အခန်း - (၂၉)
ဆမ် သေဆုံးသွားပြီ!
ထိုစကားလုံးများသည် မက်ဆီးမတ်စ်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး၊ ထူးဆန်း၍ လေးလံလှသော ခံစားချက်ကြီးတစ်ခုက သူ့ရင်ထဲတွင် အမြစ်တွယ်သွားတော့သည်။ သူသည် ယခင်ကလည်း လူအများအပြားကို ဆုံးရှုံးဖူးခဲ့သည်။ သူ့အတွက် အရေးပါသူများ၊ ဝှိုက်တိုက်ဂါးဂိုဏ်းအတွက် အရေးကြီးသူများကို ဆုံးရှုံးခဲ့ရစဉ်က ထိုသို့သော နာကျင်မှုမျိုးကို သူ ယဉ်ပါးနေပြီဟု ထင်ခဲ့မိသည်။
သို့သော် ယခုမူ... သူကိုယ်တိုင် အသက်ဆုံးရှုံးခဲ့စဉ်ကထက်ပင် ငယ်ရွယ်သေးသော ဆမ်ကဲ့သို့ ကောင်လေးတစ်ယောက် ဆုံးရှုံးသွားရခြင်းမှာ သူ့ကို တစ်စုံတစ်ရာ ခံစားရစေသည်။ သူ မမျှော်လင့်ထားသော ခံစားချက်မျိုးပင်။
မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော အမှတ်တရများက သူ့ဦးနှောက်ထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသည်။ ကျောင်းဂိတ်ဝရှေ့တွင် အတူတူရပ်နေစဉ် ဆမ်၏ မျက်နှာပေါ်၌ ရှိနေခဲ့သော မျှော်လင့်ချက်အပြည့်နှင့် အပြုံး။ တစ်နေ့ကျလျှင် ကျေးဇူးဆပ်သည့်အနေဖြင့် မက်ဆီးမတ်စ်ကိုယ်စား အဖမ်းခံပေးမည်ဟု ပြောခဲ့သော ဆမ်၏ စကားများ။ ထိုအရာအားလုံးမှာ ရိုးသားဖြူစင်လွန်းခဲ့သည်။
ဆမ် ပြုံးနေသည့် ထိုမြင်ကွင်းက မက်ဆီးမတ်စ်၏ စိတ်ထဲတွင် ပြန်လည်ပေါ်လာသည်နှင့်အမျှ သူ၏ လက်သီးများကို တင်းတင်းဆုပ်လိုက်မိသည်။
'ငါ ဒါကို တားဆီးနိုင်ခဲ့မလား' ဟု သူတွေးတောရင်း ရင်ထဲတွင် ဒေါသအရှိန်က တငွေ့ငွေ့ လောင်မြိုက်လာသည်။ 'ငါက မက်စ်စတန်းရဲ့ ဘဝအမှန်ကို သိဖို့ပဲ အာရုံစိုက်နေမိလို့ ငါ့မျက်စိရှေ့တင် ဖြစ်ပျက်နေတာတွေကို သတိမထားမိခဲ့တာလား'
သူ၏ မျက်လုံးများက ဤကိစ္စအတွက် တာဝန်ရှိသည်ဟု သူသိထားသော လူသုံးယောက်ထံသို့ ဝေ့ဝဲသွားသည်။ ထူးခြားသည်မှာ ယခုတစ်ကြိမ်တွင် သူတို့တတွေ ရယ်မောမနေကြတော့ပေ။ သရော်လှောင်ပြောင်ခြင်း သို့မဟုတ် နောက်ပြောင်ခြင်းများလည်း မရှိတော့။ သူတို့သည် ခန္ဓာကိုယ်များ တောင့်တင်းလျက် တိတ်ဆိတ်နေကြပြီး တုန်လှုပ်ခြောက်ခြားနေပုံပင် ရသည်။
မက်ဆီးမတ်စ်ကတော့ တွေးနေမိသည်... ဒါက နောင်တကြောင့်လား? ဒါမှမဟုတ် ကြောက်စိတ်ကြောင့်လား?
