လော်ဖေးတစ်ယောက် ပထမဆုံးအကြိမ် လစာရသဖြင့် စိတ်ရွှင်လန်းနေပြီး ဈေးသို့သွားကာ စားသောက်ဖွယ်ရာ အများအပြား ဝယ်ယူခဲ့သည်။ အိမ်ပြန်ရောက်လျှင်ရောက်ချင်း သူပထမဆုံးလုပ်သည့်အလုပ်မှာ ဝူယန့်အား လစာရသည့်အကြောင်း ပြောပြခြင်းပင်ဖြစ်သည်။ ထို့နောက် ဝူယန့်ထံသို့ ချက်ချင်းပင် ငွေကျပ်လေးထောင် လွှဲပေးလိုက်ပြီး ဦးလေးနှင့် ဒေါ်လေးတို့ထံ နှစ်ထောင်စီ ပြန်ဆပ်ပေးရန် ပြောလိုက်သည်။ လော်ဖေးအနေဖြင့် အကြွေးအားလုံးကို ခြောက်လအတွင်း အကျေဆပ်နိုင်ရန် စိတ်ကူးထားသည်။ သို့မဟုတ်ပါက အကြွေးရှင်ရော အကြွေးယူထားသူပါ စိတ်ထဲတစ်မျိုးကြီး ဖြစ်နေကြမည် မဟုတ်ပါလား။ ညစာအဖြစ် သူတို့ မုန့်ဖတ်ဖြင့်ချက်ထားသည့် ကျောက်ပုစွန်နှင့် ကမာကောင်များကို မြိန်ရေရှက်ရေ စားသုံးခဲ့ကြသည်။ လော်ဟောက်နှင့် လော်ရှောင်ရှောင်တို့မှာ အလွန်အမင်း အားရပါးရ စားကြလေသည်။ နင်းကျန်းခရိုင်တွင် ပင်လယ်စာဟူသည် ရှားပါးရုံသာမက ဈေးနှုန်းမှာလည်း မတန်တဆကြီးမားလှသဖြင့် အိမ်တွင် တစ်ခါမျှ မစားဖူးသလောက် ဖြစ်ရာ အလွန်လတ်ဆတ်ပြီး အရသာရှိလှသည်ဟု သူတို့ ခံစားမိကြသည်။ ညစာစားပြီးနောက် လော်ဟောက်နှင့် လော်ရှောင်ရှောင်တို့သည် စာကျက်ရန် သွားကြလေသည်။ လော်ဖေးမှာမူ ဆိုဖာပေါ်တွင် ခဏမျှ သတင်းထိုင်ကြည့်နေသော်လည်း ပျင်းရိလာသဖြင့် အိပ်ခန်းထဲသို့ စာဖတ်ရန် ပြန်ဝင်တော့မည်အပြု၊ နောက်တစ်စက္ကန့်တွင် တီဗီပိတ်ရန် လှမ်းလိုက်သော လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး ဆိုဖာပေါ်သို့ အသာအယာ ပြန်ထိုင်လိုက်မိသည်။ ထိုအချိန်တွင် တီဗီသတင်း၌ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အဆင့် (A) ရှိ အလိုရှိဆုံး ရာဇဝတ်ကောင် ၂၀ ဦး၏ ကိုယ်ရေးအချက်အလက်များကို ကြေညာနေခြင်းကြောင့် ဖြစ်သည်။
နောက်တစ်နေ့ ရုံးတက်ပြီး မကြာမီမှာပင် ညွှန်ကြားရေးမှူး ကျိုးဝေမင်း ဝင်လာခဲ့သည်။
"အားလုံးပဲ... လုပ်လက်စ အလုပ်တွေ ခဏထားလိုက်ကြဦး။ ငါ ကြေညာစရာ ရှိတယ်"
ကျိုးဝေမင်း၏ မျက်နှာအမူအရာမှာ အလွန်ပင် တည်ကြည်အလေးအနက် ဖြစ်နေသည်။ လူတိုင်း၏အာရုံက သူ့ထံသို့ ရောက်ရှိသွားသောအခါ ကျိုးဝေမင်းက အသံကို နှိမ့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ခုတင်တင်တင်ပဲ ပြည်နယ်ပြည်သူ့လုံခြုံရေးဦးစီးဌာနကနေ အကြောင်းကြားစာ ရောက်လာတယ်။ မကြာသေးခင်က အဆင့် (A) အဆင့်ရှိ အလိုရှိဆုံး ရာဇဝတ်ကောင် ‘ကျန်းစန်းချန်’ ဟာ အန်းယွမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာနိုင်ခြေ အလွန်များနေတယ်လို့ သိရတယ်။ ပြည်နယ်ရဲတပ်ဖွဲ့က ဒေသတွင်း လုံခြုံရေးအဖွဲ့အစည်းတွေအားလုံးကို အမြဲတစေ နိုးနိုးကြားကြားရှိနေဖို့နဲ့ ကျန်းစန်းချန်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ တောင်းဆိုထားတယ်။ တကယ်လို့ ကျန်းစန်းချန်ရဲ့ ခြေရာလက်ရာကို တွေ့ရှိခဲ့ရင် ပြည်နယ်ရဲတပ်ဖွဲ့ထံ ချက်ချင်း သတင်းပို့ကြပါ"
