အခန်း ၃၂ ကံကြမ္မာဇာတ်ဆောင်မလေးနှင့် ကြုံဆုံခြင်း
နာရီဝက်ခန့် ကြာပြီးနောက်...
ပြင်းရှလှသော ဝိညာဉ်အရက်များကို အတော်အတန် သောက်သုံးပြီးနောက်တွင် ကန်မင်းနင်၏ မျက်နှာတစ်ခုလုံး နီမြန်းနေပြီး ရင်ထဲရှိ ခံစားချက်များကို ရင်ဖွင့်လိုက်ရသဖြင့် စိတ်အမွှန်းအကြပ် အများစုက ပြေပျောက်သွားရသည်။
ဒီလောကကြီးထဲတွင် မိမိ၏ ခံစားချက်ကို နားလည်ပေးနိုင်မည့်သူ ရှိလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
အရက်ရှိန်ကြောင့် အနည်းငယ် ရီဝေနေသော်လည်း ကန်မင်းနင်သည် သတိကို အတတ်နိုင်ဆုံး ထိန်းထားရင်း တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ဆိုလိုက်သည်။
"သခင်လေးစု... ကျွန်တော်မျိုးရဲ့ အကြောင်းတွေကို အဖေဖြစ်သူကို လုံးဝ မသိစေချင်ပါဘူး"
စုချန်ရှောင်းက ခေါင်းညိတ်လိုက်ပြီး ခပ်ဖွဖွ ပြုံးကာ ဆိုသည်။
"ဒါပေါ့... ဒါပေမယ့် မင်းပြောပြချက်အရဆိုရင် မင်းရဲ့ နောင်တော်က တကယ့်ကို ထူးခြားတဲ့ စရိုက်ရှိပုံပဲ"
သူ၏ နောင်တော်အကြောင်းကို ပြောလိုက်သည်နှင့် ကန်မင်းနင်၏ မျက်ဝန်းထဲတွင် ပြင်းထန်လှသော မနာလိုဝန်တိုစိတ်များ ဖြတ်ပြဲသွားတော့သည်။
"ကျွန်တော့်ရဲ့ နောင်တော်က အဖေနဲ့ အမေက ကျွန်တော့်ကိုပဲ မျက်နှာသာပေးပြီး သူ့ကိုကျတော့ မတရား နှိပ်စက်ထားတယ်လို့ အမြဲ တွေးနေတာပါ"
"အဖေ မျိုးနွယ်စုခေါင်းဆောင် မဖြစ်ခင်တုန်းက ကျွန်တော် ကန်မင်းနင်ဟာ ရန်သူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး သုံးနှစ်တိုင်တိုင် ဓားစာခံအဖြစ် အသုံးချခံခဲ့ရတာကို သူ မသိရှာပါဘူး... ကျွန်တော် ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေက ကန်မင်းအာ့ထျန် ခံစားခဲ့ရတာထက် နည်းမနေတဲ့အပြင် ပိုပြီးတော့တောင် ပြင်းထန်ပါသေးတယ်"
"ဒါပေမယ့် သူကတော့ မျိုးနွယ်စုဆီ ပြန်ရောက်လာကတည်းက ကျွန်တော်နဲ့ အမြဲတမ်း ဆန့်ကျင်ဘက် လုပ်နေခဲ့တာပါ အဖေရဲ့ အလိုလိုက်မှုကို အခွင့်ကောင်းယူပြီး အဖေကို အကြိမ်ကြိမ် အာခံခဲ့ပေမယ့် ဘယ်တုန်းကမှ အပြစ်ပေးမခံခဲ့ရဘူး နောက်ဆုံးတော့ ကျွန်တော်တို့ ကန်မင်းမျိုးနွယ်စုနဲ့ အဆက်အသွယ် ဖြတ်တာအထိ လုပ်ခဲ့တယ်"
"ဒါပေမယ့် သူ ကိုယ်တိုင် လုပ်ခဲ့တဲ့ ပြဿနာကြီးတွေကို သူ့ရဲ့ ညီဖြစ်တဲ့ ကျွန်တော်ကပဲ အမြဲတမ်း လိုက်လံ ရှင်းလင်းပေးခဲ့ရတာကို သူ ဘယ်လိုလုပ် သိနိုင်မှာလဲ"
