တရားခံအစစ်ကို ဖမ်းမိခြင်း
ငွေရောင်ဗင်ကားလေး စခရင်ပေါ်တွင် ပေါ်လာသည့်ကနဦး၌ပင် လူတိုင်း၏မျက်နှာတွင် အံ့အားသင့်ရိပ်များ ယှက်သန်းသွားကြသည်။
"နည်းနည်းလောက် ချဲ့ကြည့်စမ်း၊ လိုင်စင်နံပါတ်ကို မိမလားလို့"
ကျောက်တုန်းလိုင်၏ ညွှန်ကြားမှုအောက်တွင် လျှောင်ရှင်းယွီက ဗီဒီယိုပုံရိပ်ကို တရိပ်ရိပ် ချဲ့ကြည့်လိုက်သည်။ သို့သော်လည်း စောင့်ကြည့်ကင်မရာ၏ ပစ်ဆယ်လ်အရည်အသွေး ပြဿနာအပြင် ညဘက်လည်း ဖြစ်နေသဖြင့် ပုံရိပ်ကို အတိုင်းအတာတစ်ခုအထိ ချဲ့လိုက်သောအခါ ဝါးတားတား ဖြစ်သွားပြီး လိုင်စင်နံပါတ်ပြားနေရာကို ချဲ့သည့်အခါတွင်မူ ပို၍ပင် မသဲမကွဲ ဖြစ်သွားတော့သည်။ လျှောင်ရှင်းယွီက ဗီဒီယိုကွက် အပြောင်းအလဲများကို ဆက်တိုက် ညှိယူကြည့်သော်လည်း မထူးခြားလာသဖြင့် ကျောက်တုန်းလိုင်ကို ကြည့်ကာ မတတ်နိုင်ကြောင်း ခေါင်းခါပြလိုက်ရုံသာ တတ်နိုင်တော့သည်။
ကျောက်တုန်းလိုင်လည်း လက်လျှော့လိုက်ရပြီး "လော်ဖေးရဲ့ သုံးသပ်ချက်အရဆိုရင်တော့ ဒီငွေရောင်ဗင်ကား နှစ်စီးဟာ လောလောဆယ် သံသယအဖြစ်ရဆုံးပဲ။ ဒါကြောင့် ဒီအမှုနဲ့ပတ်သက်တဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းအားလုံးကို ချက်ချင်းပြန်စစ်ကြ၊ ဒီဗင်ကားရဲ့ သဲလွန်စတွေ ရှိ၊ မရှိကိုပဲ အဓိကထားပြီး ရှာဖွေပါ" ဟု ညွှန်ကြားလိုက်သည်။
ပစ်မှတ်တစ်ခု ရှိသွားပြီဖြစ်၍ အလုပ်က ပိုပြီး တွင်ကျယ်လာသည်။ အားလုံး ကိုယ့်နေရာကိုယ်ပြန်ကာ စောင့်ကြည့်ကင်မရာ မှတ်တမ်းခွေတစ်ခုစီကို အာရုံစိုက်ပြီး သေချာ ကြည့်ရှုစစ်ဆေးကြတော့သည်။
လော်ဖေးကတော့ သူ၏ ထူးခြားလှသော ပါရမီကြောင့် မှတ်တမ်းခွေ ကိုးခွေကို သုံးဆနှုန်းဖြင့် တစ်ပြိုင်နက်တည်း ဖွင့်ကြည့်နေသည်။ ဤလုပ်ရပ်ကြောင့် ကျန်းဝေနှင့် ကျန်နှစ်ယောက်မှလွဲ၍ ကျန်သည့် မှုခင်းရဲတစ်ဖွဲ့လုံးမှာ နောက်တစ်ကြိမ် ဆွံ့အမှင်တက်သွားရပြန်သည်။ လူအများက သူ ဤသို့ကြည့်ခြင်းဖြင့် ဘာကို မြင်နိုင်မှာလဲဟု သံသယဝင်နေကြစဉ်မှာပင် လော်ဖေးက ထူးဆန်းမှုတစ်ခုကို ပထမဆုံးအဖြစ် ရိပ်မိသွားခဲ့သည်။
လော်ဖေးသည် ကျောက်တုန်းလိုင်ကို သူ၏ရုံးခန်းထဲသို့ ခေါ်ကာ စခရင်ပေါ်တွင် ဝင်းဒိုးနှစ်ခုကို ဖွင့်ပြလိုက်သည်။
