အခန်း - (၅၉)
မက်ဆီးမတ်စ် အနားသို့ ချဉ်းကပ်လာသည်နှင့် အာရွန်ဟတ် သတိထားမိရန် အချိန်အများကြီး မယူလိုက်ရချေ။ သတိထားမိသည်ဆိုသည်ထက် မက်ဆီးမတ်စ်၏ မျက်နှာတစ်ပြင်လုံး ဖူးယောင်နေသော ဒဏ်ရာဒဏ်ချက်များကို မြင်လိုက်ရခြင်းပင်။ အဆက်မပြတ် ထိုးနှက်ခံထားရသဖြင့် ပါးတစ်ဖက်မှာ တော်တော်လေး ဖူးယောင်နေပြီး၊ ယခုအချိန်အထိ မက်ဆီးမတ်စ်မှာ ပုံမှန်အတိုင်း လမ်းမလျှောက်နိုင်ဘဲ ခြေထောက်နောက်ဖက်နှင့် အခြားနေရာများမှ ဒဏ်ရာများကြောင့် အနည်းငယ် ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။
"သခင်လေး! အဆင်ပြေရဲ့လားခင်ဗျာ?!" အာရွန်ဟတ်က သူ့ထံ အပြေးအလွှား လာရင်း အော်မေးလိုက်သည်။
မက်ဆီးမတ်စ်က ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး ရပ်နေသည့်နေရာတွင် ခန္ဓာကိုယ်က အနည်းငယ် ယိုင်နဲ့နေသည်။ "မင်းက အမြဲတမ်း ဒီလို အထင်အရှားကြီးဖြစ်နေတဲ့ မေးခွန်းတွေကိုပဲ မေးနေမှာလား" မက်ဆီးမတ်စ်က ခြောက်ကပ်ပြီး တည်ငြိမ်သောအသံဖြင့် ပြန်ဖြေသည်။ "ငါ ဘယ်လိုအခြေအနေ ဖြစ်နေလဲဆိုတာ မင်းအမြင်ပဲလေ။"
ကံကောင်းထောက်မစွာဖြင့် ဆေးခန်းငယ်လေးတွင် အင်္ကျီလဲခဲ့သဖြင့်သာ တော်တော့သည်။ မဟုတ်လျှင် သွေးစွန်းနေသည်များကို မြင်ပါက အာရွန်ဟတ် တစ်ယောက် လုံးဝ စိတ်လွတ်သွားပေလိမ့်မည်။
"ကျွန်တော် သခင်လေးရဲ့ မက်ဆေ့ချ်ကို ရပါတယ်၊ ဒါပေမဲ့ သခင်လေးဆီက ဘာမှ ပြန်မလာတော့ဘူး။ ကျွန်တော် နေရာအနှံ့ လိုက်ရှာနေတာပါ" အာရွန်ဟတ်က စကားကို အမြန်ပြောနေသည်။ "လုံခြုံရေးအဖွဲ့ တစ်ခုလုံးကို ကျောင်းမှာ အနှံ့ရှာခိုင်းပေမဲ့ သခင်လေးရဲ့ အရိပ်အယောင်လေးတောင် ရှာမတွေ့ခဲ့ကြဘူး!"
