အခန်း - (၁)
ကျွန်တော့်အစ်ကို ကိုင်လ်ဒန်း သေဆုံးသွားခဲ့သည်၊ အရာအားလုံး၏ အစပျိုးမှုမှာ ထိုအချက်ပင် ဖြစ်လိမ့်မည်ဟု ထင်မိပါသည်။ မက်ဆီးမတ်စ်၏ အတွေးတို့သည် ခြေထောက်တစ်ဖက်ဆီမှ တိုးဝင်လာသော ပြင်းထန်သည့် ပူလောင်မှုနှင့်အတူ စိတ်ထဲတွင် နာကျင်စွာ ပဲ့တင်ထပ်နေခဲ့သည်။ ခန္ဓာကိုယ်သည် တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုအေးစက်လာပြီး အမှောင်ထုက သူ၏မြင်ကွင်းကို လုံးဝဝါးမျိုသွားလေပြီ။ နားထဲတွင် ကြားနေရသည့် တစ်ခုတည်းသော အသံမှာ မြေပြင်ပေါ်တွင် တရွတ်တိုက် ဆွဲခေါ်သွားသည့် တိုးညင်းသော အသံရှည်ကြီးသာ ဖြစ်သည်။
အမှန်စင်စစ် မက်ဆီးမတ်စ်သည် ထိုအသံက ဘာလဲဆိုသည်ကို အတိအကျ သိရှိနေသည်။ အသက်ရှူကျပ်လှသော လေးလံသည့် အိတ်အမည်းကြီးထဲတွင် လက်ခြေများ ခိုင်မြဲစွာ အချည်ခံထားရလျက် သူ၏ ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ် တရွတ်တိုက် ဆွဲခေါ်သွားခြင်းပင် ဖြစ်သည်။ လှုပ်ရှားနိုင်စွမ်း ရှိဦးတော့ဦး အားကိုးစရာ မရှိ ဖြစ်နေရရှာသည်။ ညစာစားပွဲများတွင် တူကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သည့် သူ၏ အသေးအမွှား ပါရမီလေးမှာလည်း ယခုတော့ အပြီးတိုင် နိဂုံးချုပ်သွားခဲ့လေပြီ။ ထိုအရာက အထင်ကြီးစရာ ကောင်းခဲ့သည်တော့ မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ ဘီလီယံနှင့်ချီသော လူများ နေ့စဉ်လုပ်ဆောင်နေသည့် အလုပ်ဖြစ်သော်လည်း တစ်စုံတစ်ယောက်ကိုတော့ အမြဲတမ်း အံ့အားသင့်စေခဲ့သည် မဟုတ်ပါလား။
ဤသို့ ကုန်ဆုံးတော့မည့် အခိုက်အတန့်လေးအတွင်း၌ သူ၏ ဘဝဇာတ်ကြောင်း တစ်ခုလုံးသည် မှတ်ဉာဏ်များအဖြစ် ရပ်တန့်ခြင်းမရှိ တရစပ် စီးဝင်လာခဲ့သည်။
ကိုင်လ် သေဆုံးပြီးကတည်းက ကံဆိုးမှုတွေက ငါ့နောက်ကို အရိပ်လို လိုက်နေခဲ့တာပဲ။ အစ်ကို့ဆီကို အသည်းအသန် သွားခဲ့တဲ့ အဖေဟာလည်း အဲ့ဒီနေ့မှာပဲ ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးပါးသွားခဲ့တယ်။ ချစ်ရတဲ့သူ နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို အမေကလည်း မခံစားနိုင်ရှာဘူး။ အသက်ရှင်ကျန်ရစ်သူဆိုလို့ ငါတစ်ယောက်တည်းကိုပဲ ထားရစ်ခဲ့ကြတာ။
