမြေခွေးမကို ဒီမြို့နယ်ထဲမှာ မသိတဲ့သူ ဘယ်သူရှိလဲ။ သူက နာမည်ကြီးပဲလေ။ ဘာလဲ... သူ တစ်ခုခု ကျူးလွန်ထားလို့လား။ သူ့အကြောင်း သိချင်ရင် ကျွန်မကိုသာ မေး၊ သူ့ရဲ့ ပုပ်စပ်ညှီဟောင်နေတဲ့ အရှုပ်ထုပ်တွေကို ကျွန်မ အကုန်သိတယ်"
စားသောက်ဆိုင်ရှင်မက အိမ်ရှေ့တွင် ဖရုံစေ့ကို တဖောက်ဖောက်ဝါးရင်း တက်ကြွလှုပ်ရှားစွာဖြင့် ဝင်ပြောသည်။
"ကျန်းမုန်းက ဒီကို မာဂျောင်လာလာကစားလေ့ရှိလား" ဟု လော်ဖေးက တိုက်ရိုက်ပင် မေးလိုက်သည်။
"လာတာပေါ့... မြို့ထဲမှာ ဒါကိုမသိတဲ့သူ မရှိဘူး။ ကျန်းမုန်းက အဲဒီမြေခွေးမလေးနဲ့ ပတ်သက်နေတာ။ မဟုတ်သေးပါဘူး... ပြောရရင် အဲဒီမြေခွေးမက ဒီမြို့ထဲက ယောက်ျားတော်တော်များများနှင့် ပတ်သက်နေတာပါ" စားသောက်ဆိုင်ရှင်မက နှာခေါင်းရှုံ့ကာ မထီမဲ့မြင် ပြောလေသည်။
ထိုစကားကြောင့် လော်ဖေးနှင့် ရန်စုတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထန်ယင်းနှင့် ကျန်းမုန်းတို့သည် တကယ်ပင် ပတ်သက်မှုရှိကြောင်း သဘောပေါက်သွားကြသည်။ ဤသည်က ဝမ်ဖူ အသတ်ခံရမှုတွင် ထန်ယင်းအပေါ် သံသယကို ပိုမိုကြီးထွားစေခဲ့သည်။
"အဲဒီလိုတွေ လျှောက်မပြောစမ်းပါနဲ့။ ထန်ယင်းက အဲဒီလို မိန်းကလေးမျိုး မဟုတ်ပါဘူး" ဟု ဆိုင်ရှင်ဖြစ်သူ ယောက်ျားက လှမ်း၍ ငြင်းပယ်လိုက်သည်။
"အဲဒီမြေခွေးမလေးအကြောင်း ပြောလိုက်တိုင်း ရှင်က အမြဲ ကာကွယ်ပေးနေတာပဲနော်၊ ငပုစုရယ်။ ရှင်လည်း သူနဲ့ ပတ်သက်နေတာတော့ မဟုတ်ပါဘူးနော်" ဆိုင်ရှင်မက သဝန်တိုစွာဖြင့် သူ့ယောက်ျားကို စွပ်စွဲလေတော့သည်။
ရန်စုက လေသံကို တင်းမာလိုက်ပြီး "စကားပြောတဲ့အခါ သေချာတိကျဖို့လိုတယ်။ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်မဟုတ် ပြောရမယ်။ အခြေအမြစ်မရှိဘဲ လျှောက်လုပ်ကြံပြောနေရင် ဥပဒေအရ အရေးယူခံရနိုင်တယ်" ဟု ပြတ်ပြတ်သားသား သတိပေးလိုက်သည်။
"တကယ် ဟုတ်ပါတယ် ရဲအရာရှိကြီးရယ်။ ကျွန်မ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မို့လို့ ပြောတာ။ ဟိုတစ်နေ့ မနက် ခုနစ်နာရီလောက်က ဈေးသွားဖို့ ထွက်လာရင်း ကျန်းမုန်းနဲ့ အဲဒီမြေခွေးမလေး ဟိုတယ်တစ်ခုထဲကနေ အတူတူ ထွက်လာတာကို တွေ့လိုက်ရတာ။ မယုံရင် ဒီငပုစုကိုသာ မေးကြည့်လိုက်၊ သူလည်း မြင်ခဲ့တာပဲ" ဆိုင်ရှင်မက ကျန်းမုန်းနှင့် ထန်ယင်းတို့အကြား ဖောက်ပြန်မှုရှိကြောင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုသည်။
