ညနေ ၄ နာရီ မိနစ် ၅၀၊ ရဲစခန်းရှိ လုပ်ဖော်ကိုင်ဖက်များမှာ အလုပ်သိမ်းရန် ပြင်ဆင်ရင်း ရုံးဆင်းချိန်ကို စောင့်မျှော်နေကြသည်။ ထိုစဉ် ဧည့်ကြိုကောင်တာမှ စေတနာ့ဝန်ထမ်းရဲမေတစ်ဦး ရောက်လာပြီး ဧည့်ခန်းဆောင်တွင် မိန်းကလေးတစ်ဦး လာရှာနေကြောင်း လော်ဖေးကို လှမ်းပြောသည်။ မိန်းကလေးတစ်ဦး လာရှာသည်ဟူသော စကားကြောင့် ရုံးခန်းထဲရှိ လုပ်ဖော်ကိုင်ဖက်များက စနောက်ကျီစယ်ကြတော့သည်။
"ဟေ့လူ လော်ဖေး... မဆိုးဘူးဟ၊ ဘယ်တုန်းက ရည်းစားရသွားတာလဲ၊ တက္ကသိုလ်တုန်းကလား။ မင်းကတော့ မင်းရဲ့ဆရာထက်တောင် သာနေပြီ။ သူ့ခမျာ ရည်းစားတစ်ခါမှမရဖူးဘဲ တန်းပြီး အောင်သွယ်နဲ့ လက်ထပ်လိုက်ရတာ" ဟု လျိုဟိုင်ချွမ်က စနောက်လိုက်သည်။
ဘေးတွင်ထိုင်နေသော ကျန်းဖျင်က လျိုဟိုင်ချွမ်ကို မျက်စောင်းထိုးကြည့်ကာ—
"ရှင်လည်း ဘာထူးလဲ၊ နှစ်ယောက်စလုံး တစ်ကျောင်းထွက်တွေပါပဲ" ဟု ခနဲ့လိုက်သည်။
လော်ဖေးသည် စီနီယာများ၏ စနောက်မှုကို ပြုံးပြုံးလေးသာ နားထောင်နေပြီး စိတ်ထဲမထားပေ။ သူသည် ခုံမှထကာ အပြင်သို့ ထွက်လာခဲ့ရင်း ဘယ်သူကများ သူ့ကို ရုတ်တရက် လာရှာသနည်းဟု တော်တော်လေး စိတ်ဝင်စားနေမိသည်။ သူ့မှတ်ဉာဏ်ထဲတွင် အမျိုးသမီးသူငယ်ချင်းဟူ၍ မရှိသလောက်ပင်။ ထို့ပြင် သူ ဤကမ္ဘာသို့ ကူးပြောင်းလာသည့် လွန်ခဲ့သော ခြောက်လအတွင်း၌လည်း မည်သည့်အမျိုးသမီးသူငယ်ချင်းမှ သူ့ထံ လာရောက်လည်ပတ်ခြင်း မရှိခဲ့ဖူးချေ။
လော်ဖေး ဧည့်ကြိုကောင်တာသို့ ရောက်သွားသောအခါ ဆံပင်ကို မြင်းမြီးဆွဲ စည်းထားပြီး အရပ်ရှည်ရှည်နှင့် ကြေညာဘုတ်ပြားကို စူးစိုက်ကြည့်နေသော ရန်မေကို တွေ့လိုက်ရသည်။ ထိုအခါမှ လော်ဖေး ရိပ်မိသွားတော့သည်။ ရန်မေသည် အဘယ်ကြောင့် သူ့ကို ရုတ်တရက် လာရှာရသနည်းဟူသည်ကို လော်ဖေး အနည်းငယ် ခန့်မှန်းမိပါသည်။ ယခင်က ကျောက်တုန်းလိုင် ကတိပေးထားသည့် ဆုကြေးငွေမှလွဲ၍ အခြားအကြောင်းရင်း မရှိနိုင်ပေ။