သို့သော် ဤကဲ့သို့ ပြင်းထန်သော ဆုံးရှုံးမှုများ ကြုံခဲ့ရလင့်ကစား မက်ဆီးမတ်စ်သည် သူ၏ ဆိုးဝါးသော အတိတ်ကို အနာဂတ်အပေါ် လွှမ်းမိုးခွင့် မပေးခဲ့ပါ။ အမှန်တော့ ထိုဆုံးရှုံးမှုများကပင် ယခုကဲ့သို့သော သူဖြစ်လာအောင် ပုံဖော်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှစ၍ သူသည် ဤကမ္ဘာလောကကြီးက သူ့ထံမှ အရာရာကို လုယူသွားခွင့် မပေးတော့ရန် ဆုံးဖြတ်ခဲ့သည်။ မည်သည့်နည်းလမ်းဖြင့် ဖြစ်စေကာမူ သူလိုချင်သမျှကို ပြန်လည်ရယူခဲ့သည်။ ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့က သူ၏ ကိုယ်ကျင့်တရားအရ နောင်တရမှုကို ဖျောက်ဖျက်ပစ်ပြီး ပြင်းထန်သော စိတ်ပိုင်းဖြတ်မှုများဖြင့် အစားထိုးလာခဲ့သည်။ မကြာမီမှာပင် သူ့ကဲ့သို့ စွန့်ပစ်ခံရသူများ၊ ဒေါသထွက်နေသူများက သူ၏ထံသို့ စုရုံးလာကြပြီး နောက်ဆုံးတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ‘ဝှိုက်တိုက်ဂါးဂိုဏ်း’ ကို တည်ထောင်ဖြစ်ခဲ့သည်။
ပြန်စဉ်းစားကြည့်ရင်တော့ ရှက်စရာကောင်းတဲ့ နာမည်ပါပဲ။ ထိုမှတ်ဉာဏ်ကြောင့် သူ အတွင်းစိတ်ထဲမှပင် တွန့်ကနဲ ဖြစ်သွားမိသည်။ ငါက အမြဲတမ်း အဖြူရောင် အဝတ်အစားတွေပဲ ဝတ်တတ်လို့လား၊ ဒါမှမဟုတ် အာရှသွေး တစ်ဝက်ပါနေလို့လားတော့ မသိဘူး၊ သူတို့က ငါ့ကို ‘ဖြူစင်တဲ့ ကျား’ လို့ ခေါ်ကြတယ်။ ငါကလည်း အဲ့ဒီနာမည်ကိုပဲ မိုက်မိုက်မဲမဲ လက်ခံခဲ့တာ။
သူသာ လှုပ်ရှားနိုင်လျှင် မိမိကိုယ်ကိုယ် ပါးရိုက်မိမည်မှာ အသေအချာပင်။ ပုံမှန်အားဖြင့် ရှက်စရာကောင်းသော အတိတ်ဆိုသည်မှာ အထက်တန်းကျောင်း သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင်သာ ကျန်ရစ်ခဲ့တတ်သော်လည်း သူ၏ ရှက်စရာများကတော့ လူကြီးဘဝအထိ တကောက်ကောက် ပါလာခဲ့သည်။
ဒီနေ့မှာတောင် ငါ့ရဲ့ ကံကောင်းစေတဲ့ အတွင်းခံအနီကို ဝတ်ထားခဲ့တာ။ ဒါပေမဲ့ သိသာပါတယ်၊ ကံတရားက ငါ့ဘက်မှာ မရှိဘူးဆိုတာ။ တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ဓားဒဏ်ရာတွေက အချိန်နဲ့အမျှ ပိုပြီး နာကျင်လာတယ်။ တစ်ဒါဇင်ကျော်ပြီးကတည်းက ဒဏ်ရာအရေအတွက်ကို ငါ မမှတ်မိတော့ဘူး။
