အခန်း - (၇)
မက်ဆီးမတ်စ် က ရုတ်တရက် ထရပ်လိုက်သဖြင့် အာရွန်ဟတ် ပင် လန့်သွားသည်။ ၎င်းမှာ တည်ငြိမ်သူတစ်ဦး ပြုမူမည့် အမူအရာမျိုး မဟုတ်ပေ။
'သခင်လေး... ဘာတွေ တွေးနေတာလဲ' ဟု အာရွန်က စိတ်ထဲမှ ဟစ်အော်နေမိသည်။ 'ဒီနေရာမှာတော့ စိတ်မလွတ်လိုက်ပါနဲ့။ တကယ်လို့ တစ်ခုခုဖြစ်ရင် အခြေအနေက ပိုဆိုးသွားလိမ့်မယ်။ သူတို့က ဒါကို အခွင့်ကောင်းယူပြီး ခင်ဗျားကို အပြစ်ပြောကြဦးမှာ။'
'ပြီးတော့ ဆေးရုံမှာ ဖြစ်ခဲ့တာတွေကိုလည်း ကျွန်တော် စိုးရိမ်နေတုန်းပဲ။ ဒီမှာသာ ခင်ဗျား တစ်ခုခု အဆင်မခြင် လုပ်မိရင်...'
'အခု မိသားစုထဲမှာ ခင်ဗျားဘက်က ရပ်တည်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး... ကျွန်တော်လည်း တတ်နိုင်သလောက်ပဲ ကူညီပေးနိုင်တာ...'
"သောက်စရာလေး သွားယူပေးရမှာပဲဥစ္စာ" ဟု မက်စ်က ပြောလိုက်ပြီး အာရွန်ဘက်သို့ လှည့်ကာ ရုတ်တရက် ပြုံးပြလိုက်သည်။ "ငါ သွားယူပေးလိုက်ပါ့မယ်။ အာရွန်... မင်းကော တစ်ခုခု သောက်ဦးမလား"
အာရွန်မှာ တစ်ကြိမ်မျှ ထပ်မံ၍ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။ မက်စ်၏ အမေးကြောင့် အံ့အားသင့်သွားသလို တစ်ဖက်တွင်လည်း ဘာမှဆိုးဆိုးဝါးဝါး မဖြစ်သွားသည့်အတွက် စိတ်သက်သာရာ ရသွားမိသည်။
"ကျွန်တော် တာဝန်ထမ်းဆောင်နေချိန်မှာ သောက်လို့မရပါဘူး သခင်လေး" ဟု အာရွန်က အနည်းငယ် ဦးညွှတ်ကာ ပြန်ဖြေသည်။ ထို့နောက် ဦးခေါင်းကို ပြန်မော့လိုက်ရင်း နေရာတစ်ခုသို့ တိကျစွာ လက်ညှိုးညွှန်ပြလိုက်သည်။
မက်စ် နားလည်လိုက်သည်။ အာရွန်က မီးဖိုချောင်ရှိရာဘက်ကို ညွှန်ပြနေခြင်း ဖြစ်သည်။ ဤမျှကျယ်ဝန်းသည့် အိမ်ကြီးထဲတွင် မီးဖိုချောင်က မည်သည့်နေရာ၌မဆို ရှိနေနိုင်သဖြင့် အရင်ကတည်းက ရောက်ဖူးနေသူတစ်ဦးက နေရာမေးနေလျှင် ထူးဆန်းနေပေလိမ့်မည်။
ထို့နောက် အာရွန်သည် မက်စ် တံခါးကို တွန်းဖွင့်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်အထိ စောင့်ကြည့်နေခဲ့သည်။
'သူတို့ ငါ့ကို ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဟို ဒွန်တို ဆိုတဲ့ကောင်... သူက ငါ့ကို ကူညီပေးနေတဲ့ အာရွန်ကိုပါ မကောင်းပြောနေတာပဲ။ ငါ့ဘက်က ရှိနေလို့လား' ဟု မက်စ်က မေးကြောများ တင်းနေအောင် တွေးနေမိသည်။ 'ဒီလူတွေကတော့ တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။'
ကံကောင်းသည်မှာ မီးဖိုချောင်ရှိ စားပွဲခုံကြီးပေါ်တွင် အအေးနှင့် စားဖွယ်စုံကို ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့ သောက်နေကျ ဝိုင်ပုလင်းများကိုလည်း ထိုနေရာမှာပင် တွေ့ရသဖြင့် မက်စ်အနေဖြင့် လိုက်လံ ရှာဖွေနေစရာ မလိုတော့ပေ။