အာရွန်ဟတ်မှာ တကယ်ပင် ပျာယာခတ်နေသည့်ပုံဖြင့် ဆက်ပြောသည်။ "သူတို့ ရှာနေတုန်းမှာ သခင်လေးတိုက်ခန်းကို ပြန်ရောက်နေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျွန်တော် ဒီကို လာခဲ့တာပါ။ ဖုန်းလည်း မရပ်မနား ခေါ်နေခဲ့တာ၊ ဒါပေမဲ့ ဘာမှ ပြန်မထူးဘူး။ သခင်လေး... ဘာတွေဖြစ်ခဲ့လဲ ကျွန်တော် လုံးဝမသိဘူး။ ဆေးရုံသွားဖို့ လိုမလားခင်ဗျာ? ဆေးကုသဖို့ကော? ကျွန်တော် ဘာလုပ်ပေးရမလဲဆိုတာ ကျေးဇူးပြုပြီး ပြောပေးပါ။"
မက်ဆီးမတ်စ်သည် အာရွန်ဟတ်၏ စိုးရိမ်ပူပန်မှုအားလုံးကို ကြားဖြတ်မပြောဘဲ တိတ်တဆိတ် နားထောင်နေခဲ့သည်။ ထိုစိုးရိမ်မှုများမှာ အစစ်အမှန်လား သို့မဟုတ် လေ့ကျင့်ထားသော သရုပ်ဆောင်မှုလားဆိုသည်ကို သိနိုင်ရန် သူ၏အသံကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကြည့်နေမိသည်။ ဒါဟာ တကယ့် စိတ်ရင်းလား? ဒါမှမဟုတ် အလုပ်ဝတ္တရားအရလား? ပိုဆိုးတာက နောက်ထပ် ထောင်ချောက်တစ်ခုလား?
သို့သော် မက်ဆီးမတ်စ် မည်မျှပင် ကြိုးစားကြည့်သော်လည်း ခွဲခြားရန် ခက်ခဲလှသည်။ အာရွန်ဟတ်၏ အသံမှာ အစစ်အမှန်ဖြစ်ပုံရပြီး ခံစားချက်မှာလည်း စစ်မှန်နေသည်။ သို့သော်လည်း တစ်ချိန်က 'ဝှိုက်တိုက်ဂါးဂိုဏ်း' ထဲက လူတွေတုန်းကလည်း ဤကဲ့သို့ပင် မဟုတ်ပါလား။ အာရွန်ဟတ်သည်လည်း ထိုသူများကဲ့သို့ ဖြစ်နေနိုင်ခြေ အမြဲရှိသည်။
"မင်း အပြင်မှာ ရပ်နေတာ ဘယ်လောက်ကြာပြီလဲ" မက်ဆီးမတ်စ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
အာရွန်ဟတ်က သူ၏ဖုန်းကို ထုတ်ကြည့်ပြီး "သုံးနာရီနဲ့ လေးဆယ့်သုံးမိနစ်ပါ" ဟု တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေသည်။
မက်ဆီးမတ်စ်က တိုက်ခန်းဘက်သို့ လှည့်လိုက်ရင်း စကားအနည်းငယ်သာ ပြောလိုက်သည်။ "ဒါဆိုရင် အထဲဝင်ပြီး ထိုင်ပါ။ မင်းပြောတာတွေက တကယ်ဆိုရင်... ငါ မေးမယ့် မေးခွန်းအချို့ကို မင်း ဖြေပေးဖို့ လိုလိမ့်မယ်။ ပြီးတော့ မင်း ရိုးရိုးသားသား ဖြေလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။"
အာရွန်ဟတ်က ခေါင်းတစ်ချက်ငြိမ့်ကာ နောက်မှ ကပ်လိုက်လာသည်။ သူတို့နှစ်ဦးသည် မက်ဆီးမတ်စ်၏ ဒုတိယထပ်ရှိ တိုက်ခန်းသို့ ဦးတည်သော ဟောင်းနွမ်းနေသည့် သံလှေကားအတိုင်း တက်လာခဲ့ကြသည်။ ထိုစဉ်မှာပင် အာရွန်ဟတ်သည် မက်ဆီးမတ်စ် ဝတ်ထားသော အဖြူရောင်အင်္ကျီအသစ်၏ ကျောဘက်တွင် သွေးစွန်းကွက်လေးတစ်ခုကို သတိထားမိသွားသည်။ မက်ဆီးမတ်စ်က သူ၏ပခုံးဒဏ်ရာ မည်မျှဆိုးရွားသည်ကို စမ်းသပ်ကြည့်စဉ်က ဖြစ်သွားပုံရသည်။ လှေကားအတိုင်း ဆက်တက်လာကြစဉ် အာရွန်ဟတ်က အံကြိတ်လိုက်သည့် အသံခပ်တိုးတိုးကို မက်ဆီးမတ်စ် ကြားလိုက်ရသည်။