စုချန်ရှောင်းသည် ကန်မင်းနင်၏ ရင်ထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော နာကျည်းချက်နှင့် မကျေနပ်မှုများကို အတိုင်းသား ခံစားမိသဖြင့် ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ဆိုသည်။
"ဒါဆိုရင် မင်းရဲ့ နောင်တော်ကို ကန်မင်းမျိုးနွယ်စုရဲ့ အထောက်အပံ့ မရှိရင် သူဟာ ဘာမှမဟုတ်ဘူးဆိုတာကို သဘောပေါက်အောင် လုပ်ဖို့ စိတ်ကူးရှိလား"
ကန်မင်းနင်က သက်ပြင်းချလိုက်သည်။
"အပိုပါပဲ... အဖေက သူ့အပေါ် ဘယ်လောက် မျက်နှာသာပေးလဲဆိုရင် အခုလို အဆက်အသွယ် ဖြတ်ထားတာတောင် သူ့နောက်ကို လူလွှတ်ပြီး အမြဲ စောင့်ကြည့်ခိုင်းနေတုန်းပဲ"
"ကျွန်တော်က ကန်မင်းအာ့ထျန်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
စုချန်ရှောင်းက သဘောကျစွာ ရယ်မောလိုက်ပြီး ဆိုသည်။
"အကယ်၍ ဒီသခင်လေးက မင်းကို ကူညီမယ်ဆိုရင်ကော"
ဘာ...
ကန်မင်းနင်သည် လန့်သွားပြီး ခန့်ညားသော မျက်နှာနှင့် နက်ရှိုင်းသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် စုချန်ရှောင်းကို မယုံနိုင်စရာ အမူအရာဖြင့် မော့ကြည့်လိုက်သည်။
အရက်အတူသောက်ပြီး ရင်ဖွင့်ခဲ့ပြီးနောက် သူသည် သခင်လေးစုကို မိမိ၏ စိတ်ချရဆုံးသော ရင်ဖွင့်ဖော်အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
မြင့်မြတ်လှသော ဂုဏ်ဒြပ်နှင့် ထိတ်လန့်စရာ နောက်ခံရှိသည့် သခင်လေးစုက မိမိကို ကူညီမည်ဟု ပြောလိုက်သံကို ကြားရသည့်အခါ ကန်မင်းနင်သည် အရက်ရှိန်ပင် ဝုန်းခနဲ ပြယ်လွင့်သွားသလို ခံစားလိုက်ရပြီး ချက်ချင်းပင် မယုံနိုင် ဖြစ်သွားရသည်။
"သခင်လေးစု... ဒါက ဘာကို ဆိုလိုတာလဲ"
နောက်တစ်နေ့တွင်...
ကန်မင်းနယ်မြေ၊ မြူခိုးငှက်မြို့တော်၌...
အနှစ်သုံးဆယ်တွင် တစ်ကြိမ်သာ ပွင့်လေ့ရှိသော ကြယ်ကြွေရာ ရှေးဟောင်းသင်ချိုင်းမြေပွင့်လုပွင့်ခင် ဖြစ်နေသဖြင့် လောကအနှံမှ ဂိုဏ်းအသီးသီးနှင့် ရှေးဟောင်းမျိုးနွယ်စု အသီးသီးမှ လူငယ်ပါရမီရှင်များကို ၎င်းတို့၏ လူကြီးမိဘများက ခေါ်ဆောင်လာကြသည်။
လက်ရှိတွင် မြို့တော်တစ်ခုလုံး၌ လူပင်လယ်ကြီးသဖွယ် စည်ကားနေပြီး ခရီးသွား ကျင့်ကြံသူများဖြင့် အဆက်မပြတ် ခြေချင်းလိမ်နေပေသည်။
မြူခိုးငှက်မြို့တော်၏ အစည်ကားဆုံးနှင့် အချက်အချာကျဆုံးသော နေရာတွင် ကောင်းကင်အရှင် သတ်ကွင်းကြီး တည်ရှိသည်။
ကောင်းကင်အရှင် သတ်ကွင်း၏ တံခါးဝ၌...
