အခန်း - (၁၇)
သူ့ရင်ဘတ်တစ်ခုလုံး တင်းကျပ်သွားပြီး ဗိုက်ထဲတွင်လည်း တစ်ခုခုက ဆွဲချလိုက်သလိုမျိုး နင့်ခနဲ ခံစားလိုက်ရသည်။
"တကယ်လို့ မင်း ဒီဗီဒီယိုကို ကြည့်နေရပြီဆိုရင်... အဲဒါဟာ ငါ သေသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ" ဆိုသည့် ထိုစကားတစ်ခွန်းတည်းနှင့်တင်
အရာအားလုံးက လက်ခံရခက်လွန်းနေပြီ ဖြစ်သည်။
'သူ တကယ်ပဲ ထွက်သွားပြီပဲ...' မက်ဆီးမတ်စ် က မျက်နှာပြင်ပေါ်မှ ရပ်တန့်နေသည့် သူ့ကိုယ်သူ ပုံရိပ်ကို စိုက်ကြည့်ရင်း တွေးနေမိသည်။ 'ဒါ ငါ ထင်နေသလိုမျိုးလား။'
'ဒီကလေးက ဆေးရုံတက်ခဲ့ရတယ်။ တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာတွေနဲ့။ အခု ငါ ကြည့်နေရတာ သူ သေခါနီး ရေးခဲ့တဲ့ သေတမ်းစာမျိုးလား။'
ထိုအတွေးက သူ့ကို ထင်ထားသည်ထက် ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။
တကယ်လို့သာ အခြေအနေက ထိုသို့ဆိုလျှင် ဆေးရုံက ဘာမှမဖြစ်သလိုမျိုး သူ့ကို ဒီအတိုင်း ဆေးရုံဆင်းပေးလိုက်ပါ့မလား။
မည်သို့ပင်ဆိုစေကာမူ ငြင်းကွယ်၍မရသော အမှန်တရားမှာ မက်စ်စတန်း အစစ်အမှန်သည် မရှိတော့ပေ။ ထို့နောက် တစ်နည်းနည်းဖြင့်... သူက ထိုနေရာတွင် အစားထိုး ဝင်ရောက်လာခဲ့သည်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူ ဖြတ်သန်းခဲ့ရသည့် ဘဝ၏ အားသာချက်တစ်ခုမှာ သူ၏ စိတ်ခံစားချက်များကို အလွယ်တကူ တုန်လှုပ်ခြင်း မရှိအောင် ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။ တကယ်လို့ သူက မက်စ်စတန်းအဖြစ် ဟန်ဆောင်ပြီး ဒီဘဝကို ဆက်လက် ရှင်သန်ရတော့မည်ဆိုလျှင် ထိုကလေးမှာ အမှန်တကယ် မည်သူဖြစ်ကြောင်း သူ နားလည်ထားရန် လိုအပ်သည်။
သူ တွန့်ဆုတ်မနေဘဲ ပလေး ကို နှိပ်လိုက်သည်။
ပြီးနောက် စိတ်ကို တင်းထားလိုက်သည်။
"ကျွန်တော့်ဘဝက..." မျက်နှာပြင်ပေါ်မှ မက်စ်က တိမ်ဝင်နေသော အသံဖြင့် စတင်ပြောဆိုသည်။ "အရမ်းကို ခက်ခဲခဲ့တယ်။ တကယ်ကို ခက်ခဲခဲ့တာပါ။ စတန်းမိသားစုဝင် တစ်ယောက်အနေနဲ့ ဆိုတော့ ဒါကို ယုံရခက်ကောင်း ခက်ပါလိမ့်မယ်။"
သူ့အသံက တုန်ရီနေသည်။
"အဖေနဲ့ အမေ ဆုံးသွားပြီးကတည်းက အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်တွေးကြည့်ရင်... အဲဒါက မတော်တဆမှု ဟုတ်မဟုတ်တောင် ကျွန်တော် မသိတော့ဘူး။"
ဗီဒီယိုထဲမှ မက်စ်သည် ဒူးနှစ်ဖက်ကို ရင်ဘတ်အထိ ဆွဲကပ်လိုက်ပြီး ရှေ့သို့ ကိုင်းလိုက်သည်။ သူသည် ခန္ဓာကိုယ်ကို ဟိုဘက်ဒီဘက် အနည်းငယ် ယိမ်းနွဲ့နေမိသည်။ ထိုပုံစံမှာ သူ ခံစားနေရသည့် နာကျင်မှုများကြားတွင် အနည်းငယ်မျှသော စိတ်သက်သာရာကို ရှာဖွေနေသည့်အလား...