သူခန့်မှန်းသည့်အတိုင်းပင်... လော်ဖေး လျှောက်လာသည်ကို မြင်သောအခါ ရန်မေက စာအိတ်နှစ်အိတ်ကို ထုတ်ပေးလာသည်။ စုရှောင်၏အမှုတွင် ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျောက်တုန်းလိုင်က လော်ဖေးနှင့် ကျန်းဟိုင်ယန်တို့အတွက် ပေးလိုက်ခြင်းဖြစ်ကြောင်း ပြောသည်။ အစက ကျောက်တုန်းလိုင်ကိုယ်တိုင် လာရန် ရည်ရွယ်ထားသော်လည်း မြို့ထဲသို့ သွားရန် အကြောင်းကြားစာ ရုတ်တရက်ရရှိသွားသဖြင့် သူမကို လာပို့ခိုင်းခြင်းဖြစ်ကြောင်း ရန်မေက ရှင်းပြသည်။ လော်ဖေးထံသို့ စာအိတ်နှစ်အိတ်ကို အပ်နှံပြီးနောက် ရန်မေလည်း ပြန်လည်ထွက်ခွာသွားတော့သည်။
လော်ဖေး ရုံးခန်းထဲသို့ ပြန်ရောက်လာသောအခါ—
"လော်ဖေး... မင်းကောင်မလေးကော၊ ဘာလို့ ရုံးထဲခေါ်မလာတာလဲ၊ ငါတို့ကိုလည်း ပေးတွေ့ဦးလေ" ဟု လျိုဟိုင်ချွမ်က လှမ်းစသည်။
လော်ဖေးက ခပ်ပြုံးပြုံးဖြင့်ပင်—
"စီနီယာဟိုင်ချွမ်... ကောလာဟလတွေ မလွှင့်ပါနဲ့ဗျာ၊ ကျွန်တော် အခုထိ လူပျိုကြီးပါပဲ" ဟု ပြန်ပြောလိုက်သည်။ လာရှာသူမှာ စုံထောက်အဖွဲ့မှ ဖြစ်ကြောင်းကိုမူ သူ လျှောက်ရှင်းမပြနေတော့ပါ။ ထိုသို့ ရှင်းပြရန်လည်း မလိုအပ်ပေ။
သူ့ထိုင်ခုံသို့ ပြန်ရောက်ပြီးနောက် လော်ဖေးတစ်ယောက် အလုပ်ဆင်းချိန်ကို စောင့်နေလိုက်သည်။ နာရီလက်တံ ၅ နာရီသို့ ရောက်သည်နှင့် ရုံးခန်းထဲတွင် ကြိုတင်ပြင်ဆင်ထားကြသူများသည် တစ်ယောက်ပြီးတစ်ယောက် ထကာ ရုံးခန်းထဲမှ ထွက်ခွာသွားကြသည်။ လော်ဖေးလည်း ပစ္စည်းများသိမ်းဆည်းပြီးနောက် ကျန်းဟိုင်ယန် ထပြီး ပြန်ရန်ပြင်နေသည်ကို မြင်သဖြင့် အနောက်မှ လိုက်လာခဲ့သည်။
တံခါးဝသို့ ရောက်သောအခါ လော်ဖေးက လှမ်းခေါ်လိုက်သည်။
"ဆရာ... ခဏလောက် စောင့်ပါဦး၊ ဆရာ့ကို ပြောစရာရှိလို့ပါ"
ကျန်းဟိုင်ယန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း ခြေလှမ်းကိုရပ်ကာ လော်ဖေးကို စောင့်နေပေးသည်။ လော်ဖေးသည် ကျန်းဟိုင်ယန်၏အနားသို့ ရောက်လာသောအခါ ရန်မေ ပေးခဲ့သည့် စာအိတ်နှစ်အိတ်အနက် တစ်အိတ်ကို ကမ်းပေးလိုက်ရင်း—
"စောစောက ကျွန်တော့်ဆီ လာသွားတာ ရန်မေပါဆရာ။ စုံထောက်အဖွဲ့ခေါင်းဆောင် ကျောက်တုန်းလိုင်က ပေးခိုင်းလိုက်တာဆိုပြီး စာအိတ်နှစ်အိတ် ပေးသွားပါတယ်။ စုရှောင်ရဲ့အမှုမှာ ကူညီပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့တစ်ယောက်တစ်အိတ်စီ ပေးလိုက်တာပါ။ ပိုက်ဆံ ဘယ်လောက်လဲဆိုတာတော့ ကျွန်တော်လည်း မစစ်ရသေးဘူး" ဟု ပြောလိုက်သည်။
