အခန်း ၁၉ - တရားဝင်ရဲအရာရှိဖြစ်လာခြင်း
“ဒါကတော့ ထန်ဟူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုလုံးရဲ့ အကြောင်းရင်းနဲ့ ဖြစ်စဉ်ပဲ”
ညွှန်ကြားရေးမှူး ကျိုးဝေမင်းက သက်ပြင်းချရင်း ပြောလိုက်ပါတယ်။ သူက ကျန်တဲ့သူသုံးယောက်ကို လှမ်းကြည့်လိုက်တဲ့အခါ လော်ဖေးတို့တစ်စုက သူ့စကားကို နားထောင်ရင်း ထမင်းကို အငမ်းမရ စားနေကြတာ ဟင်းတွေတောင် ပြောင်သလောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။
“မင်းတို့ကတော့ ထမင်းပဲ ငတ်နေကြတာလား” ကျိုးဝေမင်းလည်း ဆက်ပြီး ရှင်းမပြတော့ဘဲ ကိုယ်တိုင်ပဲ ဝင်စားပါတော့တယ်။ ထမင်းစားပြီးတဲ့နောက် မွန်းလွဲ ၁ နာရီမှာ ရဲစခန်းကို ပြန်ရောက်လာကြပါတယ်။ စခန်းက အလုပ်ချိန်က ၂ နာရီခွဲမှ စတာဖြစ်လို့ ကျန်းဟိုင်ယန်နဲ့ လျိုဟိုင်ချွမ်တို့ကတော့ ထိုင်ခုံတွေပေါ်မှာ လှဲအိပ်နေကြပြီလေ။ လော်ဖေးကတော့ လက်ဖက်ရည်တစ်ခွက် ဖျော်ပြီး စာဖတ်ရင်း သောက်ဖို့ ပြင်လိုက်ပါတယ်။ ဒီဘဝကို ကူးပြောင်းလာကတည်းက သူ့မှာ နေ့လယ်ဘက် အိပ်စက်တတ်တဲ့ အလေ့အကျင့် မရှိတော့ပါဘူး။
“တင်း... နဂါးမြည်းချောင်း လုယက်မှုအား ဖြေရှင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အိမ်ရှင်သည် ရွှေဒင်္ဂါး ၁၀၀၀ ရရှိပါသည်” လို့ စနစ် က ကြေညာလိုက်ပါတယ်။ လော်ဖေးရဲ့ မျက်နှာမှာ ဝမ်းသာပီတိတွေ လွှမ်းသွားပါတယ်။
မျိုးဗီဇပေါင်းစပ်ခြင်း စနစ်
အိမ်ရှင် - လော်ဖေး
လိင် - ကျား
အသက် - ၂၃ နှစ်
ပေါင်းစပ်ထားသည့် မျိုးဗီဇ - ရဲခွေးအနံ့ခံမျိုးဗီဇ၊ ဂေါ်ရီလာခွန်အားမျိုးဗီဇ
ရွှေဒင်္ဂါး - ၂၀၀၀
မျိုးဗီဇအရောင်းဆိုင် - အာဖရိက ဟိုင်းအီးနား ဇွဲနပဲမျိုးဗီဇ (ဒင်္ဂါး ၂၀၀၀)၊ ဓားခုတ်ကောင် (Mantis) တုန့်ပြန်မှုမျိုးဗီဇ (ဒင်္ဂါး ၂၀၀၀)၊ မျောက်သွက်လက်မှုမျိုးဗီဇ (ဒင်္ဂါး ၂၀၀၀)၊ သိန်းငှက်မျက်စိမျိုးဗီဇ (ဒင်္ဂါး ၂၀၀၀)၊ မြွေဟောက်အနီအောက်ရောင်ခြည်ပုံရိပ်ဖော်မျိုးဗီဇ (ဒင်္ဂါး ၂၀၀၀)၊ ဂေါ်ရီလာခွန်အားမျိုးဗီဇ (ဒင်္ဂါး ၂၀၀၀)၊ ပုရွက်ဆိတ်ခွန်အားမျိုးဗီဇ (ဒင်္ဂါး ၅၀၀၀)၊ ကျားသစ်အမြန်နှုန်းမျိုးဗီဇ (ဒင်္ဂါး ၃၀၀၀).......
