အခန်း (၄၀) - ရာဇဝတ်ရဲတပ်ဖွဲ့၏ လေ့ကျင့်ရေး(၁)
ညနေပိုင်းတွင် ရာဇဝတ်ရဲတပ်ဖွဲ့ဝင်များသည် ထိုက်ပိုင်စားသောက်ဆိုင်၌ ညစာအတူစားကြသည်။ ၎င်းမှာ ရဲအရာရှိများ၏ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ပေးရန် ဖြစ်သလို လော်ဖေးကို ကြိုဆိုသည့် ပွဲလည်း ဖြစ်သည်။ ထိုညတွင် လော်ဖေး၏ အတုမရှိသော အရက်သောက်နိုင်စွမ်းက သူ့အား တစ်ညတာလုံး၏ အရက်ချန်ပီယံ ဖြစ်စေခဲ့ပြန်သည်။ သူတစ်ယောက်တည်းနှင့် ရာဇဝတ်ရဲတပ်ဖွဲ့တစ်ခုလုံးကို နှောက်ယှက်နိုင်ခဲ့သည်ဟု ပြောလျှင် ချဲ့ကားရာကျသော်လည်း အဖွဲ့ထဲရှိ အမျိုးသားအားလုံးကို အရက်ခွက်ဖြင့် မှောက်နိုင်ခဲ့သည်မှာမူ လုံးဝ ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။
ပထမဆုံး လဲပြိုသွားသူမှာ တပ်ဖွဲ့ခေါင်းဆောင် ကျောက်တုန်းလိုင် ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် ကျောက်တုန်းလိုင်သည် အရက်တော်တော် သောက်နိုင်သော်လည်း သူ့အား လာရောက် အရက်ခွက်မြှောက် ဂုဏ်ပြုသူ များပြားလွန်းသဖြင့် ပထမဆုံး အလဲလဲအပြိုပြို ဖြစ်သွားရရှာသည်။
စားသောက်ပွဲအပြီးတွင် လော်ဖေးသည် ရာဇဝတ်ရဲတပ်ဖွဲ့ဝင်များနှင့် လမ်းခွဲခဲ့ပြီး အရက်မသောက်ထားသော လုပ်ဖော်ကိုင်ဖက်များ၏ အိမ်ပြန်ပို့ပေးမည်ဟူသော စေတနာစကားကို ငြင်းပယ်ခဲ့သည်။ အားနာစရာ ဖြစ်နေ၍ မဟုတ်ဘဲ ယနေ့တင် ချီတာကျားသစ် အလျင်နှုန်းမျိုးဗီဇကို ပေါင်းစပ်ထားသဖြင့် လော်ဖေးသည် ပြေးရသည့် ခံစားချက်ကို သဘောကျစပြုလာ၍ ဖြစ်သည်။ သူ အိမ်အထိ ပြေးပြန်ချင်နေသည်။
ခြေထောက်အောက်မှ အားအင်များကို ခံစားရခြင်းက လော်ဖေးအား စကားလုံးဖြင့် ဖော်ပြ၍မရနိုင်သော ကျေနပ်မှုကို ပေးစွမ်းသည်။ နောင်တွင် အခြား သယ်ယူပို့ဆောင်ရေးယာဉ်များကို မစဉ်းစားတော့ဘဲ အလုပ်သွားအလုပ်ပြန်ကို ခြေကျင်ပြေး၍သာ သွားလာမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
လော်ဖေးသည် Shuncheng ရိပ်သာလမ်းအတိုင်း ပြေးလွှားနေခဲ့သည်။
"ဟိုမှာ ပြေးနေတာ လော်ဖေး မဟုတ်လား အစ်မယန်မေ"
အခြား မီးပွိုင့်လမ်းဆုံတစ်ခုတွင် ယန်မေနှင့် ဝူရှောင်ယန့်တို့သည် ကားထဲ၌ မီးနီစောင့်နေစဉ် ဝူရှောင်ယန့်က Shuncheng ရိပ်သာလမ်းအတိုင်း ပြေးနေသော လော်ဖေးကို ရုတ်တရက် မြင်သွားပြီး အံ့ဩတကြီး အော်လိုက်ခြင်း ဖြစ်သည်။