သူသည် ဝိုင်များကို ဖန်ခွက်ထဲသို့ စတင် လောင်းထည့်နေစဉ် စတန်းမိသားစု ထဲ၌ အမှန်တကယ် ဘာတွေ ဖြစ်ပျက်နေသလဲဟု မတွေးဘဲ မနေနိုင် ဖြစ်နေသည်။
'ဘာလို့ လူတိုင်းက ဒီကောင်လေးကို ဒီလို ဆက်ဆံနေကြတာလဲ။ သူက နှိပ်စက်ရလွယ်တဲ့ ပစ်မှတ်မို့လို့လား။ သူတို့ ဆက်ဆံပုံက ဒီကောင်လေးကပဲ သူတို့ မနက်စာထဲ အဆိပ်ခတ်ထားသလိုမျိုးပဲ။'
ခဏမျှ မက်စ်၏ စိတ်ထဲတွင် နောက်ပြောင်ချင်စိတ် တစ်ခု ပေါ်လာသည်။ ၎င်းတို့၏ သောက်စရာထဲသို့ သူ၏ တံတွေး အနည်းငယ် 'မတော်တဆ' ထည့်ပေးလိုက်လျှင် ကောင်းမလားဟု တွေးမိသည်။
'သူက အသုံးမကျတဲ့ အငယ်ဆုံးသားဆိုရင် အမွေဆက်ခံသူအဖြစ် ရွေးချယ်ခံရဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အဲ့ဒါကို ဘာလို့ သူ့ကို ရန်သူလို သဘောထားနေကြတာလဲ။ ဒါမှမဟုတ်... သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့များ ပတ်သက်နေမလား။'
နောက်ဆုံးတွင် မက်စ်သည် သောက်စရာများကို ဘာမှမလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဤပွဲကို အေးအေးဆေးဆေး ဖြတ်ကျော်ပြီးမှသာ ဤခန္ဓာကိုယ်အသစ်နှင့် သူ၏ ခရီးလမ်းကို စတင်ရန် အာရုံစိုက်ခြင်းက ပို၍ ဘေးကင်းပေလိမ့်မည်။
မက်စ်သည် သောက်စရာများကို ဗန်းဝိုင်းတစ်ခုပေါ်သို့ ဂရုတစိုက် တင်လိုက်ပြီး ရှေ့သို့ လှောက်လာခဲ့သည်။ သူသည် တံခါးကို ဖွင့်ကာ ဧည့်ခန်းမကြီးထဲသို့ ပြန်ဝင်လိုက်သည်။
အားလုံး၏ အကြည့်များက သူ့ထံသို့ ကျရောက်လာသည်။ သူ့လက်ထဲက ဗန်း၊ သူ လမ်းလျှောက်ပုံနှင့် သူ၏ အနေအထားတို့ကို စောင့်ကြည့်နေကြသည်။
"ဒီပုံစံက မင်းနဲ့ ပိုလိုက်ဖက်တယ်" ဟု ဘိုဘိုစတန်း က မက်စ် သောက်စရာ လာချပေးစဉ် လှောင်ပြောင်လိုက်သည်။ "ကျောင်းပြီးရင် စားပွဲထိုးလုပ်ဖို့ စဉ်းစားထားလိုက်ဦး။"
မက်စ်က ထိုစကားကို လျစ်လျူရှုပြီး သောက်စရာများကို ဆက်၍ ဝေငှနေလိုက်သည်။ ဘိုဘို ပြီးနောက် သူသည် ဒွန်တိုထံသို့ သွားသည်။ ထို့နောက် အဖြူရောင် တင်းနစ်စကတ်နှင့် ပိုလိုရှပ်အင်္ကျီ အကျပ်ကို ဝတ်ဆင်ထားသော စီစီထံသို့ သွားလိုက်သည်။
ထိုနေရာရှိ လူအားလုံးထဲတွင် သူမသည် သူနှင့် အာရွန်အပေါ် မည်သည့် ရိုင်းစိုင်းသော စကားမှ မပြောသေးပေ။ သို့သော် သူမ၏ အကြည့်များကလည်း အခြားသူများကဲ့သို့ပင် စူးရှနေသည်။
မည်သို့ပင်ဖြစ်စေ မက်စ်သည် သူမကို သောက်စရာ ကမ်းပေးစဉ် ခပ်ပြုံးပြုံးလေး လုပ်ပြလိုက်သည်။
နောက်ဆုံးတွင် သူသည် နောက်ဆုံးလက်ကျန် ဖန်ခွက်ကို ကိုင်ကာ ချဒ်စတန်း ထံသို့ ချဉ်းကပ်သွားသည်။
"မင်း ဘာလုပ်နေတာလဲ" ဟု ချဒ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဗျာ... ဘာဖြစ်လို့လဲ" မက်စ်က ပြန်မေးသည်။