လော်ဖေးက ဘေးတွင်ရပ်နေသော ဆိုင်ရှင်ယောက်ျားကို လှမ်းကြည့်လိုက်ရာ ဆိုင်ရှင်က ခေါင်းညိတ်ပြရင်း "ဒါက ဘာဖြစ်လို့လဲဗျာ။ ထန်ယင်းကလည်း တစ်ခုလတ်၊ ကျန်းမုန်းကလည်း လူပျိုပဲလေ။ သူတို့နှစ်ယောက် အတူတူရှိတာက သဘာဝကျတာပဲ မဟုတ်ဘူးလား" ဟု ဝင်ပြောသည်။
"ထန်ယင်းမှာ လင်ယောက်ျား ရှိတယ်မဟုတ်ဘူးလား။ သူကရော ဘယ်ရောက်သွားလဲ" ဟု လော်ဖေးက ဆက်မေးသည်။
"သူ့ယောက်ျားက ဆုံးသွားတာ ကြာပါပြီ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ သေသွားတာလေ။ ထန်ယင်းက အဲဒီကရတဲ့ နစ်နာကြေးငွေတွေနဲ့ ဒီမာဂျောင်ဝိုင်းကို လာဖွင့်တာပေါ့" ဟု ဆိုင်ရှင်က ပြန်ဖြေသည်။
"ကျွန်မပြောပြရဦးမလား... သူ ဘယ်လိုသေသွားလဲဆိုတာ ဘယ်သူက အတိအကျ သိမှာလဲ။ တချို့ အဆိပ်အတောက် မိန်းမယုတ်တွေက သတ်ပစ်လိုက်တာလည်း ဖြစ်နိုင်တာပဲ!" ဆိုင်ရှင်မက မနာလိုဝန်တိုစိတ်ဖြင့် ရုန်းရင်းဆန်ခတ် မှန်းဆပြောဆိုပြန်သည်။
"ပါးစပ်ပိတ်ထားစမ်းပါတော့။ ဆောက်လုပ်ရေးကုမ္ပဏီက လူတွေက ငတုံးပါဘူးအေ။ လူသတ်မှုဆိုရင် သူတို့က နစ်နာကြေး ပေးပါ့မလား။ ဦးနှောက်လေး ရှိရင် သုံးစမ်းပါဦး!" ဆိုင်ရှင်က ဒေါသကို မထိန်းနိုင်တော့ဘဲ သူ့မိန်းမကို အော်ဟစ်လိုက်သဖြင့် နောက်ဆုံးတွင် ဆိုင်ရှင်မလည်း ဆက်မပြောရဲတော့ဘဲ ငြိမ်သွားလေသည်။
"ကျန်းမုန်းက လောင်းကစားကြောင့် အကြွေးတွေ အများကြီးတင်နေတယ်ဆိုတာ ခင်ဗျားတို့ သိသလား"
ကျန်းမုန်း၏ ဖြောင့်ချက်ထဲတွင် သူငယ်ချင်းများနှင့် ဆွေမျိုးများထံမှ အကြွေးတွေ တင်နေ၍ ရာဇဝတ်မှု ကျူးလွန်ခဲ့ရခြင်း ဖြစ်သည်ဟု ပြောထားသည်ကို လော်ဖေး ရုတ်တရက် သတိရကာ မေးမြန်းလိုက်ခြင်းဖြစ်သည်။
သို့သော် ဆိုင်ရှင်က ခေါင်းခါပြပြီး "ဟင့်အင်း... အဲဒီလိုမျိုး မကြားမိပါဘူးဗျာ။ ကျန်းမုန်းက မာဂျောင်ကစားတတ်ပေမဲ့ အပျော်တမ်းပဲ ဆော့တာပါ။ အကြွေးတွေ ပတ်လည်ဝိုင်းနေတယ်ဆိုတာမျိုး တစ်ခါမှ မကြားဖူးပါဘူး" ဟု ဆိုသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျန်းမုန်းသည် ထန်ယင်းအတွက်ကြောင့်နှင့် ဝမ်ဖူကို သတ်ခဲ့ခြင်းဖြစ်ကြောင်း လော်ဖေး အသေအချာ သိရှိသွားတော့သည်။ သို့သော် ထန်ယင်းသည် ဝမ်ဖူအပေါ် အဘယ်ကြောင့် ဤမျှအထိ နာကျည်းမုန်းတီးနေရသနည်း။
ရုတ်တရက် လော်ဖေး၏ ခေါင်းထဲသို့ ထန်ဟိုင်ဆီမှရသော သတင်းတစ်ခုနှင့် ဝမ်ဖူကို သိကျွမ်းသူများ၏ "လောဘကြီးပြီး နှာခေါင်းသွေးယိုတတ်သူ (နှာဗူး)" ဟူသော သုံးသပ်ချက်က ဖျတ်ခနဲ ဝင်လာသည်။ ထိုအချက်ကို အခြေခံ၍ လော်ဖေးက ကောက်ချက်တစ်ခု ချလိုက်သည်။