“ရွှေဒင်္ဂါး ၂၀၀၀ ရပြီဆိုပေမဲ့ မလောက်သေးဘူးပဲ၊ နောက်ထပ် ၁၀၀၀ ထပ်လိုသေးတယ်” လို့ လော်ဖေးက သူ့ဘာသာသူ တွေးလိုက်ပါတယ်။ သူက နောက်ထပ်ပေါင်းစပ်မယ့် မျိုးဗီဇကို ရွေးချယ်ပြီးသားဖြစ်ပြီး အဲဒါက ဒင်္ဂါး ၃၀၀၀ တောင် ပေးရတာပါ။ ဈေးကြီးတယ်ဆိုပေမဲ့ နောက်တစ်ခါ ပေါင်းစပ်မှုကနေ ရလာမယ့် အကျိုးကျေးဇူးတွေကို တွေးကြည့်ရင် ဒင်္ဂါး ၃၀၀၀ ဆိုတာ တန်ပါတယ်။
မွန်းလွဲပိုင်းမှာ လုပ်စရာ ထွေထွေထူးထူး မရှိတာကြောင့် လော်ဖေးတစ်ယောက် ရုံးဆင်းချိန်အထိ စာပဲ ထိုင်ဖတ်နေလိုက်ပါတယ်။ သက်သေခံအထောက်အထားဥပဒေနဲ့ ပတ်သက်တာတွေကို ဖတ်လို့ ပြီးသလောက် ရှိနေပါပြီ။ ဒါပေမဲ့ ဖတ်ပြီးသွားတာနဲ့ အကုန်အလွတ်ရတာကတော့ တစ်ခြားစီပေါ့။ ဒီဥပဒေကို အကုန်လုံး အလွတ်ရပြီး ပြန်အသုံးချနိုင်ဖို့ဆိုရင် သုံးလ၊ လေးလလောက်တော့ အချိန်ယူရမယ်လို့ လော်ဖေး ခန့်မှန်းထားပါတယ်။
တနင်္လာနေ့မှာတော့ လော်ဖေးက စခန်းကို ပထမဆုံး ရောက်တဲ့သူ မဟုတ်တော့ပါဘူး။ ဝူဝေ၊ ကျောက်လဲ့နဲ့ ကျန်းရှောင်ရှောင်တို့ ရောက်နှင့်နေကြပြီလေ။
“အရှင်သခင်... ကျွန်တော့်ရဲ့ အရိုအသေကို ခံယူတော်မူပါ” လော်ဖေး ရုံးခန်းထဲ ဝင်လာတာနဲ့ ဝူဝေက ရှေ့ကိုပြေးထွက်လာပြီး ဒူးထောက်တော့မယ့် ပုံစံမျိုးနဲ့ ကြိုဆိုပါတယ်။ ဘေးနားမှာ ရပ်နေတဲ့ ကျန်းရှောင်ရှောင်ကတော့ မျက်လုံးလှန်ကြည့်ရင်း -
“ဝူဝေ... မင်း လူလိုသူလို မနေတတ်ဘူးလား”
ဝူဝေက ကျန်းရှောင်ရှောင်ဘက် ချက်ချင်းလှည့်ပြီး “ငါက လူလိုသူလို မနေလို့လား။ ငါကမှ မူမမှန်တာလား။ တကယ် မူမမှန်တာက လော်ဖေးလေ၊ မဟုတ်ဘူးလား” လို့ ပြောပြီး လော်ဖေးဘက် ပြန်လှည့်လိုက်ပါတယ်။ “လော်ဖေး... မင်းကတော့ တကယ်ကို... မယုံနိုင်စရာပဲကွာ။ ဘယ်လိုတောင် ဒီလောက် ထူးချွန်နေရတာလဲ။ မင်းက အရမ်းတော်လွန်းနေတော့ မင်းနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်ရမှာတောင် ငါ ကြောက်လာပြီ။ မင်းလိုလူနဲ့ အလုပ်တူတူလုပ်ရတာက နေ့တိုင်းဟာ အံ့သြစရာတွေရော၊ ရှုံးနိမ့်မှုတွေရောနဲ့ ပြည့်နေသလိုပဲ”
ဝူဝေရဲ့ ချဲ့ကားလွန်းတဲ့ အမူအရာကို ကြည့်ပြီး သူတို့ မနေ့ကကိစ္စကို သိသွားပြီဆိုတာ လော်ဖေး ရိပ်မိလိုက်ပါတယ်။ ထင်တဲ့အတိုင်းပါပဲ -
