အခန်း (၄) - သာမန်ဘဝဖြင့် နောက်တစ်ကြိမ် ထပ်မံမရှင်သန်လိုတော့ပါ
အခန်းအမှတ် ၈၂၈ အပြင်ဘက်တွင် စပ်စုကြည့်ရှုသူ လူအုပ်ကြီးမှာ စုရုံးရောက်ရှိနေပြီ ဖြစ်သည်။ စုန့်ရှင်းမြို့နယ် ရဲစခန်းမှ ဝါရင့်ရဲအရာရှိကြီးနှစ်ဦးဖြစ်သည့် ကျန်းတာယိုနှင့် လျိုဟိုင်ချွမ်တို့သည် အလုပ်သင်ရဲအရာရှိလေးများဖြစ်သော ကျောက်လဲ့နှင့် ဝူဝေတို့ကို ဦးဆောင်ကာ လူစုလူဝေးကို ထိန်းသိမ်းနေကြသည်။ အခန်းအတွင်း၌မူ မှုခင်းအဖွဲ့သည် အလုပ်များလျက်ရှိ၏။ အချို့က သက်သေခံပစ္စည်းများ သိမ်းဆည်းနေကြပြီး၊ အချို့က ဝရန်တာရှိ ပန်းခုံအောက်မှ ရုပ်အလောင်းကို တူးဖော်နေကြသလို၊ အချို့ကလည်း အိပ်ခန်းအတွင်း သက်သေရှာဖွေနေကြသည်။ တရားခံ ကုယိုကော်ကိုမူ စုံထောက်များ ရောက်လာသည်နှင့် တစ်ပါတည်း ဖမ်းဆီးခေါ်ဆောင်သွားပြီ ဖြစ်သည်။ ဧည့်ခန်းအတွင်း၌ ကျန်းဟိုင်ယန်က မှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ကျောက်တုန်းလိုင်နှင့် ရဲစခန်းမှူး ကျိုးဝေမင်းတို့ကို အခြေအနေများ ရှင်းပြနေစဉ် လော်ဖေးက ဘေးမှ အသင့်စောင့်ဆိုင်းနေသည်။
ကျန်းဟိုင်ယန်က အခြေအနေအရပ်ရပ်ကို ဆယ်မိနစ်ခန့် ကြာအောင် ရှင်းပြလိုက်သည်။ ဤလူသတ်မှုကို အလုပ်သင်ရဲလေး လော်ဖေးက အရင်ဆုံး သံသယဝင်မိပြီး ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ကျိုးဝေမင်းနှင့် ကျောက်တုန်းလိုင်တို့မှာ အတော်လေး အံ့အားသင့်သွားကြပြီး လော်ဖေးကို တခုတ်တရ ချီးကျူးစကားများ ဆိုကြလေသည်။
ညနေ ၇ နာရီတွင် လော်ဖေး အလုပ်ဆင်းပြီး အိမ်သို့ ပြန်လာခဲ့သည်။ သူသည် ကိုယ်ပိုင်ကား မရှိသဖြင့် ခြေကျင်သာ ပြန်ခဲ့၏။ လော်ဖေး၏ အိမ်မှာ လုံရှင်းလမ်းပေါ်ရှိ ဘိလပ်မြေစက်ရုံအနီးတွင် ရှိပြီး 'ပျော်ရွှင်ခြင်း' လူနေရပ်ကွက်နှင့် သုံးကီလိုမီတာခန့်သာ ဝေးသဖြင့် သိပ်တော့ မဝေးလှပေ။ မိနစ် ၂၀ ခန့်အကြာတွင် လော်ဖေးသည် ဘိလပ်မြေစက်ရုံ ဝန်ထမ်းအိမ်ရာဝင်းအောက်သို့ ရောက်ရှိလာသည်။ ဤအိမ်ရာမှာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်ကာ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးမှာလည်း အလွန်ဆိုးရွားပြီး ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ စက်ရုံဝန်ထမ်းအများစုမှာ ဤနေရာတွင် မနေကြတော့သဖြင့် ဤအဆောက်အအုံကို မည်သည့်အချိန်က တည်ဆောက်ခဲ့သည်ကိုပင် မည်သူမျှ မသိကြတော့ချေ။ ယခုအခါတွင် မြေးဖြစ်သူများ ကျောင်းတက်နိုင်ရန် ကျေးလက်မှ လိုက်ပါလာသည့် ဘိုးဘွားများသာ အများဆုံး နေထိုင်ကြတော့သည်။ ငွေကြေးကျပ်တည်းသူများသာ ဤနေရာတွင် လာရောက်ငှားရမ်း နေထိုင်ကြရခြင်း ဖြစ်သည်၊ အကြောင်းမှာ အခြားနေရာများနှင့် ယှဉ်လျှင် အိမ်ငှားခမှာ အလွန်သက်သာသောကြောင့်ပင်။ လော်ဖေးတို့ မိသားစုသည်လည်း ငွေကြေးမတတ်နိုင်သဖြင့် ဤနေရာတွင်သာ ငှားနေကြရခြင်း ဖြစ်သည်။
လော်ဖေး ဤကမ္ဘာသို့ စတင်ရောက်ရှိလာစဉ်က မိသားစုအခြေအနေ ကောင်းမွန်အောင် ငွေရှာချင်ခဲ့သည်။ သို့သော် သူသည် သည်းထိပ်ရင်ဖို ဝတ္ထုများ ရေးခြင်းမှလွဲ၍ အခြားအရာများတွင် မကျွမ်းကျင်သည့်အပြင်၊ တတိယတန်းစား စာရေးဆရာတစ်ယောက်အနေဖြင့် အပိုဝင်ငွေမှာလည်း မပြောပလောက်ပေ။ နောက်ပိုင်းတွင် လော်ဖေးသည် "ရွှေလက်ချောင်း" အပေါ်၌သာ မျှော်လင့်ချက် အပြည့်အဝ ပုံအောလိုက်ပြီး ၎င်းနှင့် ချိတ်ဆက်နိုင်ရန်အတွက် အခြားအရာအားလုံးကို ဘေးဖယ်ကာ နိုင်ငံ့ဝန်ထမ်း စာမေးပွဲအတွက်သာ အာရုံစိုက် ပြင်ဆင်ခဲ့လေသည်။
လော်ဖေးတို့အိမ်မှာ တတိယထပ်တွင် ရှိသည်။ သူ အပေါ်သို့ တက်ခါနီးတွင် ဘတ်စကတ်ဘောလုံးကို ကိုင်ကာ ဆင်းလာသည့် သူ၏ညီ လော့ဟောင်နှင့် လှေကားတွင် ဆုံသည်။ လော့ဟောင်သည် ယခုနှစ်တွင် အထက်တန်း စတင်တက်နေပြီ ဖြစ်သည်။ သူ၏စာပေအရည်အချင်းမှာ သိပ်မကောင်းလှသော်လည်း အနည်းငယ် ကြိုးစားပါက ဒုတိယတန်းစား တက္ကသိုလ်တစ်ခုခုသို့ ဝင်ခွင့်ရရန် မျှော်လင့်ချက် ရှိနေသေးသည်။
"ဒီနေ့ အိမ်စာတွေ လုပ်ပြီးပြီလား" လော်ဖေးက မေးလိုက်သည်။
ဤကမ္ဘာတွင် နေထိုင်ခဲ့သည့် ခြောက်လတာအတွင်း မိဘမဲ့ဖြစ်ခဲ့ရသည့် လော်ဖေးတစ်ယောက် ဤမိသားစုအပေါ် လုံးလုံးလျားလျား သံယောဇဉ်တွယ်သွားခဲ့ပြီး အစ်ကိုကြီးတစ်ယောက်၏ တာဝန်ကို စိတ်ရောကိုယ်ပါ ခံယူထားပြီးသား ဖြစ်သည်။ လော့ဟောင်ကို စာကြိုးစားစေချင်ပြီး ကောင်းမွန်သည့် ကျောင်းတစ်ခုသို့ တက်စေကာ ဘွဲ့ရပြီးနောက် အလုပ်အကိုင် ကောင်းကောင်း ရစေချင်မိသည်။
"ပြီးပြီ" လော့ဟောင်က ခေါင်းကို ခပ်သွက်သွက် ငြိမ့်ပြသည်။