ကျန်းဟိုင်ယန်က စာအိတ်ကို လှမ်းယူလိုက်ပြီး ပြုံးကာ—
"အထူကို ကြည့်ရသလောက်တော့ ယွမ်နှစ်ထောင်လောက် ရှိမယ်ထင်တယ်။ ကျောက်တုန်းလိုင်က လူကြီးလူကောင်းပဲ၊ လက်မနှေးဘူး" ဟု ဆိုသည်။ သူ့မျက်နှာပေါ်မှ ပြုံးရွှင်နေသော အမူအရာကို ကြည့်ရုံဖြင့် စိတ်အခြေအနေ အလွန်ကောင်းနေသည်ကို သိနိုင်သည်။
ကျန်းဟိုင်ယန်နှင့် လမ်းခွဲခဲ့ပြီးနောက် လော်ဖေးသည် မိမိ၏စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။ ကျန်းဟိုင်ယန် ခန့်မှန်းခဲ့သည့်အတိုင်း အပိုအလိုမရှိ ယွမ်နှစ်ထောင် တိတိပင် ဖြစ်သည်။ ဤမမျှော်လင့်ဘဲရရှိလိုက်သည့် ဆုကြေးငွေကြောင့် လော်ဖေးတစ်ယောက် စိတ်ထဲတွင် အကြောင်းရင်းမရှိ ပျော်ရွှင်သွားမိသည်။
ညနေ ၅ နာရီခွဲခန့်တွင် လော်ဖေး အိမ်သို့ ပြန်ရောက်လာသည်။ တံခါးဝသို့ ရောက်သည်နှင့် အိမ်ထဲမှ စကားပြောသံများကို ကြားလိုက်ရသည်။ လော်ဖေး အိမ်ထဲသို့ ဝင်လိုက်သောအခါ ဦးလေးဖြစ်သူနှင့် ဒေါ်လေး (မိခင်၏မောင်နှင့် ညီမ) တို့သည် သူ့အမေနှင့်အတူ နေကြာစေ့စားရင်း စကားစမြည် ပြောဆိုနေကြသည်ကို တွေ့ရသည်။ သူတို့အနီးတွင် လော်ဟောက်နှင့် လော်ရှောင်ရှောင်တို့က တီဗီကြည့်နေကြသည်။
"ဦးလေးနဲ့ ဒေါ်လေး... ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ" လော်ဖေးက ဆိုဖာပေါ်တွင် ထိုင်နေသော လူကြီးနှစ်ဦးကို ပြုံးလျက် နှုတ်ဆက်လိုက်ပြီး သူ၏ရဲဦးထုပ်ကို အနီးရှိ အင်္ကျီချိတ်တွင် ချိတ်ဆွဲလိုက်သည်။
ဒေါ်လေးဖြစ်သူက စိတ်မကောက်ချင်ယောင်ဆောင်ကာ လော်ဖေးကို စောင်းငဲ့ကြည့်ပြီး—
"ဘာလဲ... မင်းဦးလေးနဲ့ ဒေါ်လေး လာတာကို မကြိုဆိုဘူးပေါ့ ဟုတ်လား" ဟု ဆိုသည်။