"ကဲ... ဒီမှာပဲ ချလိုက်တော့။ ပြီးရင် မင်းတို့ သွားကြတော့၊ ငါ သူနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်" ဟု အပေါ်ယံမှ အုပ်အုပ်ကျက်ကျက် အသံတစ်ခုက အမိန့်ပေးလိုက်သည်။
ခြေသံများ ဝေးကွာသွားပြီးနောက် ဇစ်ဖွင့်သံတစ်ခုက ဆိတ်ငြိမ်မှုကို ဖြတ်သန်းသွားသည်။ အိတ်ပွင့်သွားသည်နှင့် မက်ဆီးမတ်စ်သည် ဝေဝါးနေသော မြင်ကွင်းထဲမှ တစ်စုံတစ်ခုကို မြင်နိုင်ရန် ကြိုးစားကြည့်သည်။ သွေးများ စီးကျနေမှုနှင့် မူးဝေနေမှုတို့ကြောင့် မလွယ်ကူသော်လည်းမျက်နှာစွပ်ခေါင်းစွပ် ဆောင်းထားသည့် လူတစ်ယောက် သူ၏အရှေ့တွင် ရပ်နေသည်ကိုတော့ ခပ်ရေးရေး မြင်နေရသည်။
"ကြည့်ရတာ ဟယ်ရီပေါ်တာက ပြန်ပေးဆွဲသွားတာလား မသိဘူး" မက်ဆီးမတ်စ်က သတိတစ်ချက် လွတ်တစ်ချက်ဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ဟယ်ရီပေါ်တာ... တွေးကြည့်ရင်တောင် ကြောက်စရာကြီးပဲ။ ငါ သူ့ကို ဘယ်လိုများ ပြန်တိုက်ရပါ့မလဲ။ ခေါင်းနဲ့ တိုက်ရမလား၊ ဒါမှမဟုတ် ပုဆိုးကြားထဲကိုပဲ ပိတ်ကန်လိုက်ရမလား... အဲ့ဒီအခါကျမှ သူ ဘယ်လို မန္တန်တွေနဲ့ လွတ်အောင် ရုန်းမလဲဆိုတာ ကြည့်ချင်သေးတယ်"
"ဒီလို အခြေအနေမျိုးမှာတောင် ပြက်လုံးထုတ်နိုင်သေးတယ်ပေါ့လေ?" မျက်နှာဖုံးစွပ်ထားသူက မက်ဆီးမတ်စ်၏ ဆံပင်နက်များကို ဆွဲကိုင်ကာ ခေါင်းကို အတင်းမော့စေရင်း အေးစက်စွာ ရယ်မောလိုက်သည်။ "မင်းလိုကောင်မျိုးက 'ဝှိုက်တိုက်ဂါးဂိုဏ်း' ကို ဦးဆောင်ခဲ့တယ်ဆိုတာ ငါ အခုထိ မယုံနိုင်သေးဘူး။ ဘာမှမရှိတဲ့ ဘဝကနေ လူတွေ ကြောက်လန့်ရတဲ့သူ ဖြစ်အောင် ရုန်းကန်လာခဲ့တာလား။ တကယ့်ကို သနားစရာကောင်းတဲ့ ပြက်လုံးတစ်ခုပဲ"
မက်ဆီးမတ်စ်သည် သူ၏ ဝေဝါးနေသော မျက်လုံးများကို အားယူကာ ထိုလူ၏မျက်နှာကို မြင်နိုင်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။
ငါ့မျက်လုံးတွေက အသုံးမကျလိုက်တာ... သူ့အသံကရော အသံပြောင်းထားတာလား၊ ဒါမှမဟုတ် ငါ့ဘာသာ စိတ်ထင်နေတာလား။
"ဒီလိုနေ့မျိုး ရောက်လာမယ်ဆိုတာ မင်း သိထားသင့်တယ်။ နာမည်ကျော် မက်ဆီးမတ်စ်ဒန်းကို ငါကိုယ်တိုင် အဆုံးသတ်ပေးရတာ ဂုဏ်ယူစရာပဲ" ထိုလူက သူ၏ ဦးထုပ်ကို အရှိန်အဟုန်ဖြင့် ချွတ်လိုက်သော်လည်း မက်ဆီးမတ်စ်၏ မျက်လုံးထဲသို့ စီးဝင်နေသော သွေးများကြောင့် ထိုလူ ဘယ်သူဆိုသည်ကို ခွဲခြား၍ မရခဲ့ပါ။