ခဏမျှ သူ စိတ်လွတ်သွားပြီး ထိုကောင်၏ တစ်ကိုယ်လုံးကို ဝိုင်နှင့် ပက်မိပြီဟု ထင်လိုက်မိသည်။ သို့သော် မျက်တောင် အနည်းငယ် ခတ်လိုက်ပြီး ပြန်ကြည့်လိုက်သောအခါ ချဒ်၏ အင်္ကျီမှာ လုံးဝ ခြောက်သွေ့နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဘာလို့ ငါ့ကို နောက်ဆုံးမှ လာပေးတာလဲ။ မာရှာ ပြောတာကို မင်း မကြားဘူးလား" ဟု ချဒ်က ငေါက်လိုက်သည်။ "မင်းက အဲ့ဒီလောက်တောင် အူကြောင်ကြောင် နိုင်တာလား။ သောက်စရာ ပေးတာတောင် အစီအစဉ်အတိုင်း မပေးတတ်ဘူးလား။ ငါက စီစီထက် အသက်ကြီးတာကို မင်းက သူမကို အရင်ပေးလိုက်တယ်ပေါ့။"
မက်စ်ကတော့ ဒါကို ပြဿနာတစ်ခုဟု အမှန်တကယ် မထင်မိခဲ့ပေ။ လူကြီးတွေကို ရိုသေရမည်ကို သူ သိသော်လည်း ကျန်တဲ့လူတွေက သူ့ထက် အများဆုံးမှ နှစ်နှစ်၊ သုံးနှစ်ခန့်သာ ကြီးကြသူများ မဟုတ်ပါလား။
သောက်စရာ ပေးရာတွင်လည်း တင်းကျပ်သည့် စည်းကမ်းများ ရှိလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။ တကယ်လို့ သိခဲ့လျှင်လည်း သူသည် ချဒ်ကို နောက်ဆုံးမှသာ ဝမ်းသာအားရ ပေးမိမှာ သေချာသည်။
"မသိလို့ပါ" မက်စ်က ထိုမျှသာ ပြောပြီး နေရာသို့ ပြန်သွားရန် လှည့်လိုက်သည်။
"မင်းမှာ အခြေခံ ယဉ်ကျေးမှုတောင် မရှိဘူး" ဟု ချဒ်က အသံမြှင့်ကာ ပြောလိုက်သည်။ "ယဉ်ကျေးမှု မရှိတဲ့သူက တိရစ္ဆာန်နဲ့ မခြားဘူး။"
ထိုစကားကြောင့် မက်စ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်လုံးများ မှေးစင်းကာ ချက်ချင်း လှည့်ကြည့်လိုက်သည်။
"ဘာလဲ!" ချဒ်က ဟောက်လိုက်သည်။ "မင်းက ဘာပြောချင်လို့လဲ။"
"ငါက..." မက်စ် ခဏမျှ ရပ်လိုက်သည်။ "မင်း ဒိန်ချဉ် သောက်တဲ့အခါ အဖုံးကို လျက်လေ့ရှိလား။"
"ဘာ..." ချဒ်မှာ ထိုကဲ့သို့ လုံးဝ မဆိုင်သည့် မေးခွန်းကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။ "ဒါက ဘာလို အဓိပ္ပာယ်မရှိတဲ့ မေးခွန်းလဲ။ မင်းဦးနှောက်က ဒါပဲ ထွက်လာတာလား။"
"ငါက ဘာလို့ အဖုံးကို လျက်ရမှာလဲ။ ငါ့ကို ဘယ်လိုထင်နေလဲ... ဖုန်းတောင်းစားလို့ ထင်နေတာလား။"
ချက်ချင်းဆိုသလိုပင် မက်စ်က မရယ်ဘဲ မနေနိုင် ဖြစ်သွားသည်။
ဤသို့ ပါးစပ်ထဲ စိန်ဇွန်း၊ ရွှေဇွန်း ငုံပြီး မွေးလာကြသည့် လူချမ်းသာတွေကို သူ အမြဲတမ်း မေးကြည့်ချင်နေသည့် မေးခွန်းတစ်ခုပင်။
"မင်းက ပြုံးနေတာလား။ ငါ့ကို လှောင်နေတာလား" ဟု ချဒ်က အော်ဟစ်ကာ နေရာမှ ဝုန်းကနဲ ထရပ်လိုက်သည်။
"မင်း ဒါကို တမင်လုပ်တာ ငါသိတယ်။ ဒီလို မဟုတ်ကဟုတ်က မေးခွန်းတွေ၊ ယဉ်ကျေးမှုမရှိတဲ့ ပုံစံတွေနဲ့ ငါ့ကို စော်ကားနေတာ!" သူက အော်ဟစ်လိုက်သည်။ "မင်းက ငါ့ကို နှိပ်စက်ရလွယ်တဲ့ လူအ၊ မိသားစုရဲ့ ဟာသတစ်ခုလို့ ထင်နေတာလား။ တကယ်တော့ မင်းကမှ လူအစစ်ပဲ!"