"ဆိုင်ရှင်... ထန်ယင်းက ပိတ်ရက်တွေဆိုရင် အိမ်ပြန်လေ့ရှိလား" ဟု လော်ဖေးက ဆက်မေးသည်။
ဆိုင်ရှင်က "အဲဒါကို ပြောရဦးမယ်။ သူ ယောက်ျားရဲ့ နစ်နာကြေးတွေ ရပြီးတုန်းကတော့ အိမ်ပြန်လိမ့်မယ်လို့ ထင်ထားကြတာ။ ဒါပေမဲ့ မပြန်ဘူးဗျ။ ဒီကို အိမ်ထောင်ကျပြီးကတည်းက ထန်ယင်းက သူ့ဇာတိကို ပြန်ခဲတယ်။ အော်... ဒါပေမဲ့ ဒီနှစ် ဇူလိုင်လတုန်းကတော့ သူ့နေရပ်ကို တစ်ခေါက် ပြန်သွားသေးတယ်" ဟု ပြန်ဖြေသည်။
"ဇူလိုင်လလား"
"ဟုတ်တယ်၊ ဇူလိုင်လထဲမှာ။ သူ့အမေ နေမကောင်းဘူးဆိုပြီး အိမ်က ဖုန်းဆက်ခေါ်လို့ ထန်ယင်း ခဏ ပြန်သွားတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ ပြန်ရောက်လာတာပဲ" ဟု ဆိုင်ရှင်က ဆိုသည်။
ထန်ယင်းသည် ဇူလိုင်လတွင် နေရပ်သို့ ပြန်ခဲ့ပြီး ရက်ပိုင်းသာ နေခဲ့သည်။ ထို့နောက် ဩဂုတ်လတွင် ကျန်းမုန်းက ဝမ်ဖူထံ ဖုန်းဆက်ခဲ့သည်။ သိသာထင်ရှားလှစွာပင် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း လော်ဖေးရော ရန်စုပါ ကောင်းကောင်း သဘောပေါက်သွားကြသည်။
နောက်တစ်နေ့တွင် လော်ဖေးနှင့် ရန်စုတို့သည် ကျန်းမုန်း၏ ဆွေမျိုးမိတ်ဆွေများထံ သွားရောက်မေးမြန်းခဲ့ကြသည်။ ၎င်းတို့က ကျန်းမုန်းနှင့် ထန်ယင်းတို့ တကယ်ပင် အတူတူရှိနေကြပြီး ထိုကိစ္စကြောင့် ကျန်းမုန်းနှင့် မိသားစုကြား အကြီးအကျယ် စကားများခဲ့ကြကြောင်း အတည်ပြုပေးခဲ့ကြသည်။ ကျန်းမုန်း၏ မိသားစုက ထန်ယင်းသည် နာမည်ပျက်ရှိသည့် မုဆိုးမတစ်ဦးဖြစ်သဖြင့် ပတ်သက်မှုမရှိစေချင်ကြသော်လည်း ကျန်းမုန်းကမူ ခေါင်းမာကာ မိသားစု၏ စကားကို နားမထောင်ဘဲ ထန်ယင်းနှင့်သာ အတူရှိရန် ဇွတ်ဖက်တွယ်ခဲ့သည်။
ကျန်းမုန်းက ဆွေမျိုးများထံမှ ငွေချေးခဲ့သည်ဆိုသော ကိစ္စနှင့် ပတ်သက်၍လည်း မိသားစုဝင်များက ငြင်းဆိုခဲ့ကြသည်။
ဤအခြေအနေတွင် ရန်စုနှင့် လော်ဖေးတို့သည် ကျန်းမုန်းက ထန်ယင်းအတွက်ကြောင့်နှင့် ဝမ်ဖူကို သတ်ခဲ့ခြင်းဖြစ်ကြောင်း ရာနှုန်းပြည့် သေချာသွားခဲ့ကြပြီ။ ထိုနေ့ မွန်းလွဲပိုင်းတွင်ပင် သူတို့နှစ်ဦးသည် နင်းကျန်းခရိုင်သို့ ပြန်မည့် လက်မှတ်များကို ဝယ်ယူလိုက်ကြသည်။
၁၅ ရက်နေ့ မနက် ၁၀ နာရီတွင် လော်ဖေးနှင့် ရန်စုတို့ နင်းကျန်းခရိုင်သို့ ပြန်လည်ရောက်ရှိလာကြသည်။ အိမ်သို့ပင် မပြန်အားဘဲ မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဆီသို့ တန်းပြေးခဲ့ကြပြီး သူတို့ စုံစမ်းရရှိထားသမျှကို အစီရင်ခံရန် ကျောက်တုန်းလိုင်ကို ချက်ချင်း ရှာဖွေလိုက်ကြသည်။
