အခန်း ၂၇ မဟာတာအိုအသီး
ယဲ့ရှောင် ချန်ရစ်ခဲ့သော ကံကောင်းခြင်းအခွင့်အလမ်းဆိုင်ရာ အချက်အလက်များကို စုချန်ရှောင်း သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ သူတော်စင်အဆင့် အမွေအနှစ်ကဲ့သို့သော အရာများကို သူ စိတ်မဝင်စားသော်လည်း အဆိုပါ ရှေးဟောင်းနတ်ဘုရားသန့်စင်ခြင်းကျင့်စဉ်ကမူ... သူ၏ နတ်ဘုရားနှင့် မိစ္ဆာခန္ဓာကိုယ်၊ ရှေးဟောင်းထိပ်တန်းအရိုးတို့နှင့် အကိုက်ညီဆုံးဖြစ်သည့် ထိပ်တန်းကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ ထိုအရာက ယဲ့ရှောင်၏ ဒုတိယမြောက် အကြီးမားဆုံး ကံကောင်းခြင်းအခွင့်အလမ်း ဖြစ်ရမည်။
"ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေ..." စုချန်ရှောင်းသည် ထိုနေရာအမည်ကို တစ်ခါမျှ မကြားဖူးသဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
အခြားတစ်ဖက်တွင်မူ ယဲ့ရှောင်က စကားများ ထပ်မံပြောကြားပြီး မင်မျိုးနွယ်စုအပေါ် ဘေးဒုက္ခများ သက်ရောက်လာမည်ကို စိုးရိမ်သဖြင့် ကိုယ်တိုင် လက်ဦးမှုယူကာ သတ်ပစ်လိုက်သော အဘွားချန်သည် စိတ်အေးသွားဟန်ဖြင့် စုချန်ရှောင်းဘက်သို့ လှည့်ကာ ရိုသေစွာ လျှောက်တင်လိုက်သည်။
"သခင်လေးစု... ဒီကောင်က ရိုင်းစိုင်းတဲ့စကားတွေကို ပြောပြီး သခင်လေးနဲ့ ကျွန်တော်မျိုးမတို့ မင်မျိုးနွယ်စုကြား ရန်တိုက်ပေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ် ထို့ကြောင့် ကျွန်တော်မျိုးမ စိတ်မထိန်းနိုင်ဘဲ ဒီကောင်ကို ကိုယ်တိုင် သတ်ပစ်မိတဲ့အတွက် ခွင့်လွှတ်ပေးပါဦး သခင်လေး"
စုချန်ရှောင်းသည် သူ၏ အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး သူ၏ နောက်ကွယ်တွင် မေ့လဲနေသော မင်စုယွမ်ကို ကြည့်လိုက်ရာ သူမ၏ ကိုယ်ရေးအကျဉ်းထက်မှ ကံကြမ္မာသတ်မှတ်ထားသော အမျိုးသမီးဟူသည့် ခေါင်းစဉ် ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။
သူက ဂရုမစိုက်ဟန်ဖြင့် အေးအေးလူလူ ပြောလိုက်သည်။
"ကောင်းပြီ... ယဲ့ရှောင်လည်း သေပြီဆိုတော့ မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဒီသခင်လေးဘက်က စုံစမ်းဖို့ ပျင်းရိနေပြီ"
အဘွားချန်၏ မျက်နှာထက်တွင် ဝမ်းသာအားရဖြစ်မှုများ လွှမ်းမိုးသွားပြီး အလွန်တရာ ရိုသေစွာ လျှောက်တင်လိုက်ပြန်သည်။
"သခင်လေးစုက တကယ့်ကို သဘောထားကြီးလှပါတယ် ဧကရာဇ်မျိုးနွယ်စု စုမိသားစုရဲ့ ပါရမီရှင်တစ်ဦးပီသပါပေတယ် ကျွန်တော်မျိုးမတို့ မျိုးနွယ်စုခေါင်းဆောင်ကိုယ်စား သခင်လေးကို အထူးပင် ကျေးဇူးတင်ရှိပါတယ် နောင်တစ်ချိန်မှာ အခွင့်အရေးရှိခဲ့ရင် ကျွန်တော်မျိုးမတို့ မင်မျိုးနွယ်စုက စုမိသားစုရဲ့ စကားကို အမြဲနားထောင်ပြီး အစွမ်းကုန် အလုပ်အကျွေးပြုပါ့မယ်"
"အို... တကယ်လား" စုချန်ရှောင်းက ပြုံးလျက် အဘွားချန်ကို ကြည့်ကာ ဆိုလိုက်သည်။
"ဒါဆိုရင်လည်း နောင်ခါလာနောင်ခါဈေး လုပ်မနေနဲ့တော့ အခုချက်ချင်းပဲ လုပ်ကြတာပေါ့"
အဘွားချန်တစ်ယောက် အံ့အားသင့်သွားရသည်။
"ရှင်..."
