အခန်း (၁၃) - ဆုကြေးငွေထုတ်ယူခြင်းနှင့် တစ်ပွဲတည်းဖြင့် နာမည်ကျော်ကြားသွားခြင်း
ရဲစခန်းပြန်ရောက်တော့ လုပ်ဖော်ကိုင်ဖက်အားလုံးက လော့ဖေးနဲ့ ကျန်းဟိုင်ယန်ကို နောက်တစ်ကြိမ် ထပ်ပြီး ဂုဏ်ပြုကြပြန်သည်။ နေ့လယ်ပိုင်းမှာတော့ လော့ဖေးက ရဲစခန်းက လုပ်ဖော်ကိုင်ဖက်အားလုံးကို လက်ဖက်ရည်ဝယ်တိုက်လိုက်သည်။ ဝန်ထမ်းအဟောင်းရော အသစ်ပါပေါင်းမှ ၁၅ ယောက်ဝန်းကျင်ပဲ ရှိတာကြောင့် အားလုံးကို ထမင်းကျွေးဖို့ မတတ်နိုင်သေးပေမဲ့ လက်ဖက်ရည် တိုက်ဖို့ကတော့ သူ အဆင်ပြေပါသည်။
မွန်းလွဲ ၂ နာရီမှာတော့ ကျန်းဟိုင်ယန်က လော့ဖေးကို ဘဏ်မှာ ပိုက်ဆံထုတ်ဖို့ လိုက်ပို့ပေးသည်။ ဂုဏ်ပြုပွဲမှာ သူတို့ကို ပိုက်ဆံတိုက်ရိုက်ပေးတာ မဟုတ်ဘဲ ချက်လက်မှတ်တွေပဲ ပေးခဲ့တာမို့ ဘဏ်မှာ ကိုယ်တိုင်သွားထုတ်ရခြင်း ဖြစ်သည်။ လော့ဖေးက တစ်ဦးချင်းဂုဏ်ပြုမှတ်တမ်းအတွက် ဆုကြေးငွေ ယွမ် ၂၀၀၀ ရရှိပြီး၊ ကျန်းဟိုင်ယန်ကတော့ တတိယအဆင့် ဂုဏ်ထူးဆောင်တံဆိပ်အတွက် ယွမ် ၃၀၀၀ ရရှိသည်။
လက်ထဲမှာ ယွမ် ၂၀၀၀ ကို ကိုင်ထားရတော့ လော့ဖေးတစ်ယောက် ရတနာသိုက်ကြီး ရလိုက်သလို ခံစားနေရသည်။ ဒီလောကကို ကူးပြောင်းလာပြီးကတည်းက အိတ်ထဲမှာ ပိုက်ဆံအများကြီး ရှိနေတာ ဒါပထမဆုံးအကြိမ်ပင်။ အခြား ကမ္ဘာကူးလာသူတွေထဲမှာ သူက အဆင်းရဲဆုံး ဖြစ်နေမလားလို့ တွေးမိပြီး သူကိုယ်တိုင်တောင် ရယ်ချင်သွားသည်။
“ဆရာ... အိမ်ငှားဖို့ နေရာကောင်းကောင်း သိလားဟင်” ရဲစခန်းကို အပြန်လမ်းမှာ လော့ဖေးက ကျန်းဟိုင်ယန်ကို မေးလိုက်သည်။
ကျန်းဟိုင်ယန်က လော့ဖေးကို နားမလည်သလို ကြည့်ပြီး “ဘာလို့လဲ... မင်းက ခွဲနေဖို့ စဉ်းစားနေတာလား” ဟု မေးသည်။
