အခန်း (၁၁) - အိမ်ငှားရန် ပြင်ဆင်ခြင်းနှင့် အိမ်ပြောင်းရွှေ့ခြင်း
ညနေ ၆ နာရီထိုးတော့ လော့ဖေး တစ်ယောက် အလုပ်ကနေ အိမ်ပြန်ရောက်လာသည်။ အမေဖြစ်သူ ဝူယန်ကလည်း ထမင်းဟင်းတွေ ချက်ပြုတ်ပြီးစီးလို့ လော့ဖေးအပြန်ကိုပဲ စောင့်နေတာဖြစ်သည်။ သူတို့မိသားစု ထမင်းစားကြတာကတော့ လော့ဖေးနဲ့ သူ့ညီ လော့ဟောက်တို့ရဲ့ အခန်းလေးထဲမှာပါ။ အခန်းက အရမ်းကျဉ်းလွန်းတာကြောင့် ထမင်းစားပွဲလေး ချလိုက်တာနဲ့ လူသုံးယောက်စာ ထိုင်ခုံပုလေးတွေပဲ ဆံ့တော့သဖြင့် လော့ဟောက်မှာ ကုတင်ပေါ်ထိုင်ပြီး ထမင်းစားရရှာသည်။ ကံကောင်းတာတစ်ခုက လော့ဖေးတို့မိသားစုမှာ ဆွေမျိုးသားချင်း သိပ်မများတာပါပဲ။ ဒုတိယမြောက် အဒေါ်နဲ့ ဦးလေးကလွဲလို့ ကျန်တဲ့သူတွေ သိပ်အလာမရှိကြတာမို့သာ တော်တော့သည်။ မဟုတ်ရင်တော့ အိမ်ထဲမှာ ထမင်းစားဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး။
လော့ဖေးက ခဏတာ စဉ်းစားလိုက်ပြီးမှ ဝူယန်ကို ကြည့်ကာ...
“အမေ... ကျွန်တော် အခု အလုပ်ရနေပြီဆိုတော့ လစဉ်လတိုင်း လစာရတော့မှာလေ။ ကျွန်တော်တို့ အိမ်အသစ်တစ်လုံးလောက် ပြောင်းသင့်ပြီ မဟုတ်လားဟင်”
ထိုစကားကြားတော့ ဘေးမှာရှိနေတဲ့ လော့ဟောက်နဲ့ လော့ရှောင်ရှောင်တို့ မောင်နှမနှစ်ယောက်လုံး မျက်လုံးတွေ အရောင်တောက်သွားကြသည်။ ဒီအိမ်အိုကြီးက အရမ်းဟောင်းနွမ်းပြီး ကျဉ်းကျပ်လွန်းလှသည်။ သူတို့တွေမှာ ကိုယ်ပိုင်အခန်းလေးတွေနဲ့ ပိုကျယ်ပြီး သန့်ရှင်းတဲ့နေရာကို ပြောင်းရွှေ့ဖို့ မကြာခဏ အိပ်မက်ယောင်ခဲ့ကြဖူးသည်။ အထူးသဖြင့် လော့ဟောက်အတွက်ကတော့ ကိုယ်ပိုင်အခန်းလေး ရဖို့ဆိုတာ လော့ရှောင်ရှောင်ထက်တောင် ပိုပြီး ဆန္ဒပြင်းပြနေရှာသည်။ သူက သူ့အစ်ကိုကို တကယ်ကြောက်ရတာကြောင့် လော့ဖေးဘေးမှာ အတူအိပ်ရတာက ဟိုဘက်ဒီဘက်လှည့်ရင်တောင် အားနာနေရသဖြင့် တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်လေ။