"ကပ္ပတိန်ကျောက်၊ ဒါကို တစ်ချက်လောက်ကြည့်ပါ၊ မတ်လ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဒီယာဉ်ဟာ အဝေးပြေးလမ်း တိုးဂိတ်ကနေ ထွက်လာခဲ့တယ်၊ သွားတဲ့လမ်းကြောင်းအရ ကြည့်ရင်တော့ ကျန်းကျိုးမြို့ပြဧရိယာထဲကို မောင်းဝင်သွားတာပါ။ ပြီးတော့ ၂၆ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်မှာ အလောင်းလာပစ်တဲ့ မြစ်နားက လမ်းမကြီးပေါ်မှာ ဒီကား ဖြတ်မောင်းသွားတာကို တွေ့ရတယ်၊ အဲဒီအချိန်တုန်းက သူ အဲဒီနားမှာ ဆယ်မိနစ်ကနေ မိနစ်နှစ်ဆယ်လောက် ကြာအောင် ရပ်နားခဲ့သေးတယ်"
ကျောက်တုန်းလိုင်က စောင့်ကြည့်ဗီဒီယိုကို နှစ်ခေါက်ခန့် သေချာစစ်ဆေးပြီးနောက် ဤဗင်ကားသည် ဝမ်လင် ပျောက်ဆုံးသွားသည့်နေရာအနီးတွင် တွေ့ရသည့်ကားနှင့် တစ်ထပ်တည်းကျနေကြောင်း နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
"အချိန်နဲ့ လမ်းကြောင်းက ကွက်တိပဲ၊ ဒါဆိုရင်တော့ ဒီယာဉ်ဟာ တကယ်ကို သံသယဖြစ်စရာ ကောင်းနေပြီ။ အဝေးပြေးတိုးဂိတ်က ကင်မရာက တော်တော်လေး ရှင်းလင်းတော့ ကားလိုင်စင်နံပါတ်ကိုပါ ရိုက်မိထားတယ်၊ ကျွန်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီ ချက်ချင်းသွားပြီး ကားပိုင်ရှင်က ဘယ်သူလဲဆိုတာ စစ်လိုက်ဦးမယ်"
"ကောင်းပြီ၊ မြန်မြန်လုပ်... နေဦး၊ ငါပါ လိုက်ခဲ့မယ်"
လော်ဖေးနှင့် ကျောက်တုန်းလိုင်တို့သည် ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီသို့ အမြန်ဆုံး အပြေးအလွှား သွားရောက်ခဲ့ကြသည်။ စနစ်အတွင်း ရှာဖွေစစ်ဆေးပြီးနောက် ပိုင်ရှင်၏ အချက်အလက်များ ချက်ချင်း ထွက်ပေါ်လာတော့သည်။
လီတာ့ဖုန်း၊ အမျိုးသား၊ အသက် ၂၆ နှစ်၊ ကျန်းကျိုးမြို့၊ ချန်ဖျင်ခရိုင်ဇာတိ၊ မှတ်ပုံတင်အမှတ် ၆၁xxxxxxxxxxx။
အချက်အလက်များ ရရချင်းပင် ကျောက်တုန်းလိုင်က လျှောင်ရှင်းယွီထံ ဖုန်းဆက်၍ လီတာ့ဖုန်း၏ နောက်ကြောင်းရာဇဝင်ကို ထပ်မံစုံစမ်းရန် ညွှန်ကြားလိုက်သည်။
နောက်ပိုင်း ရဲစခန်းသို့ ပြန်ရောက်သည့်အခါတွင်မူ—
"ကပ္ပတိန်ကျောက်၊ ဆရာ ရှာခိုင်းထားတဲ့လူရဲ့ အကြောင်းကို ကျွန်တော် စုံစမ်းပြီးပါပြီ" လျှောင်ရှင်းယွီက အစီရင်ခံသည်။ "လီတာ့ဖုန်းက လောလောဆယ် မြို့အရှေ့ပိုင်းက အိမ်ရာဟောင်းတစ်ခုမှာ အိမ်ငှားနေတာပါ၊ အတည်တကျ အလုပ်အကိုင်မရှိဘဲ ပုံမှန်အားဖြင့်တော့ ကုန်စည်ပို့ဆောင်ရေးစင်တာကနေ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို လက်ကားဝယ်ပြီး တခြားနေရာတွေမှာ ပြန်ရောင်းကာ အမြတ်အစွန်း ရှာဖွေနေတဲ့သူပါ။"
"သူ့ရဲ့ မိသားစုအခြေအနေက တော်တော်လေး ဆင်းရဲပါတယ်၊ သူ အသက်ငါးနှစ်သားအရွယ်မှာ ဖခင်ဖြစ်သူက ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီး နှိပ်နယ်ရေးဆရာမတစ်ယောက်ဖြစ်တဲ့ သူ့အမေကလည်း မိသားစုဝန်ထုပ်ဝန်ပိုးကို မခံနိုင်တာကြောင့် ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်နဲ့ ထွက်ပြေးသွားခဲ့တယ်၊ အဲဒီတော့ လီတာ့ဖုန်းနဲ့ သူ့ရဲ့ နှစ်နှစ်အရွယ် ညီမလေးပဲ အချင်းချင်း အမှီသဟဲပြုပြီး ကျန်ရစ်ခဲ့ကြတာပေါ့။"
"ရွာသားတွေက မောင်နှမနှစ်ယောက်ကို သနားတာနဲ့ ဒီကကျွေး၊ ဟိုကကျွေးနဲ့ပဲ အသက်ဆက်ခဲ့ကြရရှာတယ်။ အရွယ်ရောက်လာတော့ လီတာ့ဖုန်းက ရွာသားတွေနောက်လိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ နှစ်အနည်းငယ်လောက် အလုပ်ကြမ်းလုပ်ခဲ့တယ်။ ပိုက်ဆံအတန်အသင့် စုမိဆောင်းမိရှိလာတော့မှ မြို့ပေါ်မှာ အိမ်ငှား၊ တစ်ပတ်ရစ်ဗင်ကားတစ်စီးဝယ်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ရောင်းတဲ့ အလုပ်ကို စလုပ်ခဲ့တာပါ။ သူ့ညီမကတော့ လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက အိမ်ထောင်ကျပြီး တခြားကို ပြောင်းသွားခဲ့လို့ အခုတော့ သူတစ်ယောက်တည်း နေထိုင်တာများပါတယ်"
"စိတ်မချမ်းမြေ့စရာကောင်းတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရပြီး မိခင်ဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာဆိုတော့... သူ့မှာ ပြစ်မှုကျူးလွန်ဖို့ တွန်းအားပေးတဲ့ စိတ်ခံစားချက်မျိုး ရှိနေနိုင်တာပဲ။ ကောင်းပြီ၊ မင်းတို့တွေ သူ့ရဲ့ မိတ်ဆွေတွေနဲ့ အိမ်နီးနားချင်းတွေဆီမှာ အကျဉ်းချုံး စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးရင် သူ့ကို ဖမ်းဆီးဖို့ ပြင်ဆင်ကြတော့" ကျောက်တုန်းလိုင်က ဆုံးဖြတ်ချက်ချလိုက်သည်။
"အမိန့်အတိုင်းပါ ဆရာ"
လော်ဖေး၏ ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်များကြောင့် လီတာ့ဖုန်း၏ အိမ်နီးနားချင်းများထံ သွားရောက်မေးမြန်းရမည့် တာဝန်က သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။ လော်ဖေးက ငြင်းဆန်ခြင်းမရှိဘဲ ကျန်းဝေနှင့်အတူ ချက်ချင်းပင် ထွက်ခွာခဲ့တော့သည်။
လီတာ့ဖုန်း အိမ်ငှားနေသည့်နေရာမှာ မြို့ပြင်ဆင်ခြေဖုံးရပ်ကွက် ဖြစ်နေပြီဖြစ်၍ မိုးမျှော်တိုက်ကြီးများရှိရာ မြို့လယ်ခေါင်နှင့်စာလျှင် သိသိသာသာ ဆင်းရဲနွမ်းပါးလှသည်။ ပတ်ပတ်လည်တွင် ယခင်ကတည်းက ဆောက်လုပ်ထားသည့် ပြန်လည်နေရာချထားရေး အိမ်ရာဟောင်းများသာရှိပြီး အမြင့်ဆုံးမှ ငါးထပ်၊ ခြောက်ထပ်မျှသာ ရှိသော်လည်း အစီအရီဖြင့် သပ်သပ်ရပ်ရပ်တော့ ရှိလှသည်။ ထိုနေရာတွင် အိမ်ရာဝင်းတံခါးဟူ၍ပင် မရှိသလို၊ လုံခြုံရေးဝန်ထမ်းများလည်း မရှိပေ။
