အခန်း ၃၇ သခင်လေး... ကျွန်တော့်ကို သေမျိုးတိုက်ပွဲ ဆင်နွှဲခွင့် ပေးပါ
"ကျွန်တော့်ရဲ့ နောင်တော်က မိမိရဲ့ အရည်အချင်းကို မိမိ မသိဘဲ ခမည်းတော်ကိုသာ အမြဲတမ်း အပြစ်တင် စောဒကတက်နေတာ တကယ့်ကို ရယ်စရာကောင်းလှပါတယ် သူက မျိုးနွယ်စုနဲ့ အဆက်အသွယ် ဖြတ်ထားတယ် ဆိုရင်တောင် သူသုံးနေတဲ့ ရတနာတွေနဲ့ ကျင့်စဉ်တွေ အားလုံးက ခမည်းတော်နဲ့ မသက်ဆိုင်ဘူးလို့ ပြောနိုင်ပါ့မလား"
လျူဇီရှန်းသည် ရှေးဟောင်း ကန်မင်းမျိုးနွယ်စု၏ လျှို့ဝှက်ချက်များကို ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားရသည်။
"ဒီလိုကိစ္စမျိုး တကယ် ရှိခဲ့တာလား"
"ဒါပေမယ့် ကျွန်မ ကြားဖူးတဲ့ ကောလာဟလတွေအရဆိုရင် ကန်မင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်က သူ့ရဲ့ သားငယ်ကို အလိုလိုက်ပြီး ဒီအာ့ထျန်သခင်လေးကိုတော့ လျစ်လျူရှုထားခဲ့တယ်လို့ ဆိုကြတယ် သခင်လေး... အဲဒီအချက်ကြောင့်ပဲ သူက မိသားစုနဲ့ အဆက်အသွယ် ဖြတ်ပြီး အိမ်ကနေ ထွက်ပြေးလာခဲ့တာ မဟုတ်ဘူးလား"
"အကယ်၍ နင်သခင်လေး ပြောတာသာ မှန်ရင်တော့ အခွင့်ထူးခံရတဲ့သူက ပိုပြီး အခွင့်အရေး ရနေတာပဲပေါ့..."
လျူဇီရှန်းက ပြုံး၍ ခေါင်းခါလိုက်ပြီး သက်ပြင်းချကာ ထပ်မံ၍ မမေးမြန်းတော့ချေ။ သို့သော်လည်း သူမ၏ အမှတ်မထင် ပြောဆိုလိုက်သော စကားချက်သည် ကန်မင်းနင်၏ နောက်ဆုံး ကာကွယ်ရေး စိတ်ဓာတ်ကို လုံးဝ ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
[ဒေါင်... ကံကြမ္မာဇာတ်ဆောင် ကန်မင်းအာ့ထျန်သည် သူ၏ ညီဖြစ်သူ၏ ပြင်းထန်လှသော နာကျည်းမှုကြောင့် ကံတရားတန်ဖိုး ၂၀၀၀ ထပ်မံ လျော့နည်းသွားပါသည်]
[ဂူဏ်ယူပါတယ် သခင်... သင်သည် ဗီလိန်အမှတ် ၂၀၀၀ ရရှိပါသည်]
စုချန်ရှောင်းသည် အနည်းငယ် မှင်တက်သွားပြီး လျူဇီရှန်းကို ချီးကျူးသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်သည်။
ကန်မင်းနင်၏ သွားများသည် ကြိတ်လွန်းသဖြင့် မှုန့်မှုန့်ညက်ညက် ဖြစ်လုမတတ် ရှိနေပြီး မျက်ဝန်းများမှာလည်း သွေးရောင် လွှမ်းနေပေသည်။ သူသည် အမြဲတမ်း ခမည်းတော်၏ စကားကို အနားထောင်ဆုံး ကလေးတစ်ဦး ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း နောင်တော်ဖြစ်သူ ရောက်ရှိလာကတည်းက ဘာဖြစ်လို့ အရာအားလုံး ပြောင်းလဲသွားရသနည်း။
ခမည်းတော်သည် နောင်တော်ဖြစ်သူကိုသာ မေတ္တာအားလုံး ပုံအောပေးခဲ့ပြီး ကန်မင်းအာ့ထျန် မည်သည့်အမှားမျိုး လုပ်ခဲ့ပါစေ ခွင့်လွှတ်ပေးခဲ့သည်။ သို့သော် မိမိကိုယ်တိုင်အတွက်မူ အဘယ်နည်း။ သုံးနှစ်တိုင်တိုင် ဓားစာခံအဖြစ် နေထိုင်ခဲ့ရပြီး နေ့စဉ်နှင့်အမျှ သေဘေးကို ကြောက်လန့်နေခဲ့ရသည်။ ခမည်းတော်၏ စကားကို တစ်ချက်မျှ မလိုက်နာမိရုံနှင့် ရိုက်နှက် ဆူပူခြင်းကို ခံခဲ့ရသည်။ ဘာဖြစ်လို့လဲ။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ နောင်တော်အပေါ် ထားရှိသော နောက်ဆုံး သံယောဇဉ် အကြွင်းအကျန်လေးပင်လျှင် ပျောက်ကွယ်သွားရပြီ ဖြစ်သည်။ ကန်မင်းနင်သည် အောက်ဘက်ရှိ သတ်ကွင်းအတွင်း၌ မောက်မာနေသော ကန်မင်းအာ့ထျန်ကို စိုက်ကြည့်လိုက်သည်။ သူသည် စိတ်ဆုံးဖြတ်လိုက်သည့်အလား သူ၏ မျက်ဝန်းများတွင် ယခင်က မရှိဖူးသော အေးစက်မှုများ ဖြတ်ပြဲသွားတော့သည်။
