အခန်း - (၃၃)
သောကြာနေ့ညနေခင်း၊ ကျောင်းသားများ ကျောင်းပိတ်ရက်အတွက် အိမ်မပြန်မီလေးမှာပင် ကို ဂျီဟွန်း (ကို) နှင့် သူ၏နောက်လိုက်များဖြစ်သော မိုး နှင့် ဂျိုး တို့ထံသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။
'လှောင်အိမ်' မှာ နောက်ထပ်တွေ့ဆုံပွဲတစ်ခု ရှိသည်တဲ့။
သူတို့သည် ဆင့်ခေါ်ခံရခြင်းကို မုန်းတီးကြသည်၊ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် ပို၍ပင်။ ဆမ် နှင့် ဖြစ်ပွားခဲ့သော ကိစ္စရပ်သည် လေထုထဲတွင် လေးလံစွာ လွှမ်းမိုးနေဆဲ ဖြစ်သည်။ ရှေ့နေများ၏ ချောမွေ့လှသော စကားလုံးများနှင့် အာမခံချက်များ ရှိနေလင့်ကစား၊ သူတို့ထဲမှ မည်သူမျှ အမှန်တကယ် လုံခြုံသည်ဟု မခံစားရပေ။ အမှန်တရားသည် အပြင်လောကတွင် ရှိနေဆဲဖြစ်ကြောင်း... သူတို့ ကိုယ်တိုင်လည်း သိနေကြသည်။
သူတို့ရောက်သွားသောအခါ အခင်းအကျင်းမှာ အရင်အတိုင်းပင်။ ဒစ်ပတာ သည် အခန်းအလယ်တွင် တည်ငြိမ်စွာ ရပ်နေပြီး၊ ဂျေးဝုဒ် နှင့် စနိုက်ဒ် တို့က သူ့ဘေးတွင် အရိပ်များပမာ ဝန်းရံထားကြသည်။
ကို ဂျီဟွန်းက ရှေ့သို့တိုးကာ တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။ "တစ်ခုခု ဖြစ်လို့လား။ အခြေအနေသစ် ရှိလို့လား"
ဒစ်ပတာက မလှုပ်မယှက်ဘဲ နှုတ်ခမ်းတွင် စီးကရက်တစ်လိပ်ကို ခဲထားရင်း စကားမပြောမီ စိုက်ကြည့်နေသည်။ "အခြေအနေသစ် မဟုတ်ဘူး။ ညွှန်ကြားချက်ပဲ။ မင်းတို့ သုံးယောက် ဖန်တီးခဲ့တဲ့ ဒီရှုပ်ထွေးမှုကြီးကို အဆုံးသတ်ဖို့ နည်းလမ်းတစ်ခုပေါ့"
ကို ဂျီဟွန်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
"မနက်ဖြန် အဲဒီကလေးရဲ့ နာရေးရှိတယ်" ဒစ်ပတာက ဆက်ပြောသည်။ "မင်းတို့သွားရမယ်။ သုံးယောက်လုံးပဲ"
"ဘာ!!" သုံးယောက်သား မယုံကြည်နိုင်ဟန်ဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
သူတို့သည် တစ်ဦးကိုတစ်ဦး မှင်သက်စွာ ကြည့်လိုက်ကြသည်။ သူတို့ ဘာလုပ်ခဲ့သည်ကို ကျောင်းရှိ လူတိုင်း သိနေကြပြီ။ လူသွားလမ်းတိုင်းတွင် တိုးတိုးတိတ်တိတ် ပြောဆိုသံများ ရှိနေပြီး၊ သူတို့ကို ကြည့်သည့် အကြည့်များမှာလည်း ယခင်ကထက် ပို၍ စူးရှနေသည်။ တစ်တန်းလုံးက သူတို့အပေါ် အေးစက်သွားကြပြီဖြစ်ရာ ဆမ်၏ မိဘများပါ ကောလာဟလများကို ကြားထားမည်လားဆိုသည်မှာ စိုးရိမ်စရာ ဖြစ်နေသည်။
ထိုနာရေးသို့ လမ်းလျှောက်ဝင်သွားရန်... ဆမ်၏ ကြေကွဲနေသော မိဘများနှင့် မျက်နှာချင်းဆိုင်ရန်မှာ... မဖြစ်နိုင်သလို ခံစားနေရသည်။
သို့သော် ဒစ်ပတာ၏ မျက်နှာပေးမှာ ပြောင်းလဲခြင်း မရှိပေ။ သူသည် ခွင့်တောင်းနေခြင်း မဟုတ်ဘဲ အမိန့်ပေးနေခြင်း ဖြစ်သည်။