လီတာ့ဖုန်း ငှားနေသည့် အဆောက်အအုံသို့ ရောက်ရှိသောအခါ ၎င်းတို့နှစ်ဦးသည် သူ၏အခန်းအပေါ်ထပ်ရှိ အိမ်နီးနားချင်းတစ်ဦး၏ တံခါးကို တိုက်ရိုက်ခေါက်လိုက်ကြသည်။ အသက်ငါးဆယ်ဝန်းကျင် အမျိုးသမီးကြီးတစ်ဦး လာဖွင့်ပေး၏။
လက်ရှိတွင် သူမသည် တံခါးကို အနည်းငယ်သာ ဟာဖွင့်ထားပြီး သူတို့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်ကာ "ဘယ်သူ့ကို ရှာတာလဲရှင်" ဟု မေးလိုက်သည်။
"မင်္ဂလာပါ အန်တီ၊ ကျွန်တော်တို့က မြို့မမှုခင်းရဲတပ်ဖွဲ့ကပါ၊ ဒါကတော့ ကျွန်တော့်ရဲ့ ရဲတပ်ဖွဲ့ဝင်ကတ်ပါခင်ဗျာ"
ရဲအရာရှိများဖြစ်ကြောင်း ကြားလိုက်ရသဖြင့် အမျိုးသမီးကြီးမှာ သက်ပြင်းချနိုင်သွားပြီး တံခါးကို အကျယ်ကြီး ဖွင့်ပေးလိုက်တော့သည်။
"ဝင်ခဲ့ကြပါ ဆရာတို့"
သူမက သူတို့နှစ်ဦးကို ပျူငှာစွာ အိမ်ထဲသို့ ဖိတ်ခေါ်ပြီး ရေနွေးတစ်ခွက်စီ ငှဲ့ပေးကာ ရှေ့တွင် ဝင်ထိုင်လိုက်ရင်း "ဆရာတို့ ကျွန်မဆီ ဘာကိစ္စများရှိလို့လဲရှင်" ဟု မေးလေသည်။
"အန်တီ၊ ကျွန်တော်တို့ သိချင်တာလေးတစ်ခု ရှိလို့ မေးပါရစေ... အောက်ထပ် အခန်း ၂၀၂ က အိမ်ငှားနဲ့ရော အန်တီ ရင်းနှီးပါသလား" လော်ဖေးက မေးလိုက်သည်။
"၂၀၂ ကလား... အဲဒီအိမ်ကလူတွေ မြို့ပေါ်မှာ အိမ်ဝယ်ပြီး ပြောင်းသွားကြတာ နှစ်တွေအကြာကြီး ရှိလှပြီ၊ အခုတော့ လီလို့အမည်ရတဲ့ လူငယ်လေးတစ်ယောက် ငှားနေတာလေ"
"ဟုတ်ပါတယ်၊ သူခေါ်တာပါပဲ။ အန်တီ သူ့အကြောင်း ဘယ်လောက်အထိ သိလဲခင်ဗျာ"
"သူ ဒီမှာ ငှားနေတာ သုံးနှစ်နီးပါး ရှိတော့မယ်။ တွေ့ရင်တော့ စကားစမြည် ပြောဖြစ်ကြတာပေါ့... သူကလည်း တကယ် သနားဖို့ကောင်းတဲ့ ကလေးတစ်ယောက်ပါပဲ" အမျိုးသမီးကြီးက သက်ပြင်းတစ်ချက်ချရင်း လီတာ့ဖုန်း၏ ကလေးဘဝအကြောင်းကို ရဲစခန်းတွင် စုံစမ်းသိရှိခဲ့ရသည်များနှင့် တစ်ထပ်တည်း ပြန်လည်ပြောပြလေသည်။
သူမပြောပြပြီးနောက် လော်ဖေးက "သူ့ရဲ့ စရိုက်ကော ဘယ်လိုရှိလဲ အန်တီ" ဟု ဆက်မေးသည်။
"သူက စိတ်သဘောထား တော်တော်ကောင်းတဲ့ကလေးပါ၊ နှုတ်ချိုတယ်၊ ကျွန်မတို့ကို တွေ့ရင်လည်း အန်တီကြီး၊ အန်တီငယ်နဲ့ အမြဲ ခေါ်တတ်တာ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ပိုရင်လည်း အပေါ်ထပ်အောက်ထပ်က လူတွေကို လိုက်ဝေတတ်တော့ ဒီနားတစ်ဝိုက်ကလူတွေ အားလုံးက သူ့ကို ချစ်ကြပါတယ်ကွယ်"