ထိုစကားကြောင့် ယန်မေလည်း လှည့်ကြည့်လိုက်ရာ—
"လော်ဖေးပဲ။ သူ ဒီည အရက်အများကြီး သောက်ထားတာကို ဘာမှမဖြစ်ဘဲ အိမ်အထိ ပြေးပြန်နေတာလား"
"ဖြစ်နိုင်တယ်မမ။ ဒါပေမဲ့ အစ်မယန်မေ... လော်ဖေး ပြေးတာက တအားမြန်ပြီး သေသပ်လှပတယ်လို့ မထင်ဘူးလား၊ တခြားလူတွေနဲ့ မတူဘူးနော်"
"အင်း... ကြည့်ရတာ ကြွက်သားအင်အားရဲ့ လှပမှုမျိုး ရှိသလိုပဲ" ယန်မေက သဘောတူ ခေါင်းညိတ်လိုက်သည်။
"အစ်မယန်မေလည်း သတိထားမိတာပဲကိုး၊ ကျွန်မတစ်ယောက်တည်း မြင်နေရတာ ထင်လို့"
လော်ဖေး အိမ်ပြန်ရောက်သောအခါ ဝူယန့်နှင့် အခြားသူများ အိပ်ယာမဝင်ကြသေးပေ။ လော်ဖေးသည် မွန်းလွဲပိုင်းကတည်းက ဝူယန့်ထံ ဖုန်းဆက်ကာ ရာဇဝတ်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့လိုက်ရကြောင်းနှင့် လုပ်ဖော်ကိုင်ဖက်အသစ်များနှင့် ညစာစားစရာရှိ၍ အိမ်တွင် ညစာမစားဖြစ်ကြောင်း ပြောပြထားပြီးဖြစ်သည်။
သူ တံခါးဖွင့်လိုက်သည်နှင့်—
"ကိုကို ပြန်ရောက်ပြီ" ဟူသော လော်ရှောင်ရှောင်၏ ဝမ်းသာအားရအသံ ထွက်ပေါ်လာသည်။
"ကိုကို... ကိုကိုက ရာထူးတိုးပြီး ရာဇဝတ်ရဲတပ်ဖွဲ့ကို ပြောင်းသွားတာလားဟင်" လော်ဖေး အိမ်ထဲဝင်လာသည်နှင့် လော်ရှောင်ရှောင်က စိတ်လှုပ်ရှားစွာ မေးတော့သည်။
လော်ဖေးက ပြုံးလျက် ခေါင်းခါကာ—
"ရာဇဝတ်ရဲတပ်ဖွဲ့ကို ပြောင်းရုံပဲရှိပါသေးတယ်၊ ရာထူးတိုးတာတော့ မဟုတ်သေးပါဘူး"
"ဘာလို့ မဟုတ်ရမှာလဲ။ ရာဇဝတ်ရဲဖြစ်ရတာ တအားကို လန်းပြီး ခန့်တာပဲ၊ သမီးတို့ အတန်းထဲက ယောက်ျားလေးတွေ အများကြီးက ရာဇဝတ်ရဲ ဖြစ်ချင်ကြတာ" လော်ရှောင်ရှောင်က ပြန်ငြင်းလိုက်သည်။
"လော်ဖေး... မင်း တကယ်ပဲ ရာဇဝတ်ရဲတပ်ဖွဲ့ကို ပြောင်းသွားပြီလား"
ဝူယန့်သည် အနည်းငယ် မယုံနိုင်သေးဘဲ ဖြစ်နေသည်။ မကြာသေးမီက လော်ဖေးသည် ယခင်နှင့်မတူဘဲ အလွန် တော်လာသည်ကို သိသော်လည်း သူ အလုပ်ဝင်သည်မှာ သိပ်မကြာသေးပေ။ ထိုမျှ အချိန်တိုအတွင်း ရာဇဝတ်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ခံရသည်မှာ ဝူယန့်အတွက်တော့ အိပ်မက်ဆန်လွန်းသော ထူးချွန်မှုမျိုး ဖြစ်နေသည်။
"ဟုတ်ကဲ့အမေ၊ ကျွန်တော် ဒီနေ့ပဲ ရာဇဝတ်ရဲတပ်ဖွဲ့မှာ အလုပ်ဝင်ခဲ့တာပါ" လော်ဖေးက ခေါင်းညိတ်ပြလိုက်သည်။