နောက်ဆုံးတွင် ဗီဒီယိုထဲမှ မက်စ်က မျက်ရည်များကို သုတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ မျက်လုံးထဲတွင် နာကျင်မှုများ ရှိနေဆဲ ဖြစ်သော်လည်း ယခုမူ ထိုနာကျင်မှုများနောက်တွင် အခြားအရာတစ်ခု ရှိနေသည်။ ၎င်းမှာ တောက်လောင်နေသည့် အလင်းစတစ်ခုပင်။
"ဒါပေမဲ့ ကျွန်တော် အရှုံးမပေးနိုင်ဘူး" ဟု သူက ခိုင်မာသော အသံဖြင့် ပြောသည်။ "အရှုံးမပေးဘူး။ ဒါကြောင့်လည်း... ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ ပြန်တိုက်ခိုက်သွားမယ်။"
သူသည် ကင်မရာကို တည့်တည့် စိုက်ကြည့်လိုက်သည်။
"ကျွန်တော် ဒီဗီဒီယိုကို ရိုက်ထားရတဲ့ အကြောင်းရင်းကတော့... တစ်ယောက်ယောက်က ဒါကို တွေ့ခဲ့ရင်... သူတို့ သိသွားအောင်လို့ပါ။ ကျွန်တော် မက်စ်စတန်းဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ မဟုတ်ပါဘူး။"
မက်စ်သည် အံ့အားသင့်စွာဖြင့် မျက်နှာပြင်ကို ကြည့်နေမိသည်။
ဒါကို သူ လုံးဝ မျှော်လင့်မထားခဲ့ပါ။
ထိုကလေး၏ မျက်လုံးထဲမှ အရိပ်အယောင်များကို ကြည့်ခြင်းအားဖြင့် ဒါက ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိသာသည်။ ၎င်းမှာ နှစ်ပေါင်းများစွာ၊ အချိန်အတော်ကြာအောင် ဖိနှိပ်ခံထားရပြီး နောက်ဆုံးတွင် ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့် သူတစ်ဦး၏ စစ်မှန်သော မျက်နှာထားပင် ဖြစ်သည်။
'ပြီးတော့ အဲဒီအတွက် သူ ဘာရလိုက်လဲ' ဟု မက်စ်က မေးရိုးကို တင်းထားရင်း တွေးလိုက်သည်။ 'ဆေးရုံက ကုတင်ပေါ်မှာ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ရောက်သွားတာပဲ ရလိုက်တယ်။'
ဗီဒီယိုထဲမှ မက်စ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူပြီးနောက် ဆက်ပြောသည်။
"ကျွန်တော့်ဘဝကို ငရဲလိုဖြစ်အောင် လုပ်ခဲ့တဲ့သူတွေ ရှိတယ်...။ သူတို့ တစ်ယောက်ချင်းစီက ကျွန်တော့်ကို နည်းမျိုးစုံနဲ့ နာကျင်အောင် လုပ်ခဲ့ကြတာ။ ကျွန်တော် ကျိန်ဆိုရဲတယ်၊ သူတို့အားလုံးကို ကျွန်တော် လက်စားပြန်ချေမှာပါ။ အားလုံးကိုပဲ။"