'သူတို့ကြောင့်ပဲ ဖြစ်ရမယ်' မက်ဆီးမတ်စ်၏ အတွေးများက ရဟတ်လို လည်နေသည်။ 'ဒါပေမဲ့ ဆမ်ရော၊ မက်စ်စတန်းအစစ်ရောက ဒီဒဏ်ကို ခံလာရတာ နှစ်နဲ့ချီနေပြီလေ။ ဒီလောက်တင် မကလောက်ဘူး... ဟုတ်တယ်မလား? တစ်ခုခုက သူ့ကို အဆုံးစွန်အထိ တွန်းပို့လိုက်တာလား? ဒါမှမဟုတ်... မက်စ်စတန်းအစစ် ဖြစ်ခဲ့သလိုမျိုး တစ်ခုခု ပိုပြီး မှောင်မိုက်တဲ့ အမှန်တရား ရှိနေတာလား'
သူ သက်ပြင်းရှည်ကြီးကို ချလိုက်သော်လည်း သူ၏ ဦးနှောက်မှာ ထိန်းမနိုင်သိမ်းမရ လည်ပတ်နေဆဲပင်။ သူသည် အဖြေရှာမရဘဲ အရာအားလုံးကို ထပ်ခါထပ်ခါ တွေးတောနေမိသည်။ ထို့ထက် ပိုဆိုးသည်မှာ ဆမ် မည်သို့သေဆုံးသွားခဲ့သည်ကိုပင် သူ မသိသေးခြင်း ဖြစ်သည်။
"ဒီဖြစ်ရပ်က ကျောင်းအတွက်တော့ တကယ့်ကို ခက်ခဲတဲ့ ကိစ္စတစ်ခုပါပဲ" ဟု ဆရာက လေးနက်တင်းမာသော လေသံဖြင့် ပြောသည်။ "အခြေအနေ အမျိုးမျိုးကြောင့် မင်းတို့ တစ်ယောက်ချင်းစီကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းပါလိမ့်မယ်။ ဆရာတို့ဘက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်တယ်။ မင်းတို့သိသမျှ အကုန်လုံးကို သူတို့ကို ပြောပြပါ"
ရဲတပ်ဖွဲ့? မက်ဆီးမတ်စ်၏ ရင်ခုန်သံမှာ တစ်ချက်မျှ တန့်သွားသည်။ 'ဒါဆို ဒါက သာမန် ဝမ်းနည်းစရာ မတော်တဆမှုမျိုး မဟုတ်ဘူးပေါ့... တစ်ခုခု ထပ်ရှိနေတာပဲ'
ထိုအချိန်မှာပင် ယူနီဖောင်းဝတ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး အတန်းထဲသို့ ဝင်လာကြသည်။ သူတို့ ရောက်ရှိလာခြင်းက အတန်းထဲရှိ လေထုကို ချက်ချင်း ပြောင်းလဲသွားစေသည်။ လုပ်ငန်းစဉ်များကို သူတို့က ရှင်းပြနေစဉ် တစ်ခန်းလုံးမှာ လေးလံသော တိတ်ဆိတ်မှုတို့ ဖုံးလွှမ်းသွားတော့သည်။ မေးမြန်းမှုများ ပြုလုပ်ရန် သီးသန့်အခန်းတစ်ခန်း ပြင်ဆင်ထားပြီး ကျောင်းသားများကို တစ်ဦးချင်းစီ ခေါ်ယူကာ ထွက်ဆိုချက်များ ရယူမည် ဖြစ်သည်။