လော်ဖေး၏ အတည်ပြုချက်ကို ကြားသောအခါ ဝူယန့်၏ မျက်ဝန်းများက ဝမ်းသာလွန်း၍ ရဲတက်လာပြီး သားဖြစ်သူ၏ အောင်မြင်မှုအတွက် ဂုဏ်ယူမဆုံး ဖြစ်နေတော့သည်။
"မင်းအဖေသာ ရှိနေသေးရင် မင်း ခုလို အောင်မြင်နေတာကို သိရင် သေချာပေါက် ဂုဏ်ယူနေမှာ"
ဤသို့ ပြောရင်း ဝူယန့် မျက်ရည်ဝဲလာပြန်သည်။
"ဟုတ်ကဲ့ပါ"
လော်ဖေးက ခေါင်းညိတ်ပြရုံသာ တုံ့ပြန်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏မွေးသဖခင်နှင့် ပတ်သက်၍ မည်သည့်အမှတ်ရမှုကိုမျှ မရှိသလို ဝူယန့် သို့မဟုတ် သူ့အဒေါ်တို့ထံမှလည်း ဖခင်အကြောင်းကို တစ်ခါမျှ မကြားဖူးသောကြောင့် ဖြစ်သည်။
"ဟုတ်ပြီ... ရာဇဝတ်ရဲတပ်ဖွဲ့ကို ရောက်ပြီဆိုတော့ ပိုပြီး ကြိုးစားရမယ်၊ ဘဝင်မမြင့်သွားနဲ့ဦး။ မနက်ဖြန်ကျရင် အမေ ဈေးကနေ ကောင်းကောင်းမွန်မွန်တွေ ဝယ်ပြီး မင်းရဲ့ ဒုတိယအဒေါ်တို့ မိသားစုနဲ့ မင်းဦးလေးတို့ လင်မယားကို အောင်ပွဲခံဖို့ ဖိတ်ဦးမယ်။ အလုပ်ဆင်းရင် အိမ်ကို စောစောပြန်လာဖို့ မမေ့နဲ့ဦး" ဝူယန့်က မှာကြားသည်။
ရာဇဝတ်ရဲတပ်ဖွဲ့တွင် လော်ဖေး ရင်ဆိုင်ရမည့် အန္တရာယ်များကို စိုးရိမ်မိသော်လည်း ဂုဏ်ယူဝမ်းသာမှုက စိုးရိမ်မှုထက် ပိုမိုလွှမ်းမိုးနေခဲ့သည်။
"ဟုတ်ကဲ့ပါ"
ထို့နောက်တွင် ဝူယန့်သည် လော်ဖေးကို စံနမူနာအဖြစ် ထားကာ လော်ရှောင်ရှောင်နှင့် လော်ဟောက်တို့အား အတုယူရန် ဆုံးမဩဝါဒ ပေးလေတော့သည်။
"အမေ... ညဉ့်နက်နေပြီ။ ရှောင်ရှောင်ရော လော်ဟောက်ပါ မနက်ဖြန် ကျောင်းသွားရမှာ၊ အမေလည်း မနက်ကျရင် အလုပ်သွားဖို့ စောစောထရဦးမယ်လေ။ နားကြရအောင်"
အချိန်ကို ကြည့်လိုက်ရာ သန်းခေါင်ကျော်နေပြီဖြစ်သဖြင့် လော်ဖေးက ဝူယန့်ကို သတိပေးလိုက်သည်။
ထိုအခါမှ ဝူယန့်လည်း စကားစဖြတ်ကာ လော်ရှောင်ရှောင်နှင့် လော်ဟောက်တို့ကို အိပ်ခန်းထဲသို့ လွှတ်တော့သည်။
လော်ဖေးသည် သူ့အခန်းသို့ ပြန်လာပြီး ယနေ့သတင်းများကို အင်တာနက်တွင် အနည်းငယ် ရှာဖွေဖတ်ရှုပြီးနောက် သူ၏ လေ့လာမှုကို စတင်တော့သည်— "မှုခင်းစစ်ဆေးမေးမြန်းခြင်း"။