"မင်းကို သတ်မယ့်သူရဲ့ မျက်နှာကို ကြည့်သွားစေချင်တာ။ မင်းက ဘယ်သူ့လက်အောက်မှာမှ အုပ်ချုပ်မခံဘူးလို့ အမြဲပြောခဲ့တယ်မလား။ ဒါပေမဲ့ မင်းမှားသွားပြီ။ ဒီမြို့ကို ဂိုဏ်းတွေက အုပ်ချုပ်တာမဟုတ်ဘူး၊ ပိုက်ဆံက အုပ်ချုပ်တာ"
ထိုလူက မက်ဆီးမတ်စ်၏ ဆံပင်ကို လွှတ်လိုက်ပြီး ပြင်းထန်သော ကန်ချက်တစ်ခုဖြင့် သူ့ကို နောက်သို့ လွင့်သွားစေသည်။ အေးစက်လှသော ရေများက သူ၏ ပါးစပ်ထဲသို့ တိုးဝင်လာပြီး မက်ဆီးမတ်စ်သည် အဆုံးမရှိသော အမှောင်ထုထဲသို့ အလျင်အမြန် နစ်မြုပ်သွားလေတော့သည်။
ငါ ရေနစ်နေတာလား။ ငါ့ဘဝက တကယ်ပဲ ဒီလိုမျိုး အဆုံးသတ်သွားတော့မှာလား။ ဘယ်သူက ငါ့ကို သတ်တာလဲ၊ ဘာကြောင့်လဲ ဆိုတာတောင် မသိရဘဲနဲ့လား။ ပိုက်ဆံက အုပ်ချုပ်တာတဲ့လား။ တစ်စုံတစ်ယောက်က ပိုက်ဆံပေးပြီး ငါ့ကို သတ်ခိုင်းတာလား။
ဒေါသစိတ်တို့က သူ၏အတွင်းစိတ်၌ ထင်ထင်ရှားရှား ပေါက်ကွဲလာသည်။
'ဘယ်သူ့လက်အောက်မှာမှ အုပ်ချုပ်မခံဘူး' ဆိုတဲ့ စကားကို ငါ့နဲ့ အနီးကပ်ဆုံးသူတွေပဲ သိကြတာ။ ငါ့ဂိုဏ်းထဲက လူတစ်ယောက်ယောက်ကပဲ ငါ့ကို သစ္စာဖောက်လိုက်တာလား။ ငါ ခံစားခဲ့ရတာတွေ မလုံလောက်သေးဘူးလား။ အပေါ်ကနေ ကြည့်နေတဲ့သူပဲဖြစ်ဖြစ်၊ ဒီရက်စက်တဲ့ ကမ္ဘာကြီးကို ထိန်းချုပ်နေတဲ့သူပဲဖြစ်ဖြစ်... ဘယ်သူက ငါ့ကို သတ်သွားတာလဲဆိုတာ သိခွင့်ရဖို့တော့ မင်းတို့ ငါ့ကို ကြွေးတင်နေပြီနော်။
သူ၏ ပြင်းထန်သော အတွေးတို့သည် ဒေါသစိတ်နှင့်အတူ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်သည် 'ဝှိုက်တိုက်ဂါးဂိုဏ်း' ၏ နာမည်ကျော်ခေါင်းဆောင် မက်ဆီးမတ်စ်ဒန်း၏ အပြီးသတ် နိဂုံးပင် ဖြစ်ပါတော့သည်။
နောက်ဆက်တွဲ ရောက်ရှိလာသော ငြိမ်သက်မှုမှာ ရှော့ခ်ရလောက်အောင်ပင် တိုတောင်းလှသည်။ ဓားဒဏ်ရာများထက် သာလွန်သော နာကျင်မှုမျိုးက မက်ဆီးမတ်စ်၏ ဦးခေါင်းခွံအတွင်း၌ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ အင်အားများ ဆုံးရှုံးသွားပြီး အလွန်အမင်း ခံစားရခက်သော ဝေဒနာဖြင့် အစားထိုးဝင်ရောက်လာသည်။
ဒါက ကံတရားကို ထိန်းချုပ်တဲ့သူကို ကျိန်ဆဲခဲ့မိလို့ ပေးတဲ့ ပြစ်ဒဏ်လား။ ဒါပေမဲ့ နေဦး... ငါ နာကျင်မှုကို ခံစားနေရတယ်ဆိုရင် ငါ အသက်ရှင်နေသေးတာပေါ့?