ဘိလပ်မြေစက်ရုံနောက်ဘက် လမ်းကြားတွင် ဆေးလိပ်ခိုးသောက်နေသည်ကို လော်ဖေး မိသွားပြီး အပြင်းအထန် အရိုက်ခံရကတည်းက လော့ဟောင်သည် လော်ဖေးကို အတော်လေး ကြောက်သွားခဲ့သည်။ အထူးသဖြင့် ယခုအခါ လော်ဖေးမှာ ရဲအရာရှိတစ်ဦး ဖြစ်နေပြီဖြစ်ရာ ထိုကြောက်စိတ်မှာ ပို၍ပင် ကြီးထွားလာခဲ့သည်။
"ကောင်းပြီ၊ ဒါဆိုလည်း သွားဆော့တော့။ ည ၉ နာရီမတိုင်ခင်တော့ အိမ်ပြန်လာဦး၊ အမေ စိတ်မပူအောင်လို့" လော်ဖေးက မှာကြားပြီးနောက် လော့ဟောင် ထွက်သွားသည်နှင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။
"လော်ဖေး ပြန်လာပြီလား"
"အလုပ်က ခုမှဆင်းတာလား"
"ဒီကလေးကတော့ အားကိုးရပြီပဲ၊ ရဲဖြစ်သွားပြီဆိုတော့ ရှေ့လျှောက် အလားအလာတွေ အရမ်းကောင်းမှာ"
တတိယထပ် ဝရန်တာတွင် စုရုံးကာ အတင်းပြောနေကြသည့် အဘိုးအဘွားများက လော်ဖေးကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်။ ဤနေရာတွင် နေထိုင်သူများမှာ မြို့ပေါ်တွင် ဆွေမျိုးမိတ်သင်္ဂဟ မရှိသည့်အပြင် အခြားဖျော်ဖြေစရာလည်း မရှိကြသဖြင့် ယခုကဲ့သို့ စုရုံးအတင်းပြောခြင်းကပင် သူတို့အတွက် အလုပ်တစ်ခု ဖြစ်နေတော့သည်။
အိမ်ရှေ့သို့ ရောက်သည့်အခါ မိခင်ဖြစ်သူက ပုလဲလုံးလေးများကို သီကာ လက်ပတ်လုပ်နေသည်ကို လှမ်းမြင်လိုက်ရသည်။ လက်ပတ်တစ်ခုပြီးလျှင် လုပ်အားခ တစ်ပဲ (၁၀ ပြား) ရသည်။ ပုံမှန်အားဖြင့် မိခင်ဖြစ်သူမှာ တစ်နာရီလျှင် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ပြီးသဖြင့် ၇ ကျပ်၊ ၈ ကျပ်ခန့် ရတတ်သည်။ အကယ်၍သာ လက်ပတ်သီစရာ အလုံအလောက်ရှိလျှင် အလုပ်ချိန်ပြင်ပတွင် ၃၀၀ ကျပ်ခန့်အထိ ရှာနိုင်မည်ဖြစ်ရာ ၎င်းမှာ သူတို့မိသားစုအတွက် အတော်လေး များပြားသော ဝင်ငွေဖြစ်သည်။ သို့သော် စိတ်မကောင်းစရာမှာ ဤအလုပ်က နေ့တိုင်း မရှိခြင်းပင်။ လော်ဖေး၏ ဒေါ်လေးမှာ လက်ပတ်စက်ရုံတွင် အလုပ်လုပ်သဖြင့် ရံဖန်ရံခါမှသာ အိမ်သို့ ယူလာပေးနိုင်ခြင်း ဖြစ်သည်။ မိခင်ဖြစ်သူကို ကူညီချင်သဖြင့် ဒေါ်လေးဖြစ်သူက သူမလုပ်ရမည့် ဝေစုထဲမှ ခွဲပေးလေ့ရှိသည်။ အခြားသူများမှာမူ နီးစပ်ရာမရှိသဖြင့် လုပ်ချင်သော်လည်း ကုန်ကြမ်းမရနိုင်ကြချေ၊ အကြောင်းမှာ တစ်ခရိုင်လုံးတွင် ဤလက်ပတ်စက်ရုံတစ်ရုံသာ ရှိသောကြောင့် ဖြစ်သည်။
မိခင်ဖြစ်သူ ဝူယန်မှာ အလုပ်ထဲ အာရုံရောက်နေသဖြင့် လော်ဖေး အနားသို့ ရောက်လာမှ သတိထားမိတော့သည်။
"ရှောင်ရှောင်ရေ... သမီးအစ်ကို ပြန်လာပြီ၊ ထမင်းထွက်စားတော့" ဝူယန်က အိမ်ထဲသို့ လှမ်းအော်ပြောရင်း အလုပ်များကို သိမ်းဆည်းကာ ထရပ်လိုက်သည်။
လော်ဖေး အိမ်ထဲသို့ ဝင်လိုက်သည်။ အိမ်မှာ အလွန်ကျဉ်းမြောင်းပြီး စတုရန်းမီတာ ၃၀ ခန့်သာ ရှိကာ အခန်းနှစ်ခန်း တွဲလျက်ရှိသည်။ ပထမအခန်းမှာ မီးဖိုချောင်ဖြစ်သလို လော်ဖေးနှင့် လော့ဟောင်တို့ အိပ်သည့် အိပ်ခန်းလည်း ဖြစ်သည်။ ဘေးကပ်လျက် အခန်းတွင်မူ ဟောင်းနွမ်းနေသည့် ဆိုဖာတစ်လုံး၊ စားပွဲငယ်လေးတစ်လုံးနှင့် တစ်ပတ်ရစ် တီဗီအိုကြီး တစ်လုံးရှိပြီး ဧည့်ခန်းအဖြစ်ရော၊ မိခင်ဖြစ်သူနှင့် ရှောင်ရှောင်တို့၏ အိပ်ခန်းအဖြစ်ပါ အသုံးပြုရသည်။ အိမ်ထဲတွင် အိမ်သာမရှိသဖြင့် အောက်ထပ်ရှိ အများသုံးအိမ်သာကိုသာ သွားကြရသည်။ ကြမ်းပြင်မှာလည်း ချိုင့်ခွက်များဖြင့် ပြည့်နေပြီး နံရံများမှာလည်း ဆီချေးများနှင့် ခြစ်ရာဗရပွဖြင့် မဲမှောင်နေကာ မည်သို့မျှ ဆေးကြော၍ မရနိုင်တော့ချေ။
လော်ဖေး ဤနေရာမှ ပြောင်းရွှေ့ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အရင်က ရဲစာမေးပွဲ အောင်မြင်ရေးကိုသာ အာရုံစိုက်နေခဲ့ရသဖြင့် မတတ်နိုင်ခဲ့ပေ။ ဝင်ငွေမရှိဘဲ မိသားစု လေးယောက်လုံးမှာ ဝူယန်၏ မပြောပလောက်သော လစာလေးပေါ်တွင်သာ မှီခိုနေရသဖြင့် အိမ်ပြောင်းဖို့ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စကြီးတစ်ခုပင်။ ယခုမူ နိုင်ငံ့ဝန်ထမ်း စာမေးပွဲ အောင်မြင်ပြီး လစဉ်ပုံမှန်လစာ ရတော့မည်ဖြစ်ရာ ပထမဆုံး လုပ်ချင်သည့်အရာမှာ ဤနေရာမှ ပြောင်းရွှေ့ရန်ပင် ဖြစ်သည်။
လော်ဖေးက စားပွဲပေါ်မှ အုပ်ဆောင်းမအုပ်ထားသည့် ဟင်းကန်များကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
"အမေ... ကျွန်တော် ဒီနေ့ အိမ်ပြန်နောက်ကျမယ်လို့ ဖုန်းဆက်ထားသားပဲ၊ ကျွန်တော့်ကို မစောင့်ဘဲ အရင်စားနှင့်ကြပါဆိုတာကို"
"အမေတို့က တစ်နေ့လုံး အိမ်မှာပဲနေတာ ဆိုတော့ သိပ်မဆာပါဘူး။ သားကမှ တစ်နေ့လုံး အလုပ်လုပ်လာရတာဆိုတော့ ပိုဆာမှာပေါ့။ ရှောင်ရှောင်ရေ... သင့်အစ်ကိုအတွက် ထမင်းခူးပေးလိုက်ဦး"