လော်ဖေးသည် ဤကာလအတွင်း သူ၏ လေ့လာမှုများကို ဘယ်သောအခါမျှ ပျင်းရိခြင်း မရှိခဲ့ပေ။ အကြမ်းဖျင်း တွက်ကြည့်လျှင် ရဲလုပ်ငန်းနှင့် သက်ဆိုင်သော စိတ်ပညာ၊ ခြေရာလက်ရာ စစ်ဆေးခြင်း၊ စာရွက်စာတမ်း စစ်ဆေးခြင်း၊ ရာဇဝတ်မှုဆိုင်ရာ သိပ္ပံနှင့် နည်းပညာ စသည့် စာအုပ်ပေါင်း ၂၀ ကျော်ကို သူ ဖတ်ရှုပြီးစီးခဲ့ပြီ ဖြစ်သည်။ လော်ဖေး၏ ငွေကြေးအများစုမှာ စာအုပ်များဝယ်ယူရာတွင် အသုံးပြုခဲ့သည်ဟု ဆိုနိုင်သည်။
နောက်တစ်နေ့တွင် လော်ဖေးသည် ရာဇဝတ်ရဲတပ်ဖွဲ့ဆီသို့ အပြေးသွားခဲ့ရာ နံနက် ၇ နာရီ ၂၀ မိနစ်တွင် ရောက်ရှိသွားသည်။ သို့သော် လော်ဖေး အဖွဲ့ခွဲ (၁) ၏ ရုံးခန်းသို့ ရောက်ချိန်တွင် သူက ပထမဆုံး ရောက်ရှိသူ မဟုတ်ဘဲ ရန်စုက သူ့ထက် စောစီးစွာ ရောက်နှင့်နေပြီ ဖြစ်သည်။
"ခေါင်းဆောင်... အစောကြီး ရောက်နေတာလား" လော်ဖေးက သူ့ပစ္စည်းများကို နေရာချရင်း မေးလိုက်သည်။
ရန်စုက ပြုံးလျက်—
"အကျင့်ဖြစ်နေလို့ပါ"
ထို့နောက် ရန်စုက လော်ဖေးအား ဆက်လက်၍ ပြောသည်။
"ရှေ့လျှောက် မင်းရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အရာရှိကျောက်နဲ့ ငါ ဒီလို စဉ်းစားထားတယ်။ မင်းသိတဲ့အတိုင်း ရာဇဝတ်ရဲတွေဆိုတာ ရာဇဝတ်ကောင်တွေကို တိုက်ခိုက်နှိမ်နင်းဖို့ ရှေ့တန်းက ရပ်တည်ရတာ။ ငါတို့ရဲ့ အလုပ်က ဂုဏ်သိက္ခာရှိပေမဲ့ အဲဒီဂုဏ်သိက္ခာက စတေးမှုပေါင်းများစွာနဲ့ ရင်းနှီးထားရတာ ဖြစ်တယ်။ ထူးချွန်တဲ့ ရဲအရာရှိတွေ အများကြီး ရာဇဝတ်ကောင်တွေနဲ့ တိုက်ခိုက်ရင်း အသက်ပေးခဲ့ကြရတယ်"
"ဒါကြောင့် သန်မာတဲ့ ခန္ဓာကိုယ်၊ လျင်မြန်တဲ့ တုံ့ပြန်မှုနဲ့ ထူးချွန်တဲ့ သေနတ်ပစ်စွမ်းရည်တွေက ငါတို့အတွက် မရှိမဖြစ် လိုအပ်တယ်။ မင်းက အရင်က ရဲစခန်းမှာပဲ နေခဲ့တာဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း စာမေးပွဲကနေ ဝင်လာတာလို့ အရာရှိကျောက်က ပြောတဲ့အတွက် ဒီအချက်တွေမှာ မင်းဘက်က အားနည်းချက် ရှိကောင်း ရှိနိုင်တယ်"
"ဒါကြောင့် အရာရှိကျောက်နဲ့ ငါ ဆုံးဖြတ်ထားတာက ရှေ့လာမယ့် သုံးလအတွင်း မင်းရဲ့ အဓိကတာဝန်က ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်ဖို့၊ ကိုယ်ခံပညာနဲ့ သေနတ်ပစ် စွမ်းရည်တွေကို မြှင့်တင်ဖို့ပဲ။ မင်းကို လမ်းညွှန်ပေးဖို့ လူ စီစဉ်ပေးထားတယ်။ သုံးလကြာရင် အကဲဖြတ်မှု ရှိမယ်။ အကယ်၍ မအောင်မြင်ရင်တော့ စံနှုန်းပြည့်မီတဲ့အထိ ဆက်လက် လေ့ကျင့်ရလိမ့်မယ်"