ကန်မင်းနင်သည် အခြေချနေထိုင်သော ရှေးဟောင်းမျိုးနွယ်စု၏ သားငယ်ဖြစ်သဖြင့် ကန်မင်းနယ်မြေအတွင်းရှိ လူတိုင်းက သူ့ကို ကောင်းစွာ သိကြသည်။
မူလက သတ်ကွင်း၏ မန်နေဂျာသည် ကန်မင်းနင်ကို မြင်သည်နှင့် အထူးဧည့်သည်တော် အခန်းဆီသို့ ပို့ဆောင်ရန် စီစဉ်ခဲ့သည်။
သို့သော်လည်း ကန်မင်းနင်၏ ဘေးတွင် ရှိနေသော လူငယ်သည် ဒဏ္ဍာရီလာ ဧကရာဇ်မျိုးနွယ်စုမှ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ထိုမန်နေဂျာသည် ချက်ချင်းပင် ခြောက်ခြားသွားပြီး အသည်းအသန် ပြေးထွက်သွားတော့သည်။
သူတို့သည် သတ်ကွင်း၏ ပိုင်ရှင်ကို အလျင်အမြန် အကြောင်းကြားလိုက်သဖြင့် ပိုင်ရှင်ကိုယ်တိုင် ပြာပြာသလဲ ရောက်ရှိလာပြီး ထိုသူနှစ်ဦးကို ကောင်းကင်အရှင် သတ်ကွင်း၏ အမြင့်ဆုံးနှင့် အကောင်းဆုံး ဖြစ်သော မဟာအရှင်သခင် သီးသန့်အခန်းဆီသို့ ပင့်ဆောင်ခဲ့သည်။
အဆိုပါ မဟာအရှင်သခင် သီးသန့်အခန်းသည် မျိုးနွယ်စု အသီးသီး၏ ခေါင်းဆောင်များနှင့် သူတော်စင်အဆင့် တန်ခိုးရှင်ကြီးများကိုသာ ကြိုဆိုဧည့်ခံသည့် နေရာဖြစ်ပြီး သတ်ကွင်းကြီး၏ အပေါ်တည့်တည့်တွင် တည်ရှိသဖြင့် အမြင်ကွင်းဆုံးနှင့် အမြင့်ဆုံး ရှုခင်းကို ရရှိစေသည်။
အခန်းအတွင်းပိုင်းကို အလွန်တရာ ဆန်းပြားပြီး ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားကာ စားပွဲထက်တွင် အလွန်ရှားပါးလှသော ဝိညာဉ်သစ်သီးများနှင့် ရတနာများကို တည်ခင်းထားပြီး နံရံများတွင်လည်း သတ်ကွင်းအတွင်းရှိ အလှပဆုံးသော မိန်းမပျိုများ၏ ပုံတူပန်းချီကားများကို စိတ်ကြိုက် ရွေးချယ်နိုင်ရန် ချိတ်ဆွဲထားသည်။
ထိုအခန်း၏ နေရာက အလွန်ကျယ်ဝန်းပြီး အပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်လျှင် ကောင်းကင်အရှင် သတ်ကွင်းတစ်ခုလုံးကို ကွင်းကွက်ကွက် မြင်တွေ့နိုင်ပေသည်။
စုချန်ရှောင်းသည် ကုတင်ရှည်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေပြီး ဘေးနားရှိ လှပသော မိန်းမပျိုလေးများ၏ နှိပ်နယ်ပေးမှုကို ခံယူနေသည်။
ကန်မင်းနင်ကမူ ဘေးနားတွင် မတ်တပ်ရပ်နေ၏။
ထိုစဉ် အလွန်တရာ ဆွဲဆောင်မှုရှိပြီး ရင်ဖိုစရာကောင်းလှသော မိန်းမပျိုတစ်ဦး၏ အသံ ကတိုးကတည်း ထွက်ပေါ်လာရာ ကြားရသူတိုင်း၏ ခြေဖျားလက်ဖျားများပင် နုနယ်သွားစေသည်။