"ဘယ်ကသာ... မကြိုဆိုရမှာလဲဗျာ၊ ဦးလေးတို့ လာတာကို အတိုင်းမသိ ဝမ်းသာနေတာပါ" ဟု လော်ဖေးက ပြုံးလျက် ပြန်ဖြေရင်း ဦးလေးဖြစ်သူ၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူသည် ဦးလေးနှင့် ဒေါ်လေးကို အလွန်ချစ်ခင်သည်။ "ဆင်းရဲလျှင် ဆွေမျိုးမေ့၊ ချမ်းသာလျှင် ဝေးရပ်ကပင် ဆွေမျိုးလာတော်စပ်တတ်သည်" ဆိုသော စကားမှာ အလွန်မှန်ကန်လှသည်။ လော်ဖေး ဤကမ္ဘာသို့ ရောက်ရှိလာသည့် ခြောက်လတာကာလအတွင်း ဒေါ်လေးနှင့် ဦးလေးမှလွဲ၍ အခြားဆွေမျိုးများကို တစ်ခါမျှ မတွေ့ဖူးချေ။
ဒေါ်လေး၏အမည်မှာ ဝူရှောင်ဟွေး ဖြစ်ပြီး၊ ဦးလေး၏အမည်မှာ ဝူဇိဝေ ဖြစ်သည်။ ဝူရှောင်ဟွေးက လက်ကောက်စက်ရုံတွင် အလုပ်လုပ်ပြီး ဦးလေးဖြစ်သူ ဝူဇိဝေက ဝက်မွေးမြူရေးခြံတွင် အလုပ်လုပ်သည်။ ထိုနှစ်ယောက်သည် မုဆိုးမတစ်ဦးနှင့် ကလေးများကို တစ်ကမ္ဘာလုံးဟု သတ်မှတ်ကာ ဝူယန့်မိသားစုကို တကယ်ပင် အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးခဲ့ကြသည်။ ဒေါ်လေးနှင့် ဦးလေး၏ အကူအညီသာ မရှိခဲ့ပါက သူသည် တက္ကသိုလ်ဘွဲ့ရသည်အထိ ပညာသင်ကြားနိုင်ခဲ့မည်မဟုတ်ကြောင်း ဝူယန့်၏ နှုတ်မှတစ်ဆင့် လော်ဖေး သိရှိခဲ့ရသည်။ ၄ နှစ်တာ တက္ကသိုလ်တက်စဉ်အတွင်း လော်ဖေး၏ ကျောင်းလခ အများစုမှာ ဒေါ်လေးနှင့် ဦးလေးထံမှ ချေးယူခဲ့ရခြင်း ဖြစ်သည်။ ဤသို့ ခဏခဏ ချေးငှားနေရခြင်းကြောင့် တစ်ကြိမ်တွင် သူ၏အဒေါ် (ဦးလေး၏ဇနီး) နှင့် ဦးလေးတို့ အကြီးအကျယ် ရန်ဖြစ်ခဲ့ကြဖူးသည်။ ထိုဖြစ်ရပ်ပြီးကတည်းက အဒေါ်ဖြစ်သူသည် လော်ဖေး၏ မိသားစုနှင့် လုံးဝအဆက်အသွယ် ဖြတ်လိုက်သော်လည်း ဦးလေးဖြစ်သူကမူ အိမ်သို့ အမြဲလာရောက်လည်ပတ်ဆဲဖြစ်သည်။
ဒေါ်လေး ဝူရှောင်ဟွေးသည် လော်ဖေးကို သေချာစိုက်ကြည့်ပြီးနောက် မနေနိုင်ဘဲ ပြောလိုက်သည်။
"တကယ်ပဲ... 'လူမှာအဝတ် တောင်းမှာအကွပ်' ဆိုတာ ဟုတ်တာပဲ။ ရှောင်ဖေး... မင်း ရဲယူနီဖောင်း ဝတ်ထားတာ မြင်ရတာ အရင်နဲ့ လုံးဝမတူတော့ဘူး။ ပိုပြီး တက်ကြွလန်းဆန်းပြီး ချောမောခန့်ညားလာတယ်။ ဟုတ်တယ်မလား ကိုကြီး"
ဘေးတွင်ထိုင်နေသော ဝူဇိဝေက ခေါင်းညိတ်ရင်း—
"ဟုတ်တယ်... အရင်ကထက်စာရင် ပိုပြီး လန်းဆန်းတက်ကြွပြီး အသက်ဝင်လာသလိုပဲ။ လူမှုပတ်ဝန်းကျင်ထဲ ရောက်သွားတော့ ပိုပြီးရင့်ကျက်လာတဲ့ပုံပဲ" ဟု ဆိုသည်။