လော့ဖေးက ခေါင်းခါပြပြီး “မဟုတ်ပါဘူး၊ အခု ကျွန်တော်တို့ နေနေတဲ့အိမ်က နည်းနည်းကျဉ်းနေလို့ပါ။ ပြီးတော့ ဘိလပ်မြေစက်ရုံနားက ပတ်ဝန်းကျင် သန့်ရှင်းရေးကလည်း တော်တော်လေး ဆိုးတယ်လေ။ အခု ကျွန်တော် အလုပ်ရပြီဆိုတော့ ပိုကျယ်တဲ့ အိမ်တစ်လုံးကို ပြောင်းဖို့ စဉ်းစားတာပါ”
လော့ဖေးတို့ မိသားစုက ဘိလပ်မြေစက်ရုံ ဝန်ထမ်းလိုင်းခန်းမှာ နေတာကို သိသွားတော့ ကျန်းဟိုင်ယန်က ထပ်မမေးတော့ပါ။ အဲဒီလိုင်းခန်းတွေရဲ့ အခြေအနေက ညစ်ပတ်၊ ရှုပ်ပွပြီး ဆင်းရဲကြတာကို သူ ကောင်းကောင်းသိနေတာကိုး။
“အိမ်ငှားကိစ္စတော့ ငါ သိပ်မသိဘူး။ ဒါပေမဲ့ ငါ့မိန်းမရဲ့ အတန်းဖော် တစ်ယောက်က အိမ်ခြံမြေ အကျိုးဆောင် လုပ်နေတာ ရှိတယ်။ မင်းအတွက် သင့်တော်မယ့် အိမ်ရှိမလားဆိုတာ ငါ့မိန်းမကို မေးခိုင်းပေးမယ်”
“ဒါနဲ့... မင်းက ဘယ်လိုအိမ်မျိုးကို လိုချင်တာလဲ”
လော့ဖေး ခဏစဉ်းစားလိုက်ပြီးမှ “အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း တစ်ခန်းရယ်၊ မီးဖိုချောင်နဲ့ ရေချိုးခန်း ပါရင် ရပါပြီ။ ဆုန့်ရှင်းမြို့နယ် အလယ်တန်းကျောင်းနားမှာ ဆိုရင်တော့ ပိုကောင်းတာပေါ့။ အိမ်ငှားခ ယွမ် ၁၂၀၀ အောက်ဆိုရင်တော့ ကျွန်တော် အဆင်ပြေပါတယ်”
အိမ်ငှားခကို အမေဖြစ်သူ ဝူယန်ပြောတဲ့ နှုန်းထက် ယွမ် ၂၀၀ ပိုတိုးလိုက်ခြင်းပင်။ ဆုန့်ရှင်းမြို့နယ် အလယ်တန်းကျောင်းနားမှာ နေချင်တာကတော့ ဝူယန်က အဲဒီကျောင်းရဲ့ ထမင်းစားဆောင်မှာ ထမင်းချက်လုပ်နေတာကြောင့် ဖြစ်သည်။ အခုက ကျောင်းပိတ်ရက်မို့ အိမ်မှာပဲ ရှိနေပေမဲ့ ဩဂုတ်လမှာ ကျောင်းပြန်ဖွင့်ရင်တော့ ကျောင်းသားတွေအတွက် မနက် ၄ နာရီ၊ ၅ နာရီလောက်ကတည်းက ထချက်ရတော့မှာ ဖြစ်သည်။ သူမက စက်ဘီးလည်း မစီးတတ်တာကြောင့် အလုပ်နဲ့ အိမ်နဲ့ ဝေးနေရင် သွားလာရ ခက်ခဲမှာကို လော့ဖေးက ကြိုတွေးထားခြင်းပင်။
“ကောင်းပြီလေ”
.....