ခဏအကြာမှာ ကျန်းရှောင်ရှောင်က သိလိုစိတ်နဲ့ “လော်ဖေး... မနေ့က မင်း နှာခေါင်းနဲ့ပဲ လုယက်တဲ့သူကို ဖမ်းခဲ့တာဆိုတာ ငါ့ဆရာဆီက ကြားတယ်။ အဲဒါ တကယ်လား။ မင်းနှာခေါင်းက တကယ်ပဲ အဲဒီလောက် အာရုံခံနိုင်တာလား” လို့ မေးပါတယ်။
လော်ဖေးက ခေါင်းညိတ်ရင်း “ဖမ်းတာထက် ရှာတွေ့ခဲ့တာလို့ ပြောရင် ပိုမှန်လိမ့်မယ်”
“လော်ဖေးရဲ့ နှာခေါင်းကတော့ တကယ်ကိုပဲ။ အလောင်းပုပ်နံ့ကို သိရုံတင်မကဘဲ ဂူယိုကော်ရဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်၊ မနေ့ကလည်း လုယက်တဲ့သူကို ခြေရာခံနိုင်ခဲ့သေးတယ်။ ရဲစခန်းရောက်တာ တစ်လတောင် မပြည့်သေးဘူး၊ နှစ်ခါတောင် အောင်မြင်မှုတွေ ရခဲ့ပြီ။ လော်ဖေး... မင်းနှာခေါင်းကတော့ ဂုဏ်ပြုထိုက်တယ်၊ သေသေချာချာ ဂရုစိုက်ထားဦး” လို့ ဝူဝေက မနာလိုသလိုလိုနဲ့ ပြောပါတယ်။
ကျန်းရှောင်ရှောင်ကလည်း ခေါင်းညိတ်ပြီး “ဒီနှာခေါင်းကတော့ တကယ်ပဲ ဂုဏ်ပြုခံရသင့်တာ။ နောင်ကျရင် လော်ဖေးတစ်ယောက် ဒီနှာခေါင်းကိုပဲ အားကိုးပြီး ရာထူးတက်၊ ချမ်းသာလာမလား မသိဘူးနော်”
ကျောက်လဲ့ကတော့ သူ့စားပွဲမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပြီး လော်ဖေးတို့ရဲ့ စကားဝိုင်းထဲကို ဝင်မပါသလို ဘာမှလည်း မပြောပါဘူး။
၈ နာရီခွဲမှာတော့ ကျိုးဝေမင်း ရုံးခန်းထဲ ရောက်လာပြီး ကြေညာစရာ တစ်ခုရှိတာကြောင့် အားလုံးကို အစည်းအဝေးခန်းထဲမှာ စုဝေးဖို့ ပြောပါတယ်။ လော်ဖေးရဲ့ စိတ်ထင်လို့လားတော့ မသိဘူး၊ ကျိုးဝေမင်းက ‘ကြေညာစရာရှိတယ်’ လို့ ပြောတဲ့အချိန်မှာ သူ့ကို အဓိပ္ပာယ်ပါပါနဲ့ လှမ်းကြည့်သွားသလိုပါပဲ။
အစည်းအဝေးခန်းထဲမှာ ရဲစခန်းက လုပ်ဖော်ကိုင်ဖက်တွေ အကုန် ရောက်နေကြပါတယ်။
“အားလုံးလည်း သိကြတဲ့အတိုင်းပါပဲ၊ မနေ့ညက နဂါးမြည်းချောင်းဘက်မှာ လုယက်မှုတစ်ခု ဖြစ်ခဲ့တယ်။ အသက်မွေးဝမ်းကျောင်း အထက်တန်းကျောင်းက ကျောင်းသားနှစ်ယောက်က အထက်တန်းကျောင်းက ဆရာမတစ်ယောက်ကို လုယက်ခဲ့တာပါ။ ဒါပေမဲ့ ထူးခြားတာက အဲဒီအမှုကို မနေ့ညကတင် အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့ပြီး