အမှန်တကယ်တော့ တစ်စုံတစ်ယောက်၏ ဂရုစိုက်မှုကို ခံရခြင်းမှာ အလွန်နွေးထွေးသည့် ခံစားချက်မျိုးပင်။ အာလူးအသားတုကြော်၊ သခွားသီးသုပ်နှင့် ဂေါ်ဖီထုပ်ဟင်းချို... ရိုးရှင်းသည့် အိမ်ချက်ဟင်းများပင် ဖြစ်သော်လည်း လော်ဖေးမှာ မိသားစု၏ အရသာကို ခံစားရင်း ထမင်းသုံးပန်းကန်ခန့် အားရပါးရ စားပစ်လိုက်သည်။
ထမင်းစားပြီးနောက် လော်ဖေးက မိခင်ဖြစ်သူကို လက်ပတ်သီရန် ကူညီပေးသော်လည်း အငြင်းခံလိုက်ရသည်။ ဝူယန်က လော်ဖေးကို တစ်နေ့လုံး ပင်ပန်းလာပြီဖြစ်သဖြင့် နားနားနေနေ တီဗီကြည့်ရန်သာ ပြောသဖြင့် လော်ဖေးလည်း ထပ်မဇွတ်တက်တော့ပေ။ သူသည် လှဲလျက် နားချင်သော်လည်း မီးဖိုချောင်နှင့် တွဲလျက်ဖြစ်နေသည့် အခန်းမှာ လုံးဝလွတ်လပ်မှု မရှိသဖြင့် ထိုစိတ်ကူးကို လက်လျှော့လိုက်သည်။ မိခင်ဖြစ်သူကို ပြောပြပြီးနောက် ဘိလပ်မြေစက်ရုံနောက်ဘက် လမ်းကလေးဆီသို့ ထွက်လာခဲ့သည်။
'ဒီနေ့အမှုက ဖြေရှင်းပြီးပြီ မဟုတ်လား။ ဘာလို့ စနစ်က ဘာတုံ့ပြန်မှုမှ မရှိသေးတာလဲ။ အမှုပြီးပြတ်ပြီး တရားရုံးက အမိန့်ချမှပဲ အမှတ်ပေးမှာလား' ဘိလပ်မြေစက်ရုံနောက်ဘက်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်ရင်း လော်ဖေးသည် မွန်းတည့်ချိန်ကတည်းက စိတ်ထဲတွင် ချာချာလည်နေသည့် ဤကိစ္စကို အလေးအနက် စဉ်းစားနေမိသည်။
"ရွှေလက်ချောင်း" သည် သူ၏ အကြီးမားဆုံး အားကိုးရာဖြစ်သည်။ ၎င်းသာမရှိပါက သူသည် နောက်ခံမရှိ၊ ပညာအရည်အချင်းနှင့် သာမန်အရည်အချင်းသာရှိသူ တစ်ယောက်ဖြစ်သဖြင့် စုန့်ရှင်းမြို့နယ် ရဲစခန်းမှ ဘယ်တော့မှ လွတ်မြောက်နိုင်မည်မဟုတ်သည်ကို သူသိသည်။ အရင်ဘဝက သာမန်ဘဝဖြင့် အချိန်အတော်ကြာ နေထိုင်ခဲ့ရပြီးပြီ၊ နောက်တစ်ကြိမ် ထပ်မံ၍ သာမန်ဘဝဖြင့် မရှင်သန်လိုတော့ခြင်းကပင် "ရွှေလက်ချောင်း" မှတစ်ဆင့် ရဲလောကထဲသို့ ဇွတ်အတင်း ဝင်ရောက်လာရသည့် အကြောင်းရင်း ဖြစ်သည်။
လော်ဖေးတစ်ယောက် "ရွှေလက်ချောင်း" ကိစ္စနှင့် စိတ်ဖိစီးနေစဉ်မှာပင် —
"တီ... အိမ်ရှင် လူသတ်မှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အိမ်ရှင်၏ ပထမဆုံး အမှုဖော်ထုတ်နိုင်မှု ဖြစ်သောကြောင့် ဆုလာဘ်အဖြစ် ရွှေဒင်္ဂါး ၂၀၀၀ ကို နှစ်ဆတိုး၍ ပေးအပ်လိုက်ပါသည်။"