အခန်း ၂၈ မဟာယနအဆင့်သို့ ချိုးဖျက်ခြင်း
ဝူးဝူး...
စနစ်သိုလှောင်ဟင်းလင်းပြင်ထဲမှ မဟာတာအိုအသီးများကို စုချန်ရှောင်း ထုတ်ယူလိုက်သည်။ သူ၏ ရှေ့မှောက်တွင် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော အသီးများ ရုတ်တရက် ပေါ်ထွက်လာပြီး အသီးတစ်ခုချင်းစီက ထူးခြားဆန်းပြားလှသော ဝိညာဉ်စွမ်းအင်များနှင့် လျှို့ဝှက်နက်နဲမှုများဖြင့် ရစ်သိုင်းလှည့်ပတ်နေသည်။
အချို့အသီးများက အကြေးခွံများဖြင့် ဖုံးလွှမ်းကာ တောက်လောင်နေသော အနီရောင်ရှိပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ပင် လောင်ကျွမ်းလုမတတ် ခံစားရစေသည်။ အချို့အသီးများကမူ ဆန်းကြယ်လှသော စွမ်းအင်များ ပြည့်နှက်နေပြီး အသီး၏ မျက်နှာပြင်ထက်တွင် မျက်နှာမပါသော လူသားမျက်နှာပုံသဏ္ဌာန်များဖြင့် ဖုံးလွှမ်းနေသည်။
စုချန်ရှောင်းသည် မိမိရှေ့မှောက်ရှိ မဟာတာအိုအသီးအချို့ကို ကြည့်ကာ ၎င်းတို့အတွင်း၌ ကိန်းအောင်းနေသော ထူးခြားသည့် မဟာတာအိုအနှစ်သာရများကို ခံစားလိုက်မိသည်။ နိမ့်သောအဆင့် မဟာတာအိုအသီး သုံးလုံး၊ အလယ်အလတ်အဆင့် တစ်လုံးနှင့် အဆင့်မြင့် မဟာတာအိုအသီး တစ်လုံးတို့ ဖြစ်ကြသည်။
စုချန်ရှောင်း၏ မျက်ဝန်းများ တောက်ပသွားပြီး ချက်ချင်းပင် မဟာတာအိုအသီးတစ်လုံးကို ကောက်ယူကာ ကျင့်ကြံခြင်းထဲသို့ စုန်းစုန်းမြုပ် ဝင်ရောက်သွားတော့သည်။
"စနစ်... ကျင့်ကြံခြင်းသန့်စင်မှုကို ဆယ်ဆ မြှင့်တင်လိုက်"
နောက်ရက်များတွင် ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် စုချန်ရှောင်း နန်းဆောင်ကြီးအတွင်းမှ အပြင်သို့ ထွက်လာသည်ကို တစ်ခါမျှ မတွေ့ရတော့ချေ။ တစ်ကြိမ်တွင် သူက သွားရောက်တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း အကြီးအကဲချင်းက တားဆီးပိတ်ပင်ခဲ့သည်။
ယခင်က တစ်ခါမျှ မကြုံဖူးသည့် မဟာတာအိုလှိုင်းတံပိုးများ၏ အရှိန်အဝါ ငါးကြိမ်၊ ခြောက်ကြိမ်ခန့် ဆက်တိုက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည့်အခါ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် လန့်ဖြန့်သွားပြီး မျက်နှာအမူအရာက အလွန်တရာ ရှုပ်ထွေးသွားရသည်။
"ဒီလောက်ပြင်းထန်တဲ့ စွမ်းအားတွေက ဘယ်ကနေ ထွက်ပေါ်လာတာလဲ... သခင်လေးစုက မဟာယနအဆင့်ကို ချိုးဖျက်ဖို့ ပြင်ဆင်နေတာလား"
ဆယ်ရက်ခန့် ကြာပြီးနောက်...