"ဒီကို အသစ်ရောက်တဲ့သူတွေကတော့ ကျန်းစန်းချန်အကြောင်း သိပ်သိချင်မှ သိလိမ့်မယ်။ ဒါပေမဲ့ ဒီက လူဟောင်းတွေကတော့ သူ့အကြောင်း မသိဘဲ မနေပါဘူး။ တကယ်လို့ သူ့အကြောင်း လုံးဝမသိသေးတဲ့သူ ရှိရင်လည်း အင်တာနက်မှာ ရှာကြည့်လို့ရတယ်။ အတိုချုပ်ပြောရရင်တော့ ဒီ ကျန်းစန်းချန် ဆိုတဲ့ကောင်က တကယ့်ကို အန္တရာယ်များတဲ့ကောင်၊ အလွန်အမင်း အန္တရာယ်ကြီးတဲ့ လူတစ်ယောက်ပဲ"
"ဒါကြောင့် လောလောဆယ်မှာ အားလုံးပဲ ရုံးအသွားအပြန်လမ်းတွေမှာ အထူးသတိထားကြဖို့နဲ့ ကိုယ့်လုံခြုံရေးကိုလည်း ဂရုစိုက်ကြဖို့ လိုမယ်။ တကယ်လို့ ကျန်းစန်းချန်သာ ဒီကို တကယ်ထွက်ပြေးလာတာဆိုရင် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပင်ကိုယ်စရိုက်အရ နောက်ထပ် ရာဇဝတ်မှုတစ်ခု ထပ်ကျူးလွန်ဖို့ အခွင့်အလမ်း အများကြီး ရှိနေတယ်"
"တကယ်လို့ မတော်တဆ ကျန်းစန်းချန်နဲ့ ထိပ်တိုက်တိုးခဲ့ရင်လည်း စိတ်လိုက်ကိုယ်ပါ ဇွတ်မလုပ်ကြနဲ့။ သူ့ကို ဖမ်းဆီးပြီး အမှုထမ်းကောင်းဆု ရယူဖို့ စိတ်ကူးမယဉ်ကြနဲ့ဦး။ သတိထားပါ... ဆုတံဆိပ် ဂုဏ်ထူးဆောင်မှုတွေက ကောင်းပါတယ်၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့က ပိုအရေးကြီးတယ်။ ဒါကြောင့် ကျန်းစန်းချန်နဲ့ တွေ့ရင် ငါတို့ရဲ့တာဝန်က ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဆီ ချက်ချင်း သတင်းပို့ပြီး စစ်ကူကို စောင့်ဆိုင်းဖို့ပဲ"
"လောလောဆယ် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှူး ကျောက်တုန်းလိုင်ရဲ့ ဖုန်းနံပါတ်ကို ငါတို့ Group Chat ထဲကို တင်ပေးလိုက်မယ်။ အရေးကြုံရင် သုံးရအောင် အားလုံး မှတ်ထားကြပါ"
ကျိုးဝေမင်း ကြေညာချက်ကို ပြောကြားပြီးဆုံးသည်နှင့် ရဲတပ်ဖွဲ့ဝင်များအကြား တီးတိုးပြောသံများ ဆူညံသွားခဲ့သည်။
"ကျန်းစန်းချန်က တကယ်ပဲ ငါတို့ အန်းယွမ်ပြည်နယ်ထဲကို လှည့်လည်သွားလာနေတာလား။ ဒီကောင်က သွေးအေးအေးနဲ့ လူသတ်တတ်တဲ့ ရက်စက်လွန်းတဲ့ကောင်ဗျ။ ခြောက်လအတွင်း ပြည်နယ် ခြောက်ခုကို ဖြတ်ကျော်ပြီး ရာဇဝတ်မှု ၁၁ ကြိမ် ကျူးလွန်ခဲ့တာ။ သူ့လက်ချက်နဲ့တင် သေဆုံးရသူ ၁၆ ယောက်ရှိတယ်။ သူသာ ငါတို့ ပြည်နယ်ထဲ တကယ်ရောက်နေရင်တော့ ဒါက တကယ့်ကို သတင်းဆိုးပဲ!"