ဝူယန်က ထိုစကားကို ကြားရတဲ့အခါ စိတ်သက်သာရာရသွားပုံဖြင့် မျက်ဝန်းတွေ ဝေ့တက်လာသည်။ ဒီနှစ်တွေတစ်လျှောက် ကလေးသုံးယောက်ကို တစ်ယောက်တည်း ပြုစုပျိုးထောင်လာရတာ တကယ်ကို မလွယ်ကူခဲ့ပါ။ အထူးသဖြင့် လော့ဖေး တက္ကသိုလ်တက်တဲ့အခါ ကျောင်းလခအပြင် လစဉ် လုံလောက်တဲ့ ထောက်ပံ့ကြေးပေးနိုင်ဖို့ သူမမှာ အတော်လေး ရုန်းကန်ခဲ့ရသည်။ အခက်ခဲဆုံးအချိန်တွေတုန်းက လော့ဖေးရဲ့ ကျောင်းလခအတွက် ဟိုဟိုဒီဒီ လိုက်ချေးတာတောင် ဘယ်သူကမှ မချေးခဲ့ကြတဲ့ အဖြစ်အပျက်တွေကို သူမ ပြန်သတိရမိသည်။ နောက်ဆုံး အခြေအနေအထိ ရောက်သွားတုန်းကဆိုရင် သူမရဲ့ သွေးကိုတောင် ရောင်းစားဖို့အထိ တွေးခဲ့ဖူးသည်။ အိပ်မပျော်တဲ့ ညပေါင်းများစွာကိုလည်း သူမ မရေတွက်နိုင်တော့ပါ။ ဒီကလေးသုံးယောက်သာ မရှိရင် ဝူယန်တစ်ယောက် ဒီဒဏ်တွေကို ကြံ့ကြံ့ခံနိုင်ပါ့မလား မသိတော့။
ကံကောင်းတာကတော့ အရာအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ လော့ဖေးက တစ်ချိန်တုန်းက လူငယ်သဘာဝ ဆိုးသွမ်းချင်ခဲ့ပေမဲ့ အခုတော့ အတော်လေး သိတတ်နားလည်ပြီး တာဝန်ယူတတ်တဲ့သူ ဖြစ်လာခဲ့ပြီ။ ဝူယန်က ခဏတာ တုံ့ဆိုင်းနေပြီးမှ...
“သားက အလုပ်စဝင်ခါစပဲ ရှိသေးတာလေ၊ ပြီးတော့ ဒုတိယအဒေါ်တို့ ဦးလေးတို့ဆီမှာလည်း အကြွေးတွေ အများကြီး တင်နေသေးတာဆိုတော့ အိမ်ပြောင်းဖို့က ခဏလောက် ထပ်စောင့်ကြည့်ရအောင်လေ”
ဒါပေမဲ့ လော့ဖေးကတော့ အိမ်ပြောင်းဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားမို့ ပြန်ဖျောင်းဖျလိုက်သည်။
“အမေကလည်း လော့ဟောက်က မကြာခင် အထက်တန်းကျောင်း စတက်တော့မှာလေ။ အဲဒီအချိန်ကျရင် စာတွေက ပိုများလာတော့မှာဆိုတော့ သူ ငြိမ်ငြိမ်သက်သက် စာလုပ်နိုင်ဖို့ ကိုယ်ပိုင်အခန်းလေး လိုအပ်တယ်လေ။ ပြီးတော့ ကျွန်တော်လည်း အခု အလုပ်လုပ်နေပြီဆိုတော့ အဒေါ်တို့ဆီက အကြွေးတွေကိုလည်း လတိုင်း နည်းနည်းချင်းစီ ပြန်ဆပ်သွားလို့ ရပါတယ်။ သိပ်မကြာခင် အကြွေးကျေသွားမှာပါ”