နောင်တော်... မင်းက မည်သည့် အခက်အခဲမျိုးကိုမျှ မကြုံတွေ့ရဘဲ ခမည်းတော်၏ ကာကွယ်မှုအောက်မှာပဲ တစ်သက်လုံး နေထိုင်ခဲ့တာ တကယ့်ကို ကံကောင်းလွန်းလှပါတယ် မင်းက ဒီဝင်ရောက်ခွင့် ကျောက်စိမ်းပြားကို ဒီလောက်အထိ လိုချင်နေမှတော့ ငါ မင်းကို အလွယ်တရာ ပေးမှာ မဟုတ်ဘူး။
ကန်မင်းနင်သည် ရှေ့သို့ တက်လှမ်းလာပြီး စုချန်ရှောင်း၏ ရှေ့မှောက်၌ ရိုသေစွာ ဦးညွှတ်လိုက်သည်။
"သခင်လေး..."
စုချန်ရှောင်းက မျက်ခုံးပင့်လိုက်ရင်း အနည်းငယ် သံသယရှိဟန်ဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ကန်မင်းနင်က ခေါင်းကို နှိမ့်ချထားပြီး ခပ်တိုးတိုး ဆိုလိုက်သည်။
"သခင်လေး... ကျွန်တော့်ကို သတ်ကွင်းထဲ ဝင်ခွင့်ပြုပါ"
"ကျွန်တော် ကန်မင်းအာ့ထျန်နဲ့ သေမျိုးတိုက်ပွဲ ဆင်နွှဲချင်ပါတယ်"
"ကျွန်တော့်ကို ခွင့်ပြုပေးပါ သခင်လေး"
"အို..." စုချန်ရှောင်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ကန်မင်းနင်၏ မျက်ဝန်းများအတွင်းရှိ မနာလိုမှုနှင့် အမျက်ဒေါသများကို မြင်တွေ့လိုက်ရသည်။
စုချန်ရှောင်းက ပြုံးလိုက်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့ ဒီလို လုပ်ချင်ရတာလဲ"
ကန်မင်းနင်က ဆိုသည်။
"ကန်မင်းအာ့ထျန်က ကျွန်တော်တို့ရဲ့ ရှေးဟောင်း ကန်မင်းမျိုးနွယ်စုရဲ့ လူတစ်ယောက် မဟုတ်တော့ဘူး ဆိုရင်တောင် သူ့ထံမှာ မျိုးနွယ်စုရဲ့ အရှိန်အဝါတွေ ရှိနေဆဲပဲ"
"သူ့ရဲ့ ညီတစ်ယောက်အနေနဲ့ သူ ကန်မင်းမျိုးနွယ်စုရဲ့ သွေးသားကို ဆောင်ထားသရွေ့ စစ်မှန်တဲ့ ဆင်းရဲဒုက္ခကို ဘယ်တော့မှ ကျော်လွှားနိုင်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သူ့ကို နားလည်အောင် လုပ်ပြချင်ပါတယ်"
စုချန်ရှောင်းက အလွန်တရာ တောက်ပသော အပြုံးမျိုးဖြင့် ပြုံးလိုက်ရင်း ဆိုသည်။
"ကြားတယ် မဟုတ်လား သခင်မလျူ"
"ငါ့ရဲ့ လူက ဒီသတ်ကွင်းရဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်ချင်နေတယ်"
လျူဇီရှန်းသည် အနည်းငယ် အံ့ဩသွားသော်လည်း မြင့်မြတ်လှသော ဧကရာဇ်မျိုးနွယ်စု၏ သခင်လေးက ထိုသို့ ဆိုလာသည့်အခါ ညို့ဓာတ်ပြင်းလှသော အပြုံးဖြင့် ဆိုလိုက်သည်။
"အို... စည်းကမ်းချက်တွေက ဘာအရေးလဲရှင်"
"သခင်လေးစုရဲ့ တောင်းဆိုချက်ပဲ စည်းကမ်းချက်တွေကို အနည်းငယ် ပြင်ဆင်ရုံတင်မကဘဲ အကယ်၍ သခင်လေးစုက ဒီသတ်ကွင်းတစ်ခုလုံးနဲ့ ကျွန်မကိုပါ လိုချင်တယ်ဆိုရင်တောင် ကျွန်မအနေနဲ့ မနာခံဘဲ မနေဝံ့ပါဘူးရှင်..."