မက်ဆီးမတ်စ်သည် သူ၏ လက်ချောင်းကလေးတစ်ခုကို လှုပ်နိုင်ရန် သို့မဟုတ် မျက်လုံးဖွင့်နိုင်ရန် အသည်းအသန် ကြိုးစားနေသော်လည်း အောင်မြင်ခြင်း ရှိ၊ မရှိကိုမူ သူမသိနိုင်ပါ။
"တုံ့ပြန်မှု ရှိလာပြီ။ မြန်မြန်... ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ချက်ချင်း အကြောင်းကြားလိုက်။ သူ တုံ့ပြန်နေပြီ!"
စိုးရိမ်တကြီး ပြောဆိုနေသော အသံများက သူ့ကို ဝန်းရံလာသည်။ ဘေးနားမှ ပုံမှန် မြည်နေသည့် စက်သံသည်လည်း ပိုမိုကျယ်လောင်လာခဲ့သည်။ သူ ဘယ်နေရာကို ရောက်နေသလဲဆိုသည်ကိုတော့ ယခုတော့ သေချာသွားပြီ ဖြစ်သည်။
ဩဇာအာဏာအပြည့်နှင့် ပြတ်သားလှသော အသံတစ်ခုက အမိန့်ပေးလိုက်သည်"မက်စ်စတန်းကို ကယ်တင်ဖို့အတွက် မင်းတို့ စွမ်းနိုင်သမျှ အကုန်လုပ်ရမယ်။ ကုန်ကျစရိတ်ကို ဂရုစိုက်နေစရာ မလိုဘူး။ စတန်းမိသားစုက လိုသလောက် ပေးလိမ့်မယ်။ အကယ်၍ မအောင်မြင်ခဲ့ရင်တော့ မင်းတို့အားလုံး မနက်ဖြန် အလုပ်လာဖို့ မစဉ်းစားနဲ့တော့"
ဒီလောက် မောက်မာပြီး အမိန့်ပေးနေတဲ့ အကောင်က ဘယ်သူလဲ။ မက်ဆီးမတ်စ်က စိတ်ထဲမှ ခါးသီးစွာ တွေးလိုက်မိသည်။ သို့သော် ထိုအသံက ပြောနေသည့်သူမှာ သူကိုယ်တိုင် ဖြစ်နေကြောင်းကို ရုတ်တရက် သတိပြုမိသွားသည်။ ထို့ပြင် နာမည်ကလည်း မက်ဆီးမတ်စ်ဒန်း မဟုတ်တော့ဘဲ "မက်စ်စတန်း" ဖြစ်နေသည်။
မဟုတ်ဘူး... ဒါ မဖြစ်နိုင်ဘူး။ စတန်းမိသားစုလား? ဒီနိုင်ငံမှာ အချမ်းသာဆုံး မိသားစုတွေထဲက တစ်ခုဖြစ်တဲ့ စတန်းမိသားစုပေါ့လေ?