ရှေးဟောင်းနန်းဆောင်ကြီးအတွင်းမှ မတူညီသော အရောင်အသွေးရှိသည့် အလင်းတန်း ရှစ်တန်းသည် ကောင်းကင်ယံထက်သို့ ဒုန်းစိုင်းထိုးတက်သွားတော့သည်။ အဟုန်ပြင်းလှသော တာအိုစွမ်းအားများက ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ပြည့်နှက်သွားစေရာ နတ်ဘုရားနက်နဲဂိုဏ်းတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားပြီး အရပ်မျက်နှာအသီးသီးမှ အကြီးအကဲများ နန်းဆောင်ကြီး၏ ရှေ့မှောက်တွင် ပျာပျာသလဲ ရောက်ရှိလာကြသည်။
ဝုန်း...
နန်းဆောင်တံခါးကြီး ဖြည်းညှင်းစွာ ပွင့်ဟလာသည့်အခါ...
လူတိုင်းသည် နတ်ဘုရားတစ်ပါးကဲ့သို့ ထူးခြားဆန်းပြားလှသော ဝတ်စုံဖြူဝတ် လူငယ်လေးကို မကြည့်ဘဲ မနေနိုင်ကြတော့ချေ။ ထိုလူငယ်၏ မျက်နှာက ခန့်ညားထည်ဝါပြီး မြင့်မြတ်သောအသွင် ရှိကာ ခန္ဓာကိုယ်ထက်တွင် နတ်ဘုရားအရှိန်အဝါများ ဝန်းရံလျက် စကျင်ကျောက်ကဲ့သို့ အပြစ်ပြောစရာမရှိအောင် ကြည်လင်တောက်ပနေသည်။ သူ၏ ခန္ဓာကိုယ်ကို တာအိုလှိုင်း ရှစ်ခုက ရစ်ပတ်ထားပြီး ထိုအထဲမှ သုံးခုက အထူဆုံးဖြစ်ကာ ရှေးဟောင်းထိပ်တန်းအရိုး၏ အရှိန်အဝါများ ပြည့်နှက်နေသဖြင့် အလွန်တရာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသည်။
သူ၏ ကျင့်ကြံမှုအဆင့်ကို ခံစားမိလိုက်သည့်အခါ လူတိုင်း၏ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားကြသည်။
"မဟာယနအဆင့်..."
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် အလွန်တရာ တုန်လှုပ်သွားပြီး ပထမဆုံး သတိဝင်လာသူဖြစ်ရာ အလျင်အမြန် ရှေ့သို့တိုးကာ ဝမ်းမြောက်စကား လျှောက်တင်လိုက်သည်။
"သခင်လေးစု ယနေ့ မဟာယနအဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်... ကမ္ဘာဦးမဟာတာအို ရှစ်သွယ်ကို ပိုင်ဆိုင်တာက ဧကရာဇ်မျိုးနွယ်စုတွေထဲမှာတောင် ရှားမှရှားတဲ့ ပါရမီရှင်မျိုးပါ"
ဘယ်လောက်တောင် ကြာသွားလို့လဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်ကတင် ဒီသခင်လေးက ပေါင်းစည်းခြင်းအဆင့် နဝမအဆင့်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးတာ ဖြစ်သည်။ ရှေးဟောင်းထိပ်တန်းအရိုးကြောင့် စွမ်းအားများ အဆမတန် မြင့်တက်လာသည်ဆိုလျှင်ပင် တီထွင်ကျင့်ကြံမှုအရှိန်အဟုန်က တကယ့်ကို ထိတ်လန့်စရာ ကောင်းလှသည်။
အခြားရောက်ရှိနေသော အကြီးအကဲများလည်း အခြေအနေကို သဘောပေါက်သွားကြပြီး အလျင်အမြန်ပင် အသံကျယ်ကျယ်ဖြင့် ဂုဏ်ပြုကြတော့သည်။
"သခင်လေးစု မဟာယနအဆင့်သို့ ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်"