"ကျွန်မတို့ ကောင်းကင်အရှင် သတ်ကွင်းကို ဧကရာဇ်မျိုးနွယ်စုက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ ပထမဆုံးအကြိမ် လာရောက်လည်ပတ်တာပဲ"
စုချန်ရှောင်း၏ မျက်နှာချင်းဆိုင်တွင် တပ်မက်ဖွယ် ကောက်ကြောင်းများနှင့်အတူ အလွန်လှပသော မိန်းမပျိုတစ်ဦးက ညုတုတု ရယ်မောလိုက်ရင်း ဆိုသည်။
"ကျွန်မဖြင့် ဧကရာဇ်မျိုးနွယ်စု စုမိသားစုရဲ့ သခင်လေးက အလွန်တရာ ခန့်ညားထည်ဝါတယ်လို့ ကြားဖူးတာ ကြာပါပြီ ဒီနေ့ သခင်လေးစု ကိုယ်တိုင် ကြွရောက်လာတာကို မြင်ရတော့ ကျွန်မလို အစေခံမလေးရဲ့ ရင်ထဲမှာ လှုပ်ရှားသွားရပြီး တကယ့်ကို ဂုဏ်ယူမိပါတယ်ရှင်..."
ထိုမိန်းမပျိုသည် နုနယ်ပြီး ဆွဲဆောင်မှုရှိသော မျက်နှာသွင်ပြင်၊ ဥဒေါင်းဥသဏ္ဍာန် မျက်နှာဝိုင်းလေးနှင့် တောက်ပသော နှုတ်ခမ်းနီနီလေးကို ပိုင်ဆိုင်ထားသည်။
သူမတွင် ခရမ်းဖျော့ရောင် ဆံနွယ်ရှည်များ ရှိပြီး အရပ်ရှည်ကာ သွယ်လျသော ခန္ဓာကိုယ်၊ ပြည့်ဖြိုးလှပသော ရင်အစုံနှင့် ရွှေဟင်္သာငှက်ကဲ့သို့ ကျော့ရှင်းသော လည်တိုင်ကို ပိုင်ဆိုင်ထားသည်။
သူမ၏ ပုခုံးပေါ်တွင် နှင်းကဲ့သို့ ဖြူဖွေးသော ကတ္တီပါမွှေးများကို ခြုံလွှမ်းထားပြီး ပါးလွှာသော ပိုးထည်ဝတ်စုံက သူမ၏ လှပသော ကောက်ကြောင်းများကို အထင်အရှား ပေါ်လွင်စေရာ ကြည့်ရသူကို စိတ်အာရုံ ထွေပြားစေသည်။
ဆောင်းဦးရာသီ၏ ရေကန်ပြင်ကဲ့သို့ ကြည်လင်ပြီး ဆွဲဆောင်မှုရှိသော ထိုမျက်ဝန်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူမသည် လောကကြီးကို ဖျက်ဆီးနိုင်လောက်သည့် အလှနတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။
[အမည် - လျူဇီရှန်း]
[ခေါင်းစဉ် - ရက်စက်သော မိစ္ဆာဧကရာဇ် ဝတ္ထုထဲမှ အဓိက ကံကြမ္မာဇာတ်ဆောင်မလေးများထဲက တစ်ဦး]
[ဘယ်သူဘယ်ဝါဖြစ်ကြောင်း - ကောင်းကင်အရှင် သတ်ကွင်း၏ သခင်မ]
[အသက် - ၁၅၂၃၊ စရိုက် - သွေးအေးသည်]
[ကျင့်ကြံမှုအဆင့် - အထွတ်အထိပ် သူတော်စင် တတိယအဆင့်]
[ကံကြမ္မာဇာတ်ညွှန်း - မြောက်ပိုင်း မိစ္ဆာဧကရာဇ်နယ်မြေ၏ ခရမ်းရောင်မြွေနတ်ဘုရားမ မျိုးနွယ်စုမှ ဖြစ်ပြီး ရန်သူများ၏ ချုံခိုတိုက်ခိုက်မှုကြောင့် မျိုးနွယ်စုခေါင်းဆောင် နေရာကို ဆုံးရှုံးခဲ့ရကာ မျိုးနွယ်စု၏ အဖိုးတန် ရတနာကို ယူဆောင်၍ ကန်မင်းနယ်မြေသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ကောင်းကင်အရှင် သတ်ကွင်းကို တည်ထောင်ခဲ့သည်။]