တိုက်ခန်းအတွင်းသို့ ရောက်သောအခါ မက်ဆီးမတ်စ်က ကုတင်ဆီသို့ လေးလံစွာ လျှောက်သွားသည်။ အာရွန်ဟတ်က ကူညီရန် အမြန်ပြေးလာသော်လည်း မက်ဆီးမတ်စ်က ခန္ဓာကိုယ်ကို တောင့်ထားပြီး "ငါ့ကို မထိနဲ့" ဟု ဆိုကာ အားနည်းသောလက်ဖြင့် သူ့ကို တွန်းဖယ်လိုက်သည်။ နောက်ဆုံးတွင် မက်ဆီးမတ်စ်သည် လှုပ်ရှားလိုက်တိုင်း နာကျင်နေသော ခန္ဓာကိုယ်ဖြင့် ကုတင်ပေါ်သို့ ပစ်ချလိုက်တော့သည်။
"အကယ်၍ မင်းသာ သူတို့နဲ့ ပူးပေါင်းနေတယ်ဆိုရင်" မက်ဆီးမတ်စ်က ခြောက်ကပ်သောအသံဖြင့် ဆိုသည်။ "ငါ အခုလို ဖြစ်နေတဲ့ အခြေအနေက ငါ့ကို အပြတ်ရှင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား။" သူသည် နံရံကို မှီလိုက်ပြီး စားပွဲဘက်သို့ မေးထိုးပြလိုက်သည်။ "အဲ့မှာ ရပ်မနေနဲ့။ ထိုင်လို့ရတယ်၊ ဒါပေမဲ့ ဒီမှာ မဟုတ်ဘူး။ ထမင်းစားစားပွဲက ကုလားထိုင်မှာ သွားထိုင်ပါ။ ငါ မင်းကို မေးစရာတွေ အများကြီးရှိတယ်၊ ဒါကြောင့် မင်း အနေအထား အဆင်ပြေအောင် ပြင်ထိုင်ထားလိုက်တာ ကောင်းမယ်။"
ငြင်းခုံခြင်းမပြုဘဲ အာရွန်ဟတ်က ခိုင်းသည့်အတိုင်း လုပ်သည်။ သူသည် ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်ပြီး တာဝန်ထမ်းဆောင်နေသူတစ်ဦးကဲ့သို့ ကျောကို မတ်မတ်ထားလိုက်သည်။
"သခင်လေး... သခင်လေး ဘာတွေကို ပြောနေတာလဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်တော့ပါဘူး" အာရွန်ဟတ်က သူ၏ရင်ဘတ်ကို လက်ဖြင့် တင်းတင်းဖိထားရင်း ပြောသည်။ သူသည် သူ၏ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားနေပုံရသည်။ "ဒီနေ့ ဘာဖြစ်ခဲ့တာလဲ? သခင်လေး ဒီလိုမျိုးဖြစ်သွားရအောင်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပေးပါ။ ဘာတွေ မှားယွင်းသွားလဲဆိုတာ ကျွန်တော် သိမှ နောက်တစ်ကြိမ် ဒီလိုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ သခင်လေးကို နာကျင်မှုတွေ ထပ်မခံစားစေရဘူးလို့ ကျွန်တော် ကျိန်ဆိုရဲပါတယ်။"