လျိုဟိုင်ချွမ်က ကျန်းစန်းချန်၏ ဆိုးဝါးလှသော ရာဇဝတ်မှုမှတ်တမ်းများကို ချက်ချင်း ရေရွတ်ပြလိုက်သည်။
ကျန်းဟိုင်ယန်ကလည်း ခေါင်းခါရင်း –
"ဖြစ်နိုင်တယ်... ဒီကောင်က စောင့်ကြည့်ထောက်လှမ်းတာတွေကို ရှောင်ကွင်းနိုင်စွမ်း ရှိသလို ပါးနပ်ပြီး ဖျတ်လတ်တယ်၊ တကယ်ကို အန္တရာယ်ရှိတဲ့ လူတစ်ယောက်ပဲ"
"ဒါကြောင့် ညွှန်ကြားရေးမှူးပြောတာ မှန်တယ်။ အဲ့ဒီကောင်နဲ့ တိုးရင် ပြေးသာပြေး။ အမှုထမ်းကောင်းဆု ရချင်ဇောနဲ့ ဖမ်းဖို့မကြိုးစားနဲ့၊ မဟုတ်ရင် အလကား သေရလိမ့်မယ်"
လျိုဟိုင်ချွမ်က ကိုယ်ချင်းစာစိတ်အပြည့်ဖြင့် ထပ်လောင်းပြောဆိုသည်။
ကျန်းစန်းချန်နှင့် ပတ်သက်၍မူ လော်ဖေးသည် မနေ့က ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သော အဆင့် (A) ရှိ အလိုရှိဆုံး ရာဇဝတ်ကောင် ၂၀ ဦးစာရင်းထဲတွင် သူ့ပုံကို တွေ့ခဲ့ရသည်။ သူသည် အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်ကောင်တစ်ဦး ဖြစ်သည်။ အရပ်အမြင့် ၁၇၅ စင်တီမီတာ၊ ကိုယ်အလေးချိန် ၇၀ ကီလိုဂရမ်ရှိပြီး ကတုံးနှင့်ဖြစ်သည်။ နေရပ်လိပ်စာမှာ - ဆူးပြည်နယ်၊ တီးဂါးဒန်းမြို့၊ ကျင်ရှန်းခရိုင်၊ ဝူဟူမြို့နယ်၊ ထျန်းယွမ်ရပ်ကွက်၊ အဆောက်အဦး (၁၂)၊ အခန်း (၁၃၀) ဖြစ်သည်။
ကျန်းစန်းချန်၏ နောက်ခံသမိုင်းနှင့် ပတ်သက်၍လည်း လော်ဖေးသည် မနေ့ညက တီဗီကြည့်ပြီးနောက် အင်တာနက်တွင် အချက်အလက်အချို့ ရှာဖွေဖတ်ရှုထားခဲ့သည်။ ကျန်းစန်းချန်သည် ယခင်က ကုန်တင်ကားမောင်းသမားတစ်ဦး ဖြစ်ပြီး ကိုယ်ပိုင်ကားတစ်စီး ရှိခဲ့သည်။ ပျိုပျိုမြစ်မြစ်နှင့် လှပသော ဇနီးသည်အပြင် မူလတန်းတက်နေသည့် ဆယ်နှစ်အရွယ် သားလေးတစ်ဦးလည်း ရှိခဲ့သည်။ ကနဦးတွင် ကျန်းစန်းချန်၏ မိသားစုလေးသည် အလွန်ပျော်ရွှင်ဖွယ်ကောင်းသော ဘဝကို ဖြတ်သန်းခဲ့ရသော်လည်း တစ်နေ့တွင် ကံဆိုးမိုးမှောင်ကျမှုများ စတင်ဝင်ရောက်လာခဲ့သည်။