"ငါက ဥပဒေအကျိုးဆောင်လုပ်ငန်းက ပြောတာကို ပြန်ပြောပြနေတာပဲ" ဒစ်ပတာက စီးကရက်ပြာကို ခါချရင်း ဆိုသည်။ "သူတို့ပြောတာက မင်းတို့ နောင်တရနေတဲ့ ပုံစံမျိုး ပြရမယ်တဲ့။ နောင်တစ်ချိန်မှာ ဒီကိစ္စက တစ်ခုခု ဖြစ်လာခဲ့ရင် အထောက်အထား ဖြစ်အောင်ပေါ့။ အခုလောလောဆယ်တော့ အဆင်ပြေပေမဲ့၊ နောက်ပိုင်းမှာ ဘယ်သူက ဘာတွေ ပြန်ဖော်ထုတ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ"
သူသည် နေမထိထိုင်မသာ ဖြစ်နေသော ထိုသုံးယောက်ကို တစ်လှည့်စီ စိုက်ကြည့်လိုက်သည်။
"ဒါကြောင့် မင်းတို့ရဲ့ အကာအကွယ်အတွက်ရော၊ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ တခြားလူတွေအတွက်ပါ မင်းတို့ သွားရမယ်။ အကောင်းဆုံး မျက်နှာပေးမျိုး လုပ်ထား၊ ဝမ်းနည်းတဲ့ပုံစံ ပြ၊ ရိုရိုသေသေ နေခဲ့။ ဒါဟာ မေတ္တာရပ်ခံချက် မဟုတ်ဘူး"
ကို ဂျီဟွန်း၊ ဂျိုး နှင့် မိုးတို့သည် စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ၎င်းသည် ဆိုးရွားသော အကြံဉာဏ်ဖြစ်ကြောင်း သူတို့၏ အသိစိတ်က အော်ဟစ်နေသည်။ ဘာကြောင့် သူတို့က ရှေ့နေအချို့၏ စကားကို နားထောင်နေရသနည်း။ သူတို့က ဝတ်ကောင်းစားလှ ဝတ်ထားပြီး စကားကြီးစကားကျယ်တွေ ပြောတတ်ရုံနှင့် အခြေအနေမှန်ကို သိနေကြသည်ဟု မဆိုလိုနိုင်ပေ။
အနည်းဆုံးတော့ ကို ဂျီဟွန်းက ထိုသို့ပင် ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်သည်။
"ဒါပေမဲ့... သူ့မိဘတွေက ကျွန်တော်တို့ကို မုန်းနေရင်ကော" ကို ဂျီဟွန်းက တိုးတိုးလေး ရေရွတ်သည်။ "ကျွန်တော်တို့ ရောက်သွားရင် သူတို့ မှတ်မိလိမ့်မယ်။ နှင်ထုတ်တာမျိုး၊ အော်ဟစ်တာမျိုး လုပ်နိုင်တယ်။ ကျွန်တော်တို့က သူ့ကို နောက်ဆုံးတွေ့ခဲ့တဲ့သူတွေလေ... သူတို့ သိမှာပေါ့"
ဒစ်ပတာက ဂရုမစိုက်ဟန်ဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။
"မသိနိုင်ပါဘူး။ ငါ့ကို ယုံစမ်းပါ။ သူတို့လို လူမျိုးတွေကလား။ ဝမ်းနည်းပူဆွေးနေချိန်မှာ သူတို့က ဒေါသထွက်မှာ မဟုတ်ဘူး။ ဝမ်းနည်းမှုကို ပြေပျောက်စေမယ့် ဘယ်အရာကိုမဆို သူတို့က ဆုပ်ကိုင်ချင်နေကြတာ။ မင်းတို့ ဝင်သွားမယ်၊ ခေါင်းငြိမ့်ပြမယ်၊ အမွှေးတိုင် ထွန်းမယ်... အဲဒီအခါ သူတို့က မင်းတို့ကို လာပေးတဲ့အတွက် ကျေးဇူးတောင် တင်နေဦးမှာ။ ဒါဟာ ဒီလိုကိစ္စတွေရဲ့ ထုံးစံပဲ"
ငြင်းခုံရန် နေရာမရှိတော့ဘဲ ရွေးချယ်စရာ လမ်းစပျောက်နေသည့်အတွက် ထိုသုံးယောက်သည် နောက်တစ်နေ့တွင် နာရေးသို့ ရောက်လာခဲ့ကြသည်။ အနက်ရောင် ဝတ်စုံများ၊ တောင့်တင်းနေသော ကော်လာများနှင့် ဟန်ဆောင်ထားသော လေးနက်မှုများဖြင့် သူတို့သည် တံခါးအတွင်းသို့ လှမ်းဝင်ခဲ့ကြသည်။
နောက်ကျမှ ရောက်လာခြင်း ဖြစ်သည်။