ဒီမြေခွေးမလေး... စုချန်ရှောင်းက ပေါ့ပေါ့ပါးပါး ဆိုလိုက်သည်။
"ကြားတယ် မဟုတ်လား"
"မင်း သွားချင်ရင်လည်း သွားပေါ့"
ထိုစကားကြောင့် ကန်မင်းနင်၏ မျက်ဝန်းများ တောက်ပသွားပြီး ဒူးတစ်ဖက်ထောက်ကာ လက်နှစ်ဖက်ကို ဆုပ်လျက် ဂါရဝပြုလိုက်သည်။
"ကန်မင်းနင် သခင်လေးရဲ့ ခွင့်ပြုချက်အတွက် ကျေးဇူးတင်ပါတယ်"
စုချန်ရှောင်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ရပါတယ် ဒါက မင်းတို့ မိသားစု ကိစ္စပဲ"
"ဒါပေမယ့်..."
ထိုသို့ပြောရင်း စုချန်ရှောင်းသည် စနစ်အတွင်းရှိ သိုလှောင်လက်စွပ်ထဲမှနေ၍ နို့နှစ်ရောင်သန်းနေသော အနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ အတွင်းအားဖြင့် ကန်မင်းနင်ထံသို့ ပို့ဆောင်ပေးလိုက်သည်။
"ဒါက..." ကန်မင်းနင်သည် မိမိရှေ့မှောက်ရှိ သွေးနီရောင် ဆေးလုံးကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေရသည်။
စုချန်ရှောင်းက ပြုံး၍ ဆိုလိုက်သည်။
"မင်းရဲ့ ခမည်းတော်က မင်းရဲ့ နောင်တော်ကို ဒီလောက်အထိ အလိုလိုက်ထားတာ ဆိုတော့ သူ့ထံမှာ မထုတ်ရသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေဦးမှာ သေချာတယ်"
"ဒီဆေးလုံးရဲ့ နာမည်က ပြင်းထန်သော စွမ်းအားဆေးလုံး ဖြစ်တယ် ၎င်းက အချိန်တိုအတွင်းမှာ ကျင့်ကြံမှု စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပြီး သုံးစွဲပြီးရင် နောက်ဆက်တွဲ ဆိုးကျိုးမရှိဘဲ တစ်ရက်လောက်ပဲ အားနည်းသွားလိမ့်မယ်"
"မင်းက နောက်သုံးရက်နေရင် ငါနဲ့အတူ ကြယ်ကြွေသချိုင်းမြေကို လိုက်ခဲ့ရမှာ"
"ဒါကြောင့် အဲဒီမတိုင်ခင်မှာ မင်းကို တစ်စုံတစ်ခု ဖြစ်သွားတာမျိုး ငါ မမြင်ချင်ဘူး"
ဒီဆေးလုံးသည် စနစ်အတွင်း၌ ဆယ်ကြိမ်ဆက်တိုက် ဆုနှိုက်ရာမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်တွင် အသုံးဝင်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
ကန်မင်းနင်သည် ထိုစကားကို ကြားရသည့်အခါ အနည်းငယ် မှင်တက်သွားပြီး သခင်လေးစု ပြောသည်ကလည်း အဓိပ္ပာယ်ရှိသည်ကို သတိပြုမိလိုက်သည်။ မည်သို့ပင်ဆိုစေ နာမည်မဲ့ ဓားကျင့်စဉ်ဟူသော နတ်ဘုရားကျင့်စဉ်ကိုပင် ခမည်းတော်က ကန်မင်းအာ့ထျန်ကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မိမိတွင်မူ မည်သည့်အရာမျှ မရှိချေ။
ဒီပြင်းထန်သော စွမ်းအားဆေးလုံးကို လက်ခံရရှိလိုက်သည့်အခါ ကန်မင်းနင်သည် အခြားသူတစ်ဦးထံမှ ဂရုစိုက်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရသဖြင့် စုချန်ရှောင်းကို အလွန်တရာ ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ကန်မင်းနင် သခင်လေးကို ကျေးဇူးတင်ပါတယ်"