"ဒီနေ့ကစပြီး သခင်လေးက ကောင်းကင်ဘုံတစ်ခုလုံးက ပါရမီရှင်တွေကို လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ရှေးဟောင်းစစ်မြေပြင်မှာ ဧကရာဇ်အဖြစ် နာမည်ကျော်ကြားလာမှာ သေချာပါတယ်"
စုချန်ရှောင်း၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်ပြီး အေးစက်စွာ ပြောလိုက်သည်။
"မဟာယနအဆင့်ကို ချိုးဖျက်ရုံတင်ပါ... ဒီလောက်အထိ ဆူဆူညံညံ လုပ်နေဖို့ မလိုဘူး... အားလုံး လူစုခွဲကြတော့"
နတ်ဘုရားနက်နဲဂိုဏ်းမှ လူများသည် သူ့ကို မြှောက်ပင့်ရန်အတွက် တကယ့်ကို ပိုပိုကဲကဲ လုပ်လွန်းလှသည်။ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းနှင့် အကြီးအကဲများသည် မျက်နှာချင်းဆိုင်ကာ ကြောင်တောင်တောင် ဖြစ်သွားကြရသည်။ ရောက်ရှိနေသူအားလုံးထဲတွင် မဟာတာအို အများဆုံး ပိုင်ဆိုင်ထားသော ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းပင်လျှင် မဟာတာအို သုံးသွယ်သာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထိုအရာကိုပင် မဟာယာနအဆင့်တွင် နှစ်ပေါင်းရာချီ အချိန်ကုန်ခံပြီး တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်အောင် ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။
ဒီသခင်လေးကမူ မဟာယာနအဆင့်သို့ စတင်ဝင်ရောက်ရုံမျှဖြင့် မဟာတာအို ရှစ်သွယ်ကို ပိုင်ဆိုင်နေပြီ ဖြစ်ရာ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးချေ။ သို့သော်လည်း တစ်ဖက်လူက သိပ်ပြီး ဝမ်းသာပုံမပေါ်တာလား။
"ဒါက..."
ယခုလောက်အထိ ထိတ်လန့်စရာကောင်းသော စံနှုန်းမျိုးက... ဧကရာဇ်မျိုးနွယ်စု၏ သခင်လေးတစ်ဦးထံမှ တကယ်ပဲ ထွက်ပေါ်လာတာလား။ လူစုကြီးသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် တစ်ယောက်ပြီးတစ်ယောက် ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။
အကြီးအကဲချင်းကလည်း ရှေ့သို့ တိုးလာပြီး လျှောက်တင်သည်။
"သခင်လေးကို အစေခံအိုကြီး ဂုဏ်ပြုပါတယ်... မဟာတာအို ရှစ်သွယ်က သခင်လေးကို ဧကရာဇ်တစ်ပါးဖြစ်လာစေဖို့ လုံလောက်ပါတယ်... မျိုးနွယ်စုခေါင်းဆောင်က သခင်လေးအတွက် မဟာတာအိုအသီးကို ပြင်ဆင်ပေးထားသလို ဧကရာဇ်မျိုးနွယ်စု စုမိသားစုရဲ့ နဂါးအသွင်ပြောင်းကန်ထဲမှာလည်း နှစ်ခြင်းခံနိုင်ဖို့ စီစဉ်ထားပါတယ် အကယ်၍ သခင်လေး အခု မျိုးနွယ်စုဆီ ပြန်မယ်ဆိုရင် မဟာတာအို ဆယ်သွယ်ရဲ့ စွမ်းအားကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်မှာပါ ထိုအခါ ကျရင် လူမျိုးစုအားလုံးထဲမှာ အကောင်းဆုံး ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရမှာ သေချာပါတယ်"