လော့ဟောက်က ကိုယ်ပိုင်အခန်းရတော့မယ့် အစီအစဉ်ကြောင့် ဝမ်းသာအားရ ဖြစ်နေပြီး အမေဖြစ်သူက သဘောတူပါစေလို့ စိတ်ထဲကနေ ဆုတောင်းနေမိသည်။ ဝူယန်က လော့ဖေးကို တစ်ချက်ကြည့်လိုက်ပြီးမှ မျှော်လင့်တကြီး စောင့်စားနေကြတဲ့ လော့ဟောက်နဲ့ လော့ရှောင်ရှောင်တို့ရဲ့ မျက်နှာလေးတွေကို ကြည့်ကာ နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်ပါတော့သည်။
“ဟေး... ပျော်စရာကြီး” လော့ရှောင်ရှောင်က ချက်ချင်းဆိုသလို အော်ဟစ်ခုန်ပေါက်တော့သည်။
လော့ဟောက်ကတော့ စိတ်ထဲမှာ ဘယ်လောက်ပဲ ပျော်နေပါစေ အပြင်မှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ထမင်းဆက်စားနေနိုင်တာကြောင့် လော့ဖေးမှာ ရယ်တောင်ရယ်ချင်သွားရသည်။
ဒီလိုနဲ့ ဆုံးဖြတ်ချက်ချပြီးသွားတဲ့အခါ ဝူယန်က ပြုံးပြုံးလေးနဲ့ ကန့်သတ်ချက်တစ်ခု ထားလိုက်သည်။ အိမ်ပြောင်းဖို့ သဘောတူပေမဲ့ အိမ်ငှားခကတော့ ယွမ် ၁၀၀၀ ထက် မပိုစေချင်တာပါ။ လော့ဖေးကလည်း သဘောတူလိုက်သည်။ နင်ကျန်းမြို့ရဲ့ အိမ်ခြံမြေဈေးနှုန်းတွေအရဆိုရင် ယွမ် ၁၀၀၀ နဲ့တင် အတော်အတန် ကောင်းမွန်တဲ့ အိမ်တစ်လုံးကို ငှားလို့ရနိုင်တာကြောင့်ပင်။
“ဟုတ်ကဲ့ပါ အမေ၊ ဒါဆိုရင် ကျွန်တော်လည်း ဒီရက်ပိုင်း အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကို စုံစမ်းကြည့်လိုက်မယ်။ အမေလည်း အဒေါ်တို့ကို အိမ်ငှားဖို့နေရာ သိသလားလို့ တစ်ချက်လောက် မေးကြည့်ပေးဦးနော်” ဟု လော့ဖေးက သတိပေးလိုက်သည်။
“အေးပါ... မနက်ဖြန် အဒေါ်လာရင် မေးကြည့်လိုက်ပါ့မယ်”
ထမင်းစားပြီးတော့ ဝူယန်က အခန်းကို သိမ်းဆည်းနေပြီး လော့ဟောက်နဲ့ လော့ရှောင်ရှောင်တို့ကတော့ ကျောင်းစာလုပ်နေကြသည်။ လော့ဖေးကတော့ “သက်သေခံဥပဒေ” စာအုပ်ကို ယူပြီး ဆက်ဖတ်နေလိုက်သည်။
“အစ်ကို... အလုပ်ရနေပြီပဲကို စာဖတ်နေတုန်းလား”
လော့ဖေး စာဖတ်နေတာကို မြင်တော့ လော့ရှောင်ရှောင်က မေးလိုက်မိသည်။ အလုပ်ရပြီဆိုတာနဲ့ စာပြန်ဖတ်စရာ မလိုတော့ဘူးလို့ သူမက ထင်နေခဲ့တာကိုး။ လော့ဖေးက ပြုံးပြီး...