ကျောက်တုန်းလိုင်ကလည်း သတင်းရသည်နှင့်တစ်ပြိုင်နက် ထန်ယင်းကို ဖမ်းဆီးစစ်ဆေးရန် မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ခေါ်ဆောင်လာဖို့ ချက်ချင်း အမိန့်ထုတ်ပြန်လိုက်တော့သည်။
ထန်ယင်းနှင့် ထန်ရှောင်အော်တို့သည် နင်းကျန်းခရိုင်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေဆဲ ဖြစ်သည်။ ရန်စု၊ လော်ဖေးနှင့် ဝမ်လဲ့တို့သည် လူသတ်မှုဖြင့် ဖမ်းဆီးရန် ထိုဟိုတယ်သို့ သွားရောက်ခဲ့ကြသည်။
သူမကို ဖမ်းဆီးသည့်အချိန်က ထန်ယင်း၏ မျက်နှာတွင် ထူးထူးခြားခြား ခံစားချက်မျိုး မရှိဘဲ သက်ပြင်းချနိုင်သွားသည့် ပေါ့ပါးမှုမျိုးသာ ဖြတ်ပြေးသွားသည်ကို လော်ဖေး သတိပြုမိလိုက်သည်။ သို့သော် သူမ၏ မိခင်ဖြစ်သူ ထန်ရှောင်အော်ကမူ ထန်ယင်းကို ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် အော်ဟစ်ငိုယိုကာ ပြိုလဲသွားခဲ့ရသည်။
မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမေးမြန်းခန်းထဲတွင် ကျောက်တုန်းလိုင်က ကျန်းမုန်းကို တစ်ဖန် ပြန်လည်စစ်ဆေးနေပြီး ရန်စုနှင့် လော်ဖေးတို့ကမူ ထန်ယင်းကို စစ်ဆေးမေးမြန်းနေကြသည်။
"ထန်ယင်း... ကျန်းမုန်းက မင်းအတွက်နဲ့ ဝမ်ဖူကို သတ်ပေးခဲ့တာလား" ရန်စုက လိုရင်းကို တိုက်ရိုက် မေးလိုက်သည်။
ထန်ယင်း၏ မျက်နှာမှာ မည်သည့်ခံစားချက်မျှမရှိဘဲ အရာရာကို လျစ်လျူရှုထားသကဲ့သို့ တည်ငြိမ်နေဆဲပင်။ အတော်ကြာ နှုတ်ဆိတ်နေပြီးမှ သူမက နှုတ်ခမ်းကို ဖြည်းဖြည်းချင်း လှုပ်ရှားကာ ပြောလိုက်သည်။
"ဝမ်ဖူကို သတ်ဖို့ ကျွန်မတို့နှစ်ယောက် အတူတူ ကြံစည်ခဲ့ကြတာပါ"
"မင်းက ဘာဖြစ်လို့ ဝမ်ဖူကို သတ်ချင်ရတာလဲ" ရန်စုက ဆက်မေးသည်။
ထိုအခါမှသာ ထန်ယင်း၏ တည်ငြိမ်နေသော မျက်နှာထက်တွင် နာကျင်စရာ အတိတ်ဆိုးများကို ပြန်မတွေးချင်သည့်အလား ရုန်းကန်ရခက်နေသော အရိပ်အယောင်များ ပေါ်လာတော့သည်။ ထို့နောက်တွင်မူ သူမက အဖြစ်အပျက်အားလုံးကို ဖြည်းဖြည်းချင်း ဖွင့်ဟပြောပြခဲ့လေသည်။
ဖြစ်စဉ်မှာ... ထန်ယင်းနှင့် သူမ၏ မိခင်ဖြစ်သူတို့ ဝမ်ဖူနှင့် အိမ်ထောင်သစ်ထူထောင်ပြီး ကတည်းကစ၍ ထန်ရှောင်အော် ဘေးတွင်မရှိသည့် အချိန်တိုင်း၌ ဝမ်ဖူသည် ထန်ယင်းကို အမြဲတမ်း ခြိမ်းခြောက်ပြီး စော်ကားဖျက်ဆီးခဲ့သည်။ ထိုစဉ်က ငယ်ရွယ်ပြီး ကြောက်ရွံ့နေခဲ့သဖြင့် ထန်ယင်းသည် သူမ၏ မိခင်ကို ထိုအကြောင်းကို တစ်ခါမျှ မပြောပြရဲခဲ့ပေ။