မိဘများကိုလည်း အကြောင်းကြားပြီး ဖြစ်သည်။ ဤသည်မှာ တရားဝင် လုပ်ငန်းစဉ်ဖြစ်သဖြင့် မည်သူမျှ ရှောင်လွှဲ၍ မရနိုင်ပေ။
"ကျန်တဲ့အချိန်တွေအတွက် သင်ခန်းစာအားလုံးကို ဖျက်သိမ်းလိုက်တယ်" ဟု ဆရာက ကြေညာသည်။ "ရဲအရာရှိတွေနဲ့ တွေ့ရမယ့် အချိန်ဇယားကို ဒီမှာ ကပ်ပေးထားမယ်။ သတ်မှတ်ထားတဲ့ အချိန်မှာ ဒီအတန်းထဲကို ပြန်ရောက်နေဖို့ လိုသလို၊ ဘယ်သူမှလည်း ကျောင်းဝင်းထဲကနေ ထွက်ခွင့်မရှိဘူး။ နားလည်ကြလား"
ပထမဆုံး စစ်ဆေးခံရမည့် အမည်ကို ခေါ်လိုက်သည်။ မက်ဆီးမတ်စ်၏ အမည်နှင့် ဟိုသုံးယောက်၏ အမည်များမှာ ခန့်မှန်းထားသည့်အတိုင်း စာရင်း၏ ထိပ်ပိုင်းတွင် မရှိပေ။ ကြည့်ရသည်မှာ သူတို့ကို ညနေစောင်းမှသာ ခေါ်ယူမည့်ပုံပင်။
ရဲအရာရှိများ အခန်းထဲမှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် တီးတိုးပြောဆိုသံများမှာ ဒီရေတက်သကဲ့သို့ ပျံ့နှံ့လာတော့သည်။ ကျောင်းသားများသည် စားပွဲပေါ်သို့ မှီရင်း ခေါင်းချင်းရိုက်ကာ လေသံခပ်တိုးတိုးဖြင့် စတင်ပြောဆိုကြသည်။ အမျိုးမျိုးသော ခန့်မှန်းချက်များကလည်း အလျင်အမြန် ပျံ့နှံ့သွား၏။
အများစုမှာ မက်ဆီးမတ်စ် တွေးနေသည့်အရာကိုပင် စဉ်းစားနေကြခြင်း ဖြစ်သည်။
'ဆမ် တကယ်ပဲ ဘာဖြစ်သွားတာလဲ'
ထို့ထက် ပိုအရေးကြီးသည်မှာ... ဟိုသုံးယောက်က ဆမ်ကို အဆုံးစွန်အထိ တွန်းပို့လိုက်ကြတာလား?
ထောင့်တစ်နေရာမှနေ၍ မက်ဆီးမတ်စ်သည် သူတို့ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေသည်။ ကို ဂျီဟွန်းမှာ ယခုတစ်ကြိမ်တွင်တော့ ဖြဲနားနား ပြုံးမနေတော့ပေ။
"တောက်... သွားပြီ၊ သွားပြီ" ဟု ကို ဂျီဟွန်းက လက်သည်းကို ကိုက်ရင်း တီးတိုးရေရွတ်နေပြီး သူ၏ မျက်လုံးများကလည်း အခန်းအနှံ့သို့ ပြူးပြူးပြာပြာ ရောက်နေသည်။ 'ဒီကောင်က ဘာဖြစ်တာလဲ? ဘာလို့ အဲလိုမျိုး သွားလုပ်ရတာလဲ? အဲဒီ ဝက်ကောင်က သေသွားတာတောင် ဒုက္ခပေးနေတုန်းပဲ!'