သူ ခေတ္တ တွန့်ဆုတ်သွားပြီး အကြည့်ကို လွှဲလိုက်ရာမှ ကင်မရာဘက်သို့ ပြန်ကြည့်လာသည်။
"ဒါပေမဲ့ ဒီဗီဒီယိုက တကယ်လို့ ပျံ့နှံ့သွားခဲ့ရင် အဲဒီလူတွေထဲက ဘယ်သူ ဒါကို မြင်သွားမလဲဆိုတာ ကျွန်တော် မသိဘူး။ ပြီးတော့ သေချာတာက... သူတို့ ဒါကိုလည်း တစ်နည်းနည်းနဲ့ လိမ်လည်ပြီး ကျွန်တော့်အပေါ် အသုံးချကြဦးမှာပဲ။ ဒါမှမဟုတ် ပိုဆိုးတာက ကျွန်တော် ဂရုစိုက်ရတဲ့သူတွေကိုပါ ဒုက္ခပေးလာနိုင်တယ်။"
"ဒါကြောင့်လည်း ကျွန်တော် ဒါကို မှတ်တမ်းတင်ထားတာပါ။ ရင်ဖွင့်ဖို့ သက်သက်တင် မဟုတ်ဘူး။ အမှန်တရားကို ရှာဖွေဖို့ပါ။ ကျွန်တော် မပြီးဆုံးခဲ့တာတွေကို အဆုံးသတ်ဖို့အတွက်ပါ။"
သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ဒီလူတွေ အားလုံးက ကျွန်တော့်ကို နည်းမျိုးစုံနဲ့ နာကျင်အောင် လုပ်ခဲ့ကြတယ်... ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကတော့... တစ်ယောက်ကတော့ ကျွန်တော့်ကို သတ်ခဲ့တာပဲ။"
မက်စ်သည် ပြောသမျှ အချက်အလက်အားလုံးကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ဤဗီဒီယိုကို တစ်စုံတစ်ဦးအတွက် ရည်ရွယ်ပြီး ရိုက်ကူးထားခြင်း ဖြစ်ကြောင်း သိသာလှသည် သို့သော် မည်သူနည်း။ သူငယ်ချင်းလား။ မိသားစုဝင်လား။ သို့မဟုတ် အာရွန်ဟတ် လား။ တစ်ခုတော့ သေချာသည် ၎င်းမှာ သူ့အတွက် ရည်ရွယ်ခြင်း မဟုတ်ပေ။
အကြောင်းစုံကို မသိသောသူ သို့မဟုတ် မက်စ်စတန်း၏ ဘဝကို လာရောက် ယူထားသောသူအတွက် မဟုတ်သည်မှာ သေချာသည်။
'ဘာတွေ တကယ် ဖြစ်ခဲ့တာလဲဆိုတာကို အာရွန်ကို မေးကြည့်သင့်တယ်' ဟု မက်စ် တွေးလိုက်သည်။ 'သူက ဒီအကြောင်းကို အများကြီး မပြောဘူး၊ ငါကလည်း အတင်းမမေးခဲ့တော့... တစ်ခုခု အကြောင်းရှိလို့ ဖြစ်မှာပါ။ ဒါပေမဲ့ ဒီနေ့ သူ့အမူအရာကို ကြည့်ရသလောက်တော့ သူ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေမယ်လို့ မထင်ဘူး။'
မျက်နှာပြင်ပေါ်မှ ကလေးငယ်၏ အသံက မက်စ်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"အခုပြောမယ့် နာမည်တွေကို မှတ်ထားပေးပါ..."