ညနေ ၅ နာရီမှာတော့ ရဲစခန်း ပိတ်သွားသည်။ ကျန်းဟိုင်ယန်က ညနေ ၆ နာရီမှာ ‘မရှိ’ မိသားစုထမင်းဆိုင်မှာ ညစာစားဖို့ အားလုံးကို ထပ်ပြီး အသိပေးလိုက်သည်။ အချိန်စောနေသေးတာကြောင့် လော့ဖေး အရင်ဆုံး အိမ်ကို ပြန်လာခဲ့သည်။ ဈေးနားက ဖြတ်တော့ လော့ရှောင်ရှောင် ကြိုက်တတ်တဲ့ ဝက်ဦးခေါင်းသားသုပ် တစ်ပိဿာ၊ ဝက်နံရိုး သုံးပိဿာ၊ အသား သုံးပိဿာနဲ့ သစ်သီးအချို့ကို ဝယ်လာခဲ့သည်။ အရင်ကတော့ အိတ်ထဲမှာ တစ်ပြားမှ မရှိတာကြောင့် အိမ်အတွက် ဘာမှ မဝယ်ပေးနိုင်ခဲ့ဘဲ ဝူယန်ကပဲ အမြဲ ဝယ်ခြမ်းခဲ့ရသည်။ ဝူယန်ကလည်း အစစအရာရာ ချွေတာတတ်သူမို့ အသားဆိုတာ ခဲခဲယဉ်ယဉ်မှ ဝယ်ကျွေးတတ်ပြီး ဈေးနှုန်းချိုသာတဲ့ ဂေါ်ဖီထုပ်နဲ့ အာလူးတွေကိုပဲ ဈေးပိတ်ခါနီးမှ သွားဝယ်လေ့ရှိသည်။ ဒီ ၆ လတာအတွင်း လော့ဖေး အများဆုံး စားခဲ့ရတာက အာလူးကြော်၊ ဟင်းသီးဟင်းရွက်ဟင်းချိုနဲ့ ငရုတ်သီးချဉ်တွေပင်။
အိမ်ပြန်ရောက်တော့ အမေက ထမင်းချက်နေပြီး စားပွဲပေါ်မှာ အာလူးကြော်တစ်ပွဲ ရောက်နှင့်နေပြီဖြစ်သည်။ လော့ဟောက်နဲ့ လော့ရှောင်ရှောင်ကတော့ ‘တောသားကြီး ဘော့စတွန်’ ကာတွန်းကို ထိုင်ကြည့်နေကြသည်။
“ဟယ်... သား ပြန်လာပြီလား။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားမှာမို့လို့ အိမ်မှာ မစားတော့ဘူးလို့ ပြောထားတယ် မဟုတ်လား” လော့ဖေးကို မြင်တာနဲ့ ဝူယန်က လှမ်းမေးလိုက်သည်။
“ညစာက ၆ နာရီမှ စမှာမို့လို့ အိမ်ကို အရင် ဝင်လာတာပါ။ ဈေးထဲက ဖြတ်လာရင်းနဲ့ အမေတို့ ချက်စားဖို့ ဝက်ဦးခေါင်းသားသုပ်နဲ့ ဝက်နံရိုးတွေ ဝယ်လာခဲ့တယ်” ပြောရင်းနဲ့ လော့ဖေးက ဝယ်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ် တင်လိုက်သည်။
လော့ဖေး ပစ္စည်းတွေ အများကြီး ဝယ်လာတာကို မြင်တော့ ဝူယန်က မျက်နှာပျက်သွားပြီး “နေ့ကြီးရက်ကြီးလည်း မဟုတ်ဘဲ ဘာလို့ ဒါတွေ အများကြီး ဝယ်လာရတာလဲ။ အိမ်မှာလည်း ဟင်းသီးဟင်းရွက်တွေ ရှိနေတာပဲကိုး။ ပိုက်ဆံတွေ နှမြောစရာကြီး” ဟု ညည်းတွားတော့သည်။
လော့ဖေးကတော့ ဂရုမစိုက်ဘဲ ပြုံးပြုံးလေးနဲ့ “ဒီနေ့က ဂုဏ်ပြုစရာ ရှိလို့ပါ အမေရဲ့” ဟု ပြောကာ စားပွဲပေါ်က အိတ်ထဲကနေ ဂုဏ်ပြုမှတ်တမ်းနဲ့ လက်မှတ်ကို ထုတ်ပြလိုက်သည်။