"ဒါနဲ့ ကိုကြီး... ရှောင်ယုကော ဘာထူးလဲ။ သူကတော့ ဟိုလေလွင့်သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းနေတုန်းပဲလား၊ အလုပ်ရော မရှာသေးဘူးလား" ဟု ဝူရှောင်ဟွေးက ဝူဇိဝေဘက်သို့ လှည့်ကာ လေးနက်သောလေသံဖြင့် ရုတ်တရက် မေးလိုက်သည်။
ဝူရှောင်ဟွေးက သူ၏ လမ်းမှားလိုက်နေသော သားဖြစ်သူအကြောင်း ပြောလာသည်ကို ကြားသောအခါ ဝူဇိဝေက ခေါင်းကိုသာ ခါယမ်းလိုက်ရင်း—
"အဲဒီကောင်လေးကိုတော့ ငါ လုံးဝမျှော်လင့်ချက် ဖြတ်လိုက်ပြီ။ ပြီးရောကွာ... ငါ သူ့ကို ပိုက်ဆံ ထပ်မပေးတော့ဘူး။ အိမ်မှာ ထမင်းစားတာတော့ စားပေါ့၊ ဒါပေမဲ့ ငါ့ဆီကနေ ပိုက်ဆံတစ်ပြားမှတော့ ထပ်မရစေရဘူး" ဟု ပြောသည်။
"ရှောင်ယုက အသက် ၃၀ နား ကပ်နေပြီ။ ဘာလို့ အခုထိ လူလားမမြောက်သေးတာလဲမသိဘူး။ 'ကလေးဘဝ သုံးနှစ်အရွယ်ကတည်းက လူကြီးဖြစ်ရင် ဘယ်လိုလူစားဖြစ်မလဲ သိနိုင်တယ်' ဆိုတဲ့အတိုင်း ရှောင်ယုက ငယ်ငယ်တုန်းက အရမ်းလိမ္မာပြီး ဉာဏ်ကောင်းတာ၊ ကြီးလာတော့မှ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ" ဟု ဝူရှောင်ဟွေးက မနေနိုင်ဘဲ ညည်းတွားလိုက်သည်။
သူတို့ပြောနေသော "ရှောင်ယု" ဆိုသည်မှာ ဝူဇိဝေ၏ သားအကြီးဆုံး၊ လော်ဖေး၏ ဝမ်းကွဲအစ်ကိုဖြစ်သူ "ဝူယု" ဖြစ်သည်။ သူ၏အကြောင်းကို လော်ဖေးသည် ဝူယန့်ထံမှ အများအပြား ကြားဖူးထားသည်။ ဝူယုသည် အဖိုးတန်သက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုတွင် တက်ရောက်ခဲ့သည်။ ပထမနှစ်တွင် အဆောင်နေသူချင်း ရန်ဖြစ်ကာ တစ်ဖက်လူ၏နှာခေါင်းကို ရိုက်ချိုးခဲ့သဖြင့် ဆေးရုံစရိတ် ယွမ်တစ်ထောင် လျော်ပေးခဲ့ရပြီး ကျောင်းမှ သတိပေးချက်အပြင်းအထန် ရရှိခဲ့သည်။ ဒုတိယနှစ်တွင် ကျောင်းကန်တင်း၌ ထမင်းတန်းစီရာတွင် ကျော်တက်ခဲ့သဖြင့် လှမ်းပြောသူကို ရိုက်နှက်ခဲ့ပြန်သည်။ ကျောင်း၏သိက္ခာကျသည်ဟု ခံစားရသောကြောင့် ကျောင်းက သူ့ကို ထုတ်ပယ်လိုက်တော့သည်။