သူ့ကို ကြည့်ရင်း အာရွန်ဟတ်၏ မျက်လုံးများမှာ အနှိပ်စက်ခံထားရသော ခွေးကလေးတစ်ကောင်ကဲ့သို့ ဝိုင်းစက်ပြီး တောင်းပန်တိုးလျှိုးနေသည့် အမူအရာမျိုး ဖြစ်နေသည်ကို မက်ဆီးမတ်စ် သတိထားမိလိုက်သည်။ မက်ဆီးမတ်စ်သည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
"ဒါက အကြီးအကျယ်တော့ မဟုတ်ပါဘူး" မက်ဆီးမတ်စ်က နွမ်းလျသောအသံဖြင့် ပြန်ဖြေသည်။ "ကျောင်းကိစ္စလေးတွေပါ။ ဒါပေမဲ့ မင်းပြောသမျှကို ကြည့်ရင် ငါ မက်ဆေ့ချ်ပို့လိုက်တာနဲ့ မင်း ချက်ချင်းရောက်လာလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။" သူသည် အနည်းငယ် လှုပ်ရှားလိုက်ရာ ပခုံးမှ နာကျင်မှုကြောင့် မျက်နှာပျက်သွားသည်။ "မင်းတို့ ဖုန်းတွေကို ကြားဖြတ်နားထောင်တာမျိုး ဒါမှမဟုတ် မက်ဆီးမတ်စ် ရောက်တဲ့နေရာကို အမြဲတမ်း ခြေရာခံတာမျိုး မလုပ်ထားဘူးလား။"
အာရွန်ဟတ်က ချက်ချင်း ခေါင်းခါပြသည်။ "မလုပ်ထားပါဘူး သခင်လေး" ဟု သူက ခိုင်မာစွာ ပြောသည်။ "အဲ့ဒီအရာအားလုံးကို သခင်လေးကိုယ်တိုင် တင်းတင်းကျပ်ကျပ် တားမြစ်ထားခဲ့တာပါ။ ကျွန်တော်တို့ သခင်လေးရဲ့ တောင်းဆိုမှုကို လိုက်နာခဲ့ပါတယ်။ ခြေရာခံတာတွေ၊ ကြားဖြတ်နားထောင်တာတွေ လုံးဝမလုပ်ဖို့ သခင်လေးကပဲ ရှင်းရှင်းလင်းလင်း ပြောခဲ့တာလေ။ အကယ်၍ ကျွန်တော်တို့ မလိုက်နာရင် သခင်ကြီးဆီမှာ ပြောပြီး ကျွန်တော်တို့ကို အပြီးအပိုင် ရှင်းပစ်မယ်လို့ သခင်လေးက ခြိမ်းခြောက်ခဲ့တာ... ဒါကြောင့် ကျွန်တော် လိုက်နာခဲ့ရတာပါ။ သခင်လေး ခိုင်းသမျှ အစအဆုံး ကျွန်တော် လိုက်နာခဲ့တာပါ။"
မက်ဆီးမတ်စ် ခဏမျှ တိတ်ဆိတ်သွားပြီး ထိုအမှန်တရားကို လက်ခံလိုက်သည်။ နောက်တစ်ကြိမ်တွင်လည်း သူ့ကို နာကျင်စေသည်မှာ အာရွန်ဟတ်၏ သစ္စာရှိမှု မဟုတ်ဘဲ မက်ဆီးမတ်စ် အစစ်၏ လုပ်ရပ်များသာ ဖြစ်နေသည်။ သို့သော် ယခုအခြေအနေကို နားလည်သွားသည့်အခါ သူ့ကို အပြစ်တင်၍ မရတော့ချေ။ အထူးသဖြင့် အက်ဘီ နှင့် မက်ဆီးမတ်စ် အစစ်တို့အကြားက ခံစားချက်များက အစစ်အမှန်ဆိုလျှင်... မက်ဆီးမတ်စ် အစစ်က မည်သို့ပြုမူခဲ့မည်ကို သူ ခန့်မှန်းနိုင်သည်။ ခုနက အက်ဘီ၏ တုံ့ပြန်မှုကို ကြည့်လျှင် သူတို့ကြားတွင် ခံစားချက်အစစ်အမှန် ရှိခဲ့သည်မှာ သေချာသည်။
"ဒါပေမဲ့ မင်း သိခဲ့တယ် မဟုတ်လား" မက်ဆီးမတ်စ်က မျက်မှောင်ကြုတ်ကာ ဆက်မေးသည်။ "မက်ဆီးမတ်စ်... ငါဟာ နေ့တိုင်း ဒီလိုမျိုးတွေ ကြုံတွေ့နေရတယ်ဆိုတာ မင်းသိတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံနေရတာ၊ ကိုယ်ပိုင်ကျောင်း မဟုတ်ဘဲ အစိုးရကျောင်း သွားနေရတာ။ ပြီးတော့ ငါ ပိုက်ဆံတစ်ပြားမှ မသုံးဘူးဆိုတာကိုလည်း မင်းသိတယ် မဟုတ်လား။"