သူတို့သည် ခန်းမအတွင်း ဝင်လာရင်း နေမရထိုင်မရ ဖြစ်နေကြသည်။ တိတ်ဆိတ်နေသော အခန်းထဲတွင် ဘယ်ကိုသွားရမည်၊ သူတို့သည် ဤနေရာနှင့် ဆီလျော်မှု ရှိမရှိကို မဝေခွဲနိုင်ဘဲ မျက်လုံးများက ဟိုဟိုဒီဒီ ပျာယာခတ်နေသည်။
သို့သော် နောက်ဆုံးတွင် ထိုသုံးယောက်သည် အမွှေးတိုင် ထွန်းသည့် စားပွဲဆီသို့ ရောက်သွားကြသည်။ တုန်ရီနေသော လက်ချောင်းများဖြင့် တစ်ဦးချင်းစီက အမွှေးတိုင်တစ်တိုင်စီကို ယူကာ မီးညှိပြီး ပြိုင်တူ ဒူးထောက်လိုက်ကြသည်။ သူတို့သည် ဆုတောင်းနေသည့်ပုံစံဖြင့် ခေါင်းငြိမ့်ပြကာ ဆမ်၏ ဓာတ်ပုံအောက်ရှိ တိုင်အိုးထဲသို့ အမွှေးတိုင်ကို ညင်သာစွာ ထိုးစိုက်လိုက်သည်။
နေရာမှ ထလာသော ဆမ်၏ မိခင်သည် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ရည်စိုရွှဲနေသော မျက်လုံးများက သူတို့ဆီသို့ ကျရောက်သွားသည်။
"အို... မင်းတို့ သုံးယောက်ကိုး" သူမက အသံများ တုန်ရီလျက် မျက်ရည်များ ပြန်လည် စီးကျလာရင်း ပြောသည်။ "ကျေးဇူးတင်ပါတယ်... ငါတို့သားလေးအတွက် အခုလို လာပေးကြတာ တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်"
"ဟုတ်ပါတယ်" ဆမ်၏ ဖခင်ကလည်း ပင်ပန်းနွမ်းနယ်နေသော မျက်နှာဖြင့် ရှေ့သို့ တိုးလာကာ ဖြည့်ပြောသည်။ "ကျေးဇူးတင်ပါတယ်။ အရင်က အဆင်မပြေမှုတွေ ရှိခဲ့တာ သိပါတယ်... ဒါပေမဲ့ ဒီနေ့ အခုလို လာပေးကြတာကို တကယ်ပဲ တန်ဖိုးထားပါတယ်။ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေးတဲ့အတွက်ရော၊ အခုလို ရှိနေပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်"
ကို ဂျီဟွန်း တစ်ယောက် တောင့်တောင့်ကြီး ဖြစ်သွားသည်။ စကားတစ်လုံးမှပင် မပြောနိုင်တော့ပေ။
သူ မယုံကြည်နိုင်အောင် ဖြစ်ရသည်။ ဒစ်ပတာ ပြောခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်နေသည်။ ဒေါသထွက်ခြင်း မရှိ။ အပြစ်တင်ခြင်း မရှိ။ ကျေးဇူးတင်စကားသာ ရှိသည်။ သူတို့ ဘာမှမသိကြပေ။ သူတို့၏ သားအပေါ် ထိုသုံးယောက် ဘာတွေ လုပ်ခဲ့သည်ကို သူတို့ လုံးဝ မရိပ်မိကြပေ။
ဒေါသထွက်မည့်အစား၊ ဆမ်သည် အထီးကျန်မနေခဲ့ပါလား၊ သူ့ကို ဂရုစိုက်မည့်သူ ရှိခဲ့ပါလားဟူသော ဖြေသိမ့်မှုပေးနိုင်သည့် ပုံပြင်လေးတစ်ခုကိုသာ သူတို့က ဆုပ်ကိုင်ထားကြခြင်း ဖြစ်သည်။
အခန်းတစ်ဖက်မှနေ၍ မက်စ် သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေသည်။
သူ၏ ညာဘက်လက်မှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေသည်။
သူသည် တုန်ရီနေသော ထိုလက်ကို ငြိမ်သွားစေရန် ကျန်လက်တစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားရသည်။
သူတို့ ဖျက်ဆီးခဲ့တဲ့ သူတွေဆီကနေ ကျေးဇူးတင်စကား ပြန်ကြားနေရတာလား...