စုချန်ရှောင်းက မေးလိုက်သည်။
"မင်းကို ငါမေးမယ်... ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေအကြောင်း မင်း သိသလား"
"ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေ..." အဘွားချန်သည် မျက်မှောင်ကုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လျက် လျှောက်တင်သည်။
"သခင်လေး မေးမြန်းတဲ့ ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေဆိုတာ ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခု ဖြစ်ပါတယ် အဲ့နေရာက အနှစ်သုံးဆယ်မှာ တစ်ကြိမ်သာ ပွင့်လေ့ရှိပြီး အရည်အချင်းပြည့်မီတဲ့ ထူးချွန်တဲ့ လူငယ်တွေသာ ကံကောင်းခြင်းတွေကို လုယူဖို့ ဝင်ရောက်ခွင့် ရှိတာပါ သခင်လေးစုက အဲ့ဒါကို ဘာလို့..."
စုချန်ရှောင်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ဒီသခင်လေးက ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေဆီ ခရီးတစ်ခု သွားဖို့ ရည်ရွယ်ထားလို့ပဲ"
ဒီသခင်လေးက ကြယ်ကြွေရာ ရှောင်းဟောင်းသချိုင်းမြေထဲကို အမှန်တကယ် ဝင်ရောက်ချင်နေတာလား... အဘွားချန် စိတ်ထဲတွင် ရေရွတ်မိသည်။ ကြယ်ကြွေရာ ရှောင်းဟောင်းသချိုင်းမြေသည် ကံကောင်းခြင်းအခွင့်အလမ်းများစွာ ရှိသော ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခု ဖြစ်သော်လည်း တစ်ဖက်လူက ဧကရာဇ်မျိုးနွယ်စု စုမိသားစု၏ သခင်လေး ဖြစ်ရာ မည်သည့် ရတနာ၊ မည်သည့်ကျင့်စဉ်မျိုးမဆို ချို့တဲ့စရာ အကြောင်းမရှိပေ။ သဘာဝကျကျ စဉ်းစားကြည့်လျှင် ထိုကဲ့သို့သော အရာမျိုးက ထိုသခင်လေး၏ မျက်စိထဲ ဝင်စရာ အကြောင်းမရှိသင့်ချေ။
အဘွားချန်သည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း များစွာ မတွေးတောတော့ဘဲ အမှန်အတိုင်း လျှောက်တင်လိုက်သည်။
"သခင်လေးကို လျှောက်တင်ရရင် ဒီနှစ်ရဲ့ ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေ ပွင့်ဖို့က နောက်ထပ် နှစ်ပတ်ခန့် လိုပါသေးတယ် အကယ်၍ သခင်လေး တကယ်သွားဖို့ ရည်ရွယ်ထားရင်တော့ အခြေချနေထိုင်တဲ့ ရှေးဟောင်းမျိုးနွယ်စုဖြစ်တဲ့ နတ်ဘုရားနက်နဲဂိုဏ်းဆီကို သွားနိုင်ပါတယ် အဆိုပါ လျှို့ဝှက်နယ်မြေက သူတို့ရဲ့ နယ်မြေထဲမှာ တတည်ရှိပြီး သူတို့ကိုယ်တိုင် ထိန်းချုပ်ထားတာမို့လို့ပါ"
"နတ်ဘုရားနက်နဲဂိုဏ်း..." စုချန်ရှောင်းက ခေါင်းအသာအယာ ညိတ်လိုက်ပြီး ညွှန်ကြားလိုက်သည်။
"သိပြီ... ဒါဆိုရင် ဒီသခင်လေးက နောက်ထပ် အချိန်ခွဲအတွင်းမှာ ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေထဲ ဝင်ရောက်မယ်လို့ နတ်ဘုရားနက်နဲဂိုဏ်းဆီ သွားရောက်အကြောင်းကြားလိုက်ပါ"
အဘွားချန် ရင်ထိတ်သွားပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်မျိုးမ နားလည်ပါပြီ သခင်လေးရဲ့ စကားကို သေချာပေါက် မှန်ကန်စွာ သွားရောက် အကြောင်းကြားပေးပါ့မယ်"
စုချန်ရှောင်းသည် ကျေနပ်သဖြင့် ခေါင်းညိတ်လိုက်သည်။ သူသည် ပျင်းရိစွာဖြင့် သမ်းဝေလိုက်ရင်း ဆိုလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ကိစ္စက ပြီးသွားပြီ ဒီသခင်လေး အနည်းငယ် ပင်ပန်းနေပြီမို့ မင်းတို့ ထွက်သွားနိုင်ပြီ"
အဘွားချန်၏ မျက်ဝန်းများ တောက်ပသွားသည်။
"သခင်လေးစု... အချိန်ရရင် မင်မျိုးနွယ်စုဆီကိုလည်း လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ် ဒါဆိုရင်တော့ ကျွန်တော်မျိုးမ သခင်မလေးနဲ့အတူ နှုတ်ဆက်ထွက်ခွာခွင့်ပြုပါဦး"
"အင်း..."