"ငါတို့ ဘာဆက်လုပ်ကြမလဲ" ဟု မိုးက ကို ဂျီဟွန်း၏ အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။
ကို ဂျီဟွန်းသည် စကားတစ်လုံးမှ မပြောဘဲ ဖုန်းကို ထုတ်ကာ စခရင်ပေါ်တွင် လက်ချောင်းများကို အမြန်ဆုံး လှုပ်ရှားလိုက်သည်။
"ငါတို့အားလုံး တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြတာ" ဟု သူက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။ "အခု ငါတို့ သွားတွေ့လို့ရတဲ့လူက တစ်ယောက်တည်းပဲ ရှိတော့တယ်"
ဂျိုးက အနားသို့ ကပ်ကြည့်လိုက်ရာ ဖုန်းစခရင်ပေါ်တွင် ပေါ်လာသော အမည်မှာ ဒစ်ပတာ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားသည်။ ကျောင်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။
ကို ဂျီဟွန်းသည် မက်ဆေ့ခ်ျ ပို့နေစဉ်တွင် သူ၏ လက်များမှာပင် အနည်းငယ် တုန်ရင်နေခဲ့သည်။ ခဏအကြာတွင် ပြန်စာ ရောက်လာ၏။
ကို ဂျီဟွန်းက ထရပ်လိုက်ပြီး အေးစက်လှသော လေသံဖြင့် ပြောလိုက်သည်။
"ဒစ်ပတာ က ငါတို့ကို 'ခိုအောင်းရာ' မှာ တွေ့ချင်နေတယ်"
တွေဝေမနေဘဲ သူတို့ သုံးယောက်စလုံး ထိုင်နေရာမှ ထကာ တံခါးဆီသို့ ဦးတည်သွားကြသည်။ မက်ဆီးမတ်စ်က မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
'ခိုအောင်းရာ' ဆိုသည်မှာ ကျောင်းဝင်းထဲရှိ သာမန်နေရာတစ်ခု မဟုတ်ပေ။ ၎င်းမှာ ယခင်က မိုးလုံလေလုံ ဘောလုံးကွင်း ဖြစ်ခဲ့ဖူးပြီး ပျက်စီးနေသော ဂိုးတိုင်နှစ်ခုလည်း ရှိနေသေးသည်။ သို့သော် ယခုအခါ မည်သူမျှ ထိုနေရာတွင် ဘောလုံးမကစားကြတော့ဘဲ ကျောင်း၏ အဆိုးဆုံး လူမိုက်များ စုဝေးရာ တရားမဝင် နေရာတစ်ခု ဖြစ်နေခဲ့သည်။
ဟိုသုံးယောက် အတန်းထဲမှ ထွက်ပြီး ထိုနေရာသို့ သွားနေသည်ကို ကြည့်ရင်း မက်ဆီးမတ်စ်၏ အတွေးများမှာလည်း ဝဲလည်လာသည်။
'ငါ သူတို့နောက်ကို လိုက်သွားသင့်သလား' ဟု သူတွေးမိပြီး သူ၏ ကြွက်သားများက တင်းမာလာသည်။ 'ဒီနေ့ သူတို့ရဲ့ အမူအရာတွေက တကယ်ကို သံသယဖြစ်စရာ ကောင်းနေတယ်။ ဒါပေမဲ့ ငါ သူတို့နောက်ကို လိုက်ရင်း မိသွားခဲ့ရင်တော့... အခြေအနေက အကြီးအကျယ် ပျက်စီးသွားလိမ့်မယ်။ အထူးသဖြင့် ရဲတွေရှိနေတဲ့ အချိန်မျိုးမှာပေါ့'
သို့သော်လည်း ရဲတွေရှိနေသည့် အချိန်မျိုးတွင် သူတို့တတွေ မိုက်မဲသည့်အရာမျိုး လုပ်ရဲမည် မဟုတ်ဟု တစ်စုံတစ်ခုက သူ့ကို ပြောနေသည်။
'ဒါပေမဲ့ ငါကိုယ်တိုင်လည်း ပြဿနာ မရှာသင့်ဘူး... အနည်းဆုံးတော့ ဒီနေ့ပေါ့'
