အခန်း ၁၅ - လမ်းပေါ်မှ လုယက်မှု
အိမ်ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့်အလုပ်မှာ မွန်းတည့်ချိန်က ရဲစခန်းမှ ထုတ်ပေးလိုက်သော ငွေသုံးထောင်ကို ဝူယန့်အား ပေးအပ်ခြင်းပင် ဖြစ်သည်။ လော်ဖေးထံမှ ထိုငွေမှာ စခန်းမှချီးမြှင့်သည့် ဆုကြေးငွေဖြစ်ကြောင်း ကြားသိရသောအခါ ဝူယန့်မှာ ပြုံးပျော်ရွှင်မြူးကာ ငွေများကို လက်ခံယူလေသည်။ အိမ်ကြည့်ရမည့်အချိန် နီးကပ်လာပြီဖြစ်သောကြောင့် လော်ဖေးနှင့် ဝူယန့်တို့သည် ဟုန်ထျန်ပါးသို့ ထွက်လာခဲ့ကြရာ ကျန်းဟိုင်ယန်၏ ဇနီးနှင့် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ကျန်းချန့်နှင့် ဆုံတွေ့ကြသည်။ ကျန်းချန့်မှာ အသက်လေးဆယ်ဝန်းကျင်ရှိ ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ မိတ်ဆက်စကား အနည်းငယ်ပြောပြီးနောက် ကျန်းချန့်က လော်ဖေးနှင့် ဝူယန့်တို့ကို အိမ်လိုက်ပြလေသည်။
ထိုအိမ်မှာ မြို့ပေါ်တွင်မဟုတ်ဘဲ ဟုန်ထျန်ပါးတွင် တည်ရှိသည်။ ကျန်းချန့်၏ ပြောပြချက်အရ အိမ်ပိုင်ရှင်မှာ သားဖြစ်သူ ကျောင်းပြီးလျှင် နေထိုင်ရန်အတွက် ဝယ်ယူထားသော သက်ကြီးလင်မယားနှစ်ဦး ဖြစ်သည်။ သို့သော် သားဖြစ်သူမှာ ကျောင်းပြီးသောအခါ တခြားမြို့တွင် အလုပ်ရ၍ အခြေချအိမ်ထောင်ကျသွားသဖြင့် ဇနီးမောင်နှံနှစ်ဦးက အိမ်ကို ငှားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အိမ်မှာ အိပ်ခန်းလေးခန်း၊ ဧည့်ခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်း ပါဝင်ကာ အတော်အတန် ကျယ်ဝန်းလှသည်။ အိမ်အတွင်းပိုင်း ပြင်ဆင်မှုမှာလည်း လက်ရာမြောက်လှသလို အိမ်သုံးလျှပ်စစ်ပစ္စည်းများလည်း အစုံအလင် ပါရှိသောကြောင့် ဘာမှထပ်ဝယ်ရန် မလိုတော့ပေ။ ဝူယန့်မှာ အိမ်ဈေးနှုန်း အနည်းငယ်ကြီးသည်မှလွဲ၍ ကျန်သည့်အချက်များအားလုံးကို အလွန်သဘောကျနေသည်။ လော်ဖေးကိုယ်တိုင်လည်း ဤမျှ သင့်တင့်သောဈေးနှင့် ဤသို့အဆင်ပြေသည့်နေရာမျိုး ထပ်ရှာရန် မလွယ်ကူကြောင်း တွေးမိကာ ငှားရန် ဆုံးဖြတ်လိုက်သည်။
လော်ဖေးသည် ဝူယန့်အား နားဝင်အောင် ဖျောင်းဖျပြောဆိုပြီးနောက် ကျန်းချန့်နှင့် ဈေးဆစ်ကာ နောက်ဆုံးတွင် တစ်လလျှင် ၁၁၅၀ ယွမ်ဖြင့် ငှားရမ်းရန် သဘောတူညီမှု ရသွားသည်။ သို့သော် အိမ်လခ ခြောက်လစာကို ကြိုတင်ပေးချေရမည်ဖြစ်သည်။ နောက်နောင်တွင် အိမ်ထပ်ရှာရ၊ အိမ်ပြောင်းရသည့် ဒုက္ခများမှ ကင်းဝေးစေရန် ရေရှည်ငှားရမ်းလိုသော လော်ဖေးနှင့် ဝူယန့်တို့အတွက်မူ ၎င်းမှာ ပြဿနာမဟုတ်ပေ။ ချက်ချင်းပင် စာချုပ်ချုပ်ဆိုကာ ခြောက်လစာ အိမ်လခ ပေးချေလိုက်ကြသည်။ ကျန်းချန့်က လော်ဖေးထံ သော့များ အပ်နှံလိုက်သဖြင့် အိမ်ငှားခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားပြီး အထုပ်အပိုးရွှေ့ရန်သာ ကျန်တော့သည်။ ကံကောင်းထောက်မစွာဖြင့် နောက်တစ်နေ့မှာ စနေနေ့ ဖြစ်သည်။ လော်ဖေးမှာ အလုပ်ပိတ်ရက်ဖြစ်သဖြင့် ထိုစနေနေ့တွင်ပင် အိမ်ပြောင်းရန် ဝူယန့်နှင့် တိုင်ပင်ကာ ဆုံးဖြတ်လိုက်ကြသည်။
အစပိုင်းတွင် အိမ်ပြောင်းရွှေ့ရေးဝန်ဆောင်မှု လုပ်ငန်းကို ငှားရန် စဉ်းစားခဲ့သော်လည်း ဈေးနှုန်းများမှာ အလွန်အမင်း မြင့်မားနေသောကြောင့် ငွေကုန်ကြေးကျ သက်သာစေရန် လော်ဖေးတို့ သားအမိနှစ်ဦးက ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ ထို့နောက် လော်ဖေးသည် ဝူဝေ၏ ပစ်ကပ်ကားကို ခေတ္တချေးယူလိုက်သည်။ အိမ်ပြောင်းမည့်အကြောင်း သိရှိသွားသောအခါ ဝူဝေက ကူညီပေးရန် ကမ်းလှမ်းသလို၊ ဒုတိယမြောက် ဒေါ်လေးဖြစ်သူကလည်း အလုပ်မှ ခွင့်ယူကာ ကူညီရန် စိတ်အားထက်သန်နေသည်။ ထို့ကြောင့် စနေနေ့တွင် လော်ဖေး၊ လော်ဟောက်နှင့် လော်ရှောင်ရှောင်တို့က ပစ္စည်းများ သယ်ယူပို့ဆောင်ကြပြီး ဝူယန့်နှင့် ဒေါ်လေးတို့က ပစ္စည်းများ စီစဉ်သိမ်းဆည်းကြသည်။ ဝူဝေက ပစ်ကပ်ကားကို မောင်းနှင်ပေးကာ အိမ်ပြောင်းခြင်း မဟာစစ်ဆင်ရေးကြီး စတင်လေတော့သည်။
ဘိလပ်မြေစက်ရုံဟောင်းမှ ပစ္စည်းများအားလုံး သယ်ယူပြီးစီး၍ အိမ်သစ်တွင် နေရာတကျ စီစဉ်ပြီးသောအခါ ညနေ ၄ နာရီပင် ထိုးနေပြီဖြစ်သည်။ အိမ်တက်အထိမ်းအမှတ်အဖြစ် ညစာကို ဟော့ပေါ့စားကြရာ တစ်ဦးလျှင် ယွမ်ရှစ်ဆယ်ကျော် ကျသင့်ပြီး စုစုပေါင်း ယွမ်ခြောက်ရာကျော် ကုန်ကျသည်။ ဟော့ပေါ့ဆိုင်တွင် ရှိစဉ်က ဝူယန့်တစ်ယောက် ဘာမှမပြောသော်လည်း အိမ်ပြန်ရောက်သောအခါ ဈေးကြီးလွန်းလှသည်ဟု ညည်းညူကာ ထိုဆိုင်သို့ နောက်ဘယ်တော့မှ မသွားတော့ဟု ကျိန်ဆိုနေတော့သည်။ အိမ်သစ်တွင် လော်ဟောက်နှင့် လော်ရှောင်ရှောင်တို့မှာလည်း ကိုယ်ပိုင်အခန်း တစ်ခန်းစီ ရသွားသဖြင့် အတိုင်းမသိ ဝမ်းသာနေကြကာ အိမ်ပြောင်းစဉ်ကလည်း အားတက်သရော ကူညီခဲ့ကြသည်။
ည ၉ နာရီအချိန်တွင် လော်ဖေးသည် ကုတင်ပေါ်၌ လှဲလျောင်းရင်း "ရာဇ၀တ်မှုဆိုင်ရာ စိတ်ပညာလေ့လာချက်" အမည်ရှိ စာအုပ်ကို ဖတ်ရှုနေသည်။ ထိုစဉ် ဖုန်းမြည်လာသဖြင့် ကြည့်လိုက်ရာ သူ၏ ဆရာဖြစ်သူ ကျန်းဟိုင်ယန်ဆီမှ ဖြစ်နေသည်။ လော်ဖေးမှာ ဆရာဖြစ်သူက ယခုလိုအချိန်မျိုးတွင် ဖုန်းဆက်သဖြင့် တစ်ခုခုဖြစ်ပြီလားဟု စူးစမ်းမိသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပထမအလယ်တန်းကျောင်းအနီးရှိ (Dragon Beard Creek) နားတွင် လုယက်မှုတစ်ခု ဖြစ်ပွားသဖြင့် ချက်ချင်းလာခဲ့ရန် ကျန်းဟိုင်ယန်က ဖုန်းဆက်ခေါ်ခြင်း ဖြစ်သည်။ လော်ဖေးသည် စာအုပ်ကို အမြန်ချ၊ ဖိနပ်စီးကာ ဧည့်ခန်းထဲတွင် အလုပ်ရှုပ်နေဆဲဖြစ်သော ဝူယန့်အား အကျိုးအကြောင်း ပြောပြပြီး ဒရဂွန်ဘုန်းခရိသို့ တက္ကစီဖြင့် ထွက်လာခဲ့သည်။