"အကောင်းဆုံး ပါရမီရှင်တစ်ဦး ဟုတ်လား" စုချန်ရှောင်းက မာနတထောင်ဖြင့် ပြုံးလိုက်သည်။
"ဒီသခင်လေး ရည်မှန်းတာက ထိုအဆင့်တင် မကဘူး"
သူ၏ နောင်တော် စုကျင့်ဟန်သည် မဟာယာနအဆင့်တွင် ဆယ်နှစ်ခန့် အချိန်ဖြုန်းပြီးနောက်မှသာ နောက်ဆုံးတွင် မဟာတာအို တစ်ဆယ့်နှစ်သွယ်ကို ရရှိပြီး ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်သည်။ မိမိတွင် ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ် ရှိနေသဖြင့် မဟာတာအိုများ ပိုမိုများပြားလေလေ ပိုကောင်းလေလေ ဖြစ်သည်။
စုချန်ရှောင်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
"မျိုးနွယ်စုဆီ ပြန်ဖို့က မလောသေးဘူး... အကြီးအကဲချင်း... ငါ အရင်က စုံစမ်းခိုင်းထားတဲ့ ကိစ္စကို စုံစမ်းပြီးပြီလား"
အကြီးအကဲချင်းက ခေါင်းညိတ်ကာ အက်ရှရှအသံဖြင့် လျှောက်တင်သည်။
"သခင်လေးကို လျှောက်တင်ရရင်... အခြေချနေထိုင်တဲ့ ရှေးဟောင်းမျိုးနွယ်စုဖြစ်တဲ့ ကန်မင်းမျိုးနွယ်စုရဲ့ ကိစ္စကို အကုန်စုံစမ်းပြီးပါပြီ"
"ပြောပြစမ်း"
"ကန်မင်းမျိုးနွယ်စုရဲ့ နယ်မြေက ကန်မင်းကမ္ဘာမြေထဲမှာ တည်ရှိပါတယ်... ထိုမျိုးနွယ်စုမှာ အဖွဲ့ဝင် ၃,၄၈၉ ယောက် ရှိပြီး သွေးချင်းဆက်နွှယ်မှုအရ လက်ရှိ ရှင်သန်နေတဲ့ သားသမီး စုစုပေါင်း ကိုးဆယ့်ခုနစ်ယောက် ရှိပါတယ်..."
စုချန်ရှောင်း မှင်တက်သွားပြီး မျက်နှာပျက်သွားရသည်။
"လိုရင်းကိုပဲ ပြောစမ်း"
ငါက မင်းကို ကန်မင်းမျိုးနွယ်စုရဲ့ သခင်လေးကို အထူးအာရုံစိုက် စုံစမ်းခိုင်းထားတာကို... မင်းက ဒီလောက်အထိ အသေးစိတ်ကျကျ ပြောနေတော့ တစ်ဖက်လူရဲ့ အိမ်ထောင်စုစာရင်းကို လိုက်စစ်နေတာလား။ သို့သော်လည်း အဆိုပါအရာက စုမိသားစု၏ အရိပ်အစောင့်တပ်ဖွဲ့များ၏ ထိတ်လန့်စရာကောင်းသော စွမ်းအားကို ပြသနေခြင်း ဖြစ်သည်၊ အင်အားကြီးမားလှသော ရှေးဟောင်းမျိုးနွယ်စုကို အချိန်တိုအတွင်း အထက်မှအောက်ခြေအထိ နှံ့စပ်အောင် စုံစမ်းနိုင်ခဲ့သည် မဟုတ်ပါလား။
အကြီးအကဲချင်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းပင် စကားလမ်းကြောင်းပြောင်းကာ လျှောက်တင်လိုက်သည်။
"သခင်လေး... ကန်မင်းမျိုးနွယ်စုရဲ့ သခင်လေးကတော့ လက်ရှိ မျိုးနွယ်စုခေါင်းဆောင်ရဲ့ တိုက်ရိုက်သွေးချင်း ဖြစ်ပါတယ် သူက ပါရမီ အလွန်ထူးချွန်ပြီး အဆင့် နှစ်ဆယ့်လေးရှိတဲ့ ကောင်းကင်ဘုံဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်... လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်က သူ့အဖေဖြစ်သူက မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် သူ့ဝမ်းကွဲနဲ့ လုယူခဲ့ရပါတယ် ထိုစဉ်က သားဖြစ်သူရဲ့ ဘေးကင်းမှုကို စိုးရိမ်တာကြောင့် သူ့ကို အခြားကမ္ဘာမြေဆီ ရက်ပိုင်းအနည်းငယ် ပို့ထားခဲ့ပြီးမှ ပြန်ခေါ်ခဲ့တာပါ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး... ကန်မင်းမျိုးနွယ်စုရဲ့ သခင်လေး မျိုးနွယ်စုဆီ ပြန်ရောက်ပြီး မကြာခင်မှာပဲ အဖေဖြစ်သူနဲ့ ဆက်ဆံရေး ပျက်ပြားသွားပြီး သူကိုယ်တိုင်ပဲ အဆက်အသွယ်ဖြတ်ကာ မျိုးနွယ်စုကနေ ထွက်ခွာသွားခဲ့ပါတယ်"
"အဆက်အသွယ်ဖြတ်ပြီး ထွက်သွားတယ် ဟုတ်လား" စုချန်ရှောင်း ကြားလိုက်ရသည့်အခါ ခဏမျှ တွေးတောနေမိသည်။
နာမည်နှင့် ရှေးဟောင်းမျိုးနွယ်စု၏ နောက်ခံသမိုင်းကြောင်းက တကယ့်ကို အဓိပ္ပာယ်ရှိလှသည်။ သူသည် အခြားသော ကံကြမ္မာအရှင်သခင်တစ်ဦးဖြစ်သည့် ယဲ့ရှောင်ကို အကြိမ်ကြိမ် အရှက်ခွဲနိုင်ခဲ့သူ ဖြစ်ရာ သေချာပေါက် ကံကြမ္မာအရှင်သခင်တစ်ဦး ဖြစ်ရပေမည်။
"သူ အခု ဘယ်မှာလဲ"
အကြီးအကဲချင်းက လျှောက်တင်သည်။
"သခင်လေးကို လျှောက်တင်ရရင်... ကန်မင်းမျိုးနွယ်စုရဲ့ သခင်လေးက လက်ရှိ ကန်မင်းကမ္ဘာမြေထဲမှာပဲ ရှိနေပါတယ်... ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေ ပွင့်တော့မှာမို့လို့ ဝင်ရောက်ခွင့်ရဖို့အတွက် သူက တိုက်ခိုက်ရေးကွင်းထဲမှာ လိုက်လံတိုက်ခိုက်နေပုံရပါတယ်"
စုချန်ရှောင်း၏ မျက်ဝန်းများ တောက်ပသွားသည်။
အချိန်တွက်ကြည့်လျှင် ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေ ပွင့်ရန် ရက်သတ္တပတ်တစ်ခုပင် မလိုတော့ချေ။ သူသည် ရှေးဟောင်းနတ်ဘုရားသန့်စင်ခြင်းကျင့်စဉ်ကို ရယူရန် သွားရမည် ဖြစ်သည်။ အကယ်၍ ထိုအရာမတိုင်ခင် ကံကြမ္မာအရှင်သခင်တစ်ဦးကိုပါ သိမ်းပိုက်နိုင်ခဲ့လျှင် ပိုပြီး အဆင်ပြေသွားမည် ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင် တွေးလိုက်မိသည့်အခါ စုချန်ရှောင်း ပြုံးလိုက်မိသည်။ သူက ရယ်မောလျက် ဆိုလိုက်သည်။
"ဒါဆိုရင်လည်း ကန်မင်းကမ္ဘာမြေဆီကို သွားကြတာပေါ့... ကန်မင်းမျိုးနွယ်စုရဲ့ သခင်လေးက တကယ့်ကို ဘယ်လိုလူလဲဆိုတာ သွားကြည့်ရအောင်"
ကောင်းကင်ဘုံ၏ ဟင်းလင်းပြင်ကမ္ဘာဦးထဲ၌...
စုချန်ရှောင်း ကန်မင်းကမ္ဘာမြေသို့ ထွက်ခွာရန် ပြင်ဆင်နေသည်ကို သိရှိရသည့်အခါ နတ်ဘုရားနက်နဲဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် သူ့ကို လိုက်ပါပို့ဆောင်ရန်အတွက် အဆင့်မြင့် ဝိညာဉ်လှေတစ်စင်းကို ကိုယ်တိုင်ကိုယ်ကျ အားတက်သရော ပြင်ဆင်ပေးခဲ့သည်။ စုချန်ရှောင်းက ငြင်းပယ်ခြင်း မပြုခဲ့သော်လည်း သူ မမျှော်လင့်ထားသည့်အရာကမူ...