မက်စ်သည် ချက်ချင်းပင် ဖုန်းကို ထုတ်လိုက်ပြီး ထိုနာမည်များကို စာရင်းလိုက်မှတ်တော့သည်။
အခြားနည်းဖြင့်ဆိုလျှင် ထိုနာမည်အားလုံးကို သူ မှတ်မိနိုင်စရာ အကြောင်းမရှိပေ ပြီးတော့ ဤဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ကြည့်ရန်မှာလည်း သူ့အတွက် တစ်မျိုးကြီး ဖြစ်နေသည်။ ဒါက သူတစ်ပါး၏ လျှို့ဝှက်ချက်ကို ခိုးကြည့်နေရသလိုမျိုး ခံစားရစေသည်။
နာမည်များကို တစ်ခုပြီးတစ်ခု ပြောကြားသွားသည်။ နောက်ဆုံးနာမည်အပြီးတွင်မူ... တိတ်ဆိတ်သွားခဲ့သည်။
"ဒါတွေအားလုံးကို ခင်ဗျားရဲ့ ပုခုံးပေါ် ပုံချလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်" ဟု ဗီဒီယိုထဲမှ မက်စ်က တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် မျက်နှာပြင်မှာ မှောင်ကျသွားပြီး ဗီဒီယိုမှာ ပြီးဆုံးသွားခဲ့သည်။ မက်စ်သည် လက်ပ်တော့ကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်။ သူတစ်ပါး၏ စိတ်ဝိညာဉ်ထဲကို ချောင်းကြည့်လိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ ဘယ်သူ့ကိုမှ အဖတ်မခံချင်သည့် ဒိုင်ယာရီတစ်ခုကို ဖတ်လိုက်ရသလိုပင်။
ယခုမူ ထိုအရာများကို သူ မသိချင်ယောင်ဆောင်၍ မရတော့ပေ။
"ဒါဆို... ဒါတွေက မင်းကို ဒုက္ခပေးခဲ့တဲ့သူတွေပေါ့၊ ဟုတ်လား?" မက်စ်သည် ဖုန်းထဲမှ စာရင်းကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ "တော်တော်များသားပဲ။ အချို့နာမည်တွေကတော့ ငါ မအံ့ဩပါဘူး... ဒါပေမဲ့ တခြားသူတွေကရော? တစ်ဝက်လောက်ကို ငါ တစ်ခါမှ မကြားဖူးဘူး။"
သူ သက်ပြင်းချလိုက်ပြီး လည်ပင်းအနောက်ဘက်ကို ပွတ်လိုက်သည်။
"ငါ ခန့်မှန်းကြည့်ရသလောက်တော့ သူတို့ထဲက အချို့ကို ကျောင်းမှာ တွေ့ရမှာပေါ့။"
သူ့လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူ့စိတ်ထဲတွင် ဒေါသများ တလိပ်လိပ် တက်လာသည်။
"ဒါပေမဲ့ ဘာလို့လဲ!" သူက ဟိန်းဟောက်လိုက်သည်။ "ဘာလို့ ဒီငတုံးက ဒီလူတွေ သူ့ကို ဘာလုပ်ခဲ့လဲဆိုတာ တစ်ခါတည်း မပြောသွားတာလဲ!"
မက်စ်သည် အသက်ကို ပြင်းပြင်းရှူရင်း ရှေ့မှ လေထဲကို လက်သီးဖြင့် လွှဲထိုးလိုက်သည်။
"ဘာဖြစ်ခဲ့တာလဲဆိုတာတောင် မသိဘဲနဲ့ ဘယ်သူက မင်းကို ကူညီနိုင်မှာလဲ။ အသေးစိတ်လည်း မရှိ၊ အကြောင်းရင်းလည်း မရှိ နာမည်တွေချည်းပဲ! ဒီဗီဒီယိုက ဘယ်သူ့ကို ဘာကူညီနိုင်မှာ မလို့လဲ!"