[သူမသည် သတ်ကွင်းအတွင်း၌ ကန်မင်းအာ့ထျန်နှင့် ဆုံတွေ့ခဲ့ပြီး သူ့အပေါ် လောင်းကြေးထပ်ကာ ကန်မင်းအာ့ထျန်၏ စွမ်းအားကို အသုံးချ၍ မိစ္ဆာဧကရာဇ်နယ်မြေသို့ ပြန်လည် တိုက်ခိုက်ကာ ခရမ်းရောင်မြွေနတ်ဘုရားမ မျိုးနွယ်စုခေါင်းဆောင် နေရာကို ပြန်လည် ရယူရန် ဆုံးဖြတ်ထားသည်။]
ပင်မ ဇာတ်ဆောင်ကြီးကို မမြင်ရသေးခင်မှာတင် ကံကြမ္မာက ပြဋ္ဌာန်းထားတဲ့ ဇာတ်ဆောင်မလေးနှင့် အရင် ဆုံတွေ့လိုက်ရခြင်း ဖြစ်သည်။
လျူဇီရှန်းက အသာအယာ ဦးညွှတ်လိုက်သည်။
"ကျွန်မ လျူဇီရှန်း သခင်လေးစုကို နှုတ်ဆက်ပါတယ်ရှင်"
လျူဇီရှန်း၏ ခန္ဓာကိုယ်မှ အလွန်တရာ မွှေးပျံ့ပြီး စိတ်ကို မူးယစ်စေသော ရနံ့များ ထွက်ပေါ်နေသည်။ ထိုဆွဲဆောင်မှုရှိသော ရနံ့များက သူမ၏ ခန္ဓာကိုယ်မှ မိစ္ဆာစွမ်းအင်များကို ဖုံးကွယ်ပေးထားခြင်း ဖြစ်သည်။
စုချန်ရှောင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
"မိစ္ဆာဧကရာဇ်နယ်မြေက ခရမ်းရောင်မြွေနတ်ဘုရားမ မျိုးနွယ်စုက ဖြစ်ပါလျက်နဲ့ မိစ္ဆာနယ်မြေမှာ မနေဘဲ ငါတို့ လူသားမျိုးနွယ်စုရဲ့ နယ်မြေဆီ ဘာကိစ္စကြောင့် ရောက်လာတာလဲ"
လျူဇီရှန်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အနည်းငယ် မှင်တက်သွားပြီး သူမ၏ လှပသော မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်မိသည်။
သူမတွင် မိမိ၏ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ပေးနိုင်သည့် ရတနာ ရှိနေပါလျက်နှင့် တစ်ဖက်လူက သူမ၏ မူလဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် သိရှိသွားခြင်း ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဧကရာဇ်မျိုးနွယ်စုက လူတွေကတော့ တကယ့်ကို ကြောက်စရာကောင်းလှပါပေသည်။
လျူဇီရှန်းက ဘာမှမဖြစ်သကဲ့သို့ ညင်သာစွာ ရယ်မောလိုက်ပြီး ညုတုတု လေသံလေးဖြင့် ဆိုသည်။
"သခင်လေးစုက ဧကရာဇ်မျိုးနွယ်စုက ဖြစ်ဖို့ တကယ့်ကို ထိုက်တန်လှပါတယ် ကျွန်မရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံနဲ့ သိသွားတာပဲ"
"အကယ်၍ ရင်ထဲမှာ နာကျင်စရာ အခက်အခဲတွေ မရှိရင် ဘယ်သူက မိမိရဲ့ ဇာတိမြေကို စွန့်ခွာပြီး ဒီလို စိမ်းသက်တဲ့ နေရာမျိုးဆီ လာပါ့မလဲရှင်"