"နားလည်ပါပြီ ခေါင်းဆောင်၊ စိတ်မပူပါနဲ့"
လော်ဖေးက ခေါင်းညိတ်လိုက်သည်။ ကိုယ်ခံပညာပိုင်းအတွက် သူ စိုးရိမ်စရာမရှိပေ။ သူ၏ လက်ရှိ အရှိန်နှုန်း၊ တုံ့ပြန်နိုင်စွမ်းနှင့် ခန္ဓာကိုယ် စွမ်းအားများအရ ကိုယ်ခံပညာ သင်တန်း တရားဝင် မတက်ခဲ့ဖူးသော်လည်း ရာဇဝတ်ရဲတပ်ဖွဲ့ထဲတွင် သူ့ကို ယှဉ်နိုင်မည့်သူ ရှိမည်မထင်ပေ။ သို့သော် သေနတ်ပစ်ခြင်း? ထိုအရာကိုမူ လော်ဖေးတစ်ခါမျှ မထိတွေ့ဖူးသဖြင့် တကယ်ပင် စနစ်တကျ သင်ယူရန် လိုအပ်ပေသည်။
နံနက် ၁၁ နာရီတွင် ရန်စုသည် လော်ဖေးအား ရာဇဝတ်ရဲတပ်ဖွဲ့၏ လေ့ကျင့်ရေးကွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုနေရာတွင် တက်ကြွဖျတ်လတ်သော သက်ကြီးရွယ်အိုတစ်ဦး စောင့်ဆိုင်းနေပြီး ၎င်းသည် အဖြူရောင် တီရှပ်ဝတ်ဆင်ထားကာ ခန္ဓာကိုယ် အနေအထား အလတ်စား၊ ကတုံးဆံပင်ကေနှင့် ခပ်ကြမ်းကြမ်း မျက်နှာပေးမျိုး ရှိသည်။
"စောင့်ခိုင်းမိလို့ တောင်းပန်ပါတယ် ဝူဆရာကြီး" ရန်စုက နှိမ့်ချသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"ရပါတယ်၊ မင်း မင်းအလုပ် မင်းသွားလုပ်တော့"
ထိုသက်ကြီးရွယ်အိုက ရန်စုကို တစ်ချက်ကြည့်ကာ မောင်းထုတ်လိုက်ပြီးနောက် ရန်စုနောက်တွင် ရပ်နေသော လော်ဖေးကို ကြည့်လိုက်သည်။
"မင်းက ကျန်းဆန်းချန်ကို ဖမ်းခဲ့တဲ့သူလား"
"ဟုတ်ကဲ့ခင်ဗျာ"
လော်ဖေးက ယုံကြည်မှုအပြည့်ဖြင့် ဖြေလိုက်သည်။ ပထမဆုံး မြင်လိုက်ရုံနှင့်ပင် ဤသက်ကြီးရွယ်အိုသည် ယခင်က စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။ သူ၏ ကိုယ်နေဟန်ထားက စစ်သားတစ်ဦးနှင့် အလွန် တူလှသည်။
"ဒါဆိုရင် မင်းရဲ့ ကံကောင်းမှုသာ မရှိခဲ့ရင် အခု မင်းက ငါ့ရှေ့မှာ ရပ်နေရမှာ မဟုတ်ဘဲ ရင်ခွဲရုံထဲ ရောက်နေလိမ့်မယ်ဆိုတာ မင်း သိလား" ဟု သက်ကြီးရွယ်အိုက ဆက်ပြောသည်။
လော်ဖေးက ခေါင်းခါလိုက်သည်။ သက်ကြီးရွယ်အို ပြောလိုသည်ကို သူ နားလည်ပါသည်။ သာမန် ရဲတစ်ယောက်သာဆိုလျှင် သက်ကြီးရွယ်အို ပြောသကဲ့သို့ ကျန်းဆန်းချန်ကို မဖမ်းနိုင်ရုံမျှမကဘဲ အသက်ပါ ဆုံးရှုံးရနိုင်သည့် အခြေအနေ ဖြစ်သည်။ သို့သော် လော်ဖေးတွင်မူ ကိုယ်ပိုင် စနစ်တစ်ခု ရှိနေသဖြင့် သက်ကြီးရွယ်အိုအနေဖြင့် သူ့ကို အထင်သေးလွန်းနေသည်ကို လော်ဖေး သိနေခဲ့ပေသည်။