ထို့နောက် လျူဇီရှန်းသည် သူမ၏ စိတ်အာရုံကို သုံး၍ သတ်ကွင်း တာဝန်ခံတစ်ဦးကို ကန်မင်းနင်အား ခေါ်ဆောင်သွားရန် ညွှန်ကြားလိုက်သည်။ ထိုသူ ထွက်ခွာသွားပြီးနောက် သူမသည် စုချန်ရှောင်းကို ညို့ဓာတ်ပြင်းလှသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
"သခင်လေး... အားလုံး စီစဉ်ပြီးပါပြီရှင်"
"အင်း"
"ဒါဆိုရင် သခင်လေးက ကျွန်မကို ဘယ်လို ဆုလာဘ်မျိုး ပေးမှာလဲရှင်"
"ငါ့ဆီက လက်ဝါးရိုက်ချက်တစ်ချက်ကို မင်း ခံယူချင်လို့လား"
"..."
...
မှောင်မိုက်နေသော လူသွားလမ်းအတွင်း၌...
ကန်မင်းအာ့ထျန်သည် ဘေးနားတွင် ထိုင်ကာ အတွင်းအားများကို ပြန်လည် စုစည်းရင်း ဒဏ်ရာများကို ကုသကာ နောက်ထပ် ပွဲစဉ်အတွက် ပြင်ဆင်နေသည်။ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး မီးလောင်ဒဏ်ရာ ရထားသော မိမိ၏ ညာလက်ကို ကြည့်ကာ မျက်ဝန်းများတွင် အေးစက်မှုများ ဖြတ်ပြဲသွားသည်။
တောက်... မီးငရဲ နဂါးနက်ကြီးရဲ့ မီးတောက်တွေက ဒီလောက်အထိ ဒုက္ခပေးလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။
ယခုအချိန်အထိ သူသည် မိမိ၏ နတ်သက်ကြွေ ဓား တိုက်ခိုက်မှုက ဘာဖြစ်လို့ လွဲချော်သွားရသနည်းဟူသည်ကို နားမလည်နိုင်သေးချေ။ တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား ကန်မင်းအာ့ထျန်က အေးစက်စွာ ဆိုလိုက်သည်။
"နောက်တစ်ပွဲ စပြီလား"
ဝတုတ်တုတ် တာဝန်ခံသည် မည်သည့်အချိန်က ရောက်ရှိနေမှန်းမသိဘဲ သူ၏ ဘေးနားတွင် တည်ငြိမ်စွာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ သူ နိုးလာသည်ကို မြင်ရသည့်အခါ ဝတုတ်တုတ် တာဝန်ခံက ဖားပြုံး ပြုံးလိုက်ရင်း ဆိုသည်။
"မစသေးပါဘူး မစသေးပါဘူး... မလောပါနဲ့"
"အာ့ထျန်သခင်လေး... ကျွန်မတို့ သတ်ကွင်းဘက်က သခင်လေးနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ"
ကန်မင်းအာ့ထျန်က မေးသည်။
"ဘာကိစ္စလဲ"
ဝတုတ်တုတ် တာဝန်ခံက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြုံး၍ ဆိုသည်။
"အရင် သဘောတူညီချက်အရဆိုရင် သခင်လေးအနေနဲ့ အနိုင်ပွဲတစ်ရာ ပြည့်ဖို့နဲ့ ကြယ်ကြွေသချိုင်းမြေ ဝင်ရောက်ခွင့် ကျောက်စိမ်းပြားကို ရယူဖို့အတွက် နောက်ထပ် လေးပွဲ တိုက်ခိုက်ရဦးမှာ ဖြစ်ပါတယ်"
"သခင်လေးလည်း ခုနက တိုက်ခိုက်ခဲ့တဲ့ မီးငရဲ နဂါးနက်ကြီးရဲ့ စွမ်းအားကို သိပြီးပြီ ဖြစ်မှာပါ"
"အကယ်၍ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သခင်လေးအနေနဲ့ ဒီသုံးရက်အတွင်းမှာ သေမျိုးတိုက်ပွဲတွေကို အချိန်မီ ပြီးစီးဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်..."