ထိုကလေးအကြောင်းကို သူ ပိုသိလာလေလေ၊ ပို၍ စိတ်တိုလာလေလေ ဖြစ်သည်။
မက်စ်အစစ်က အရာအားလုံးကို တမင်တကာ ခက်ခဲအောင် လုပ်သွားခဲ့သလိုပင်။ ပဟေဠိတစ်ခုကို ချန်ထားခဲ့ပြီးမှ ဖြေရှင်းဖို့ လိုအပ်တဲ့ အစအနတွေကိုကျတော့ မပေးသွားခဲ့သလိုမျိုး။
ထိုညမှာ မက်စ်အနေဖြင့် ခန္ဓာကိုယ်အသစ်တွင် ပထမဆုံးအကြိမ် တကယ်တမ်း အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ... ထူးခြားသည့် အတွေ့အကြုံတစ်ခုပင်။
သူ့အိပ်မက်ထဲတွင် ရှုပ်ထွေးလှသော ပုံရိပ်များ သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များက လှိုင်းလုံးကြီးများကဲ့သို့ ရိုက်ခတ်လာခဲ့သည်။ သူ လုပ်ခဲ့သမျှ၊ ထိပ်တန်းအဆင့်သို့ ရောက်ရန် သူ ဆုံးဖြတ်ခဲ့သမျှနှင့် ၎င်းနောက်ဆက်တွဲ ရလဒ်များ...
သို့သော် အရာအားလုံးထက် ပို၍ ကျယ်လောင်စွာ ကြားနေရသည့် အရာတစ်ခု ရှိသည်။ သူ မသေဆုံးမီ နောက်ဆုံး ကြားခဲ့ရသည့် အသံပင် ဖြစ်သည်။ ထိုအသံမှာ ထပ်ခါတလဲလဲ ထွက်ပေါ်နေသည်။
နောက်ဆုံးတွင်
ပုံမှန် မြည်နေသည့် စက်သံ ထွက်ပေါ်လာသည်။
မက်စ်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး ချက်ချင်းပင် ဖုန်းကို လှမ်းယူကာ နှိုးစက်ကို ပိတ်လိုက်သည်။ ခဏတာမျှ သူ၏ အတိတ်ဘဝ၊ ခန္ဓာကိုယ်အဟောင်းတွင် ပြန်လည် နိုးထလာခဲ့သည်ဟု သူ ထင်မှတ်မိသေးသည်။ သို့သော် သူ၏ ရှေ့မှ ကျဉ်းကျပ်လှသော အခန်းငယ်လေးကမူ လက်ရှိ အခြေအနေကို အတည်ပြုပေးနေသည်။ သူသည် ဤနေရာတွင် ရှိနေဆဲ ဖြစ်သည်။ မက်စ်စတန်းအဖြစ်၊ ဤခန္ဓာကိုယ်ထဲတွင် ရှိနေဆဲပင်။
မျက်လုံးထဲမှ အိပ်ချင်စိတ်များကို ဖျောက်ဖျက်လိုက်စဉ် နိုတီဖီကေးရှင်း အချို့ကို သူ သတိပြုမိလိုက်သည်။
"နောက်ယောင်ခံလိုက်သူ" ဆီမှ မက်စေ့ချ်များ ဖြစ်သည်။
သူသည် မျက်လုံးကို တစ်ချက်လှန်လိုက်ပြီး မက်စေ့ချ်ကို ဖွင့်ကြည့်လိုက်သည်။
"မင်း နိုးပြီလားဆိုတာ သေချာအောင် စစ်တာ။ ကျောင်းသွားဖို့ အဆင်မပြေဘူးဆိုရင် ငါ့ကို ပြော။ ငါ ကျောင်းကို အကြောင်းကြားပေးမယ်။"
"မေ့နေမှာ စိုးလို့ မင်းရဲ့ ကျောင်းလွယ်အိတ်နဲ့ စာအုပ်တွေက များသောအားဖြင့် ကုတင်အောက်မှာ ရှိတယ်။"
ဒုတိယ မက်စေ့ချ်က ချက်ချင်းဆိုသလို ထပ်ရောက်လာသည်။
"ပြီးတော့ ဒါက မင်းကျောင်းရဲ့ တည်နေရာ။"
"မင်း ဘယ်လောက်အထိ မှတ်မိသေးလဲ၊ ဒါမှမဟုတ် ငါ ဘယ်လောက်အထိ ရှင်းပြပေးဖို့ လိုမလဲဆိုတာ ငါမသိဘူး။"
"အမှန်အတိုင်း ပြောရရင် မင်း အားလုံးကို မေ့ကုန်တာဆိုတော့၊ စကားပြောတတ်သေးတာကိုတောင် ငါ အံ့ဩမိတယ်။"
"မြေပုံဖတ်တာကိုရော မေ့သွားပြီလား? အဲဒါအတွက်ပါ ညွှန်ကြားချက်တွေ ပို့ပေးရဦးမလား?"