“ဒါက ဘာလဲသား” ဝူယန်က စာမတတ်တာကြောင့် ချက်ချင်းပဲ မေးလိုက်သည်။
ဒီအချိန်မှာ လော့ဟောက်နဲ့ လော့ရှောင်ရှောင်တို့လည်း အနားကို ရောက်လာကြသည်။ လော့ရှောင်ရှောင်က လော့ဖေးလက်ထဲက လက်မှတ်ကို လုယူပြီး ဖတ်ကြည့်လိုက်သည်။
“ရဲဘော် လော့ဖေး၊ ဇူလိုင် ၁၃ အမှုမှာ ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကျန်းကျိုးမြို့ ပြည်သူ့ရဲတပ်ဖွဲ့မှ တစ်ဦးချင်း ဂုဏ်ပြုမှတ်တမ်း ချီးမြှင့်လိုက်သည်”
“အစ်ကို... ဒါက အစ်ကို့ရဲ့ ဂုဏ်ပြုမှတ်တမ်းလား” လော့ရှောင်ရှောင်က လော့ဖေးကို အားကျတဲ့ မျက်လုံးလေးတွေနဲ့ ကြည့်လိုက်သည်။
“မင်းပဲ ကြည့်ကြည့်လေ၊ အစစ်ကြီးပေါ့။ ဆုကြေးငွေတောင် ပါသေးတယ်” လော့ဖေးက ဂုဏ်မောက်ချင်လို့ မဟုတ်ဘဲ မိသားစုကို ဝမ်းသာစေချင်တာကြောင့် ဘဏ်က အခုလေးတင် ထုတ်လာတဲ့ ပိုက်ဆံတွေကို ထုတ်ပြလိုက်သည်။
“လော့ဖေး... ဒါက ဘယ်လိုဖြစ်တာလဲ။ သား အလုပ်ဝင်တာ ဘယ်လောက်မှ မရှိသေးဘူးလေ၊ ဘယ်လိုလုပ် အောင်မြင်မှုတွေ ရနေတာလဲ” ဝူယန်က သားဖြစ်သူ ဆုရတာကို ဝမ်းသာပေမဲ့ ရက်ပိုင်းအတွင်းမှာတင် ဘယ်လိုတွေ ဖြစ်ကုန်တာလဲဆိုတာ နားမလည်နိုင် ဖြစ်နေရသည်။
လော့ဖေးလည်း ဖုံးကွယ်မထားတော့ဘဲ ဂုယူကော်ရဲ့ အမှုအကြောင်းကို ရှင်းပြလိုက်သည်။
“ဝါး... အစ်ကိုက တကယ် တော်တာပဲ။ ညီမလေးတော့ အစ်ကို့ကို တကယ် အားကျသွားပြီ” လော့ဖေးက အနံ့ခံပြီး တရားခံကို ဘယ်လိုရှာခဲ့တယ်ဆိုတာ ရှင်းပြနေတာကို နားထောင်ပြီး လော့ရှောင်ရှောင်က ချီးကျူးမဆုံး ဖြစ်နေတော့သည်။ ဘေးမှာရှိနေတဲ့ လော့ဟောက်လည်း သိသိသာသာ လှုပ်ရှားတက်ကြွနေသည်။ သူ့အစ်ကိုက လူသတ်သမားကို တကယ်ကြီး ဖမ်းနိုင်ခဲ့တာပဲ။ ဒါပေမဲ့ လော့ရှောင်ရှောင်လို ပျော်ပြမနေဘဲ လော့ဖေးရှေ့ရောက်ရင် ကြောင်ရှေ့က ကြွက်လို ငြိမ်ကုပ်နေတတ်တဲ့ လော့ဟောက်ကတော့ ဘာမှ သိပ်မပြောရဲရှာပါ။
ဝူယန်ကတော့ တကယ့်ကို အံ့သြမှင်သက်သွားသည်။ သူမက ဆုန့်ရှင်းမြို့နယ် အလယ်တန်းကျောင်းက ထမင်းစားဆောင်မှာ အလုပ်လုပ်တာဆိုတော့ ကျောင်းဒါရိုက်တာနဲ့ ဆရာမလေးတို့ ကိစ္စကို ဆရာမလေးရဲ့ ယောက်ျားက မိသွားပြီး အိမ်မှာ သတ်ပစ်လိုက်တယ်ဆိုတဲ့ ကိစ္စက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အရမ်းကို ဟိုးဟိုးကျော်နေခဲ့တာလေ။ ဒါကို သူမရဲ့ သားက ဖော်ထုတ်ပေးခဲ့တယ်ဆိုတာကိုတော့ သူမ လုံးဝ မထင်ထားခဲ့ပါ။ အံ့သြမှုတွေ လွန်သွားတဲ့အခါမှာတော့ အတိုင်းမသိ ဂုဏ်ယူမှုတွေပဲ ကျန်ရစ်တော့သည်။ သူမရဲ့ သားက ဒီလောက်ကြီးမားတဲ့ အမှုကို ဖြေရှင်းပေးနိုင်ခဲ့တာကိုး။