ကန်မင်းအာ့ထျန်က မျက်မှောင်ကြုတ်လိုက်သည်။ မီးငရဲ နဂါးနက်ကြီး၏ စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းလှပေသည်။ အကယ်၍ နောက်ထပ် လေးပွဲစလုံးက ထိုကဲ့သို့သော မိစ္ဆာသားရဲများသာ ဖြစ်နေလျှင် သူ တကယ့်ကို ရင်ဆိုင်ရ ခက်ခဲပေလိမ့်မည်။
"ဒါဆို မင်းတို့က ဘာပြောချင်တာလဲ"
ဝတုတ်တုတ် တာဝန်ခံက ဆိုသည်။
"အာ့ထျန်သခင်လေး... အဲဒီအချက်ကြောင့်ပဲ ကျွန်မတို့ သတ်ကွင်းဘက်က သခင်လေးရဲ့ ကျန်ရှိနေတဲ့ သေမျိုးတိုက်ပွဲ လေးပွဲကို ပယ်ဖျက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်"
"နောက်ထပ် သခင်လေးအနေနဲ့ နောက်ဆုံး သေမျိုးတိုက်ပွဲ တစ်ပွဲတည်းကိုသာ တိုက်ခိုက်ပြီး အနိုင်ယူရုံနဲ့ ဝင်ရောက်ခွင့် ကျောက်စိမ်းပြားကို ရရှိမှာ ဖြစ်ပါတယ်"
ကန်မင်းအာ့ထျန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မိမိရှေ့မှောက်ရှိ ပြုံးစိစိနှင့် ဝတုတ်တုတ် လူကြီးကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည်။
"ပွဲစဉ်တစ်ခု ဟုတ်လား"
"ဒီနောက်ဆုံးပွဲက အဲဒီလောက်အထိ မရိုးရှင်းဘူး ထင်တယ်"
ဝတုတ်တုတ် တာဝန်ခံက ပြုံး၍ ဆိုသည်။
"သခင်လေးအနေနဲ့ ငြင်းပယ်လို့ရပါတယ် ဒါပေမယ့် ကျွန်မ ပြောပြရရင်တော့ နောက်ထပ် သေမျိုးတိုက်ပွဲ လေးပွဲက မဟာယာနအဆင့် မိစ္ဆာသားရဲတွေပဲ ဖြစ်လာမှာ မဟုတ်ဘူးနော်..."
မဟာယနအဆင့် ကျင့်ကြံသူတွေလား။ ဒီဝတုတ်က ငါ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့။ ကန်မင်းအာ့ထျန်၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားတော့သည်။ သို့သော်လည်း ကြယ်ကြွေသချိုင်းမြေက မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ရာ သူ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သဖြင့် သူတို့နှင့် အချိန်ဖြုန်းနေရန် အချိန်မရှိချေ။
"နောက်ဆုံးပွဲပဲ... မင်းတို့ မဟာယနအဆင့်အထွတ်အထိပ်က မိစ္ဆာသားရဲကိုပဲ ထုတ်ထုတ်..."
"ငါ ကန်မင်းအာ့ထျန် သဘောတူတယ်"
"သွားပြီး ပြင်ဆင်လိုက်တော့ ယနေ့မှာ ငါ ထိုဝင်ရောက်ခွင့် ကျောက်စိမ်းပြားကို ရယူပြမယ်"
ကန်မင်းအာ့ထျန် သဘောတူလိုက်သည်ကို မြင်ရသည့်အခါ ဝတုတ်တုတ် တာဝန်ခံ၏ မျက်ဝန်းများ တောက်ပသွားပြီး လက်နှစ်ဖက်ကို ဆုပ်လျက် ဂါရဝပြုလိုက်သည်။
"ကောင်းပါပြီ"