လုယက်သူနှစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့သလို ဆရာမရဲ့ ပစ္စည်းတွေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီအမှုကို အမြန်ဆုံး ဖြေရှင်းနိုင်ခဲ့တာကတော့ ကျွန်တော်တို့ဆီကို အသစ်ရောက်လာတဲ့ အစမ်းခန့်ဝန်ထမ်း လော်ဖေးကြောင့်ပါပဲ။ ရဲဘော်လော်ဖေးသာ မရှိရင် ဒီအမှုကို ဒီလောက်မြန်မြန် ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး”
“ရဲဘော်လော်ဖေးက အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ပြီး ကျွန်တော်တို့ဆီ ရောက်လာတာကို အားလုံး သိကြမှာပါ။ သူ ရောက်လာကတည်းက ရရှိခဲ့တဲ့ အောင်မြင်မှုတွေကိုလည်း အားလုံး အမြင်ပဲလေ။ သဲလွန်စအသေးအမွှားလေးကနေ ဂူယိုကော်ရဲ့ လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်၊ တုံ... အော်ကစ်ရပ်ကွက် လူသတ်မှုကိုလည်း အမြန်ဆုံး ဖော်ထုတ်နိုင်ခဲ့တာက လော်ဖေးရဲ့ ပါဝင်ကူညီမှုကြောင့်ပါပဲ။ ရာဇဝတ်မှုနှိမ်နင်းရေး တပ်ဖွဲ့မှူး ကျောက်တုန်းလိုင်ကိုယ်တိုင်တောင် ဖုန်းဆက်ပြီး ကျေးဇူးတင်စကား ပြောခဲ့ရတဲ့အထိပဲ”
“ဒါ့အပြင် ရဲဘော်လော်ဖေးရဲ့ နေ့စဉ်အလုပ်အပေါ် ထားရှိတဲ့ စိတ်အားထက်သန်မှုနဲ့ သင်ယူလိုစိတ်ကလည်း အားလုံးအတွက် ထင်ရှားပါတယ်။ သူက မနက်တိုင်း အစောဆုံး ရောက်လာတတ်ပြီး ရုံးခန်းထဲ ရောက်တာနဲ့ စာစဖတ်တော့တာပဲ။ သူ့ရဲ့ အတတ်ပညာပိုင်းဆိုင်ရာမှာ လိုအပ်ချက်ရှိနေတာကို သူကိုယ်တိုင် သိနားလည်ပြီး သင်ယူဖို့ အခွင့်အရေးကို လက်လွတ်မခံပါဘူး။ ရဲဘော်လော်ဖေးဟာ ဒီနေရာမှာရှိနေတဲ့ အားလုံးအတွက် စံနမူနာကောင်း တစ်ယောက်လို့ ပြောလို့ရပါတယ်”
“ဒါကြောင့်မို့လို့ ကျွန်တော်တို့ ဆုန်းရှင်းမြို့နယ် ရဲစခန်းပါတီခွဲရဲ့ ဆုံးဖြတ်ချက်အရ ရဲဘော်လော်ဖေးရဲ့ တစ်နှစ်တာ အစမ်းခန့်ကာလကို စောစီးစွာ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီနေ့ကစပြီး ရဲဘော်လော်ဖေးဟာ ကျွန်တော်တို့ ဆုန်းရှင်းမြို့နယ် ရဲစခန်းရဲ့ တရားဝင် ‘ပြည်သူ့ရဲအရာရှိ’ တစ်ယောက် ဖြစ်လာပါပြီ” ဟု ကျိုးဝေမင်းက လော်ဖေးကို ကြည့်ရင်း ပြောလိုက်ပါတယ်။ “လော်ဖေး... ရှေ့ကို လာခဲ့ပါဦး”