ဂိုဏ်းချုပ်သည် တစ်ကမ္ဘာလုံးတွင် နာမည်ကျော်ကြားလှပြီး ရုပ်ရည်နှင့် ကျင့်ကြံမှု အလွန်ထူးချွန်ကာ အပျိုစင်စစ်စစ် ဖြစ်နေသေးသော အမျိုးသမီးကျင့်ကြံသူတစ်ဦးကို ရှာဖွေကာ ထည့်ပေးလိုက်ခြင်းပင် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ဧကရာဇ်မျိုးနွယ်စု စုမိသားစုနှင့် အဆက်အသွယ်ရရန် ကြိုးစားနေခြင်း ဖြစ်ရမည်။
ဒီကောင်စုတ်လေး...
ဒီသခင်လေးက မိမိ၏ ရည်မှန်းချက်ကိုသာ အာရုံစိုက်နေတာ ဖြစ်သည်။ သူက ကာမဂုဏ်ခံစားမှုများနှင့် ပျော်ပါးနေမည့်လူမျိုး ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ စုချန်ရှောင်းသည် အချိုးအစား အလွန်လှပသော မိန်းကလေးတစ်ဦး၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း စိတ်ထဲမှ အနည်းငယ် မကျေမနပ် ရေရွတ်နေမိသည်။
"သခင်လေး... လာပါဦး... ဝိညာဉ်အသီးလေး စားလိုက်ပါဦးရှင်..."
ဘေးနားတွင်လည်း လှပသော အမျိုးသမီးငယ်အချို့က သူ့အတွက် ဝိညာဉ်အသီးများနှင့် စပျစ်သီးများကို အခွံခွာပေးနေကြသည်။ သူတို့၏ လှပသော မျက်ဝန်းများထဲတွင် မိမိတို့ရှေ့မှောက်ရှိ အလွန်တရာ အာဏာကြီးမားပြီး ခန့်ညားလှသော သခင်လေးကို စွဲလန်းနှစ်သက်မှုများ ပြည့်နှက်နေရှာသည်။
"ပါးစပ်လေး ဟလိုက်ပါဦးရှင်... အား..."
နှမြောစရာကောင်းလှသည်မှာ သခင်လေးသည် ပျင်းရိပြီး ဇိမ်ကျကျ နေတတ်သော်လည်း... သူတို့နှင့် မည်သည့် စည်းကမ်းကိုမျှ ကျော်လွန်ခြင်း မရှိခဲ့ချေ။ အဆိုပါအချက်က နတ်ဘုရားနက်နဲဂိုဏ်းတွင် လိုက်လံပိုးပန်းသူ အများအပြား ရှိလှသော လှပသည့် အမျိုးသမီးငယ်များ၏ စိတ်ထဲတွင် နှမြောတသ ဖြစ်ရစေသည်။
အခြားတစ်ဖက်တွင်မူ...
"ဒီနေ့ကတော့ နေ့ကောင်းရက်သာပဲ..." ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် မျက်နှာတွင် သွေးရောင်လွှမ်းကာ စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။
သခင်လေးစု၏ လက်သီးတစ်ချက်ကြောင့် သူ၏ ခန္ဓာကိုယ် ပျက်စီးလုမတတ် ဖြစ်ခဲ့ရသော်လည်း ထို့နောက်တွင် ပေးသနားခဲ့သော ကျောက်စိမ်းနတ်ဆေးလုံးကြောင့် သူ၏ ခန္ဓာကိုယ်က မူလအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ရုံသာမက... နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သော ကျင့်ကြံမှုအဆင့်ပင် ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဧကရာဇ်မျိုးနွယ်စု၏ သခင်လေးကို မြှောက်ပင့်ခွင့် ရရှိထားသဖြင့် သူသည် သဘာဝကျကျပင် အလွန်တရာ ဝမ်းမြောက်လှမြူးနေတော့သည်။
ဝိညာဉ်လှေကြီးသည် အစီအရင်အတားအဆီးများကို ဖြတ်ကျော်မောင်းနှင်လာခဲ့ပြီးနောက် ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်းသည် စုချန်ရှောင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာကာ ရိုသေစွာ လျှောက်တင်လိုက်သည်။
"သခင်လေးစု... ကျွန်တော်မျိုးတို့ ကန်မင်းကမ္ဘာမြေဆီ ရောက်ရှိပါပြီ"