ချဒ်က ရှေ့သို့ လျှောက်လာရာ မက်စ်က အခြေအနေကို ချက်ချင်း ရိပ်မိလိုက်သည်။
'သူသာ ငါ့နားကပ်လာပြီး အရင်ထိုးရင်တော့ ငါက ခုခံကာကွယ်တာပဲ ဖြစ်မယ်' ဟု မက်စ်က စိတ်ထဲက ပြင်ဆင်ထားလိုက်သည်။
"မင်း... မင်း...!"
"ဖေဖေ ရောက်လာပြီပဲ၊ ကြိုဆိုပါတယ်!" ဟု ဘေးဘက်မှ မာရှာစတန်း၏ အသံ ထွက်ပေါ်လာသည်။
ကြီးမားလှသော တံခါးကြီးဆီသို့ ဦးညွှတ်နေသည့် မာရှာ့ကို အားလုံးက လှည့်ကြည့်လိုက်ကြသည်။
ဘာကြောင့်ဆိုသည်မှာ သိသာလှသည်။
အမျိုးသားတစ်ဦး အခန်းထဲသို့ ဝင်လာသည်။ သူ၏ ဆံပင်ဖြူများကို အနောက်သို့ သပ်တင်ထားပြီး ခန့်ညားသော မုတ်ဆိတ်မွှေးများက မျက်နှာတွင် ဖုံးလွှမ်းနေသည်။ သူသည် ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်သော မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူ့အသက်မှာ ခုနစ်ဆယ်ဝန်းကျင်ခန့် ရှိပုံရသော်လည်း သူ ဝင်လာသည်နှင့် အခန်းတစ်ခန်းလုံးကို လွှမ်းမိုးသွားစေသည့် အရှိန်အဝါ တစ်ခု ရှိနေသည်။
ချက်ချင်းပင် လူကြီးများက မာရှာ့နောက်သို့ လိုက်၍ ဦးညွှတ်လိုက်ကြသည်။
"ကြိုဆိုပါတယ် ဖေဖေ။"
ထို့နောက် ထိုအမျိုးသားက လူငယ်များဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့လည်း ချက်ချင်းပင် ဦးညွှတ်လိုက်ကြသည်။ မက်စ်လည်း သူတို့နောက်မှ လိုက်၍ ဦးညွှတ်လိုက်သည်။
"ကြိုဆိုပါတယ် အဖိုး" ဟု သူတို့အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
သူတို့ ခေါင်းပြန်မော့လိုက်သောအခါ ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေသည်။
'ဒါက သူပေါ့လေ' ဟု မက်စ်က တွေးလိုက်သည်။ ဒန်းနစ်စတန်း၊ တစ်ခေတ်တစ်ခါက စတန်းအင်ပါယာကြီးကို စတင် တည်ထောင်ခဲ့သူပင်။
"အားလုံးကို တွေ့ရတာ ဝမ်းသာပါတယ်" ဟု ဒန်းနစ်က ခန့်ညားသောအသံဖြင့် ပြောလိုက်သည်။ "မိသားစုဝင်တွေ အခုလို စုံစုံလင်လင် ရှိနေတာကို မြင်ရတာ တကယ်ကို ကြည်နူးဖို့ ကောင်းပါတယ်။ အားလုံးကို တစ်နေရာတည်းမှာ တွေ့ရဖို့ဆိုတာ တော်တော် ခဲယဉ်းတဲ့အရာပဲ။"
ဒန်းနစ်၏ အကြည့်များက အခန်းထဲတွင် ဖြည်းဖြည်းချင်း လှည့်လည်ကြည့်ရှုနေရင်း နောက်ဆုံးတွင် မက်စ်ထံ၌ ရပ်တန့်သွားသည်။
"အော်... မက်စ်။ မင်း ရောက်နေတာပဲ။ ငါကတော့ မင်း ဒီနေ့ လာမှာ မဟုတ်ဘူးလို့ တောင် ထင်နေတာ" ဟု ဒန်းနစ်က ပြောလိုက်သည်။ "ငါ့နောက် လိုက်ခဲ့ပါဦး။ မင်းနဲ့ သီးသန့် စကားပြောချင်လို့။"
ချက်ချင်းဆိုသလိုပင် အခန်းထဲရှိ အကြည့်အားလုံးသည် မက်စ်ထံသို့ စုပြုံကျရောက်လာတော့သည်။
သူက ငါနဲ့ သီးသန့် စကားပြောချင်တာလား။ ဒန်းနစ်စတန်းနဲ့ နှစ်ယောက်ချင်း... ဘာကြောင့်ပါလိမ့်။