လော်ဖေး ရောက်ရှိသွားချိန်တွင် ကျန်းဟိုင်ယန်၊ အရာရှိကျိုး (ညွှန်ကြားရေးမှူး ကျိုးဝေမင်း) နှင့် ဝူဝေတို့မှာ အခင်းဖြစ်ပွားရာနေရာသို့ ရောက်နှင့်နေပြီဖြစ်ပြီး ဘေးတွင်လည်း ဝိုင်းအုံကြည့်ရှုနေသူအချို့ ရှိနေသည်။ ကျန်းဟိုင်ယန်သည် အသက်နှစ်ဆယ်ဝန်းကျင်၊ ဆံပင်ဖရိုဖရဲနှင့် ခေတ်မီမီဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို စစ်မေးနေသည်။ သူမမှာ လုယက်ခံရသူ ဖြစ်ဟန်တူသည်။
"မစ္စကျိုး... အလုခံရတဲ့ အိတ်ထဲမှာ ဘာတွေပါလဲဗျ။ အဖိုးတန်ပစ္စည်းတွေကော ပါလား" ဟု ကျိုးဝေမင်းက မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ရင်း မေးမြန်းလိုက်သည်။
"ငွေသား တစ်ထောင်ယွမ်ရယ်၊ Apple ဖုန်းတစ်လုံး၊ နှုတ်ခမ်းနီတစ်ချောင်းနဲ့ နေလောင်ကာ စပရေးတစ်ဘူး ပါပါတယ်" ဟု ထိုအမျိုးသမီးက တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေသည်။
"မစ္စကျိုး... အိတ်လုသွားတဲ့ လူငယ်နှစ်ယောက်ကို ပြန်တွေ့ရင် မှတ်မိနိုင်မလား" ဟု ကျိုးဝေမင်းက ထပ်မေးသည်။
"သူတို့က အိတ်ကို လုပြီးတာနဲ့ ချက်ချင်းထွက်ပြေးသွားတာ။ ပြီးတော့ ဒီနေရာကလည်း တော်တော်မှောင်နေတော့ သူတို့မျက်နှာကို သေချာမမြင်လိုက်ရဘူး" ဟု သူမက ပြန်ပြောသည်။
ထိုစကားကို ကြားသောအခါ ကျိုးဝေမင်း မျက်မှောင်ကြုတ်သွားသည်။ ထိုအချိန်တွင် လော်ဖေးသည် ဝူဝေထံမှ အခြေအနေအရပ်ရပ်ကို သိရှိသွားပြီဖြစ်သည်။ ထိုအမျိုးသမီးမှာ အလယ်တန်းကျောင်းမှ ဆရာမတစ်ဦးဖြစ်ပြီး ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် မာဂျောင်ကစားပြီးအပြန်E-bikeကို စီးလာစဉ် လမ်းထောင့်တစ်ခုမှ လူတစ်ယောက် ရုတ်တရက် ခုန်ထွက်လာသဖြင့် လန့်သွားခြင်းဖြစ်သည်။ သူမလည်း ဘရိတ်ကို ချက်ချင်းအုပ်ကာ ထိုလူကို ဆူပူကြိမ်းမောင်းရန် ပြင်လိုက်စဉ် နောက်ကွယ်မှ နောက်ထပ်လူတစ်ယောက် ခုန်ထွက်လာပြီး သူမ၏အိတ်ကို လုယူကာ လမ်းကြားလေးတစ်ခုထဲသို့ ထွက်ပြေးသွားကြသည်။ သူမ လိုက်လံဖမ်းဆီးလိုသော်လည်း လူနှစ်ယောက်ဖြစ်နေသဖြင့် တုံ့ဆိုင်းနေစဉ်မှာပင် ထိုသူများ မျက်ခြေပြတ်သွားသောကြောင့် ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။ အရာရှိကျိုးနှင့် အဖွဲ့ ရောက်လာချိန်တွင် လျိုဟိုင်ချွမ်နှင့် ကျန်းတာတို့မှာ လုယက်သူများ ထွက်ပြေးသွားသည့် ဘက်သို့ လိုက်လံစုံစမ်းရန် ထွက်သွားကြပြီ ဖြစ်သည်။