ထန်ယင်းသည် ဝမ်ဖူ၏ နှိပ်စက်ညှဉ်းပန်းမှုများကို နှစ်ပေါင်းများစွာ အံတုအောင့်အည်းခဲ့ရပြီး ဇီကျန်းပြည်နယ်သို့ အိမ်ထောင်ကျကာ ပြောင်းရွှေ့သွားသည့် အချိန်ကျမှသာ ထိုငရဲခန်းမှ လွတ်မြောက်ခဲ့ရသည်။ ကြောက်ရွံ့စိတ်ကြောင့်ပင် ထန်ယင်းသည် နှစ်ပေါင်းများစွာကြာအောင် မိခင်ဖြစ်သူထံသို့ တစ်ခေါက်မျှ မပြန်ခဲ့ပေ။
သို့သော် ယခုနှစ် ဇူလိုင်လတွင် ဝမ်ဖူက ဖုန်းဆက်လာပြီး ထန်ရှောင်အော် ရောဂါပြင်းထန်စွာ ခံစားနေရကြောင်း ပြောခဲ့သည်။ မိခင်အတွက် စိုးရိမ်စိတ်ဖြင့် ထန်ယင်းသည် နေရပ်သို့ ကမန်းကတန်း ပြန်လာခဲ့သည်။ ထန်ရှောင်အော်မှာ တကယ်ပင် ဖျားနာနေသော်လည်း သာမန် အအေးမိရုံမျှသာ ဖြစ်သည်။ မိခင် ဘာမှမဖြစ်သည်ကို မြင်လိုက်ရသည့်အခါ ထန်ယင်းသည် ဝမ်ဖူနှင့် မတွေ့ချင်သဖြင့် ချက်ချင်း ပြန်ရန် ပြင်ဆင်ခဲ့သော်လည်း ထန်ရှောင်အော်က ရက်ပိုင်းမျှ နေပေးရန် ငိုယိုတောင်းပန်ခဲ့သည်။
မိခင်၏ တောင်းပန်မှုကို မလွန်ဆန်နိုင်သဖြင့် ထန်ယင်းလည်း နေခဲ့မိသည်။ သူမအနေဖြင့် ယခုအခါ အရွယ်ရောက်နေပြီဖြစ်၍ ဝမ်ဖူက သူမကို ရန်ပြုရဲမည်မဟုတ်ဟု ထင်မှတ်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ထိုညတွင် ဝမ်ဖူက သူမသောက်မည့် ရေထဲ၌ ဆေးခတ်ကာ သူမကို စော်ကားဖျက်ဆီးခဲ့ပြန်သည်။ သူမသည် နောက်တစ်နေ့ မနက်ရောက်မှသာ နိုးလာခဲ့သည်။
ဝမ်ဖူ၏ ယုတ်မာစော်ကားမှုကို သိလိုက်ရချိန်တွင် ထန်ယင်းသည် အရှက်ရခြင်းနှင့် နာကျည်းဒေါသထွက်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ရန် သို့မဟုတ် ရဲတိုင်ရန် စဉ်းစားခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်ဖူကို သူမကိုယ်တိုင် သတ်ပစ်ရန်သာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ထို့နောက် ထန်ရှောင်အော်ကို နှုတ်ပင်မဆက်ဘဲ အိမ်သို့ ချက်ချင်း ပြန်သွားခဲ့သည်။
ပြန်ရောက်ပြီးနောက် သူမသည် ဖြစ်ပျက်သမျှကို ကျန်းမုန်းအား ဖွင့်ပြောပြခဲ့သည်။ သူတို့နှစ်ဦးသည် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ကြပြီး တစ်သက်လုံး အတူလက်တွဲရန် ကတိပြုထားကြသူများ ဖြစ်သည်။ ကျန်းမုန်းသည် စကားတစ်လုံးမျှ မဆိုဘဲ ထန်ယင်းကို ဝမ်ဖူအား ဘယ်လိုနည်းဖြင့် အသေစောစေချင်သလဲဟုသာ မေးခဲ့သည်။
ထို့နောက်တွင်မူ... သူတို့နှစ်ဦးသည် ဝမ်ဖူကို သတ်ရန် အစီအစဉ်ကို အတူတကွ စတင်ရေးဆွဲခဲ့ကြတော့သည်။ .