အဘွားချန်သည် သတိမေ့မြောနေသော မင်စုယွမ်ကို ခေါ်ဆောင်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ထိုနေရာမှ ထွက်ခွာသွားတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် ကျောက်စိမ်းနတ်ဆေးလုံးကို သောက်သုံးကာ ဒဏ်ရာများ သက်သာလာခဲ့သော နတ်ဘုရားနက်နဲဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်း ရောက်ရှိလာခဲ့သည်။ သူသည် မြေပြင်ပေါ်ရှိ ယဲ့ရှောင်၏ အလောင်းကို အေးစက်စွာ တစ်ချက်ကြည့်ပြီး လေးနက်သော အသံဖြင့် လျှောက်တင်လိုက်သည်။
"ဒီကောင်က သခင်လေးကို ပြစ်မှားစော်ကားခဲ့တာမို့ သေရတာ ထိုက်တန်ပါတယ် သခင်လေးစုအနေနဲ့ ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေကို သွားဖို့ ရည်ရွယ်ထားတယ်ဆိုရင် ကျွန်တော်မျိုးတို့ဂိုဏ်းက အစွမ်းကုန် အလုပ်အကျွေးပြုပါ့မယ် နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်မျိုးတို့ဂိုဏ်းမှာပဲ ခေတ္တတည်းခိုပါဦး သခင်လေးကို စနစ်တကျ ဧည့်ခံပြီး ကျွန်တော်မျိုးတို့ရဲ့ အပြစ်တွေကို ဆေးကြောခွင့်ပြုပါဦး"
စုချန်ရှောင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။
"ကောင်းပြီ"
ဂိုဏ်းချုပ် ယွမ်ဖုန်းရှောင်း ပြင်ဆင်ပေးထားသော ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီးအတွင်း၌...
စုချန်ရှောင်းသည် ယဲ့ရှောင်၏ ဘဝဇာတ်ညွှန်းနှင့် ကျန်ရှိနေသော ကံကောင်းခြင်းအခွင့်အလမ်းများကို ကြည့်ရှုရင်း တွေးတောနေမိသည်။ စနစ်၏ ဖော်ပြချက်အရ ကံကြမ္မာအရှင်သခင်များကိုလည်း အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားရာ အားအကောင်းဆုံးသူများက မဟာဧကရာဇ်များ ဖြစ်လာနိုင်ပြီး အားအနည်းဆုံးသူများက ထိုနယ်ပယ်၏ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်လာကြသည်။ ယဲ့ရှောင်သည် သူမတူသော နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ အနာဂတ်က အလွန်တရာ တောက်ပပြီး စစ်နတ်ဘုရားတစ်ပါး ဖြစ်လာရန် ရေစက်ပါလာသူ ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းထိပ်တန်းအရိုးဟူသည့် အရှင်သခင်ဇာတ်ညွှန်းကို ပိုင်ဆိုင်ထားသော ယဲ့ရှောင်သည် ကြယ်ကြွေရာ ရှေးဟောင်းသချိုင်းမြေထဲတွင် သေလုမတတ် ဖြစ်ခဲ့ရသည်တဲ့...။
အဆိုပါအချက်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းလှသည်။
နတ်ဘုရားနက်နဲဂိုဏ်း...
ဒီနာမည်က ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာပါလိမ့်။
စုချန်ရှောင်းက တိုးတိုးလေး ခေါ်လိုက်သည်။
"အကြီးအကဲချင်း..."