လော်ဖေးဟာ သူ အတည်ပြုခန့်အပ်ခံရဖို့ စောနိုင်တယ်လို့ တွေးထားဖူးပေမဲ့ ဒီနေ့မှာပဲ ဒီလောက် ရုတ်တရက်ကြီး ဖြစ်လာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ပြန်စဉ်းစားကြည့်ရင် ကျိုးဝေမင်းက သူ့ကို ချီးကျူးတာ နည်းနည်းတော့ ပိုသလိုရှိပေမဲ့ ကျိုးဝေမင်း ခေါ်လိုက်တာကြောင့် လော်ဖေး ချက်ချင်းပဲ ရှေ့ကို ထွက်လာခဲ့ပါတယ်။
ကျိုးဝေမင်းက လော်ဖေးကို ရဲဝတ်စုံအသစ်တစ်စုံ ပေးလိုက်ပါတယ်။ ပခုံးတံဆိပ်မှာတော့ မျဉ်းတစ်ကြောင်းနဲ့ ကြယ်တစ်ပွင့် ပါရှိပါတယ်။ အရင်က အစမ်းခန့်ဝန်ထမ်းဘဝမှာတော့ လော်ဖေးရဲ့ ပခုံးတံဆိပ်မှာ ကြယ်မပါပါဘူး။ ကျိုးဝေမင်းက လော်ဖေးကို အဝတ်အစား ချက်ချင်းလဲခိုင်းပါတယ်။
လော်ဖေး ဝတ်စုံလဲပြီးတဲ့နောက် ကျိုးဝေမင်းက အားလုံးကို စကားပြောဖို့ လော်ဖေးကို ဖိတ်ခေါ်ပါတယ်။ လော်ဖေးကတော့ ဒါဟာ သာမန်အတည်ပြုခန့်အပ်တဲ့ကိစ္စပဲ၊ ဘာမှ ထူးထူးခြားခြား မဟုတ်ဘူးလို့ တွေးနေမိသလို ကြိုတင်အသိပေးတာလည်း မရှိတော့ နည်းနည်းတော့ အခက်တွေ့နေပါတယ်။ ဒါပေမဲ့ ကျိုးဝေမင်းရဲ့ အားပေးတဲ့ မျက်နှာပေးကို ကြည့်ပြီး လော်ဖေးကတော့ အကျဉ်းချုံးပဲ စကားပြောလိုက်ပါတယ်။ အဓိကကတော့ ခေါင်းဆောင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဆုန်းရှင်းမြို့နယ် ရဲစခန်းက အခွင့်အရေးပေးတာကို ကျေးဇူးတင်ကြောင်း၊ ဆက်လက်ပြီး ကြိုးစားလုပ်ကိုင်သွားမှာဖြစ်ပြီး ပါတီ၊ ပြည်သူနဲ့ သူဝတ်ဆင်ထားတဲ့ ဝတ်စုံအပေါ်မှာ သစ္စာရှိသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လော်ဖေးကိုယ်တိုင်တောင် သူ့စကားကို သူပြန်နားထောင်ရင်း နည်းနည်းတော့ အနေရခက်နေသလို ခံစားရတာကြောင့် မြန်မြန်ပဲ ပြန်ဆင်းလာခဲ့ပါတယ်။
ကျိုးဝေမင်းက လက်ခုပ်တီးပြီး အစပြုလိုက်တဲ့အခါ အားလုံးက လိုက်တီးကြပါတယ်။ လက်ခုပ်သံတွေ ငြိမ်သွားတဲ့အခါမှာတော့ ကျိုးဝေမင်းက တခြားအစမ်းခန့်ဝန်ထမ်းတွေကိုလည်း လော်ဖေးဆီကနေ သင်ယူပြီး အတည်ပြုခန့်အပ်ခံရဖို့ ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ နောက်ဆုံး နာရီဝက်လောက် ကြာပြီးတဲ့နောက်မှာတော့ အစည်းအဝေး ပြီးဆုံးသွားပါတော့တယ်။