“စာဆိုတာ ဘယ်အချိန်ဖြစ်ဖြစ် ဖတ်နေရမှာပါ ညီမလေးရဲ့။ ဗဟုသုတဆိုတာ အရေးကြီးဆုံးပဲလေ။ ‘ပညာလို အိုသည်မရှိ’ ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား။ ပညာသင်ယူမှုဆိုတာ အဆုံးမရှိသလို ဘဝရဲ့ အဆင့်တိုင်းမှာ တိုးတက်ဖို့အတွက် ဒါက မရှိမဖြစ် လိုအပ်တာမျိုးလေ”
ဒီမြင်ကွင်းလေးကို ကြည့်ပြီး အိမ်သန့်ရှင်းရေးလုပ်နေတဲ့ ဝူယန်ရဲ့ မျက်နှာမှာ ကြည်နူးမှုတွေနဲ့ ပြည့်နှက်နေတော့သည်။
နောက်တစ်နေ့မနက်တွင် လော့ဖေးက ပုံမှန်အတိုင်း မနက် ၇ နာရီခွဲမှာ ရုံးကို ရောက်လာခဲ့သည်။ သူ့ကို အံ့သြသွားစေတာက ဝူဝေ့၊ ကျောက်လဲ့နဲ့ ကျန်းရှောင်ရှောင်တို့က ရုံးကို ကြိုရောက်နေနှင့်ကြတာပင်။
“မနက်ခင်းပါဗျာ၊ မင်းတို့ ဒီနေ့ စောလှချည်လား” လော့ဖေးက သူ့နေရာကို သွားရင်း ခပ်အေးအေးပဲ နှုတ်ဆက်လိုက်သည်။
ဝူဝေ့က လော့ဖေးကို ကြည့်ပြီး သေချင်စော်နံနေတဲ့ မျက်နှာထားနဲ့ “ဒါတွေအားလုံး မင်းကြောင့်လေ” ဟု မကျေမနပ် ပြောလိုက်သည်။
လော့ဖေးမှာ ကြောင်သွားရသည်။ ငါနဲ့ ဘာဆိုင်လို့လဲ။
ကျန်းရှောင်ရှောင်က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး “မင်းက တို့ဆုန့်ရှင်းမြို့နယ် ရဲစခန်းရဲ့ စံပြပုဂ္ဂိုလ် ဖြစ်သွားတာ မသိဘူးလား။ စခန်းမှူးကျိုးက ငါတို့လို အသစ်တွေကို မင်းဆီက သင်ယူဖို့ ပြောနေတာ။ မင်းက ရဲတက္ကသိုလ်က ဆင်းတာ မဟုတ်ပေမဲ့ တော်လည်းတော်တယ်၊ သဘောလည်း ကောင်းတယ်တဲ့။ ဇွဲလုံ့လရှိတယ်၊ အလုပ်ကိုလည်း တက်တက်ကြွကြွ လုပ်ပြီး နေ့တိုင်း ၇ နာရီခွဲမတိုင်ခင် ရုံးရောက်တယ်ဆိုတော့... ဒါတွေက မင်းကြောင့်မဟုတ်လို့ ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲ”
ကျန်းရှောင်ရှောင်ရဲ့ စကားကို နားထောင်ပြီးမှ လော့ဖေး သဘောပေါက်သွားတော့သည်။ အထက်လူကြီးရဲ့ အသိအမှတ်ပြုခြင်းကို ခံရတာမို့ စိတ်ထဲမှာတော့ ကျေနပ်နေမိသည်။ ဒါပေမဲ့ အပြင်ပန်းမှာတော့ မသိသာအောင် ထိန်းထားရသည်။ မဟုတ်ရင် မလိုတမာဖြစ်တာတွေ ကြုံရနိုင်တာကြောင့်ပင်။
“သိပ်လည်း စိတ်မဆိုးကြပါနဲ့ကွာ။ ဒီနေ့ နေ့လယ်ကျရင် ငါ လက်ဖက်ရည်တိုက်ပါ့မယ်” ဟု သူတို့တွေ စနောက်နေမှန်း သိတာကြောင့် လော့ဖေးက ပြုံးပြီး ပြောလိုက်သည်။
“အဲဒါမှပေါ့...”