အကြီးအကဲချင်းသည် သူ၏ ဘေးတွင် ချက်ချင်း ပေါ်လာပြီး ရိုသေစွာ လျှောက်တင်သည်။
"သခင်လေး... အစေခံအိုကြီး ဒီမှာ ရှိပါတယ်"
စုချန်ရှောင်းက ညွှန်ကြားလိုက်သည်။
"ငါ့အတွက် နတ်ဘုရားနက်နဲဂိုဏ်းရဲ့ အခြေအနေကို သွားရောက်စုံစမ်းပေးစမ်းပါ အထူးသဖြင့် နတ်ဘုရားနက်နဲဂိုဏ်းထဲက လူတစ်ယောက်အကြောင်းကို သေချာ အာရုံစိုက် စုံစမ်းခဲ့ပါ"
အကြီးအကဲချင်းက ခေါင်းညိတ်ကာ လေးနက်စွာ ဆိုသည်။
"အစေခံအိုကြီး နားလည်ပါပြီ"
ပြောပြီးသည်နှင့် သူသည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။
အကြီးအကဲချင်း ထွက်ခွာသွားပြီးနောက် စုချန်ရှောင်းသည် ဝိညာဉ်စားသတ္တဝါလေးကို ထုတ်လွှတ်လိုက်ရာ ၎င်းက ဂိုဏ်းအတွင်းရှိ ဟင်းလင်းပြင်စွမ်းအားများကို မိမိဘာသာ စတင်ဝါးမြိုနေတော့သည်။ ဝူမျိုးနွယ်စု၏ သူတော်စင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ကို ဝါးမြိုပြီးကတည်းက ဝိညာဉ်စားသတ္တဝါလေး၏ ခန္ဓာကိုယ်က ပိုမိုကြီးမားလာခဲ့သည်။ ယခုအခါ ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိနေပြီး ၎င်း၏ စိတ်ကူးယဉ်ဆန်သော ခန္ဓာကိုယ်လေးသည်ပင် အနည်းငယ် ထင်ရှားပီပြင်လာခဲ့ပြီ ဖြစ်သည်။
ဝိညာဉ်စားသတ္တဝါလေးသည် စုချန်ရှောင်း၏ ပေါင်ပေါ်တွင် မှီတွဲလဲလျောင်းရင်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို စမြုံ့သပ်နေရှာသည်။ စုချန်ရှောင်းသည် မိမိ၏ ပေါင်ပေါ်က သတ္တဝါလေးကို ကြည့်ကာ သာယာစွာ ပွတ်သပ်ပေးလိုက်မိသည်။ ၎င်းတွင် ရုပ်ဝတ္ထုပစ္စည်းတစ်ခုကဲ့သို့ ထိတွေ့မှုမျိုး မရှိဘဲ အေးမြပြီး မြူခိုးဆန်သော မြူထုတစ်ခုထဲသို့ လက်ကို နှစ်ထားရသလိုမျိုး ခံစားရစေသည်။
[ဝိညာဉ်စားသတ္တဝါ (ရင်ခွင်ပိုက်အရွယ်)]
"ကောင်လေး... မင်း ကြီးပြင်းလာရင် ငါ့ကို ပြန်လည် ပံ့ပိုးပေးနိုင်ပြီး အဆုံးမဲ့ အသုံးဝင်လာလိမ့်မယ်လို့ စနစ်က ပြောထားတယ်နော် မင်း ကောင်းကောင်း စားသောက်နိုင်မယ့် နေရာတစ်ခုကို ငါတို့ ရှာရမယ်ထင်တယ်"
မည်သည့် ကမ္ဘာမြေက ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်စားသတ္တဝါလေး၏ အာဟာရ ဖြစ်လာလိမ့်မည်ကိုတော့ မသိနိုင်ချေ။ စုချန်ရှောင်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ယခုတစ်ကြိမ်တွင် သူသည် ဗီလိန်အမှတ် တစ်သိန်းကျော်အထိ ရရှိထားသည်ကို ရုတ်တရက် သတိရသွားသည်။ သူသည် ပစ္စည်းများကို စိတ်ကြိုက်ဝယ်ယူရန်အတွက် စနစ်အရောင်းဆိုင်ကို ဖွင့်လှစ်လိုက်သည်။ ယနေ့တွင် စနစ်အရောင်းဆိုင်၌ ကုန်ပစ္စည်းအသစ်အချို့ ထပ်မံဖြည့်စွက်ထားသည်။
ကုန်ပစ္စည်းတစ်ခုကို မြင်လိုက်ရသောအခါ စုချန်ရှောင်း အနည်းငယ် မှင်တက်သွားပြီး အံ့အားသင့်သွားရသည်။ ဤကဲ့သို့သောအရာမျိုးကိုပင် ရောင်းချပေးထားတာလား။