ငါ့ရဲ့ 'ဝှိုက်တိုက်ဂါးဂိုဏ်း' မှာ ရှိခဲ့တဲ့ အချိန်တွေမှာတောင် ဒီလောက်အထိ ရွံရှာစရာကောင်းပြီး စိတ်ပျက်ဖို့ကောင်းတဲ့ အဖြစ်အပျက်မျိုး မကြုံဖူးဘူး။
ဆမ်၏ မိဘများထံမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားများကို ရရှိပြီးနောက်၊ ကို ဂျီဟွန်းနှင့် ကျန်သူများသည် ခန်းမအတွင်း လွတ်လပ်စွာ လှုပ်ရှားလာကြသည်။ အစောပိုင်းက သူတို့ကို ခြောက်လှန့်နေသော စိုးရိမ်စိတ်များမှာ ပျောက်ကွယ်သွားပုံရသည်။ အကြောင်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရိုးရှင်းသည့် အမှန်တရားတစ်ခုကို သူတို့ နားလည်သွားသောကြောင့် ဖြစ်သည်။
သူတို့သည် ပြစ်ဒဏ်မှ လွတ်မြောက်သွားခဲ့ပြီ။
ဤသည်မှာ လောကကြီး၏ အလုပ်လုပ်ပုံပင်။ သူတို့၏ အမြင်အရ သူတို့သည် မည်သူမျှ မထိနိုင်သော အခြေအနေသို့ ရောက်သွားကြပြီ ဖြစ်သည်။
မုန့်စားပွဲများဆီသို့ လျှောက်သွားစဉ် ကို ဂျီဟွန်း၏ မျက်လုံးက တစ်ယောက်တည်း ရပ်နေသောသူ တစ်ဦးဆီသို့ ကျရောက်သွားသည်။
မက်စ်။
သူတို့ သုံးယောက်သား ထိုနေရာသို့ လျှောက်သွားကြသည်။ ဂျိုးကမူ မျက်လုံးချင်း မဆုံမိအောင် အနောက်ကနေ လိုက်လာသည်။
"ဟေး... မက်စ်ပါလား" ကို ဂျီဟွန်းက ယုံကြည်မှုများ ပြန်လည် ပြည့်ဝလာဟန်ဖြင့် ပြုံးလိုက်သည်။ "မင်းကို ဒီမှာ တွေ့ရမယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ ဖြစ်နိုင်တာပဲလေ။ ငါတို့ကျေးဇူးကြောင့် မင်းနဲ့ ဆမ်က အရမ်း ရင်းနှီးသွားတာ မဟုတ်လား။ အဲဒီအတွက် မင်း ငါတို့ကို ကျေးဇူးတင်သင့်တယ်လို့ ငါထင်တယ်" သူက ရယ်မောရင်း မိုးကို တစ်ချက် တွတ်လိုက်ရာ မိုးကလည်း လိုက်၍ ရယ်သည်။
ဂျိုးကမူ တောင့်တောင့်ကြီး ဖြစ်နေသော အပြုံးတစ်ခုကိုသာ ပြသည်။
မက်စ်က ပြန်မပြောပေ။ သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး ရင်ဘတ်ကမူ စည်းချက်ကျကျ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ အသက်ကို အထဲသို့ ရှူသွင်းလိုက်၊ အပြင်သို့ ပြန်ထုတ်လိုက်နှင့်။
ကံကောင်းထောက်မစွာပင် ခန်းမအတွင်းမှ ထွက်ပေါ်လာသော အသံတစ်ခုက တင်းမာမှုကို ဓားဖြင့် ဖြတ်လိုက်သကဲ့သို့ ပျောက်ကွယ်သွားစေသည်။
"ဒီနေ့ လာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်" ဟု ဆမ်၏ ဖခင်က ညင်သာစွာ ပြောလိုက်သည်။ "အခမ်းအနား ပြီးဆုံးပါပြီ။ အားလုံးပဲ ဘေးကင်းလုံခြုံတဲ့ နေ့တစ်နေ့ ဖြစ်ပါစေ"
ထိုစကားများ ဆမ်၏ ဖခင် နှုတ်မှ ထွက်လာသည်နှင့် အခန်းတွင်းရှိ လေထုက စတင် ပြောင်းလဲသွားသည်။ လူများသည် တစ်ဦးချင်းစီ တိတ်ဆိတ်စွာ ထွက်ခွာသွားကြပြီး နှုတ်ဆက်ခြင်းနှင့် နောက်ဆုံးအကြိမ် ဦးညွှတ်ခြင်းများကို ပြုလုပ်ကြသည်။ ကို ဂျီဟွန်းကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ ထွက်ခွာရန် ပြင်လိုက်သည်။