မက်စ်သည် မျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။
စာသားတွေချည်းပဲ ဖြစ်နေသည့်အတွက် အာရွန်က တကယ်ပဲ စိုးရိမ်နေတာလား သို့မဟုတ် ဒါက သူ့ရဲ့ ဟာသပုံစံလားဆိုတာ ခွဲခြားရ ခက်နေသည်။
'အဲဒီလူက ဟာသပြောတတ်လို့လား' မက်စ်က ခေါင်းခါရင်း တွေးလိုက်သည်။
မက်စ်သည် မက်စေ့ချ်ထဲတွင် ပြောထားသည့်အတိုင်း ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။
အမှန်တကယ်ပင် ထိုနေရာတွင် ဇစ်ကို တစ်ဝက်လောက် ပိတ်ထားပြီး အလောတကြီး ထိုးထည့်ထားသည့် လွယ်အိတ်တစ်လုံး ရှိနေသည်။
သူသည် ထိုအိတ်ကို အပြင်သို့ ဆွဲထုတ်လိုက်ပြီး ဇစ်ကို အကုန်ဖွင့်လိုက်သည်။ အထဲတွင် ဘာတွေရှိလဲဆိုတာ ကြည့်လိုက်ခြင်းက ဘာမှ မနစ်နာနိုင်ပါ။
'ကျောင်းသားဘဝက တကယ်တမ်း ဘယ်လိုရှိလဲဆိုတာ ငါ့ကိုယ်ငါ ပြန်သတိပေးကြည့်တာပေါ့' ဟု သူ တွေးလိုက်သည်။
သူ ပထမဆုံး ဆွဲထုတ်လိုက်သည့် စာအုပ်မှာ လိမ္မော်ရောင်တောက်တောက် စာအုပ်တစ်အုပ်ဖြစ်ပြီး မျက်နှာဖုံးပေါ်တွင် မင်အမာဖြင့် နာမည်တစ်ခုကို ရေးသားထားသည်
မက် စမစ်။
မက်စ်သည် မျက်လုံးပြူးသွားသည်။
"ဒါ... သူ့နာမည် မဟုတ်ဘူးပဲ။"
သူသည် စူးစမ်းလိုစိတ်ဖြင့် ကျန်ရှိသော စာအုပ်များကိုပါ ယူကြည့်ပြီး တစ်အုပ်ချင်းစီ လှန်လှောကြည့်လိုက်သည်။
အားလုံးတွင် နာမည်တစ်ခုတည်းကိုသာ ရေးသားထားသည်
မက် စမစ်။
ဒါက တခြားသူရဲ့ အိတ်ဖြစ်နေဖို့ လုံးဝ မဖြစ်နိုင်ပါ။ ဤမက်စ်ကိုယ်တိုင် အသုံးပြုခဲ့သည့် အိတ်ဖြစ်ကြောင်း သိသာလှသည်။
'ဒါဆို သူက ဘာလို့ ကျောင်းမှာ တခြားနာမည်တစ်ခုနဲ့ နေနေရတာလဲ' မက်စ်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ 'ကျောင်းမှာ သူက စတန်း မိသားစုဝင်ဆိုတာ ဘယ်သူမှ မသိကြဘူးလား။ ဒါပေမဲ့ ဘာလို့ အဲဒါကို လျှို့ဝှက်ထားရတာလဲ။'