“နေ့လယ်ကျလို့ လက်ဖက်ရည် မသောက်ရရင်တော့ ငါ တကယ် စိတ်ဆိုးမှာနော်” ဟု ဝူဝေ့နဲ့ ကျန်းရှောင်ရှောင်တို့က ပြောပြီးမှ အလျှော့ပေးလိုက်ကြသည်။
တစ်ဖက်မှာတော့ ကျောက်လဲ့က စားပွဲမှာပဲ စာဖတ်နေသည်။ ဂုယူကော်ရဲ့ အမှုလေးကို လော့ဖေး ဖြေရှင်းလိုက်နိုင်ပြီးကတည်းက သူ့အပေါ် ကျောက်လဲ့ရဲ့ သဘောထားက အေးစက်စက် နိုင်လှသည်။ လော့ဖေးကလည်း အေးစက်စက် နိုင်တဲ့သူကိုတော့ အတင်းအဓမ္မ သွားပြီး ရောနှောမနေပါ။ မင်းဘာသာ ဘယ်လိုပဲ နေနေ၊ ငါကတော့ ဂရုမစိုက်ဘူး ဆိုတဲ့ သဘောမျိုးပင်။
ရှစ်နာရီထိုးတော့ စခန်းမှူး ကျိုးဝေမင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဝင်လာခဲ့သည်။
“ကဲ... အားလုံးပဲ ခဏလောက် အာရုံစိုက်ပေးကြပါဦး။ ကြေညာစရာလေး တစ်ခုရှိလို့ပါ။ ဒီနေ့ မနက် ၁၀ နာရီမှာ ရဲဌာနချုပ်ရဲ့ အစည်းအဝေးခန်းမမှာ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ရှိပါတယ်။ တို့ရဲ့ ဆုန့်ရှင်းရဲစခန်းက လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ကို မြို့တော်ကနေ စံပြရဲဝန်ထမ်းအဖြစ် အသိအမှတ်ပြုလိုက်ပြီ။ တစ်ယောက်ကတော့ ‘တတိယအဆင့် ဂုဏ်ထူးဆောင်တံဆိပ်’ ချီးမြှင့်ခံရတဲ့ ရဲဘော်ဟိုင်ယန် ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ‘တစ်ဦးချင်း ဂုဏ်ပြုမှတ်တမ်း’ ချီးမြှင့်ခံရတဲ့ ရဲဝန်ထမ်းသစ် လော့ဖေး ဖြစ်ပါတယ်။ တို့ရဲ့ ထူးချွန်တဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်အတွက် လက်ခုပ်တီးပြီး ဂုဏ်ပြုပေးလိုက်ကြရအောင်”
ကျိုးဝေမင် စကားအဆုံးမှာတော့ လက်ခုပ်သံတွေ ဟိန်းသွားတော့သည်။ လက်ခုပ်သံတွေ စဲသွားတဲ့အခါ ကျိုးဝေမင်က လော့ဖေးနဲ့ ကျန်းဟိုင်ယန်ကို ကြည့်ပြီး...
“ဟိုင်ယန်နဲ့ လော့ဖေး၊ မင်းတို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြ၊ ၉ နာရီကျရင် တို့တွေ သွားကြမယ်။ ကျန်တဲ့သူတွေလည်း အရေးကြီးတဲ့ အလုပ်မရှိရင် ဒီစံပြပုဂ္ဂိုလ်တွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာ သင်ယူဖို့အတွက် အခမ်းအနားကို လာကြည့်လို့ ရတယ်”
ပြောပြီးတာနဲ့ ကျိုးဝေမင် အခန်းထဲက ထွက်သွားပြီး အခန်းထဲမှာတော့ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့သည်။
“ဟိုင်ယန်... မင်းတို့ ဆရာတပည့် နှစ်ယောက်ကတော့ တကယ်ကို ဟုတ်နေပြီပဲ။ ဆရာက တတိယအဆင့် ဂုဏ်ထူးဆောင်တံဆိပ်ရပြီး တပည့်ကလည်း ဂုဏ်ပြုမှတ်တမ်းရတယ်ဆိုတော့... ဒီညအတွက် ဘာအစီအစဉ် ရှိလဲ” လျူဟိုင်ချွမ်က အရင်ဆုံး ထရပ်ပြီး မေးလိုက်သည်။
“ဟုတ်ပါ့... ဟုတ်ပါ့... လော့ဖေးကတော့ လစာမရသေးလို့ ခွင့်လွှတ်ပေးလို့ ရသေးတယ်၊ ဒါပေမဲ့ တတိယအဆင့် ဂုဏ်ထူးဆောင်တံဆိပ်တောင် ရထားတဲ့ ကျန်းဟိုင်ယန်ကတော့ တို့ကို ထမင်းတစ်နပ်လောက် ဝယ်ကျွေးသင့်တယ် မဟုတ်လား” ဟု အိမ်ထောင်စုစာရင်းဌာနက မကျန်းကျဲက ပြုံးပြုံးလေး ပြောလိုက်သည်။ သူမက ကျန်းရှောင်ရှောင်ရဲ့ ဆရာမဖြစ်ပြီး ဒီကာလအတွင်း ကျန်းရှောင်ရှောင်ကို သင်ကြားပြသပေးနေသူလည်း ဖြစ်သည်။