စုချန်ရှောင်းက စကားပြန်မပြောဘဲ မျက်လုံးများကို မှိတ်လျက် ကုတင်ရှည်ပေါ်တွင် ဇိမ်ကျကျ လှဲလျောင်းကာ ဘေးနားရှိ မိန်းမပျိုလေးများ၏ ပြုစုမှုကို ခံယူနေသည်ကို သူမ မြင်လိုက်ရသည်။
လျူဇီရှန်းသည် ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး သွယ်လျသော ခါးလေးကို နွဲ့နှောင်းစွာ လှုပ်ရှားရင်း လျှောက်လှမ်းလာခဲ့သည်။
"ငါ့ကို ပေးစမ်း" သူမက စုချန်ရှောင်းကို နှိပ်နယ်ပေးနေသော မိန်းမပျိုလေးကို ဖယ်ခိုင်းလိုက်သည်။
ထိုမိန်းမပျိုလေးက မဖီဆန်ရဲချေ။ လျူဇီရှန်းသည် သူမ၏ ဖြူဖွေးနုနယ်သော လက်ကလေးများကို စုချန်ရှောင်း၏ ပုခုံးထက်သို့ တင်လိုက်ပြီး ညင်သာစွာ နှိပ်နယ်ပေးရင်း မွှေးပျံ့လှသော လေပြေလေးများကို မှုတ်ထုတ်ကာ ဆိုလိုက်သည်။
"သခင်လေးစုက ဧကရာဇ်မျိုးနွယ်စုရဲ့ ထိပ်သီးပါရမီရှင်တစ်ယောက်ပဲ... ကျွန်မ ကိုယ်တိုင် သခင်လေးကို ပြုစုပေးပါရစေရှင်"
ဘေးနားတွင် မတ်တပ်ရပ်နေသော ကန်မင်းနင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် အခြေချနေထိုင်သော ရှေးဟောင်းမျိုးနွယ်စုက ဖြစ်သော်လည်း ဤမျှ ဆွဲဆောင်မှုရှိပြီး ရင်ဖိုစရာကောင်းလှသော အသံကို ကြားရသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများပင် ထသွားရသည်။
စုချန်ရှောင်းက ငြင်းဆန်ခြင်း မပြုချေ။
သူသည် လှပသော မိန်းမပျို၏ ပြုစုမှုကို ခံယူရင်း မျက်လုံးများကို မှိတ်လျက် ဆိုလိုက်သည်။
"မင်းတို့ သတ်ကွင်းမှာ ပွဲတစ်ခု လုပ်နေတယ်လို့ ကြားတယ် ဘယ်သူမဆို အနိုင်ပွဲ ၁၀၀ ရရင် ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေရဲ့ ဝင်ရောက်ခွင့် ကျောက်စိမ်းပြားကို ရမယ်ဆို... ဟုတ်လား"
လျူဇီရှန်းက သူ့ကို ညင်သာစွာ နှိပ်နယ်ပေးရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။
"အို... သခင်လေးက ဝင်ရောက်ခွင့် ကျောက်စိမ်းပြားကို စိတ်ဝင်စားလို့လားရှင်"
"အကယ်၍ သခင်လေး လိုချင်တယ်ဆိုရင် ဒီလို ဒုက္ခခံနေဖို့ မလိုပါဘူး ကျွန်မ ဝမ်းမြောက်ဝမ်းသာနဲ့ သခင်လေးကို ဆက်သဖို့ အဆင်သင့်ပါပဲရှင်"
စုချန်ရှောင်းက မျက်လုံးများကို ဖွင့်လိုက်ပြီး လျူဇီရှန်း၏ ညို့ဓာတ်ပြင်းလှသော မျက်နှာကို မော့ကြည့်ကာ ပြုံးလျက် ဆိုသည်။
"မလိုပါဘူး"
"ဒါပေမယ့် လက်ရှိ မင်းတို့ သတ်ကွင်းထဲမှာ ရှိနေတဲ့ လူတစ်ယောက် ရှိတယ် မဟုတ်လား"
"ဘယ်သူလဲရှင်"
"ကန်မင်းအာ့ထျန်"