“အမေ... ဒီမှာ ယွမ် ၁၅၀၀၊ ဒါက အမေ့အတွက်ပါ။ ကျန်တဲ့ ၅၀၀ ကိုတော့ ကျွန်တော် အရေးပေါ်သုံးဖို့ ထားလိုက်မယ်နော်” လော့ဖေးက ပိုက်ဆံအားလုံးကို မပေးလိုက်ပါ။ အခု သူ အလုပ်ရပြီဆိုတော့ လက်ထဲမှာလည်း အရေးပေါ်သုံးဖို့ ပိုက်ဆံအနည်းငယ် ရှိဖို့ လိုအပ်တယ်လေ။
“အေးပါ သားရယ်၊ အမေ သိမ်းထားပေးပါ့မယ်။ နောက်ကျရင် ကားဝယ်တာပဲဖြစ်ဖြစ်၊ အိမ်ဝယ်တာပဲဖြစ်ဖြစ် လိုရင် အမေ ပြန်ပေးမယ်လေ” ဝူယန်ကလည်း မငြင်းဘဲ ယူထားလိုက်သည်။ လော့ဖေးက ငယ်သေးတာမို့ ပိုက်ဆံကို လက်ဖွာပြီး သုံးပစ်မှာကို သူမက စိုးရိမ်နေတာကြောင့်ပင်။
ပိုက်ဆံတွေပေးပြီး ဝက်နံရိုးကို ဟင်းချက်စားဖို့ သတိပေးခဲ့ကာ လော့ဖေးတစ်ယောက် ‘မရှိ’ မိသားစုထမင်းဆိုင်ကို ထွက်လာခဲ့သည်။ ညစာစားပွဲက ၆ နာရီမှာ အတိအကျ စတင်ခဲ့ပြီး မိသားစုကိစ္စ ရှိနေတဲ့ တစ်ယောက်ကလွဲလို့ ရဲစခန်းက လုပ်ဖော်ကိုင်ဖက်အားလုံး တက်ရောက်ကြသည်။ စားပွဲပေါ်က ဟင်း ၁၅ မျိုးနဲ့ ‘ဝူလျန်ယဲ့’ (Wuliangye - တရုတ် နာမည်ကြီး အရက်) ပုလင်း နှစ်ပုလင်းကို မြင်လိုက်ရတော့ လော့ဖေးရဲ့ ဆရာက ဒီညစာစားပွဲအတွက် တကယ်ကို ရက်ရက်ရောရော အကုန်အကျခံထားမှန်း သိလိုက်သည်။
ညစာစားပွဲက ည ၆ နာရီကနေ ၁၀ နာရီအထိ ကြာခဲ့သည်။ ‘ဝူလျန်ယဲ့’ နဲ့ စသောက်ကြပြီး ကုန်သွားတဲ့အခါ ဘီယာကို ပြောင်းသောက်ကြသည်။ အိမ်ရှင်ဖြစ်တဲ့ ကျန်းဟိုင်ယန်ကတော့ အတိုက်ခံရဆုံးမို့ တော်တော်လေး မူးနေပြီ ဖြစ်ရာ နောက်ပိုင်းမှာ လော့ဖေးကပဲ ဝင်ပြီး ကာပေးလိုက်ရသည်။ လော့ဖေးက သူ ပြန်လည်မွေးဖွားလာလို့ပဲလား ဒါမှမဟုတ် မျိုးရိုးဗီဇ ပေါင်းစပ်မှုကြောင့်ပဲလား မသိပါ၊ အရက်သောက်နိုင်စွမ်းက အတော်လေးကို မြင့်မားနေသည်။ လျူဟိုင်ချွမ်၊ ကျန်းတနဲ့ အခြား စီနီယာတွေက သူ့ကို စမ်းသပ်ဖို့ ကြိုးစားကြပေမဲ့ နောက်ဆုံးမှာတော့ အားလုံးက လော့ဖေးကို မယှဉ်နိုင်ဘဲ မှောက်ကုန်ကြတော့သည်။ ဒီနေ့ ညစာစားပွဲမှာ လော့ဖေးတစ်ယောက် နာမည်ကြီးသွားခဲ့ပြီလို့တောင် ပြောလို့ရပေတော့သည်။