အာရွန်ဟတ်က ခဏမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းကို လေးလံစွာ ငြိမ့်ပြသည်။
"ဒါဆိုရင် ဘာလို့ မက်ဆီးမတ်စ်ကို မမေးခဲ့တာလဲ၊ တောက်! ဘာလို့ ငါ့ကို မမေးခဲ့တာလဲ?!" မက်ဆီးမတ်စ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ့အကြောင်းကို ပြောနေတာ! ငါ ဘာလို့ ဒါတွေအားလုံးကို လုပ်နေရသလဲဆိုတာ မင်း ဘာလို့ မမေးခဲ့တာလဲ။ စတန်းမိသားစု ကို ကာကွယ်ပေးဖို့နဲ့ ကူညီပေးဖို့က မင်းရဲ့ အဓိကပန်းတိုင်ဆိုရင် မင်း တစ်ခုခုတော့ လုပ်သင့်တာပေါ့ မဟုတ်ဘူးလား။"
ယခုအခါ အာရွန်ဟတ်သည် သူ၏အောက်နှုတ်ခမ်းကို သွေးထွက်သည်အထိ တင်းတင်းကြိတ်ထားသည်ကို မက်ဆီးမတ်စ် အထင်အသား မြင်နေရသည်။ သူ့မေးစေ့မှ သွေးစလေးများ စီးကျလာသည်။ သူ၏လက်သီးများကို ဘေးတွင် တင်းတင်းဆုပ်ထားပြီး တုန်ယင်မှုကို ထိန်းချုပ်ရန် ကြိုးစားနေပုံရသည်။
မက်ဆီးမတ်စ်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လဲလျောင်းနေရာမှ ထထိုင်ကာ အာရွန်ဟတ်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်သည်။
"ငါ ထင်တာတော့... ငါတို့ရဲ့ ဆက်ဆံရေးကို အစကနေ ပြန်စဖို့ လိုလိမ့်မယ်" မက်ဆီးမတ်စ်က ပြောလိုက်သည်။ သူ၏အသံမှာ အခုမှ ပိုတည်ငြိမ်သွားသော်လည်း စကားလုံးတိုင်းက လေးနက်နေသည်။ "ဒီနေ့ကစပြီး ငါ မင်းကို ပြောခဲ့သမျှ အရင်ကကိစ္စတွေကို အားလုံး မေ့ပစ်လိုက်ပါ။" သူသည် အနည်းငယ် ရှေ့သို့ တိုးလိုက်ပြီး မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ "ငါတို့ အခု အသစ်ကနေ ပြန်စကြမယ်။ မင်း တကယ်ပဲ ငါ့ဘက်ကဆိုရင်၊ တကယ်ပဲ ငါ့ကို ကူညီဖို့ ရောက်နေတာဆိုရင် မင်း အဲ့ဒါကို သက်သေပြဖို့ လိုလိမ့်မယ်။"
မက်ဆီးမတ်စ် ခဏမျှ ရပ်လိုက်ပြီး သူ၏စိတ်ထဲတွင် အစကတည်းက စိုးရိမ်နေခဲ့သည့် မေးခွန်းကို မေးလိုက်သည်။
"ပထမဆုံးအနေနဲ့၊ ငါ့မှာ ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြပါ။ ငါ ဘာလို့ အဲ့ဒီ ဆေးရုံခုတင်ပေါ် ရောက်နေခဲ့ရတာလဲ။ အဲ့ဒီနေ့က ဘာဖြစ်ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ငါ မင်းကို တစ်ခုခု ပြောခဲ့တာမျိုး၊ အရိပ်အယောင် ပေးခဲ့တာမျိုး ရှိလား။"