ပထမဦးစွာ ဇနီးဖြစ်သူတွင် ကုသ၍မရနိုင်သော ကင်ဆာရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ဇနီးဖြစ်သူ၏ ခွဲစိတ်ကုသစရိတ်နှင့် ဆေးဝါးဓာတ်ရောင်ခြည်ပြသစရိတ်များ ပေးဆောင်ရန်အတွက် ကျန်းစန်းချန်သည် ၎င်း၏ ကိုယ်ပိုင်ကုန်တင်ကားကို ရောင်းချခဲ့ရပြီး အိမ်ကိုလည်း ပေါင်နှံခဲ့ရသည်။ မနည်းရုန်းကန်လှုပ်ရှားလိုက်ရသဖြင့် ဇနီးဖြစ်သူ၏ ကျန်းမာရေး အနည်းငယ် ပြန်လည်ကောင်းမွန်လာချိန်တွင် ဆယ်နှစ်အရွယ် သားဖြစ်သူမှာ ကျောင်းအသွားတွင် ကားတိုက်ခံရပြီး ယာဉ်တိုက်မှုကျူးလွန်သူမှာ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ သားဖြစ်သူမှာ အချိန်မီ ကုသခွင့်မရရှိခဲ့ဘဲ သွေးလွန်ကာ သေဆုံးသွားခဲ့ရသည်။
သားဖြစ်သူ ဆုံးပါးသွားပြီးနောက် တရွေ့ရွေ့ ပြန်လည်ကောင်းမွန်လာနေသော ဇနီးဖြစ်သူ၏ အခြေအနေမှာလည်း ပိုမိုဆိုးရွားလာပြီး မကြာမီမှာပင် ကွယ်လွန်သွားခဲ့ပြန်သည်။ ထပ်ဆင့်ထပ်ဆင့် ရိုက်ခတ်လာသော သောကလှိုင်းများကြောင့် ကျန်းစန်းချန်သည် ဘဝအပေါ် မျှော်လင့်ချက် လုံးဝပျောက်ဆုံးသွားခဲ့ရသည်။ အစပိုင်းတွင် သူသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြံစည်ခဲ့သော်လည်း ထိုအချိန်တွင် သူ့စိတ်ကူးကို ပြောင်းလဲစေပြီး လမ်းမှားသို့ တစ်သက်လုံး ရောက်ရှိသွားစေမည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုကျူးလွန်ပြီး ထွက်ပြေးသွားသူကို လျင်မြန်စွာ ဖမ်းဆီးရမိပြီး ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ထောင်ဒဏ် ခုနစ်နှစ်သာ ချမှတ်ခံခဲ့ရသည်။ ဤစီရင်ချက်မှာ ကျန်းစန်းချန်အတွက် လက်ခံနိုင်စရာ မရှိခဲ့ပေ။ သူ့စိတ်ထဲတွင် အသက်တစ်ချောင်းကို အသက်တစ်ချောင်းဖြင့်သာ ပြန်လည်ပေးဆပ်ရမည်ဟု ယူဆထားသည်။ ထိုယာဉ်တိုက်မှု ကျူးလွန်သူ ထွက်ပြေးသွားခဲ့ခြင်းကြောင့် သားဖြစ်သူ သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူပါ ဆုံးရှုံးခဲ့ရသဖြင့် ထိုသူသည် အသက်ဖြင့် ပြန်လည်ပေးဆပ်ရမည်ဟု သူ ယုံကြည်သည်။ သူသည် ထိုယာဉ်မောင်းအား ကလဲ့စားချေချင်သော်လည်း ထိုအချိန်တွင် ထိုသူမှာ ထောင်ကျနေပြီဖြစ်သဖြင့် ထောင်ထဲသို့ဝင်၍ သတ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးစနစ်တစ်ခုလုံးအပေါ် အမုန်းတရားများ ပုံချလိုက်ပြီး ဥပဒေ၏ ပျော့ကွက်ညှာတာမှုများကြောင့်သာ သေထိုက်သည့် ထိုယာဉ်မောင်းမှာ အသက်ရှင်ခွင့်ရနေသည်ဟု ယူဆခဲ့သည်။ ထိုအချက်ကြောင့်ပင် သူသည် ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးစနစ်အပေါ် မိမိနည်းမိမိဟန်ဖြင့် လက်တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့တော့သည်။
"မင်းတို့က ပြည်သူတွေကို ကာကွယ်ပေးရမယ် ဟုတ်လား။ မင်းတို့က သနားညှာတာမှု ပြရမယ် ဟုတ်လား။ ဒါဆို ငါ လှည့်ပတ်ပြီး လူသတ်ပြမယ်၊ မင်းတို့ ဘယ်လိုကာကွယ်မလဲ ကြည့်ရသေးတာပေါ့။ မင်းတို့ မညှာတာသင့်တဲ့လူကို ညှာတာခဲ့မိလို့ အသက်ပေါင်းများစွာ စတေးလိုက်ရတာကို နောင်တရစေရမယ်။ မင်းတို့ အပြစ်ရှိသလို ခံစားရသလား ကြည့်ကြသေးတာပေါ့"
ကျန်းစန်းချန်၏ စိတ်ဓာတ်မှာ လုံးဝ ပုံပျက်ပန်းပျက် ပျက်စီးသွားခဲ့ပြီဟု ပြောနိုင်သည်။
ကျန်းစန်းချန်တစ်ယောက် အန်းယွမ်ပြည်နယ်ထဲသို့ ထွက်ပြေးလာလိမ့်မည်ဟု လော်ဖေး မထင်ထားခဲ့မိပေ။ ညွှန်ကြားရေးမှူး ကျိုးဝေမင်းက သေချာရေရာမှုမရှိဘဲ ဖြစ်နိုင်ခြေများကြောင်းသာ ပြောသွားခဲ့သော်လည်း လော်ဖေးကမူ ကျိုးဝေမင်းရရှိသည့် သတင်းသည် ပြည်နယ်ရဲတပ်ဖွဲ့မှ လာခြင်းဖြစ်သဖြင့် ဤသို့ပြောခြင်းမှာ အကြောင်းရင်း တစ်ခုခု ရှိရမည်ဟု တွေးမိသည်။ ကျန်းစန်းချန်သည် အန်းယွမ်ပြည်နယ်ထဲသို့ ရောက်ရှိနေလောက်ပြီဟု လော်ဖေး ခန့်မှန်းမိသည်။ သို့သော် သူသည် အန်းယွမ်ပြည်နယ်တွင် လူလုံးမပြသေးခြင်း ဖြစ်နိုင်သလို ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့်လည်း လူထုထိတ်လန့်မှုကို မဖြစ်စေချင်သဖြင့် အတိအကျ မထုတ်ပြန်သေးခြင်းလည်း ဖြစ်နိုင်သည်။
"တကယ်လို့ ကျန်းစန်းချန်ကို ဖမ်းမိရင် စနစ်က ရွှေဒင်္ဂါးတွေ အများကြီး ဆုချမှာလားဟင်"
လော်ဖေးတစ်ယောက် စိတ်ကူးယဉ်ဆန်ဆန် တွေးတောမိသော်လည်း ၎င်းမှာ စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ သူ၏ ဖမ်းဆီးနိုင်စွမ်းထက် ကျန်းစန်းချန်နှင့် လမ်းတွင် ထိပ်တိုက်တိုးနိုင်မည့် အခွင့်အလမ်းမှာ ထီသိန်းငါးဆယ် ပေါက်နိုင်ခြေထက်ပင် ပိုမနည်းကြောင်း လော်ဖေး ကိုယ့်ကိုယ်ကိုယ် ခန့်မှန်းမိလေတော့သည်။