"ငါတို့ သွားဖို့ အချိန်တန်ပြီ ထင်တယ်" ဟု သူက မထီမဲ့မြင် ပုံစံဖြင့် ဆိုသည်။ "ဒါပေမဲ့ မှတ်ထားပါ မက်စ်၊ ကျောင်းရောက်ရင် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားမှာပါ"
မိုးက အနားသို့ တိုးလာပြီး ရက်စက်သော နောက်ပြောင်မှုတစ်ခု လုပ်နေသည့်အလား ပြုံးလျက် "ဟုတ်တယ်။ မင်းက ငါတို့ပြောတဲ့အတိုင်းပဲ လုပ်တာ ကောင်းမယ်။ ဘယ်သူသိမှာလဲ၊ နောက်တစ်ခါ ငါတို့ ဒီကို လာရတာက မင်းအတွက် ဖြစ်နေမလားဆိုတာ"
ထိုသို့ပြောပြီး ကို ဂျီဟွန်းက ခြေလှမ်းကျကျဖြင့် ထွက်ပေါက်ဆီသို့ လျှောက်သွားရာ ကျန်နှစ်ယောက်က အနောက်မှ လိုက်သွားကြသည်။ ဂျိုးကမူ တစ်ချက်ကလေးမှ နောက်လှည့်မကြည့်ရဲဘဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်လျက် ထွက်သွားသည်။
သူတို့ လုပ်ခဲ့တာတွေပြီးမှ... အခုထိ ဆက်လုပ်ဖို့ ကြံစည်နေကြတုန်းလား မက်စ်၏ သွေးများ ဆူပွက်လာပြီး တွေးနေမိသည်။ နောင်တလည်း မရှိ၊ လေးစားမှုလည်း မရှိ။ ဆမ်ရဲ့ မိဘတွေ ရှေ့မှာတင်၊ သူ့ရဲ့ နာရေးမှာတင် ဒီလို စကားမျိုးကို ပြောထွက်ကြတယ်ပေါ့
ဧည့်သည်အများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ခန်းမအတွင်း တိတ်ဆိတ်ငြိမ်သက်သွားချိန်တွင် မက်စ်သည် အခန်း၏ အဝေးတစ်ဖက်ရှိ တံခါးမှ ဝင်လာသော အာရွန်ဟတ် ကို သတိပြုမိလိုက်သည်။
အာရွန် သူ၏အနားသို့ ဖြတ်သွားချိန်တွင် မက်စ်ကလည်း ထွက်ပေါက်ဆီသို့ စတင် လျှောက်လှမ်းလိုက်သည်။ သူတို့နှစ်ဦး ခဏမျှသာ ဆုံလိုက်သော်လည်း အာရွန်က အနားသို့ ကပ်၍ တိုးတိုးလေး မေးသည်။
"ဒီအပိုင်းမှာ ကျွန်တော်နဲ့ အတူရှိနေချင်သလား။ ကျွန်တော်ထင်တာတော့ သူတို့က မင်းရှိနေတာကို ပိုပြီး တန်ဖိုးထားကြလိမ့်မယ်"
"မလိုပါဘူး၊ ရပါတယ်" မက်စ်က တည်ငြိမ်သော်လည်း အနည်းငယ် အေးစက်သော အသံဖြင့် ပြန်ပြောသည်။ "ဒါ့အပြင် ငါ လုပ်စရာ ရှိသေးတဲ့ တခြားကိစ္စတစ်ခု ရှိတယ်"
မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ အာရွန်ကို ကျော်ဖြတ်ကာ အပြင်ဘက်ရှိ အေးမြသော လေထုထဲသို့ သူ လှမ်းထွက်လိုက်သည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ လမ်းမပေါ်တွင် အတူတူ လျှောက်သွားနေကြသည့် ရင်းနှီးနေသော လူပုံရိပ် သုံးခုကို တွေ့လိုက်ရသည်။
ကို ဂျီဟွန်း၊ မိုး နှင့် ဂျိုး။
ရယ်မောနေကြဆဲ၊ လွတ်လပ်နေကြဆဲ။
ရှေ့တွင် ဘာတွေ ရောက်လာတော့မည်ကို လုံးဝ မသိရှိကြသေးဘဲနှင့်။