ဖြစ်နိုင်လျှင် နောက်မှ ဂျိုးကို မေးမြန်းပြီး သူတို့ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုသည်ကို စုံစမ်း၍ ရနိုင်သည်။ သို့သော် ယခုအချိန်တွင်မူ မက်ဆီးမတ်စ်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို မသိရမချင်း မနေနိုင် မထိုင်နိုင် ဖြစ်နေသည်။ သူကိုယ်တိုင် မြင်တွေ့ရန် လိုအပ်နေသည်။
ထို့ကြောင့် သူသည် ထိုင်နေရာမှ ထကာ အတန်းထဲမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး သူတို့နှင့် အကွာအဝေးတစ်ခုကို ဂရုတစိုက် ထိန်းကာ နောက်ယောင်ခံ လိုက်သွားတော့သည်။ မျက်မှောင်ကို တင်းတင်းကြုတ်ထားပြီး တည်ငြိမ်သောအမူအရာဖြင့် သူ အာရုံစိုက်ထားသည်။ သူ သိလိုသည်မှာ သူတို့ မည်သူနှင့် တွေ့မည်နည်း ဆိုသည်သာ ဖြစ်သည်။ ထိုအရာက အဖြေအားလုံး၏ အစ ဖြစ်နိုင်သည်။
သို့သော် ထိုအချိန်မှာပင်
"မက်ဆီးမတ်စ်!" ဟု အနောက်မှ လှမ်းခေါ်သံတစ်ခု ကြားလိုက်ရသည်။
သူ ကြက်သေ သေသွားသည်။
ဟိုသုံးယောက်ကို နောက်ယောင်ခံလိုက်ရန် အာရုံစိုက်လွန်းသဖြင့် တစ်စုံတစ်ယောက် အနားသို့ ချဉ်းကပ်လာသည်ကိုပင် သူ သတိမထားမိခဲ့ပေ။ စက္ကန့်ပိုင်းမျှ အာရုံလွင့်သွားသည့်အချိန်တွင်ပင် သူတို့တတွေက လမ်းချိုးတစ်ခုတွင် ကွယ်ပျောက်သွားကြပြီ ဖြစ်သည်။
'တောက်... လွတ်သွားပြီ'
မက်ဆီးမတ်စ် လှည့်ကြည့်လိုက်သည့်အခါ ဟိုတစ်ခါက စင်္ကြံလမ်းတွင် သူ့ကို တားခဲ့ဖူးသော မိန်းကလေး အက်ဘီ ကို တွေ့လိုက်ရသည်။
သူမ၏ နူးညံ့သော မျက်လုံးများက မက်ဆီးမတ်စ်၏ မျက်လုံးများနှင့် ဆုံသွားသည်။ "မက်ဆီးမတ်စ်... နင် အဆင်ပြေရဲ့လား? အရာအားလုံး အဆင်ပြေရဲ့လားဟင်"
"ဘာဖြစ်သွားတာလဲ သိလား" ဟု မက်ဆီးမတ်စ်က အပိုစကားများ မပြောဘဲ တန်းမေးလိုက်သည်။
"ဆမ်ရဲ့ အကြောင်းကို ပြောတာလား" ဟု သူမက ညင်သာစွာ ပြန်ဖြေသည်။ "အင်း... အခုဆို တစ်ကျောင်းလုံး သိသွားပြီ ထင်တာပဲ"
'သိမှာပေါ့' ဟု မက်ဆီးမတ်စ်က တွေးမိသည်။ လူတိုင်း၏ လက်ထဲတွင် ဖုန်းကိုယ်စီ ရှိနေကြသည့် ခေတ်တွင် လျှို့ဝှက်ချက် ဆိုသည်မှာ မရှိသလောက်ပင်။
အက်ဘီသည် ခဏမျှ တွေဝေနေပြီးမှ ဆက်ပြောသည်။ "အဲဒါကလေ... နင်တို့ နှစ်ယောက်က အတော်လေး ရင်းနှီးကြတယ်လို့ ငါ ထင်လို့ပါ။ ငါ နင်တို့ စကားပြောနေတာကို ခဏခဏ တွေ့ဖူးတယ်လေ။ နင်တို့ သူငယ်ချင်းတွေလို့ ငါ ထင်ခဲ့တာ... ဒါကြောင့် နင် ဘယ်လိုနေလဲဆိုတာ သိချင်နေတာ"