မဟာတာအိုအသီး
[သူတော်စင်တစ်ပိုင်းအဆင့်သို့ ဝင်ရောက်နိုင်ပြီး မဟာတာအိုနိယာမတရားတစ်ခုကို ကျပန်း နားလည်သဘောပေါက်စေနိုင်သည်]
[ဗီလိန်အမှတ် ၁၀,၀၀၀ လိုအပ်သည်]
မဟာတာအိုအသီးသည် ပြည့်စုံသော တာအိုနိယာမတရားများကို နားလည်စေနိုင်စရာ ရှိရာ ကမ္ဘာပေါင်းစုံတွင်ပင် အလွန်တရာ ရှားပါးလှသော အရာဖြစ်သည်။ ထူးခြားဆန်းပြားလှသော ကံကောင်းခြင်းအခွင့်အလမ်းများ ကြုံတွေ့ရသည့် အခြေအနေမျိုးတွင်သာ ဤအရာတစ်ခု ထွက်ပေါ်လာတတ်သည်။ သူသည် ယခုအခါ ပေါင်းစည်းခြင်းအဆင့် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ်အဆင့်က မဟာယာနအဆင့် ဖြစ်သည်။
မဟာယနအဆင့်ဟူသည် ကျင့်ကြံသူအားလုံးအတွက် အချိုးအကွေ့တစ်ခု ဖြစ်ပြီး အဆင့်တစ်ခုချင်းစီအတွက် လိုအပ်သော အချိန်ကာလက ကျင့်ကြံသူ၏ နားလည်သဘောပေါက်နိုင်စွမ်းအပေါ်တွင် များစွာ မူတည်နေသည်။ မိမိ ထိန်းချုပ်ထားသော မဟာတာအိုကို မဟာတာအိုအသီးအဖြစ် စုစည်းရမည် ဖြစ်ရာ မဟာတာအိုကို ပိုမိုထိန်းချုပ်နိုင်လေလေ၊ နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်သည့်အခါ ပိုမို စွမ်းအားကြီးမားလေလေ ဖြစ်သည်။ သာမန်လူများသည် ထိုစွမ်းအားအနည်းငယ်ကို ရရှိရန်အတွက် အမျိုးမျိုးသော ကံကောင်းခြင်းများနှင့် နားလည်မှုများမှတစ်ဆင့်သာ ရှာဖွေဖမ်းဆုပ်နိုင်ကြသည်။
နတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး မွေးဖွားလာသူများ၊ အားအနည်းဆုံးသော အထူးခန္ဓာကိုယ် ပိုင်ရှင်များသည်ပင် နားလည်ရန် သို့မဟုတ် ထိန်းချုပ်ရန် မလိုအပ်ဘဲ သူတို့ကိုယ်တိုင်၌ မဟာတာအိုတစ်ခု ကိန်းအောင်းနေပြီးသား ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် အရင်းအမြစ်သာ လုံလောက်ပါက အထူးခန္ဓာကိုယ်ပိုင်ရှင်တစ်ဦး၏ အနိမ့်ဆုံး အထက်ကန့်သတ်ချက်က မဟာယနအဆင့် ဖြစ်ပေသည်။
စုချန်ရှောင်း၏ မျက်ဝန်းများ တောက်ပသွားသည်။ မိမိတွင် ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ် ရှိနေသသဖြင့် သဘာဝကျကျပင် မဟာတာအိုများ ပိုမိုများပြားလေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။ စနစ်အရောင်းဆိုင် မျက်နှာပြင်ကို ကြည့်လိုက်ရာ မဟာတာအိုအသီးတစ်လုံးလျှင် ဗီလိန်အမှတ် ၁၀,၀၀၀ သာ ကျသင့်သဖြင့် စုချန်ရှောင်းသည် ၎င်းတို့ကို တစ်ပြိုင်နက်တည်း အကုန်ဝယ်ယူလိုက်တော့သည်။
ကုန်ပစ္စည်း "မဟာတာအိုအသီး" နေရာတွင် မီးခိုးရောင် ပြောင်းလဲသွားသည်။
🔔 [တင် မဟာတာအိုအသီး ၅ လုံးကို အောင်မြင်စွာ ဝယ်ယူပြီးပါပြီ]
🔔 [ဗီလိန်အမှတ် ၅၀,၀၀၀ အသုံးပြုခဲ့ပါသည်]
🔔 [ကျန်ရှိသော ဗီလိန်အမှတ် - ၅၅,၀၀၀]