ကျောင်းထုတ်ခံရပြီးနောက် အိမ်သို့ ပြန်လာကာ တက္ကသိုလ် ဆက်တက်ချင်သေးသည်ဟု ဆိုသည်။ အခြား သက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုတွင် တက်ရန် စီစဉ်ထားပြီး ကျောင်းလခမှာ ယွမ်တစ်သောင်းခွဲ ကုန်ကျမည်ဟု လိမ်လည်ပြောဆိုခဲ့သည်။ သူ တက္ကသိုလ် ဆက်တက်ချင်သည်ဟု ဆိုသဖြင့် ဦးလေး ဝူဇိဝေက တွန့်ဆုတ်မနေဘဲ ကျောင်းတက်ရန်အတွက် ယွမ်နှစ်သောင်းကို ထုတ်ပေးလိုက်သည်။ ဝမ်းကွဲအစ်ကိုဖြစ်သူက ထိုပိုက်ဆံကို ယူဆောင်ကာ ထွက်သွားခဲ့သဖြင့် လူတိုင်းက သူ ကျောင်းတက်နေသည်ဟု ထင်မှတ်ထားခဲ့ကြသည်။
သို့သော်လည်း မကြာမီမှာပင် အသိတစ်ဦးက ဝူဇိဝေကို လာပြောပြသည်။ ဝူယုကို မာဂျောင်ဝိုင်းတစ်ခုတွင် လောင်းကစားလုပ်နေသည်ကို မြင်ခဲ့ကြောင်း ပြောပြခြင်းဖြစ်သည်။ အစက ဝူဇိဝေသည် မယုံကြည်ခဲ့ပေ။ ဝူယုသည် ကျောင်းတက်နေသည် မဟုတ်ပါလား၊ မာဂျောင်ဝိုင်းသို့ မည်သို့ ရောက်ရှိနေမည်နည်း။ သို့သော်လည်း ထိုအသိမိတ်ဆွေက သေချာပေါက်မြင်ခဲ့ကြောင်း အခိုင်အမာ ပြောဆိုနေပြီး ဝူယု၏ ယခင်အကျင့်ပျက်မှုများကို ပြန်လည်တွေးတောမိကာ ဝူဇိဝေ၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များ လွှမ်းမိုးလာခဲ့သည်။
ထို့နောက်တွင် ဝူဇိဝေသည် အလုပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အသိမိတ်ဆွေတစ်ဦးကို အကူအညီတောင်းကာ မြို့နယ်ထဲရှိ ထိုသူပြောသော မာဂျောင်ဝိုင်းသို့ တန်းတန်းမတ်မတ် သွားခဲ့တော့သည်။ မာဂျောင်ဝိုင်းသို့ ရောက်သောအခါ ပါးစပ်တွင် စီးကရက်တစ်လိပ်ကို ခဲထားပြီး မျက်ကွင်းညိုညို၊ ဆံပင်ဖရိုဖရဲဖြင့် မာဂျောင်ကို အားရပါးရ ကစားနေသော ဝူယုကို မြင်လိုက်ရသဖြင့် ဝူဇိဝေသည် ဒေါသအရှိန်ကြောင့် ရင်ကွဲမတတ် ခံစားလိုက်ရသည်။
ထိုနေ့က မာဂျောင်ဝိုင်းတွင် ဝူဇိဝေသည် ဝူယုကို ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းလည်း မပြုလုပ်ခဲ့ပေ။ ဒေါသတရားများ ပြီးဆုံးသွားပြီးနောက်တွင် ကျန်ရစ်ခဲ့သည်မှာ စိတ်ပျက်အားလျော့မှု သက်သက်သာ ဖြစ်သည်။ သူသည် တိတ်တဆိတ်သာ လှည့်ပြန်လာခဲ့သည်။ ယခင်က ဝူယုအပေါ် မျှော်လင့်ချက်များစွာ ပျက်သုဉ်းခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူ၏သားအပေါ် မျှော်လင့်ချက်အားလုံးကို လုံးဝ (လုံးဝ) ဥဿုံ စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။