မက်ဆီးမတ်စ်က မျက်နှာလွှဲလိုက်ပြီး "ဒီကိစ္စကို လက်ခံဖို့ ခက်နေတုန်းပဲ" ဟု ဝန်ခံလိုက်သည်။ "ငါ လုံးဝ သတိမထားလိုက်မိဘူး။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး"
အက်ဘီက ခေါင်းညိတ်ပြလိုက်ရာ သူမ၏ ဆံပင်မြီးကလေးမှာ အနည်းငယ် ယိမ်းနွဲ့သွားသည်။ "ဆမ်က လူကောင်းတစ်ယောက်ပါ။ သိလား... သူက နင် တစ်ခုခု ဒုက္ခရောက်နေပြီလို့ ထင်တဲ့အချိန်တိုင်း ငါ့ဆီကို အပြေးအလွှား လာတတ်တာ။ သူ နင့်အတွက် တကယ် စိုးရိမ်နေခဲ့တာ"
မက်ဆီးမတ်စ်၏ မျက်မှောင်များ ကြုတ်သွားသည်။ "ဒါက ဘယ်တုန်းကလဲ"
"မနေ့ကလေ" ဟု သူမက အသံတိုးတိုးဖြင့် ပြောသည်။ "နင့်အတန်းဖော်တွေက နင့်ကို အပြင်ခေါ်သွားတယ်လို့ သူ ပြောတယ်။ သူတို့တွေ နင့်ကို တစ်ခုခု လုပ်ကြမှာကို သူ တကယ် ကြောက်နေခဲ့တာ... ဒါကြောင့် ငါတို့နှစ်ယောက် ဆရာ့ကို သွားခေါ်ခဲ့ကြတာ"
မက်ဆီးမတ်စ်၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ အက်ဘီမှာတော့ ထိုအခိုက်အတန့်လေး တစ်ခုက ဆမ်အတွက် မည်မျှအဖိုးတန်သော အရာကို ပေးဆပ်လိုက်ရသည်ကို လုံးဝ မသိရှာပေ။
ဂီတခန်းထဲတွင် ဂျိုးနှင့်အတူ ရှိနေစဉ် ဆရာနှင့် အက်ဘီတို့ ရောက်လာခဲ့သည့် အချိန်ကို မက်ဆီးမတ်စ် ပြန်မြင်ယောင်လာသည်။ ထိုစဉ်ကတော့ တိုက်ဆိုင်မှုဟုသာ သူ ထင်ခဲ့မိသည်။ သို့သော် ယခု အမှန်တရားကို ကြားလိုက်ရသည့်အခါတွင်မူ ဆရာ ဘာကြောင့် ရောက်လာရသနည်း ဆိုသည့် အကြောင်းရင်းကို သူ နားလည်သွားခဲ့ပြီ။
ဒါ ဆမ် ကြောင့်ပဲ။
ပဟေဠိ အစိတ်အပိုင်းတစ်ခု နေရာတကျ ဖြစ်သွားသလို အရာအားလုံးက ကွင်းဆက်မိသွားတော့သည်။ ထို့အတူ မက်ဆီးမတ်စ်၏ ရင်ထဲတွင်လည်း ပျို့အန်ချင်သလို ခံစားချက်ဆိုးကြီးတစ်ခုက အမြစ်တွယ်လာသည်။
သတင်းကြားလိုက်ရချိန်တွင် ကို ဂျီဟွန်းတို့ အဖွဲ့၏ မျက်နှာများ... သူတို့၏ ထိတ်လန့်တုန်လှုပ်နေပုံများမှာ သာမန် မဟုတ်ပေ။ ၎င်းမှာ ထိတ်လန့်မှု မဟုတ်ဘဲ ကြောက်ရွံ့မှုသာ ဖြစ်သည်။ သူတို့ တစ်ခုခုကို သိထားသည်။ သူတို့ တစ်ခုခု လုပ်ခဲ့ကြသည်။
ယခုအခါ ထိတ်လန့်စရာကောင်းသော အတွေးတစ်ခုက မက်ဆီးမတ်စ်၏ စိတ်ထဲတွင် လျစ်လျူရှု၍ မရနိုင်သော တိုးတိုးလေး ပြောသံတစ်ခုကဲ့သို့ တိုးဝင်လာသည်။
'ဒါတွေအားလုံးက... ဆမ်က ငါ့ကို ကူညီဖို့ ကြိုးစားခဲ့လို့ တကယ်ပဲ ဖြစ်သွားခဲ့တာလား'
ထိုသို့ သိရှိနားလည်သွားခြင်းက ရှေ့ဆက်မည့် မက်ဆီးမတ်စ်၏ ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေတော့မည် ဖြစ်သည်။