လုယက်မှုဖြစ်ပွားသည့်နေရာမှာ အကွေ့လမ်းထောင့်ဖြစ်၍ လူမျက်ကွယ်ရာဖြစ်နေကြောင်း လော်ဖေး သတိပြုမိသည်။ လမ်းမီးတိုင်များ ရှိသော်လည်း အလင်းရောင်မှာ မှိန်ဖျော့လှသဖြင့် အနီးကပ်မကြည့်လျှင် မျက်နှာကို မြင်နိုင်ရန် ခဲယဉ်းလှသည်။
"သူတို့ ဘာတွေဝတ်ထားလဲ။ အရပ်အမောင်းကရော ဘယ်လောက်လောက်ရှိမလဲ။ ပိုပြီး အသေးစိတ် ပြောပြနိုင်မလား" ဟု ကျိုးဝေမင်းက မျက်မှောင်ကြုတ်လျက် ဆက်မေးသည်။
ဆရာမက ခေတ္တစဉ်းစားပြီးမှ "အရင်ထွက်လာတဲ့လူက တီရှပ်အဖြူ ဝတ်ထားတယ်။ အရပ်က ၁.၇၂ မီတာလောက် ရှိမယ်။ ဟိုဘက်က ရဲအရာရှိနဲ့ အရပ်ချင်း ဆင်တူပါတယ်" ဟု ဝူဝေကို လက်ညှိုးထိုးပြရင်း ပြောသည်။ "နောက်တစ်ယောက်က တီရှပ်အဝါ ဝတ်ထားတယ်။ အဖြူဝတ်ထားတဲ့လူထက် ပုပေမယ့် ပိုပြီး ဗလတောင့်တယ်။ အရာအားလုံးက အရမ်းမြန်လွန်းလို့ ဒါပဲ မှတ်မိတော့တယ်"
လိုအပ်သည့် အချက်အလက်များ စုဆောင်းပြီးနောက် ကျိုးဝေမင်းက ဝူဝေအား နစ်နာသူကို အိမ်သို့ လိုက်ပို့ရန် ခိုင်းလိုက်သည်။
"ဟိုင်ယန်... လော်ဖေး... ငါတို့ အခင်းဖြစ်တဲ့နေရာကို သေချာပြန်စစ်ကြည့်ရအောင်။ အသုံးဝင်မယ့် သဲလွန်စတစ်ခုခုများ တွေ့မလားလို့" ဟု ကျိုးဝေမင်းက ဆိုကာ လက်နှိပ်ဓာတ်မီးဖြင့် မြေပြင်ကို အသေအချာ ရှာဖွေလေတော့သည်။
လော်ဖေးတွင် လက်နှိပ်ဓာတ်မီး မပါသဖြင့် ကျန်းဟိုင်ယန်နှင့် အတူတူ ကြည့်ရသည်။
"ဒါ တီရှပ်အဖြူဝတ်တဲ့လူ ခုန်ထွက်လာတဲ့ နေရာပဲ" ဟု ကျန်းဟိုင်ယန်က လမ်းဘေးရှိ ပေါ့ပလာပင် ကို မီးထိုးပြရင်း လော်ဖေးကို ရှင်းပြသည်။
ပတ်ဝန်းကျင်ကို ရှာဖွေကြည့်သော်လည်း ဘာမှမတွေ့သဖြင့် တီရှပ်အဝါဝတ်သည့်လူ ပုန်းအောင်းနေခဲ့သော နေရာသို့ ရွှေ့လာခဲ့ကြသည်။ ထိုနေရာတွင်လည်း ဘာမှမတွေ့ရပေ။
"အွန်း..."
လော်ဖေး တစ်ခုခုတွေ့နိုင်ချေမရှိဟု တွေးလိုက်မိစဉ်မှာပင် တီရှပ်အဝါဝတ်သည့်လူ ပုန်းအောင်းနေခဲ့သော နေရာအနီးတွင် လိပ်ထားသည့် တစ်ရှူးစ အနည်းငယ်ကို တွေ့လိုက်ရသည်။ လော်ဖေးသည် အနီးသို့ ချဉ်းကပ်ကာ လက်အိတ်စွပ်ပြီး ထိုတစ်ရှူးကို ကောက်ယူလိုက်ရာ လတ်လတ်ဆတ်ဆတ် နှာရည်များ ပေကျံနေသည်ကို တွေ့ရသည်။ တီရှပ်အဝါဝတ်သည့်လူ ပုန်းအောင်းခဲ့သော နေရာကို တစ်ချက်ပြန်ကြည့်ပြီးနောက် ဤတစ်ရှူးမှာ ထိုသူက နှာချေ သို့မဟုတ် နှာရည်ညှစ်ပြီး ပစ်ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း လော်ဖေး ခန့်မှန်းလိုက်လေတော့သည်။